တပို့တွဲလပြည့်နေ့တွင် အလောင်းတော်ကဿပ ကျောက်တံခါး ပွင့်ခဲ့သည် ဆိုခြင်းကြောင့် ယခုနှစ် တပေါင်းပွဲတော်သို့ ဘုရားဖူးဧည့်သည်များ ယခင်နှစ်များကထက် ပိုမိုများပြားခဲ့သည်ဟု သိရှိရသည်။
''အလောင်းတော်ကဿပ တပေါင်းပွဲက ယောနယ်၊ တောင်တွင်းချောင်၊ ဆယ်ရွာချောင်နဲ့ ကနီနယ်ဘက်ကလူတွေ ရွာဘက်က ဘုရားဖူးတွေလာတဲ့ ပွဲပါ။ ဒီနှစ်မှာတော့ ကျောက်တံခါးပွင့်တယ် ဆိုတာကြောင့် မြို့ပေါ်က ဧည့်သည်တွေ တော်တော်များများ လာတာ တွေ့ခဲ့ရပါတယ်။ တချို့ဆို အိပ်စရာနေရာ မလောက်တော့ မြေကြီးပေါ်တောင် အိပ်ကြရပါတယ်။ ကားအစီး ၂၀၀ ကျော်လာတယ်လို့ ဂိတ်က စာရင်းတွေအရ သိရှိရပါတယ်။ ဆိုင်ကယ်တွေနဲ့ လာတဲ့သူလည်း များပါတယ်။ ပခုက္ကူနယ်ကဆိုရင် စက်ဘီးနဲ့လာတာ တွေ့တယ်လို့ သိရတယ်။ ဒီနှစ် တပို့တွဲလပြည့်နေ့မှာ ကျောက်တံခါးပွင့်တယ် ဆိုတဲ့ သတင်းကြောင့် ဒီနှစ် လူပိုများတယ်လို့ ထင်ပါတယ်။ အရင်နှစ်တွေနှစ်တွေက ဒီလောက် ဘုရားဖူး မများခဲ့ဘူး''ဟု အကျိုးဆောင် ဆရာတော် ဦးသုမနက မိန့်ကြားခဲ့ပါသည်။
အလောင်းတော်ကဿပ တပို့တွဲလပြည့်နေ့ပွဲသည် ဆရာတော် ဦးသုမနမှ ဦးဆောင်ကျင်းပသောပွဲ ဖြစ်ပြီး ဘုရားဖူး ဧည့်သည်များ လာရောက်လေ့ရှိပြီး တပေါင်းလပြည့်နေ့ပွဲသည် အလောင်းတော် ကဿပ၏ ပုံမှန် ဘုရားပွဲ ကျင်းပသည့်ရက် ဖြစ်ကာ အလောင်းတော်ကဿပ ၀န်းကျင်ဖြစ်သော ယောနယ်၊ တောင်တွင်းချောင်၊ ဆယ်ရွာချောင်၊ ကနီမြို့နယ်၊ ယင်းမာပင်မြို့နယ်များ အတွင်းရှိ ကျေးရွာများမှ ရိုးရာဓလေ့အရ နှစ်စဉ် ပုံမှန် လာရောက်ကြသည်။
Source : News Eleven
