Wednesday, February 12, 2020

ဘုရားတောင် (သို့) မျှော်တော်ဦးစေတီ

မျှော်တော်ဦးစေတီရှိရာ ကမ်းခြေမြင်ကွင်းအချို့
ယနေ့ ရုံးပိတ်ရတ်မှာ ဝေးဝေးလံလံလံမဟုတ်ဘဲ ဘုရားလဲဖူးရင်း သာယာလှပတဲ့ ရှုမျှော်ခင်းတွေ ရှိမယ့် အနီးအနားက နေရာတစ်ခုကို စက်ဘီးစီးခရီး လမ်း‌ကြောင်းတို‌လေး သွားဖြစ်ခဲ့ပါတယ်။ အနီးအနားဆိုပေမယ့် တစ်ခါမှမရောက်သေးလို့ နီးလျက်နဲ့ဝေးနေတာပါ။ ဒီလမ်းကြောင်းကို အစက သုံးယောက်အတူစီးဖို့ စီစဉ်ထားပေမယ့်လည်း တစ်ယောက်မအားတာကြောင့် ၂ ဦးတည်းစီးဖြစ်ခဲ့ပါတယ်။
မနက်စောစော ၆ နာရီခွဲမှစထွက်ပေမယ့် ဆောင်းတွင်းလက်ကျန်‌အ‌အေးဓတ် ရှိနေတုန်းဖြစ်လို့ အအေးဒဏ်ကိုကိုအံတုရင်း ကြွေချိုင်က Teashop မှာမနက်စာစားပြီးမှ နှစ်ဦးသား စထွက်ဖြစ်ပါတယ်။ နှစ်ဦးသားစကားတပြောပြောနဲ့စီးလာရင်း လမ်းမပေါ်ကနေ ကျွန်တော်တို့သွားမယ့် လမ်းကြောင်းပေါ်က တောင်ကုန်းတွေကို အဝေးကနေလှမ်းမြင်နေရပါပြီ။ ဟိုင်းဝေးလမ်း‌ပေါ် ကနေ ရွာချင်းဆက်လမ်းကို ချိုးဝင်လိုက်တာနဲ့ ကျောက်ခင်းလမ်းကြမ်းက စပြီးကြိုဆိုနေပါတော့တယ်။ အဝင်လမ်းကစလို့ ဘုရားတောင်အနီးက ကူးတို့လေးရွာတွင်းလမ်းအထိကို တောက်လျှောက် ကျောက်ခင်းလမ်းကြမ်းချည်းပါပဲ။ လမ်းဘေးဝဲယာတစ်ဘက်တစ်ချက်မှာတော့ စိုက်ခင်းတွေ လယ်ကွင်းတွေကို တမျှော်တခေါ်တွေ့မြင်နေရပါတယ်။ ဒီလိုနဲ့ လမ်းပေါ်ကဆိုင်ကယ်တချို့ကိုရှောင်ကာ လမ်းကြမ်းကြမ်းပေါ်ထိန်းစီးရင်းနဲ့ ကူးတို့လေးရွာအဝင်က တာဘောင်ပေါ်ရောက်တဲ့အခါမှ မြေညက်ညက်ပေါ်ရောက်လို့ ရွာတွင်းကကွန်ကရစ်လမ်းပေါ်အထိ သက်တောင့်သက်သာစီးရပါတော့တယ်။ တာဘောင်ပေါ်ကနေ ဘေးတစ်ဘက်တစ်ချက်မှာတော့ သဘာဝဒီရေတောတွေနဲ့ တောင်ကုန်းတွေဝန်းရံထားတဲ့ စိုက်ခင်းလေးတွေက လှလှပပ ဆီးကြိုနှုတ်ဆက်လို့နေပါပြီ။ ရွာတွင်းမှာတော့ ကမ်းနားတစ်လျှောက် များပြားလှတဲ့ ငါးလှမ်းစင်တွေနှင့် သစ်လွင်နေတဲ့ မူလတန်းကျောင်းသစ်လေးကို တွေ့မြင်ခဲ့ရပါတယ်။