Showing posts with label Environmental and Animals. Show all posts
Showing posts with label Environmental and Animals. Show all posts

Friday, October 27, 2023

ရန်ကုန် - ငါးသိုင်းချောင်း - ကမ်းသာယာ စက်ဘီးခရီး

26.10.2023 (Day 1)

ယခင်ကတည်းက စီးဖို့ကြံရွယ်ထားတဲ့ ရန်ကုန် - ရခိုင် ကမ်းသာယာကို စက်ဘီးခရီးသွားဖြစ်ခဲ့ပါတယ်။ မနက် ၅ နာရီမှာ တစ်ယောက်တည်း အိမ်ကစထွက်ခဲ့ပြီး လှိုင်သာယာကိုအရောက်မှာ ဂေါ်ရင်ဂျီကိုစီးကြမယ့် ကိုထွန်းထွန်းနဲ့ အဘဦးခင်စိုးတို့နဲ့ဆုံတွေ့ခဲ့လို့ အတူစီးခဲ့ကြပါတယ်။အဘခင်စိုးက အသက် ၇၄ ထဲရောက်နေပေမယ့် တော်တော်လေး စီးနိုင်ပါတယ်။

Thursday, July 18, 2019

ကင်းပုံရေတံခွန် (Kin Pon waterfall)


Kin Pon waterfall
Unocode
ရခိုင်ပြည်နယ်ထဲက အေးချမ်းသာယာလှတဲ့ ဂွမြို့နယ်လေးဟာဖြင့် လှပသော သဘာဝကမ်းခြေများအပြင် ရခိုင်ရိုးမကြီးနှင့် ထိစပ်နေသောကြောင့် တောတောင်များထဲမှာ သဘာဝအတိုင်း လှပနေတဲ့ ရေတံခွန် ကြီးငယ်များလည်း တည်ရှိနေတယ်ဆိုတာ သိရှိသူနည်းပါးလှပါတယ်၊ အဲဒီထဲကမှ အနီးဆုံးဖြစ်ပြီးသွားလာရလွယ်ကူသော ရန်ကုန်-သံတွဲ လမ်းမကြီးဘေး ကင်းပုံရွာအနီးနားက ရေတံခွန်ငယ်လေးတစ်ခုကိုတော့ ရောက်ဖြစ်ခဲ့ပါတယ်။ ကင်းပုံရွာအနီးက ရေတံခွန်လေးကတော့ မိုးတွင်းကာလတစ်လျှောက်တည်ရှိနေပြီး ကျန်ရာသီများမှာ ရေနည်းပါးပါတယ်။  ဝါဆိုလပြည့်နေ့နှင့် လပြည်ကျော်ရက်များမှာ ဒေသခံတွေဟာ ချက်ပြုတ်ပြင်ဆင်ပြီး ဝါဆိုပန်းခူးရင်း ရေတံခွန်မှာ တပျော်တပါး စားသောက် အနားယူကြဖို့ သွားရောက်တတ်ကြပါတယ်။

Saturday, May 10, 2014

မိုးယွန်းကြီးအင်း ရေနည်းပါး၊ ကျူးကျော်စိုက်ခင်းများ ၀င်ရောက်

ပုံစာ-မိုးယွန်းကြီးအင်းကို မေ ၈ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းထွန်းသိန်း)

ပဲခူတိုင်းဒေသကြီး ဝေါမြို့နယ်ရှိ မိုးယွန်းကြီးအင်းမှာ ရေနည်းပါးမှုကြောင့် ကျူးကျော်စိုက်ခင်းတွေ ၀င်ရောက် စိုက်ပျိုးနေကြကြောင်း မိုးယွန်းကြီးအင်း အုပ်ချုပ်ရေးမှူးနဲ့ သစ်တောဦးစီးမှူး ဦးခင်မောင်လှက ဒီဗွီဘီကို ပြောကြားပါတယ်။

“အခုချိန် နွေရာသီဆို အင်းမှာ ရေ ၂၃ ပေလောက် လိုတယ်။ ရေလှောင်ကန်ထဲ ပါဝင်တဲ့ အတွက် ဆည်မြောင်းဦးစီးဌာနကနေ ပေ ၂၀ လောက် ချပေးလိုက်ရင် ရေတွေ ကျသွားရော၊ အင်းအနေအထားအရ အနောက်ဘက်နယ်မြေက မြင့်တယ်၊ မြင့်တဲ့အပိုင်းတွေမှာ ရေကျသွားရင် အရင်ထဲက ရေကျနောက်စိုက် စပါးစိုက်တာ ရှိတယ်။ အဲဒါ ကျုးကျော်စပါးခေါ်လည်း ရတယ်။ မိသားစုစားဖို့ စိုက်ကြတာပေါ့။ ရေများများကျလေ တိုးချဲ့စိုက်ပျိုးလေပဲ။ တချို့နေရာတွေမှာ ဆက်ပြီး မကျူးကျော်ဖို့ ယာယီ တားမြစ်ထားရတယ်။”

ရေနည်းပါးလာတဲ့ မိုးယွန်းကြီးအင်းမှာ စက်လှေများ လက်ရှိအချိန်မှာ မသွားရောက်နိုင်ဘဲ ငှက်ကြည့်လေ့လာရေး ရပ်ထားတယ်လို့ အင်းထဲမှာ နေထိုင်သူတဦးကလည်း ပြောပါတယ်။

မိုးယွန်းကြီးအင်းပတ်ဝန်းကျင်မှာ ကျေးရွာ ၁၇ ရွာနဲ့ လူဦးရေ ၅ သောင်းလောက် နေထိုင်ပြီး အများစုမှာ အင်းအပေါ် မူတည်ကာ နေထိုင်စားသောက်ကြပါတယ်။
မိုးယွန်းကြီးအင်းမှာ ဒေသခံတွေကို စားဝတ်နေရေးအတွက် ငါးဖမ်းခွင့်ပြုထားပေမယ့် စီးပွားဖြစ်ငါးဖမ်းခွင့်ကို တားမြစ်ထားပြီး ငါးမျိုးနဲ့ငှက်မျိုး ပြုန်းတီးစေဖို့ ပြုလုပ်ပါက ဖမ်းဆီး အရေးယူကြောင်း မိုးယွန်းကြီးအင်း အုပ်ချုပ်ရေးမှူးနဲ့ သစ်တောဦးစီးမှူး ဦးခင်မောင်လှက ပြောပါတယ်။
မိုးယွန်းကြီးအင်းကို ၁၉၈၈ ခုနှစ်ကတည်း ဘေးမဲ့တောအဖြစ် သတ်မှတ်ခဲ့ပြီး ဧက ၂၅၆၀၀ ကျယ်ဝန်းပါတယ်။

ရန်ကုန်မြိုနဲ့ မိုင် ၇၀ ခန့်အကွာမှာ တည်ရှိပြီး မြန်မာနိုင်ငံရဲ့ တခုတည်းသော ရေတိမ်ဒေသနဲ့ ငှက်အများစု ကျက်စားရာနေရာလည်း ဖြစ်ပါတယ်။
ဒီအင်းမှာ ဌာနေငှက်မျိုးစိတ် ၁၂၅ မျိုးရှိပြီး ကမ္ဘာမှာက ရေတိမ်ဒေသအဖြစ် တရားဝင် သတ်မှတ်ခံထားရတဲ့ အင်းလည်း ဖြစ်ပါတယ်။

 By ထွန်းထွန်းသိန်း (ဒီဗွီဘီ)

Monday, January 13, 2014

အမျိုးအမည်မသိ ထူးခြားသော အသွင်သဏ္ဍာန်ရှိ ငှက်တစ်ကောင် မန္တလေး မြို့၌ တွေ့ရှိ

မန္တလေး ချမ်းအေးသာစံမြို့နယ်၂၇-၂၈ လမ်းကြား ၈၄ လမ်း ဈေးချို မန်းမြန်မာ ပလာဇာ ၂၅ ထပ်ပေါ်တွင် အမျိုး အမည်မသိ ထူးခြားသော ငှက် တစ်ကောင်ကို ဇန်နဝါရီ ၁၁ရက် ညနေ ၃ နာရီက မန္တလေး ပြည်ကြီး ရန်လုံ ရပ်ကွက်နေ အဆောက်အအုံ ကန်ထရိုက် ဦးဇော်ဝင်း(ဆေးဆရာ) မှ တွေ့ရှိခဲ့သည်။

အဆိုပါ ထူးခြားသော အသွင်သဏ္ဌာန်ရှိ အမျိုးအမည်မသိ ငှက်သည် ကြောင်ခေါင်း သဏ္ဌာန် ရှိပြီး လည်ပင်းတွင် အဖြူရစ်ပါရှိသည်။ အတောင်နှစ်ဖက်ဖြန့်လျှင် သုံးပေခန့်ရှည်လျားပြီး အမြီးနှင့် အတောင် တို့တွင် ဒေါင်းမြီးများ ကဲ့သို့ လှပသောပန်းကွက်များပါရှိသော ထူးခြား သည့်ဆောင်းခို ငှက် တစ်ကောင် ဖြစ်မည်ဟု ယူဆရသည်။ ၎င်းငှက်ကို စိတ်ပါဝင်စား သူများနှင့် ကလေးသူငယ်များ ကြည့်ရှု လေ့လာနိုင်ရန်အတွက် ဇန်နဝါရီ ၁၂ ရက် နံနက် ၉ နာရီတွင်မန္တလေး အောင်မြေသာစံမြို့နယ် ၁၂လမ်းရှိ ရတနာပုံ တိရ စ္ဆာန် ဥယျာဉ်သို့ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

Source : MOI Webportal Myanmar

Saturday, June 22, 2013

ဖိုဝင်းတောင်အနီး အင်ကြင်းတောင် ကြိုးပြင်ကာကွယ်တော ထိန်းသိမ်းရန် သတိပေး တားမြစ်ချက် ထုတ်ပြန်ကြေညာ

မုံရွာခရိုင် ယင်းမာပင်မြို့နယ် ဖိုဝင်းတောင် အနီးဝန်းကျင်ရှိ ဧက ၆၄၀ ရှိသော အင်ကြင်းတောင် ကြိုးပြင် ကာကွယ်တောကို သစ်တောဦးစီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက သစ်တောသစ်ပင် မပျောက်ကွယ်ရေးအတွက် အထူးကြပ်မတ်ဆောင်ရွက် ထိန်းသိမ်းထားကြောင်း သိရသည်။ အဆိုပါ အင်ကြင်းတောင် ကြိုးပြင်ကာကွယ်တော မပျောက်ကွယ်စေရေးအတွက် ကျူးကျော်ဝင်ရောက် နေထိုင်ခြင်းများ မပြုရန် တားမြစ်ထားသလို အိမ်မွေးတိရစ္ဆာန်များအား စားကျက်ချခြင်း (သို့မဟုတ်) ကျူးကျော် ဝင်ရောက်ခြင်းများ မရှိစေရန် ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် မြေကို ခုတ်ထွင် ရှင်းလင်းခြင်း၊ ထူးဆွခြင်း (သို့မဟုတ်) မူလအနေအထားကို ချဲ့ထွင်စေခြင်းများကို လည်းကောင်း၊ ရေစီးရေလာ ပျက်စေခြင်း၊ ရေတွင် အဆိပ်ခတ်ခြင်း၊ ဓာတုဗေဒပစ္စည်း (သို့မဟုတ်) ပေါက်ကွဲစေတတ်သော အရာများအား အသုံးပြုခြင်းများကို တားမြစ်ထားသည်။ သစ်တောအတွင်း မီးကူးစက်ပြန့်ပွားစေနိုင်သော မီးမွှေးခြင်း၊ မီးသယ်ခြင်း (သို့မဟုတ်) မီးကြွင်းမီးကျန်များ ထားရှိခြင်း၊ တိရစ္ဆာန်များကို ပစ်ခတ်ခြင်း၊ အမဲလိုက်ခြင်း (သို့မဟုတ်) ငါးဖမ်းခြင်းများကို တားမြစ်ထားသကဲ့သို့ မည်သည့်သစ်ပင်ကိုမဆို ခုတ်လှဲခြင်း (သို့မဟုတ်) အခြား နည်းဖြင့် ပျက်စီးစေခြင်း၊ ချိုးဖြတ်ခြင်း၊ ထစ်မှတ်ခြင်း၊ ထွင်းဖောက်ခြင်း (သို့မဟုတ်) သင်းသတ်ခြင်းများကို တင်းကျပ်စွာ တားမြစ်ထားကြောင်း သိရသည်။ အဆိုပါ ကန့်သတ်နယ်မြေအတွင်း တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်သူ မည်သူမဆို သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများက သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးပိုင်ခွင့်ရှိကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

Thursday, June 13, 2013

မုဆိုးများ၏ အန္တရာယ်ကြောင့် ကမ္ဘာ့ရှားပါး သတ္တဝါများ မျိုးသုဉ်း နေရကြောင်း သစ်တော ဦးစီးဌာနမှ ပြောကြား

မြန်မာနိုင်ငံရှိ ကမ္ဘာ့ရှားပါး သတ္တဝါများ အဓိက မျိုးသုဉ်းပျောက်ကွယ် နိုင်သော အန္တရာယ်မှာ မုဆိုးများကြောင့် ဖြစ်ကြောင်း တနင်္သာရီ ကြိုးဝိုင်းသစ်တောကို ထိန်းသိမ်း စောင့်ရှောက်လျက် ရှိသော တာဝန်ရှိသူတစ်ဦးက  ပြောကြား ခဲ့သည်။

''ရှားပါး သတ္တဝါတွေ မြန်မာနိုင်ငံမှာ ရှိပါတယ်။ ဥပမာကြံ့သူတော် တို့လိုပေါ့၊ ဒါပေမဲ့  နေရာအတိအကျ ပြောဖို့က မုဆိုးအန္တရာယ်က အရမ်းကြီးပါတယ်'' ဟု ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ကမ္ဘာ့ရှားပါး သတ္တဝါများ အားလုံးမှာ မုဆိုးများ၏ အန္တရာယ်က အဓိက ခြိမ်းခြောက် ခံနေရပြီး နေထိုင်မှု ဓလေ့များပါ ပြောင်းလဲမှုများရှိကြောင်း သိရသည်။  မြန်မာနိုင်ငံရှိ အကြီးဆုံး ကျားထိန်းသိမ်းရေး စခန်းကြီး ဖြစ်သော ဟူးကောင်း တောင်ကြား၌ လည်း မုဆိုးအန္တရာယ် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ကမ္ဘာ့ရှားပါး စာရင်းဝင် ဧရာဝတီ လင်းပိုင်များမှာလည်း တစ်နှစ်ထက်တစ်နှစ် နေထိုင်မှု ဓလေ့များပြောင်းလဲလာခြင်းမှာ ငါးဖမ်းဆီးသော မုဆိုးများက တရားမဝင် သတ်မှတ်ထားသော ငါးဖမ်း နည်းစနစ်များကို အသုံးပြုလာခြင်း တို့ကြောင့်ဖြစ်ကြောင်း ရေသယံ ဇာတထိန်းသိမ်းရေး ပညာရှင်တစ်ဦးက  သုံးသပ်ပြောကြားခဲ့သည်။

ဆင်အကောင် ရေကျဆင်းလာမှုများမှာလည်း မုဆိုးများ၏ သတ်ဖြတ်မှုများကြောင့် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် သဘာဝဘေးမဲ့တောပေါင်း များစွာရှိပြီး ငှက်အမျိုးပေါင်း တစ်ထောင်ကျော်နှင့် နို့တိုက် သတ္တဝါများစွာ ရှိနေသည်။ မြန်မာ့ သဘာဝသားငှက် တိရစ္ဆာန်များမှာ နှစ်စဉ် အိမ်နီးချင်း နိုင်ငံများသို့ တင်ပို့ရောင်းချခြင်းခံနေရပြီး တရားမဝင် သယ်ဆောင်မှုများကိုလည်း နှစ်စဉ် ဖမ်းဆီး နေရကြောင်း သိရသည်။

Source : Myawady

Saturday, May 11, 2013

အင်းလေးကန်ထိခိုက်စေသော ဟိုတယ်များ အရေးယူရန်ဝန်ကြီးပြော

အင်းလေးကန် ရေရှည်တည်တံ့ရေးကို ထိခိုက်စေသော ဟိုတယ် တည်ဆောက် သူများရှိလျှင် ပြင်းထန်စွာ အရေးယူပေးရန် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဌေးအောင်က ပြည်နယ်အစိုးရကို ပြောကြားလိုက်သည်။ အင်းလေးကန်တွင် မေ ၈ ရက် ၌ပြုလုပ်ခဲ့သော ကန်ရေရှည် တည်တံ့ ရေး ဆွေးနွေးပွဲတွင် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

အင်းလေးကန်ဒေသ၌ အသစ် အကောင်အထည် ဖော်နေသော ဟိုတယ်ဇုန်ကို ကန့်ကွက်သည့် ဆနပြပွဲနှင့် အသစ်ထပ်မံ ခွင့်ပြု လိုက်သော ဟိုတယ် ၁၄ လုံး အနက် ဟိုတယ် တစ်လုံးက အင်းလေးကန် စပ်တွင် မြေဖို့ခြင်း ကိစ္စရပ်များ ဖြစ်ပွားပြီးနောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနနှင့် အရပ်ဘက် အဖွဲ့အစည်းများ လေးပွင့်ဆိုင်တွေ့ဆုံသည့် ဆွေးနွေးပွဲလည်း ဖြစ်သည်။

“စည်းကမ်းနဲ့ မညီညွတ်တဲ့ ဟိုတယ်တွေကို ညှာတာမှာမဟုတ်ဘူး။ ပြည်နယ်အစိုးရကလည်း ဥပဒေ အတိုင်း အရေးယူပေးပါ။ စည်းကမ်းနဲ့ မညီညွတ်ရင် ဟိုတယ်ခရီးကလည်း ထောက်ခံပေးမှာမဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောသွားတဲ့အတွက် သဘောကျတယ်။ လုပ် မလုပ်တော့ ကျွန်တော်တို့ စောင့်ကြည့်ရ မယ်”ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သူ အင်းစာပေယဉ်ကျေးမှုမှ ဦးသာဒိုးကပြောသည်။ အင်းလေးကန်စပ်တွင် ပြီးခဲ့သည့် ဧပြီလဆန်းမှစ၍ တဖြည်းဖြည်းမြေဖို့ခြင်းပြုလုပ်ခဲ့သော ဟိုတယ်ကို ဧပြီလတတိယပတ်၌ အမိန့်ကြေညာချက်ထုတ်ပြန်ကာ ယာယီတားမြစ်ခဲ့သည်။ သို့သော် ဖို့မြေများကို ပြန်လယ်ဆယ်ယူခြင်းနှင့် အရေးယူခြင်းများကိုမူ မည်သည့် အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများကမှ တိကျရေရာစွာ ပြောကြားခဲ့ခြင်း မရှိကြောင်း ဦးသာဒိုးက ပြောသည်။

“ပတ်ဝန်းကျင်နဲ့ သစ်တော ပြည်ထောင်စုဝန်ကြီးကတော့ ဖို့ထားတဲ့မြေတွေ ပြန်ဆယ်ပေးမယ်လို့ ပြောတယ်။ ဘယ်ရက်သယ်ခိုင်းမယ်ဆို တာတော့မပြောဘူး”ဟု ဦးသာဒိုးက ပြောသည်။ အင်းလေးကန် မြေဖို့ခြင်းမှာ အသစ်တည်ဆောက်နေသော ဟိုတယ်ဇုန်တွင် ဖြစ်ပေါ်နေခြင်း မဟုတ်ဘဲ ဆောက်လက်စနှင့် ဆောက်လုပ်ဆဲ ဟိုတယ်များ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဟုဆိုကာ ဆက်လက်ဆောက်လုပ်ခွင့် ပြုခဲ့သည်။ ဟိုတယ် ၁၄ လုံးအနက် တစ်လုံး၌ ပြဿနာပေါ်ခြင်းဖြစ်သည်။

ဟိုတယ် ၁၄ လုံ အနက် နှစ်လုံးမှာ အမှန်တကယ် ဆောက်လုပ်ဆဲဖြစ်သော်လည်း ကျန်ဟိုတယ်များမှာ ဆောက်လုပ်မှု ၇၀ ရာခိုင်နှုန်း ပြီးစီးခြင်းမရှိသည့် ဟိုတယ်များဖြစ်ကြောင်း ဒေသခံများက ပြောသည်။ အင်းလေးကန်တွင် ရေခန်းခြောက်ခြင်း၊ ဟိုတယ်ကမ်းစပ်မြေဖို့ ခြင်းနှင့် ဟိုတယ်ဇုန်လျော်ကြေးများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန် ကြီးနှစ်ဦးအပါအ၀င် သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများ၊ရှမ်းပြည် နယ် အစိုးရ အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများနှင့် အင်းတိုင်းရင်းသားရေးရာဝန်ကြီးတို့၏ သုံးပွင့်ဆိုင် အစည်းအဝေးကို ယနေ့ည ၇ နာရီမှ စတင်ကာ တောင်ကြီးမြို့၌ တံခါးပိတ်အစည်းအဝေး ပြုလုပ်ကြမည်ဟု သတင်းရရှိသည်။ 

Source :7Day News

Thursday, April 11, 2013

အိန္ဒိယနိုင်ငံတွင် ကြံ့များကို ကာကွယ်ရန်အတွက် မောင်းသူမဲ့လေယာဉ်များ အသုံးပြု


အိန္ဒိယနိုင်ငံမှ တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေး အာဏာပိုင် အဖွဲ့သည် ဦးချိုတစ်ခုပါ ကြံ့များကို လက်နက်ကိုင် တိရစ္ဆာန် ခိုးဖမ်းသူများ၏ လက်မှ ကာကွယ်ရန်အတွက် မောင်းသူမဲ့ လေယာဉ်များကို အသုံးပြု၍ နိုင်ငံ အရှေ့မြောက်ပိုင်းရှိ သဘာဝ ဥယျာဉ်တွင် စောင့်ကြည့် လေ့လာမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ယင်းအဖွဲ့မှ တာဝန်ရှိသူများသည် ဧပြီ ၈ ရက်က Kaziranga အမျိုးသား ဥယျာဉ်တွင် လေယာဉ်များ အသုံးပြု၍ ပျံသန်းခဲ့ပြီး အာသံပြည်နယ်ရှိ ဥယျာဉ်တွင်လည်း တိရစ္ဆာန် ခိုးဖမ်းသူများကို ကာကွယ် တားဆီးရန်အတွက် ပုံမှန် ကြားကာလများ၌ မောင်းသူမဲ့ လေယာဉ်များကို အသုံးပြု၍ ပျံသန်းသွားမည် ဖြစ်သည်။

အဆိုပါ မောင်းသူမဲ့ လေယာဉ်များတွင် ကင်မရာများ တပ်ဆင်ထားပြီး လုံခြုံရေးတပ်ဖွဲ့များက ၁၈၅ စတုရန်းမိုင် ကျယ်ဝန်းသော သဘာဝဥယျာဉ်အတွင်း စောင့်ကြည့်သွားမည် ဖြစ်သည်။
တိရစ္ဆာန် ခိုးဖမ်းသူများ၏ လက်ချက်ကြောင့် ပြီးခဲ့သည့်နှစ်က ကြံ့ ၂၂ ကောင် သေဆုံးခဲ့ပြီး ယခုနှစ်အတွင်း ကြံ့ကောင်ရေ ၁၂ ကောင် သေဆုံးခဲ့ကြောင်း သိရသည်။

Source : Myawaddi

Thursday, March 07, 2013

ကမ္ဘာ့ရှားပါး စာရင်းဝင် ဧရာဝတီလင်းပိုင် မြန်မာတွင် ၅၁ ကောင်သာ ကျန်ရှိတော့

မြန်မာနိုင်ငံတွင် နောက်ဆုံးကွင်းဆင်း လေ့လာထားသော စာရင်းအရ ဧရာဝတီလင်းပိုင်ကောင်ရေ ၇ဝ ကျော်မှ ၅၁ ကောင်သာ ရှိတော့ကြောင်း ပတ်ဝန်းကျင်မျိုးသုဉ်း ရေနေသတ္တဝါများ ထိန်းသိမ်းရေးဌာနမှ သိရသည်။
”ဒေသခံတွေ ပြောစကားက တော့ ဘက်ထရီရှော့တိုက် ဖမ်းကြ တာအပြင် ငါးကြီးတွေနဲ့ လင်းပိုင် ကို မှားပြီး ဖမ်းကြတာလို့ ပြော တယ်။ အခြား ဘယ်လို အကြောင်း တွေကြောင့် လျော့ကျလဲဆိုတာ ကိုတော့ အခြေအနေပေးခဲ့ရင် နောက်ထပ်တစ်ခေါက် survey ဆင်းဖြစ်ရင် ထပ်လေ့လာဦးမှာပါ” ဟု ယင်းဌာနမှ တာဝန်ခံ ဦးဟန်ဝင်း က ပြောသည်။ ၄င်းတို့သည် တစ်လတွင် နှစ်ခေါက်ခန့် လင်းပိုင် ထိန်းသိမ်းရေး ဧရိယာတွင် လင်းပိုင်ကောင်ရေကို ကွင်းဆင်းစစ်ဆေးပြီး အပိုင်း ၃ ပိုင်း ခွဲခြားထားကာ စစ်ကိုင်းတိုင်း ဒေသကြီးမှ ကျောက်မြောင်းတွင် ယခင် ၂၂ ကောင်မှ ယခု ၁၉ ကောင်၊ သပိတ်ကျင်းမှ ရွှေကူမြို့ တွင်ယခင် ၃၇ ကောင်မှ ယခု ၂၇ ကောင်၊ ဗန်းမော်တွင် ယခင် ၈ ကောင် မှ ယခု ၅ ကောင်ပေါင်း ၅၁ ကောင်သာ ကျန်ရှိတော့ကြောင်း သိရသည်။
ယခုအခေါက်တွင် ဖေဖော်ဝါ ရီ ၈ ရက်မှ ၁၈ ရက်အထိ လေ့လာခဲ့ပြီးဆင့်ခမ်းရွာမှ ဗန်းမော်ကိုမူ တစ်နှစ်တစ်ခေါက်သာ လေ့လာသော်လည်း ယခုအခေါက်တွင် လုံခြုံရေး အခြေအနေအရ မြစ်ခွဲ များသို့ မဝင်နိုင်ခဲ့၍ အခြေအနေပေး ပါက ထပ်မံ လေ့လာမည်ဖြစ် ကြောင်း သိရသည်။
”လျော့ကျတဲ့ ကောင်ရေတွေကို သေဆုံးတာလား၊ ပျောက်နေတာလားဆိုတာကို မြစ်ခွဲတွေ မဝင် ခဲ့ရတော့ အတိအကျ ပြောရခက်တယ်” ဟု ဦးဟန်ဝင်းက ထပ်မံ ပြောသည်။
ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး နယ်မြေကို ၂ဝဝ၅ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့မှ စတင် ဆောင်ရွက်ခဲ့ပြီး ထိုထိန်းသိမ်းရေး နယ်မြေသည် စစ်ကိုင်းနှင့် မန္တလေး အကြား ဧရာဝတီမြစ် အစိတ် အပိုင်း၊ မင်းကွန်းနှင့် ကျောက် မြောင်းမြို့အကြား ၇၄ ကီလိုမီတာ အကွာအဝေးတွင် တည်ရှိသည်။
ဧရာဝတီလင်းပိုင်မှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်စသော မဲခေါင်ဒေသအတွင်း၌ ရှင်သန်ကြပြီး မျိုးသုဉ်းပျောက် ကွယ်နိုင်သော အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။


မိုးငယ်
Source : Popular Myanmar

Thursday, December 13, 2012

မြန်မာနိုင်ငံ၏ ပထမဆုံး အဏ္ဏဝါအမျိုးသား ဥယျာဉ်

အာဆီယံအမွေအနှစ် ဥယျာဉ်တစ်ခုဖြစ်သော လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်၏ သဘာဝ အလှတရားများနှင့် ဒေသခံဆလုံတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ ရေရှည်ထိန်းသိမ်းရေးနှင့် ယင်းတို့ကို အခြေခံကာ အနာဂတ် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထိန်းသိမ်းရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ အဆိုပါကျွန်းသည် တိုင်းရင်းသားဆလုံများ နေထိုင်ရာဒေသ ဖြစ်သည့်အပြင် ၎င်းတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ထိန်းသိမ်းထားဆဲဖြစ်သဖြင့် ကမ္ဘာလှည့် ခရီးသွားများအား ဆွဲဆောင်မှု အကောင်းဆုံး သဘာဝဓလေ့စရိုက်များပင် ဖြစ်ပေသည်။ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်သည် တနသာင်္ရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်တွင် တည်ရှိပြီး ဧရိယာစတုရန်းမိုင် ၇၉ ဒသမ ၀၉ ကျယ်ဝန်းသည်။ မြန်မာနိုင်ငံတွင် ပထမဆုံးအဏ္ဏဝါ အမျိုးသားဥယျာဉ်ကြီးလည်းဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် နိုင်ငံတော် အစိုးရက ‘အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် စာရင်းတွင် ပါဝင်နိုင်ခဲ့သည်။ ယင်းဥယျာဉ်သည် လန်ပိကျွန်းကြီး၊ အချို့ကျွန်းငယ်များ အပါအဝင် မြိတ်ကျွန်းစု ဒေသအထိ ကျယ်ပြန့်သည်။ လန်ပိကျွန်းသည် ၄၈ ကီလိုမီတာရှည်ပြီး အကျယ်ဆုံးမှာ ၆ ကီလိုမီတာရှိသည်။ ကျွန်းအနေအထားသည် တောင်ကုန်းထူထပ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၇၀၊ အချို့နေရာများသည် မီတာ ၅၀၀ အမြင့်၌ တည်ရှိသည်။ ကမ်းရိုးတန်းသည် များသောအားဖြင့် ကျောက်ဆောင်များ ထူထပ်လျက်ရှိပြီး သဲသောင်ကမ်းခြေများ၊ ပင်လယ်အော်များနှင့် ရေလက်ကြားများလည်း ရှိသည်။ ယင်းအမျိုးသားဥယျာဉ်သည် လိုဏ်ဂူကြီးများနှင့် ရေချိုအရင်းအမြစ် အများအပြားရှိခြင်း၊ ကျွန်းငယ်များ ဝိုင်းရံကာ သန္တာကျောက်တန်းများဖြင့် ဖွဲ့စည်းတည်ရှိခြင်းတို့ကြောင့် ဝင့်ကြွားထည်ဝါလျက် ရှိသည်။ ကော့သောင်းမြို့မှ ရေမိုင် ၆၀၊ ဘုတ်ပြင်းမြို့မှ ရေမိုင် ၄၀၊ မြိတ်မြို့မှ ရေမိုင် ၉၀ ကွာဝေးသော ပင်လယ်ပြင်တွင် တည်ရှိပြီး တနင်္သာရိကမ်းရိုးတန်းနှင့် ၁၂ မိုင်ကွာဝေးကာ ရေကြောင်းလမ်းတစ်ခုသာ ရှိသည်။ လန်ပိကျွန်းသည် စင်ကာပူနိုင်ငံ အရွယ်ခန့်ရှိပြီး အလွန်ရှားပါးပြီး အဖိုးတန်သည့်ဒေသမျိုး မဟုတ်သော မြေနိမ့်ဒေသ မုတ်သုံ သစ်တော ပေါက်ရောက်ရာ နယ်မြေ တစ်ခုဖြစ်သည်။ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်၌ တွားသွားသတ္တဝါ မျိုးစိတ် ၂၀၊ ငှက်မျိုးစိတ်ပေါင်း ၁၂၉၊ လမုပင်မျိုးစိတ် ၅၀၊ ပင်လယ်မြက်ခြောက်မျိုး၊ သန္တာကျောက်တန်း မျိုးစိတ် ၆၀ တို့ကို ထိန်းသိမ်းထားပြီး ဒီရေတောနှင့် အမြဲစိမ်းတော ဂေဟစနစ်များ၊ လင်းပိုင်၊ ပင်လယ်လိပ်မျိုးများ၊ ပင်လယ်ငှက်များ၊ ပင်လယ်ရေမှော်၊ ပင်လယ်မြက်၊ လမုပင်များ၊ သန္တာကျောက်တန်းများနှင့် ယင်းသန္တာကျောက်တန်းများအကြား ခိုလှုံမျိုးပွားနေသော အဏ္ဏဝါမျိုးစိတ်များကို လေ့လာနိုင်ကြမည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

Tuesday, December 11, 2012

အမျိုးသားဥယျာဉ်ကြီးများတွင် သစ်ခိုးထုတ်မှုများ ရှိနေ

မြန်မာနိုင်ငံရှိ အမျိုးသားဥယျာဉ်ကြီးများတွင် သစ်ခိုးထုတ်မှုများ ရှိနေကြောင်း သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးစည်သူလွင်က ပြောကြား လိုက်သည်။ မြန်မာနိုင်ငံရှိ အာဆီယံအမွေအနှစ် ဥယျာဉ်များအဖြစ် သတ်မှတ်ထားသည့် အမျိုးသားဥယျာဉ်များမှာ- ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်၊ အင်းတော်ကြီးတောရိုင်း တိရစ္ဆာန် ဘေးမဲ့တော၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်၊ အင်းလေးကန် တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်နှင့် နတ်မတောင်အမျိုးသား ဥယျာဉ်တို့ ဖြစ်ကာ လက်ရှိတွင် အဆိုပါအမျိုးသား ဥယျာဉ်များတွင် သစ်ခိုးထုတ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ ဦးစည်သူလွင်က “ကျွန်တော်တို့ သစ်ခိုးထုတ်မှုတွေက နေရာတိုင်းမှာ ရှိနေတာပါပဲ။ ဒါပေမယ့်  အမျိုးသားဥယျာဉ်လို နေရာမျိုးတွေမှာ သစ်ခိုးထုတ်မှုတွေ ကို တွေ့ရတာကတော့ တော်တော်ဆိုးတယ်” ဟု ပြောသည်။ မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုများ ဖြစ်ရခြင်းမှာ တရားမဝင် သစ်ခိုးထုတ်မှုများ၊ အလွန်အကျွံ သစ်ထုတ်ခြင်း၊ ပြန်လည်စိုက်ပျိုးမှု အားနည်းခြင်း၊ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးမှုများ ရှိသည့်အနက် ထင်းမီးသွေး လောင်စာအတွက် အသုံးပြုမှုများ သည်လည်း သစ်တောပြုန်းတီးမှုကို များစွာဖြစ်ပေါ်စေကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောဆိုထားသည်။ အမျိုးသား ဥယျာဉ်ကြီးများတွင် သစ်ခိုးထုတ်မှုများ ရှိနေမှု ပိုမိုများပြားလာခြင်းမှာ ဥပဒေကို လေးစားလိုက်နာမှု မရှိဘဲ လက်တစ်လုံးခြား လုပ်ကိုင်နေကြခြင်းကြောင့် ဖြစ်ကြောင်း သစ်တော ပညာရှင်များက သုံးသပ်ကြသည်။ ယင်းနှင့် ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူက “အမျိုးသားဥယျာဉ်လို့ဆိုတာ ဇီဝမျိုးကွဲ ထိန်းသိမ်းတဲ့ နေရာပါ။ အမျိုးသား ဥယျာဉ်လို့ သတ်မှတ်လိုက်တာနဲ့ အဲ့ဒီနေရာမှာရှိတဲ့ သတ္တုတူးတာ၊ တံတားဆောက်တာ ဘာမှလုပ်လို့ မရပါဘူး။ အခု ကျွန်တော်တို့နိုင်ငံ ဖြစ်နေတာတွေက ဘာရှိရှိ ရှိတာအကုန်တူးတယ်။ အမည်ပဲရှိတယ်” ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တရားဝင် ထုတ်ပြန်ချက်မှာ သစ်တောဖုံးလွှမ်းမှု ဧရိယာ ၄၆ ရာခိုင်နှုန်း ရှိသည်ဆိုသော်လည်း သစ်တောပညာရှင်များ၏ အဆိုအရ မြန်မာနိုင်ငံတွင် သစ်တောဧရိယာ ၂၅ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

Monday, November 19, 2012

ကျားထိန်းသိန်းရေး အမေရိကန် ထောက်ပံ့ရေး ပြန်စဉ်းစားပေးရန် တောင်းဆို

ဟူးကောင်းဒေသရှိ ကျားထိန်းသိမ်းရေး စီမံကိန်းကို ခေတ္တရပ်ဆိုင်းပေးရန် အတွက် ကချင်ပြည်နယ် တိုင်းရင်းသား ဖွံ့ဖြိုးရေးအဖွဲ့ ( Kachin Ethnic Development Organization ) နှင့် ဟူးကောင်းဒေသ လယ်သမားများ လူမှုရေးကော်မတီ ( Hugawng Farmers Social Comitte ) တို့ ပူးပေါင်း၍ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီး ရောက်ရှိနေသော အမေရိကန် သမ္မတ အိုဘားမားထံ အိတ်ဖွင့်ပေးစာ ပေးပို့ထားကြောင်း သတင်းရရှိသည်။
အိတ်ဖွင့်ပေးစာတွင် အမေရိကန် အစိုးရ၏ ဟူးကောင်းဒေသအတွက် ထောက်ပံ့မှုများ အားလုံးကို ထုတ်ဖော်ရန်၊ သားရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့ ( wild life conversation ) အဖွဲ့ နှင့် မြန်မာအစိုးရတို့၏ ဟူးကောင်း တောင်ကြားဒေသ အတွက် ထောက်ပံ့မှုများကို ပြန်လည်သုံးသပ်ရန် စသည်တို့ အပါအ၀င် အချက် ၇ ချက် ပါဝင်ကြောင်း တွေ့ရသည်။
“ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေး နယ်မြေဆိုပြီး လုပ်ထားတယ်။ အဲဒီဧရိယာထဲက ပဲ ယုဇနကို စိုက်ပျိုးရေး စီမံကိန်းတွေ လုပ်ခွင့်ပေးထားတယ်။
ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ တကယ်လုပ်မယ်ဆိုရင် သုတေသန ကောင်းကောင်းလုပ်ပြီးမှ စနစ်တကျ လုပ်ဖို့ အဆိုပြုထားတဲ့ သဘောပါ” ဟု ကချင်ပြည်နယ် ဖွံ့ဖြိုးရေးအဖွဲ့မှ ဦးရှဂေါန်တန်ဂွန်းက ပြောသည်။
ဟူးကောင်း ကျားထိန်းသိမ်းရေး ဒေသသည် ကချင်ပြည်နယ်တွင် တည်ရှိပြီး ၂၁၈၀၀ ကီလိုမီတာ ကျယ်ဝန်းကာ ၂၀၀၁ ခုနှစ်မှ စတင်ပြီး ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေးနယ်မြေအဖြစ် မြန်မာအစိုးရနှင့် သားရိုင်း တိရိစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့ ( WCS ) တို့ကသတ်မှတ် ထိန်းသိမ်းခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ကျားထိန်းသိမ်းရေး ဒေသအတွင်းရှိ မြေဧက ၂ သိန်းကျော်ကို အကြီးစားစိုက်ပျိုးရေးစီမံကိန်းများပြုလုပ်ရန် ယုဇနကုမဏီအား လုပ်ပိုင်ခွင့်ပေးခဲ့ကြောင်း သိရသည်။
“ကျားထိန်းသိမ်းရေး နယ်မြေက မူ အရအရမ်းကောင်းတယ်။ လက်လည်း လက်ခံပါတယ်။ ဒါကို မကြိုက်တာ မဟုတ်ပါဘူး။ ကမ္ဘာ့ကြီးဆုံး ကြိုးဝိုင်းဆိုပြီးတော့ လုပ်ထားပြီးတော့ အဲလို ကုမဏီကြီးတွေကို ရွှေတွေထုတ်၊ ကျွန်းတွေ ထုတ်ခိုင်းတာ၊ စိုက်ပျိုးရေးစီမံကိန်း အကြီးစားတွေ အကောင်အထည်ဖော်နေတာတွေဟာ ဒေသခံတွေကို အကြီးအကျယ် နစ်နာစေတယ်။ ဒါကို ပြန်သုံးသပ်ပါ။ ဒေသခံများကို လျစ်လျူမရှုပါနဲ့” ဟု ဟူးကောင်းဒေသ လယ်သမားများ လူမှုရေးကော်မတီက ဦးလဂေါန် တန်ဂွန်းက ဧရာဝတီကို ပြောသည်။
ယုဇန ကုမဏီသည်ဒေသခံများ၏ လယ်မြေများ သိမ်းယူခြင်း၊ သစ်ထုတ်ခြင်း၊ ရွှေတူးဖော်ခြင်း အစရှိသည်တို့ကို ဆက်တိုက်ပြုလုပ်ခဲ့ပြီး စိမံကိန်း အကောင်အထည်ပေါ်ရေးအတွက် စက်ကရိယာအကြီးစားများ အသုံးပြုနေသဖြင့် သဘာဝပတ်ဝန်းကျင်ကိုပါ အကြီးအကျယ် ထိခိုက်စေကြောင်း ပေးစာတွင် ဖော်ပြထားသည်။
၁၉၉၄ နောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်မတော် ( ကေအိုင်အေ ) နှင့်  အစိုးရ အပစ်အခတ်ရပ်ဆဲပြီးနောက် စနစ်မကျ သည့် ဖွံ့ဖြိုးရေးစီမံကိန်းကြီးများကြောင့် ဒေသခံများနစ်နာနေရကြောင်း ဦးလဂါန်တန်ဂွန်းက ဆိုသည်။
ဟူးကောင်း ကျားထိန်းသိမ်းရေး ဒေသ အိုဘားမားထံ အိတ်ဖွင့်ပေးစာနှင့် ပတ်သတ်ပြီး သားရိုင်း တိရိစ္ဆာန် ထိန်းသိမ်းအဖွဲ့ ( WCS ) သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဖြေဆိုခြင်း မရှိပေ

Source :Irrawaddy

Thursday, October 25, 2012

အစိမ်းရောင်ကွန်ရက်အဖွဲ့ဝင်များ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပုပ္ပားတောင်တွင် ဆွေးနွေးကြမည်

မြန်မာနိုင်ငံအနှံ့အပြားတွင်ရှိသော မြန်မာအစိမ်းရောင်ကွန်ရက်အဖွဲ့ဝင်များ နိုဝင်ဘာလနောက်ဆုံးပတ်တွင် ပုပ္ပားတောင်ဒေသ၌ တွေ့ဆုံကြမည် ဖြစ်ကြောင်း သိရသည်။ မြန်မာအစိမ်းရောင်ကွန်ရက် အဖွဲ့ဝင်များတွေ့ဆုံမှုကို နိုဝင်ဘာလ ၂၄ ရက်မှ ၂၆ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်းများနှင့် ပတ်သက်ပြီး ဖြစ်ပေါ်လာမည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများမည်ကဲ့သို့ ဆက်လက်ဆောင်ရွက်သွားရန်နှင့် အဖွဲ့၏ ရှေ့ဆက်ရမည့်လုပ် ငန်းစဉ်များအား ဆွေးနွေးတိုင်ပင် သွားကြမည်ဖြစ်ကြောင်း၊ ထို့အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အမှန်တကယ်လုပ်ဆောင် နေသူများကိုလည်းစိစစ်၍ အဖွဲ့ဝင် အဖြစ် လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

”နိုဝင်ဘာ ၂၄ ရက်၊ ၂၅ ရက်မှာ  မြန်မာအစိမ်းရောင်ကွန်ရက်က ပညာရှင်တွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက မြန်မာ နိုင်ငံရဲ့ ရှေ့ဆက်ဖြစ်လာမယ့် သဘာဝပတ်ဝန်းကျင် အခြေအနေနဲ့ လက်ရှိဖြစ်နေတဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေတွေကို လေ့လာဆန်းစစ်ထားတဲ့ အချက်အလက်တွေနဲ့ အပြန်အလှန်  ဆွေးနွေး ကြမယ်” ဟု မြန်မာအစိမ်း ရောင်ကွန်ရက် အဖွဲ့ဝင်တစ်ဦးက ပြောသည်။ ထို့အပြင် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ကွင်းဆင်းလေ့လာမှုအဖြစ် ပုပ္ပားတောင်၏ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နေသော ပိုဇိုလန်ဘိလပ်မြေ အစားထိုးအမှုန့် စက်ရုံနှင့် လက်ဖက်စိုက်ခင်းများ၊ ဇီဝမျိုးစုံ မျိုးကွဲ အခြေအနေများ၊ သစ်တောနှင့်ရေထွက်များကို လက်တွေ့လေ့လာဆန်းစစ်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ မြန်မာအစိမ်းရောင်ကွန်ရက် အဖွဲ့ဝင်များတွေ့ဆုံမှုနှင့် ပတ်သက် ၍ ယင်းအဖွဲ့မှ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က " အဖွဲ့တွေများတာ၊ နည်းတာ ကိစ္စ မရှိပါဘူး။ အရေးကြီးတာက ထိ ရောက်ဖို့ပဲ။ ဘာဖြစ်လို့လဲဆိုရင် မြန်မာနိုင်ငံကို ရေရှည်မှာဒုက္ခတွင်း ထဲ ပို့နိုင်တဲ့ အလုပ်တွေအများကြီး ရှိနေတယ်။ ဒါကို အားလုံးက ဝိုင်း လုပ်ဖို့၊ ကာကွယ်ဖို့ လိုပါတယ်”ဟု ပြောသည်။

မြန်မာအစိမ်းရောင်ကွန်ရက် သည် ၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ပြင်ဦးလွင်မြို့တွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံအနှံ့အပြားရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များ တွေ့ဆုံပွဲအပြီးတွင် ယင်းပွဲသို့တက်ရောက်ခဲ့သော ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ၅၃ ဖွဲ့မှ ကိုယ်စားလှယ်များ၏ သဘောတူထောက်ခံမှုဖြင့် ပေါ်ပေါက် လာခြင်းဖြစ်သည်။ ယင်းကွန်ရက်တွင် နိုင်ငံအနှံ့အပြားမှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးများအဖွဲ့အပြင် သစ်တောပညာရှင်၊ ဆည်မြောင်းပညာရှင်၊ မိုးလေဝသပညာရှင်၊ စိုက်ပျိုးရေး ပညာရှင်၊ ရေပညာရှင်၊ ဘူမိဗေဒ ပညာရှင်၊ အင်ဂျင်နီယာပညာရှင်၊ ဥပဒေပညာရှင်၊ ဓာတုဗေဒပညာ ရှင်၊ ဇီဝမျိုးစုံမျိုးကွဲပညာရှင်၊ ကျန်းမာရေးဆိုင်ရာပညာရှင်၊ စွမ်းအင် ဆိုင်ရာပညာရှင် စသဖြင့် ကဏ္ဍအသီးသီးမှ ပညာရှင်များပါဝင်ပြီး လက်ပံတောင်းတောင် ကြေးနီ သတ္တုစီမံကိန်းနှင့် ပတ်သက်သော သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ လူ မှုရေး ထိခိုက်မှု၊ ကျန်းမာရေးထိခိုက် မှုများအပြင် အခြား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းချစ်နိုင် 

Soruce : Popular Myanmar

Wednesday, July 25, 2012

မြန်မာပြည်ကဆင်တွေ ထိုင်းနိုင်ငံကို ခိုးထုတ်နေ


(ဓာတ်ပုံ- EFU အဖွဲ့က လျှို့ဝှက် ရိုက်ကူးထားသော မှတ်တမ်းရုပ်ရှင်မှ ရယူဖော်ပြပါသည်။)
မြန်မာနိုင်ငံက ဆင်များ ထိုင်းနိုင်ငံကို ခိုးထုတ်နေသောပုံ ဖြစ်ပါသည်။
 

မြန်မာနိုင်ငံက ဆင်တွေ တစ်နှစ်ကို အကောင် ၅၀ ကနေ ၁၀၀ ကြား ထိုင်းနိုင်ငံကို ခိုးထုတ်ခံနေရတယ်လို့ Ecologist Film Unit (EFU) ဆိုတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ဒီကနေ့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။ ထိုင်းနိုင်ငံက ကမ္ဘာလှည့်ခရီးသည်တွေ ကြည့်ဖို့ ပြုလုပ်ထားတဲ့ ဆင်စခန်းတွေကို ပို့ဆောင် ရောင်းချခြင်းအားဖြင့် ဒီလုပ်ငန်း ဖြစ်ထွန်းတွင်ကျယ် နေတယ်လို့ ဆိုပါတယ်။
ဒီအကြောင်း EFU အဖွဲ့က လျှို့ဝှက် ရိုက်ကူးထားတာတွေကို အခု မှတ်တမ်း ရုပ်ရှင်အဖြစ် ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။  မှောင်ခို ခိုးထုတ်နေတဲ့ ဆင်တွေမှာ ဆင်ပေါက်လေးတွေနဲ့ ဆင်မကလေးတွေ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။ ဆင်လေးတွေ ဖမ်းတဲ့အခါမှာလည်း ဆင်ကြီးတွေရဲ့ ရန်ကနေ အကာအကွယ်ရအောင် ဖမ်းဆီးသူတွေက မောင်းပြန်သေနတ်တွေ အသုံးပြုသလို ယဉ်ပါးအောင် လုပ်တဲ့အခါမှာလည်း အလွန်အကျွံ နှိပ်စက် ညှင်းပမ်းတာတွေ ရှိတယ်လို့လည်း EFU အဖွဲ့က ပြောဆိုပါတယ်။  ဒါကြောင့် ထိုင်းနိုင်ငံမှာ လာမယ့်နှစ် ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ တောရိုင်းတရိစ္ဆာန်နဲ့ သဘာဝ ပန်းမန် ကူးသန်း ရောင်းဝယ်မှုဆိုင်ရာ ညီလာခံ မတိုင်ခင် ဆင်မှောင်ခို လုပ်ငန်းကို နှိမ်နင်းခြေမှုန်းဖို့ တက်ကြွလှုပ်ရှားသူတွေက ထိုင်းအစိုးရကို တောင်းဆိုနေကြတယ်လို့ ဆိုပါတယ်။


Source: RFA Burmese

Thursday, October 06, 2011

သစ်တောနှင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဥပဒေများ ပြင်ဆင်ကာ ဒဏ်ကြေးများ တိုးမြှင့်သတ်မှတ်မည်

တောရိုင်းတိရစ္ဆာန်များနှင့် အပင်များ တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်းကို အရေးယူရန် ပြဋ္ဌာန်းထားသော တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေကို ခေတ်နှင့်လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ကာ ဒဏ်ကြေးငွေများ တိုးမြှင့်သွားရန်ရှိကြောင်း သစ်တောဦးစီးဌာနက ပြောပြခဲ့သည်။ ၁၉၉၄ ခုနှစ်က စတင်ပြဋ္ဌာန်းခဲ့သော တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေနှင့် ၁၉၉၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သော သစ်တောဥပဒေများကို ခေတ်နှင့်လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်သွားနိုင်ရန် လတ်တလောတွင် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြထားကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက စက်တင်ဘာ ၁၂ ရက်တွင် ကျင်းပသော ဒီရေတောနှင့် သဘာဝဝန်းကျင် ပြန်လည်ထူထောင်ရေး ကွန်ရက်၏ နှစ်ပတ်လည်အခမ်းအနား၌ ပြောကြားသွားခဲ့သည်။ ထိုဥပဒေနှစ်ခုတွင် အဓိကအားဖြင့် ဥပဒေပါ အချို့စကားရပ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ စကားရပ်များနှင့်အညီ ပြင်ဆင်သွားမည်ဖြစ်ပြီး ဥပဒေတွင် ပြဋ္ဌာန်းထားသော ဒဏ်ကြေးငွေများကိုပါ တိုးမြှင့်သွားမည်ဟု သစ်တောဦးစီးဌာနက ပြောပြခဲ့သည်။ “ဒဏ်ကြေးတွေကို တိုးမယ်ဆိုတာ ကြိုဆိုပါတယ်။ ဒဏ်ကြေးက တောရိုင်းတိရစ္ဆာန် ရောင်းရငွေထက် နည်းနေတာကနေ ဒဏ်ကြေးတိုးလိုက်တော့ ပိုထိရောက်တဲ့ အရေးယူမှုတွေ ပိုလုပ်နိုင်မယ်လို့ ထင်ပါတယ်” ဟု တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးလုပ်ငန်း လုပ်ဆောင်နေသူတစ်ဦးက ပြောကြားသည်။ တရားမဝင် ရောင်းဝယ်ဖောက်ကားရန် အများဆုံးဖမ်းဆီးကြသော တောရိုင်းတိရစ္ဆာန်များမှာ ကျား၊ ဆင်၊ တောဆိတ်၊ သင်းခွေချပ်၊ ချေ၊ ကုန်းလိပ်၊ တောဝက်၊ မြွေအမျိုးမျိုး၊ တောက်တဲ့၊ တောင်ဆိတ်၊ အင်းကျား၊ ဝက်ဝံ၊ ဘွတ်ငှက် စသည့် တောရိုင်းတိရစ္ဆာန်များဖြစ်သည်ဟု သစ်တောဦးစီးဌာနမှ သိရကြောင်း ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Source : Khit Lu Nge

Friday, September 30, 2011

မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့

မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။ နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်က စက်တင်ဘာလ ၃၀ ရက်နေ့တွင် လွှတ်တော်သို့ အချက် (၁၀)ချက်ပါသည့် သ၀ဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါအချက် ၁၀ ချက်ထဲတွင် မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဆိုသည့်အချက်ပါဝင်ကြောင်း၊ နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ မြစ်ဆုံဆည် တည်ဆောက်ခြင်း ရပ်ဆိုင်းရသည့်အပေါ် မိမိတို့အစိုးရသည် ပြည်သူဆီမှဆင်းသက်လာသည့် အခွင့်အာဏာအရ တာဝန်ယူလုပ်ဆောင်ကြခြင်းဖြစ်၍ အများပြည်သူဆန္ဒအရ မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပေးပို့ထားခြင်းဖြစ်သည်။

မိမိတို့အစိုးရသည် ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်သည်နှင့်အညီ ပြည်သူများ၏ဆန္ဒကို အလေးထားရပါသည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ သို့ပါ၍ မိမိတို့အစိုးရလက်ထက်တွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည် ဖြစ်ပါသည်။ နိုင်ငံတော်အတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အန္တရာယ်မရှိနိုင်သည့် အခြားသော ရေအားလျှပ်စစ် စီမံကိန်းများကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့် သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူညှိုနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးအကြောင်းကြားအပ်ပါသည် ဟု နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ လွှတ်တော်သို့ ပေးပို့သောသ၀ဏ်လွှာတွင် ဖေါ်ပြပါရှိပါသည်။

ပြည်ထောင်စုသမ္မတနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး စာအမှတ် ၁၅၁(၂)/၈/၃ဖြင့် လွှတ်တော်သို့ ပေးပို့ခဲ့သည့် (၂၉-၉-၂၀၁၁)နေ့စွဲပါ နိုင်ငံတော်သမ္မတ၏ အချက် (၁၀) ချက်ပါ သ၀ဏ်လွှာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ပထမအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ပြည်သူတို့၏ အကျိုးငှာ အားသွန်ခွန်စိုက် ကျင်းပပြုလုပ်နေသည့် ဥက္ကဋ္ဌကြီးနှင့်တကွ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေရန် ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

၂။ တစ်ချိန်တည်း၌ပင် မိမိတို့ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များအနေနှင့်လည်း ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်ရေး၊ ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေး နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ဟန်ချက်ညီစွာ ဆောင်ရွက်လျက်ရှိပါသည်။

၃။ တိုင်းရင်းသားပြည်သူအပေါင်းတို့၏ တူညီသော မျော်မှန်းချက်သည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးရေးတို့ ဖြစ်ပါသည်။ ပြည်ထောင်စုအစိုးရသည် တိုင်းရင်းသားပြည်သူတို့၏ ဆန္ဒနှင့်အညီ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် ဥပဒေပြင်ပသို့ ရောက်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား ထာဝရငြိမ်းချမ်းရေးရရှိရန် ဆက်သွယ်ကမ်းလှမ်း ဖိတ်ခေါ်ဆောင်ရွက်ခဲ့ရာ ယခုအခါ အထူးဒေသ(၂) ''၀'' အဖွဲ့နှင့် အထူးဒေသ(၄) အဖွဲ့တို့သည် ပြည်နယ်အဆင့် သဘောတူညီချက်များရရှိခဲ့ပြီး ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများပင် စတင်ဆောင်ရွက်လျက် ရှိနေပြီဖြစ်ပါသည်။ အချို့အဖွဲ့များသည်လည်း ပြည်နယ်အစိုးရများထံ ငြိမ်းချမ်းရေးရယူရန် ဆက်သွယ်ဆောင်ရွက်မှုများ ရှိနေပါသည်။

၎။ တစ်ချိန်တည်း၌ပင် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသား တိုင်းရင်းသားများအားလည်း ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသသို့ပြန်လာလိုပါက ပြန်လာနိုင်ရန် စိစစ်လက်ခံခဲ့ရာ တစ်ချို့ပြန်လာနေကြပြီဖြစ်ပါသည်။ အကျဉ်းသားများလွှတ်ပေးရေးကိစ္စများကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ အပ်နှင်းထားသည့် အခွင့်အာဏာအတွင်းမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ အမျိုးသားအကျိုးစီးပွားအတွက် ထိုသို့ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေချိန်တွင် ပါတီအချို့နှင့် အင်အားစုအချို့တို့သည် အစိုးရအခက်အခဲ အကြပ်အတည်းတွေ့အောင်၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်ကြံရွယ်၍ လှုပ်ရှားလုပ်ဆောင်မှုများ ပြုလုပ်နေကြသည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့ရှိနေရပါသည်။

၅။ တိုင်းပြည်ခေတ်မီဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးကို အရှိန်အဟုန်မပျက်တိုးတက်အောင် ဆောင်ရွက်ရင်း၊ စက်မှုနိုင်ငံထူထောင်နိုင်ရန် ရည်ရွယ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ကြိုးပမ်းဆောင်ရွက်ရာတွင် စက်မှုနိုင်ငံထူထောင်နိုင်ရန် လျပ်စစ်စွမ်းအင် လိုအပ်ချက်သည် အဓိကကျပါသည်။ လျပ်စစ်စွမ်းအင်ရရှိနိုင်သည့် နည်းလမ်းများအနက် အနျူမြူစွမ်းအင် ထုတ်လုပ်သုံးစွဲရေးမှာ ကမ္ဘာ့ဖြစ်စဉ်များအရ အန္တရာယ်ကြီးမားလှသည့်အပြင် ငွေကြေးမပြည့်စုံမှု၊ နိုင်ငံရေးအရ အများသူငါ လက်မခံမှုတို့ကြောင့် မိမိတို့နိုင်ငံအတွက် မဖြစ်နိုင်သော ကိစ္စဖြစ်ပါသည်။ ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ကျောက်မီးသွေးသယံဇာတမှာလည်း တစ်နိုင်ငံလုံးအတွက် လုံလောက်မှုမရှိသည်ကို ကိုယ်စားလှယ်တော်ကြီးများ အသိပင်ဖြစ်ပါသည်။

၆။ မြန်မာ့ပင်လယ်ပြင်မှ သဘာဝဓာတ်ငွေ့ထွက်ရှိသော်လည်း ပြည်ပအရင်းအနှီးများဖြင့် ထုတ်လုပ်သည့်ကိစ္စဖြစ်၍ မိမိတို့လိုအပ်သလောက်မရနိုင်ဘဲ အချို့အ၀က်သာ ခွဲဝေရရှိပါသည်။ ပြည်ပချေးငွေဖြင့် အရင်းအနှီးအချို့ထည့်ဝင်ထားခဲ့ရာ အနာဂတ်တွင် အကျိုးခံစားရမည်ဖြစ်သော်လည်း လောလောဆယ်တွင်မူ ချေးငွေအပေါ် အတိုးများအရစ်ကျ ပေးဆပ်နေရသည့် အခြေအနေဖြစ်ပါသည်။ ကုန်းတွင်း၌ သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်နေသော်လည်း ပြည်တွင်းသုံးစွဲရန်အတွက်ပင် လုံလောက်မှုမရှိသေးပါ။ 

၇။ မြန်မာနိုင်ငံတွင် ပြည့်ဖြိုးမြဲဖြစ်သော ရေအားလျှပ်စစ်ထုတ်ယူနိုင်သည့် သဘာဝကပေးထားသော မြစ်ချောင်းများရှိနေသဖြင့် အဆိုပါမြစ်ချောင်းများမှ ပြည်တွင်း၊ ပြည်ပအရင်းအနှီးများရယူ၍ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရေးအတွက် တပ်မတော်အစိုးရလက်ထက်တွင် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခင်က ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ(၂)ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ (၇)ရုံသာရှိခဲ့ပြီး စုစုပေါင်းစက်တပ် ဆင်အား (၅၂၉)မဂ္ဂါဝပ်ရှိခဲ့ရာမှ နောက်ထပ်လျှပ်စစ် ဓာတ်အားပေးစက်ရုံ (၂၃)ရုံ၊ စက်တပ်ဆင်အား (၂၈၃၁)မဂ္ဂါဝပ် တိုးတက်ဆောင်ရွက်ခဲ့ပါသည်။

၈။ နှစ် (၃၀) လျှပ်စစ်မဟာဗျူဟာစီမံကိန်းအရ နောက်ထပ်ရေအားလျှပ်စစ်စီမံကိန်း(၆၄)ခုနှင့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ(၃)ခုအပါ အ၀င် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် စက်တပ်ဆင်အား မဂ္ဂါဝပ်(၄)သောင်းကျော် ထုတ်လုပ်နိုင်သည့် အလားအလာများရှိပါသည်။ အဆိုပါစီမံကိန်းများတွင် ကချင်ပြည်နယ်ရှိ မေခ၊ မလိခ၊ မြစ်ညာမြစ်ဝှမ်းနှင့် ဧရာဝတီမြစ်ဆုံစီမံကိန်း(၈)ခုအပါအ၀င်ဖြစ်ပါသည်။

၉။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ငွေကြေးအရင်းအနှီးဖြင့် ဧရာဝတီမြစ်ဆုံရေအားလျှပ်စီမံကိန်းကို ပထမအဆင့် ဆောင်ရွက်ရန်စတင်ခဲ့ရာ ယခုအခါတွင် အဆိုပါမြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ပြည်သူလူထုအတွင်း အောက်ပါစိုးရိမ်ပူပန်မှုများ ရှိလာခဲ့ပါသည် -
(က) ကချင်ပြည်နယ်သာမက မြန်မာနိုင်ငံအတွက်ပါ သဘာဝကပေးထားသည့် (Land Mark) ဖြစ်သည့် မြစ်ဆုံ သဘာဝအလှ ပျောက်ကွယ်သွားနိုင်ခြင်း။
(ခ)  မြစ်ညာပိုင်းရှိ တိုင်းရင်းသားကျေးရွာများ ရေမြုပ်၍ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးပျက်စီးနိုင်ခြင်း။
(ဂ) ပုဂ္ဂလိကများမှ ငွေကြေးအရင်းအနှီးများစွာ စိုက်ထုတ်၍ စီးပွားဖြစ်စိုက်ထုတ်ထားသည့် ရော်ဘာစိုက်ခင်းများနှင့် ကျွန်းစိုက်ခင်းများ ပျက်စီးသွားနိုင်ခြင်း။
(ဃ) ရာသီဥတုဖောက်ပြန်မှုကြောင့် မြောက်ဖျားရှိ ရေခဲတောင်များအရည်ပျော်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ အင်အားပြင်းထန်သည့် ငလျင်လှုပ်ခြင်းတို့ ဖြစ်ပေါ်လာပါက မြစ်ဆုံဆည် ပျက်စီးပြီး ဆည်အောက်ပိုင်းရှိ မြို့ရွာများနှင့် ပြည်သူများ သေကြေပျက်စီးမှုရှိနိုင်ခြင်း။
(င) ဧရာဝတီမြစ်ကြီး ထိခိုက်ပျက်စီးနိုင်ခြင်း စသည်ဖြင့် ပြည်သူအချို့မှ စိုးရိမ်ပူပန်မှု ရှိနေကြသည်ကို မိမိတို့ သိရှိနေရပါသည်။

၁၀။ မိမိတို့အစိုးရသည် ပြည်သူမှရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်၍ ပြည်သူများ၏ ဆန္ဒကို အလေးထားရပါမည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ သို့ပါ၍ မိမိတို့အစိုးရလက်ထက်တွင် မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည်ဖြစ်ပါသည်။ နိုင်ငံတော်အတွက်လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အန္တရာယ်မရှိနိုင်သည့် အခြားသော ရေအားလျပ်စစ်စီမံကိန်းများကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်သည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့်သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူလက်ခံအောင် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဤလွှတ်တော်သို့ အသိပေးအပ်ပါသည်။

Source : News Eleven

Wednesday, September 28, 2011

ချင်းတွင်းမြစ် သောင်ခုံထုများပြားကာ မြစ်တွင်းခရီးသွားများ အခက်အခဲ အများဆုံးနှစ်ဖြစ် ၊ ပွင့်လင်းရာသီ ချင်းတွင်းမြစ်အတွင်း ရွှေလုပ်ကွက်များတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဦးစားပေးရန် ဒေသခံများ လိုလားလျက်ရှိ

ချင်းတွင်းမြစ် သောင်ခုံထုပမာဏမှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားကာ ၂၀၁၁ ခုနှစ်တွင် မြစ်တွင်း ခရီးသွားများ အခက်အခဲအများဆုံးနှစ် ဖြစ်ခဲ့ပြီး မိုးအကုန် ပွင့်လင်းရာသီ ချင်းတွင်းမြစ်အတွင်း သယံဇာတရှာဖွေခြင်းနှင့်အတူ အခြားစီးပွားရေးလုပ်ကွက်များတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဦးစားပေးရန် ဒေသခံများ လိုလားလျက်ရှိကြောင်း သိရသည်။
ချင်းတွင်းမြစ်ကမ်းဒေသရှိ မုံရွာမြို့ကမ်း ညောင်ပင်ကြီးဆိပ်ကမ်းတစ်နေရာကို တွေ့ရစဉ်

ချင်းတွင်းမြစ်ရဲ့ သဲသောင်ခုံ ထုထည်ပမာဏဟာ တစ်နှစ်ထက် တစ်နှစ် ပိုပိုပြီး များပြားလာပါတယ်။ အထူးသဖြင့် မြစ်ရေအတက်အကျမှာ ပိုပိုပြီးသိသာလာတယ်။ မြစ်တွင်းခရီးသွားတွေ ဒုက္ခရောက်ရတယ်။ ဥပမာ တစ်နေရာကိုပြောပြရရင်တော့ မုံရွာနဲ့ တစ်ဖက်ကမ်း ညောင်ပင်ကြီးဆိပ်ကမ်းကို သွားရတဲ့ခရီးမှာ သဲသောင်ထုပမာဏက ပိုပိုများလာတယ်။ အရင်နှစ်တွေက လွတ်လွတ်ကင်းကင်း ကပ်လို့ရတဲ့ သဲသောင်ခုံဟာ ဒီနှစ်မှာတော့ ဆိုးဆိုးဝါးဝါးဖြစ်နေပြီး စက်လှေတွေက ရေကြောင်းကျတဲ့နေရာမှာပဲ ကပ်ရတယ်လေ။ ခရီးသွားတွေ ဒုက္ခရောက်ရတာပါပဲ။ ပုံမှန်အနေနဲ့ ချင်းတွင်းမြစ်ကို စက်လှေနဲ့ကူးတာက ခရီးသွားတစ်ယောက်ကို ဆိုင်ကယ်နဲ့ဆိုရင် ဆိုင်ကယ်ခက ကျပ် ၅၀၀၊ လူခက ကျပ် ၂၀၀ ဆိုပြီး ပေးရတယ်။ မြစ်ရေ နည်းနည်းလေးတက်လိုက်လို့ သောင်ခုံပေါ်ရေ၀ပ်နေရင် စက်လှေသွားမရတော့ ခရီးသည်တွေက ခြေကျင်လျှောက်ရတယ်။ ခြေကျင်မလျှောက်နိုင်လို့ ရိုးရိုးလှေစီးသွားမယ်ဆိုရင် လူတစ်ယောက်ကို ကျပ် ၂၀၀ ဆိုင်ကယ်ဆို ကျပ် ၅၀၀ ပဲ။ အသွားအပြန်ခရီးဆိုရင် ခရီးစရိတ်နှစ်ဆကုန်မယ်။ ဒီကြားထဲမှာ စက်လှေပေါ်ကနေ မြို့ပေါ်တက်တက်ချင်း မြို့ဝင်ကြေးဆိုင်ကယ်ခ တောင်းတော့ ချင်းတွင်းမြစ်ကို နေ့စဉ်ဖြတ်သွားဖို့စရိတ်က မလွယ်ဘူးဟု  ဒေသခံခရီးသွားတစ်ဦးက ပြောပြခဲ့သည်။

ညောင်ပင်ကြီးဆိပ်ကမ်းက သဲသောင်ပြင်က သိသိသာသာကြီးကို မြင့်တက်နေတယ်။ ဒီနှစ် နယုန်လ ရေပြာပေါက်ချိန်ကနေ သီတင်းကျွတ်အထိ ရေကလေးခါလောက်တက်ပြီးပြီ။ ရေတက်ပြီးရေပြန်အကျမှာကို သဲသောင်မှာရေက ခြေကျင်းဝတ်အထိပဲမြုပ်တော့ ခရီးသွားတွေငွေကုန်များသလို ဒုက္ခရောက်ရတယ်။ အခုလည်း သဲအိတ်တွေနဲ့ သောင်ခုံကိုဖြတ်ပြီး စက်လှေရှိရာကို အလွယ်တကူသွားနိုင်ဖို့ စနစ်တကျ ပြုပြင်ထားရတယ်။ စက်တင်ဘာလ တတိယပတ်အတွင်းမှာ ပြုပြင်ထားတာပါဟု ညောင်ပင်ကြီးဆိပ်ကမ်းမှ မမိုးဆွေကပြောပြခဲ့သည်။

မြစ်တစ်စင်းရဲ့ အသက်သွေးကြောဟာ ရေဝေရေလဲဧရိယာဖြစ်သလို ရေဝေရေလဲဧရိယာရဲ့ အသက်သွေးကြောဟာ သစ်ပင်သစ်တောဖြစ်ပါတယ်။ သစ်ပင်သစ်တောရဲ့ အသက်သွေးကြောဟာ မြေဆီလွှာဖြစ်ပါတယ်။ မူးမြစ်ပဲဖြစ်ဖြစ် ချင်းတွင်းပဲဖြစ်ဖြစ် ဧရာဝတီပဲဖြစ်ဖြစ်မြစ်ရဲ့ ကြည်လင်သန့်ရှင်းတဲ့ရေပြင် fcrystal clear ဟာ ရွှံ့နှစ်ရောင်ရေပြင် များပြားနေမယ်ဆိုရင်တော့ အဲဒီမြစ်ရဲ့ကျန်းမာရေးဟာ စိုးရိမ်ရပြီ။ အဲဒီရွှံ့ရောင်တွေဟာ မြေဆီလွှာတွေပဲလို့ အကြမ်းဖျင်းပြောလို့ရတယ်။ မြစ်တစ်စင်းရဲ့ထာဝစဉ် ရှင်သန်စီးဆင်းနေဖို့အတွက် မြစ်ညာကနေ တခြားမြစ်မကြီး ဒါမှမဟုတ် ပင်လယ်ထဲကို စီးဝင်တဲ့နေရာအထိ မြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ ရေဝေရေလဲဧရိယာက အရေးကြီးသလို အဲဒီမြစ်ထဲကို စီးဝင်တဲ့ ချောင်းမြောင်း မြစ်လက်တက်တွေရဲ့ရေစီးရေလာ ကောင်းမွန်ဖို့က အရေးပါတယ်။ ဧရာဝတီ ကျန်းမာဖို့ ထာဝစဉ်ရှင်သန်စီးဆင်းဖို့က ဧရာဝတီကိုယ်တိုင်ရော ဧရာဝတီထဲကိုစီးဆင်းတဲ့ ချင်းတွင်းရဲ့ ကျန်းမာရေးကရော အရေးပါတယ်။ ဧရာဝတီရော ချင်းတွင်းမြစ်ရော ရေဝေရေလဲဧရိယာအတွက် ပတ်ဝန်းကျင်ထိန်း သိမ်းရေးတွေလိုအပ်တယ်။ ဒီလိုမှမဟုတ်ရင် မြစ်တွေရဲ့ဂေဟစနစ်တွေကို ထိခိုက်ပျက်စီးလာနိုင်တယ်။ တကယ်တော့ သောင်ထွန်းတယ်ဆိုတာ ရေဝေရေလဲ ဧရိယာကိုထိခိုက်လို့ ထွန်းတာဖြစ်ပြီး သောင်ထွန်းလို့ ရေဝေရေလဲ ဧရိယာထိခိုက်တာမဟုတ်ဘူးဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို လေ့လာနေသူတစ်ဦးက ပြောပြခဲ့သည်။

မြစ်တွေနဲ့ပတ်သက်လို့ပြောရရင် မြစ်တွေဆီကရတဲ့ သယံဇာတတွေကို ထုတ်ယူခွင့်မရှိဘူးဆိုတဲ့ ရေအရင်း အမြစ်နဲ့ မြစ်ကြောင်းထိန်းသိမ်းရေး ဥပဒေရှိတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ ဥပဒေကို တိတိကျကျ လိုက်နာသင့်သလို ကိုယ့်အတ္တ ကိုယ်ကျိုးတစ်ခုတည်းကိုပဲ မကြည့်သင့်ဘူး။ အခုဆိုရင် မိုးကုန်ပြီး ပွင့်လင်းရာသီ ရောက်လာတော့မယ်။ မိုးတွင်းမှာ ရွှေကျင်လုပ်ငန်းတွေ ပြန်ပြီးစတင်ကြတော့မယ်ဟု ချင်းတွင်းမြစ်အထက်ပိုင်း ဟုမ္မလင်းမြို့မှ ဒေသခံတစ်ဦးက ပြောပြခဲ့သည်။

ချင်းတွင်းမြစ် အထက်ပိုင်း ရွှေကျင်တဲ့ကုမ္ပဏီဝန်ထမ်းတွေ ပြောဖူးတာကတော့ မနှစ်ကတော့ တစ်ရက်ကို ရွှေရှစ်ကျပ်သားလောက် ရတဲ့သူတွေရှိတယ်လို့ ပြောပြဖူးတယ်။ အကျိုးဖြစ်ထွန်းတာ ဘယ်သူလဲ၊ မြစ်ကြောင်းတစ်လျှောက် နေထိုင်မှီခိုကြတဲ့ဒေသခံတွေရဲ့ ဂေဟစနစ်ကို ထိခိုက်မှုရှိနိုင်သလား စတာတွေကို အားလုံးက ထည့်သွင်းစဉ်းစားသင့်ပါတယ်ဟု ချင်းတွင်းမြစ်တွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ၀န်ထမ်းတစ်ဦးက ပြောပြခဲ့သည်။

ပြီးခဲ့တဲ့ရာသီက ရွှေမျောလုပ်ငန်းတွေကို တားမြစ်ခဲ့သေးတယ်။ လိုက်နာသူတွေရှိသလို မလိုက်နာဘဲ လက်တစ်လုံးခြား လုပ်ကိုင်သူတွေ ရှိတယ်လို့သိရတယ်။ လာမယ့် ပွင့်လင်းရာသီမှာရော ဘယ်သူတွေ ဘာလုပ်ဦးမှာလဲ....။ ချင်းတွင်းမြစ်အတွင်းမှာ စွန့်ပစ်ပစ္စည်းတွေကို စည်းကမ်းမဲ့ စွန့်ပစ်သူတွေပစ်နေချိန်မှာ မြစ်နံဘေးမှာ မြေဆီလွှာတည်တံ့ရေးအတွက် သစ်ပင်စိုက်သူတွေက စိုက်နေကြတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဂရုစိုက်နေကြချိန်မှာ မြစ်ထဲကို အမှိုက်ကြွပ်ကြွပ်အိတ်တွေ စည်းကမ်းမဲ့ပစ်နေကြတယ်။ ဘာပဲပြောပြော လာမယ့် ပွင့်လင်းရာသီကစပြီး ချင်းတွင်းမြစ်တွင်း စီးပွားရေးလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ မြစ်ရဲ့ရေဝေရေလဲဧရိယာပေါ်မှာ ထာဝရစီးဆင်းရေးအတွက် ဂရုစိုက်ပြီး လုပ်ကိုင်သင့်တယ်လို့ထင်တာပါပဲဟု ဒေသခံတစ်ဦးက ပြောပြခဲ့သည်။

ချင်းတွင်းမြစ်ရဲ့ မြစ်ဖျားခံရာအပိုင်းကနေ ဧရာဝတီကိုစီးဆင်းတဲ့နေရာအထိ သူဖြတ်သန်းခဲ့တဲ့ နေရာတိုင်းမှာရှိတဲ့ ချင်းတွင်းမြစ်ရဲ့ ရေဝေရေလဲဧရိယာတွေ၊ သစ်ပင်သစ်တောတွေ၊ မြေဆီလွှာတွေ ထိန်းသိမ်းဖို့၊ တည်တံ့ဖို့ အရေးကြီးပါတယ်ဟု ဒေါက်တာဇော်မြင့်နီက ပြောပြခဲ့သည်။

Source : News-Eleven

Friday, September 23, 2011

လိပ် ၃ မျိုး တုံးလု အခြေအနေသို့ရောက်

မြန်မာနိုင်ငံတွင်သာ တွေ့နိုင်သော လိပ် ၆မျိုး ရှိသည့်အနက် ၃ မျိုးမှာ မျိုးတုံးမှုအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ မြန်မာနိုင်ငံတွင်သာတွေ့နိုင်သော လိပ် ၆ မျိုးမှာ ကြယ်လိပ်/ ပင့်ကူလိပ်၊ မြန်မာ့ဆောက်လိပ် ရခိုင်တောင်လိပ်၊ မြန်မာ့စင်းချောလိပ်၊   လေးကွက်လိပ်နှင့်   မြန်မာတိုက်လိပ်တို့ ဖြစ်ကြပြီး မြန်မာ့ဆောက်လိပ်၊ လေးကွက်လိပ်နှင့် မြန်မာ့တိုက်လိပ်တို့သည် မျိုးတုံးမှုအန္တရာယ်နှင့် ရင်ဆိုင်နေရကာ ကျန်လိပ်များမှာလည်း မျိုးတုံးရန် အစိုးရိမ်ရဆုံးအခြေအနေသို့ ရောက်ရှိနေကြောင်း သိရသည်။ မြန်မာပြည်မှာရှိတဲ့ လိပ်တော်တော် များများက ရှားကုန်ပါပြီ။ လိပ်တွေက များသောအားဖြင့် တစ်နေရာတည်းမှာ ကွက်ပြီး ရှိနေတာများတော့ ပတ်ဝန်းကျင် ပျက်သွားတာတို့၊ လူတွေ ဖမ်းစားတာတို့၊ တံငါပိုက်ကွန်မှာ ငြိတာတို့ကြောင့် မျိုးတုံးရတာပါ။ လူတွေကလည်း လိပ်မိရင် ဘယ်တော့မှပြန်မလွှတ်ဘူး။ စားပစ်လိုက်ကြတာပဲ။ နောက် နိုင်ငံခြားမှောင်ခို ပို့တာတွေကြောင့်လည်း မျိုးတုံးရတာပါ ဟု BANCA အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင်သာရှိသော လိပ်များဖြစ်သည့် ကြယ်လိပ်ကို ရွှေစက်တော် အမျိုးသားဥယျာဉ်နှင့် ပုဂံလောကနန္ဒာ ဥယျာဉ်တို့တွင်လည်းကောင်း၊ ရခိုင်တောင်လိပ်ကို ရခိုင်နှင့် ချင်းပြည်နယ်တွင် လည်းကောင်း၊ မြန်မာ့တိုက်လိပ်ကို ချင်းတွင်းမြစ်ဝှမ်းထမံသီ အထက်တွင် လည်းကောင်း၊ မြန်မာ့ဆောက်လိပ်ကို ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ မွန်၊ တနင်္သာရီနှင့် စစ်ကိုင်းတို့တွင် လည်းကောင်း၊ လေးကွက်လိပ်ကို ဧရာဝတီ၊ ပဲခူး၊ စစ် ကိုင်း၊ ရန်ကုန်၊ မန္တလေး၊ ရှမ်းနှင့် ကချင်တို့တွင် လည်းကောင်း၊ မြန်မာ့စင်းချောလိပ်ကို ဧရာဝတီ၊ ပဲခူး၊ စစ်ကိုင်း၊ ရန်ကုန်၊ မန္တလေး၊ မကွေး၊ မွန်၊ ကရင်နှင့် ကချင်တို့တွင်လည်းကောင်း တွေ့ရသည်ဟု မှတ်တမ်းများအရ သိရသည်။

မြန်မာနိုင်ငံတွင် တွားသွားသတ္တဝါမျိုးစိတ် ၂၇၂ မျိုးရှိပြီး ၇ မျိုးမှာ မျိုးသုဉ်းမှုအန္တရာယ်အဆင့်သို့ ရောက်သွားနိုင်သော မျိုးစိတ်များဖြစ်ကြောင်း သိရသည်။

မင်းချစ်နိုင်

Saturday, August 27, 2011

တောက်တဲ့နှင့် ကြက်တူရွေး ရှာဖွေသူ မြွေကိုက်သေဆုံး

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်တွင် တောက်တဲ့နှင့် ကြက်တူရွေး သားပေါက် ရှာဖွေသူ တဦးမှာ သြဂတ်စ်လ ၂၃ ရက်နေ့က မြွေကိုက်ခံရပြီး သေဆုံးသွားသည်ဟု သတင်းရရှိသည်။

သေဆုံးသွားသူမှာ မောင်တောမြို့နယ် မီးတိုက်ကျေးရွာမှ ဦးထွန်းဦး၏သား အသက် ၃၅နှစ်ရှိ ဦးမောင်ဒေါင်းချေဖစ်သည်။ သေဆုံးသွားသူနှင့်အတူ တောက်တဲ့ရှာဖွေရာတွင် ပါဝင်သူတဦးက သူသေဆုံးရခြင်းနှင့် ပတ်သက်ပြီး နိရဉ္စရာသို့ ယခုကဲ့သို့ပြောသည်။ 

“သူနဲ့အတူ ကျွန်တော်တို့ လူ ၃ယောက်ပါ။ တောက်တဲ့နဲ့ ကြက်တူရွေးတွေက သစ်ပင်ခေါင်းမှာနေတဲ့ သတ္တ၀ါတွေဆိုတော့ သစ်ခေါင်းတွေမှာ လိုက်ရှာရပါတယ်။ အဲဒီမှာ မောင်ဒေါင်းချေက သစ်ပင်ပေါ်တက်ပြီး သစ်ခေါင်းကို နှိပ်လိုက်တဲ့အခါမှာ သစ်ပင်ခေါင်းမှာရှိနေတဲ့ မြွေဟောက်က ကိုက်လိုက်တာ ဖြစ်ပါတယ်။ မြွေကိုက်တယ်လို့ သိလိုက်ရတာနဲ့ သစ်ပင်ပေါ်ကဆင်းပြီး ရွာကိုယူလာတဲ့အခါ ရွာကိုတောင် မရောက်ပါဘူး။ လမ်းမှာပဲ အသက်ဆုံးရှုံးသွားတာ ဖြစ်ပါတယ်။” 

ယခုအခါ နယ်စပ်ရှိ ကြက်တူရွေးသားပေါက်ဈေးနှင့် တောက်တဲ့ဈေးမှာ ယခင်နှစ်ကထက် ဈေးကောင်း ပေးပြီး ၀ယ်ယူနေကြသဖြင့် ကြက်တူရွေး သားပေါက်နှင့် တောက်တဲ့ ရှာဖွေသူ များပြားလာသည်ဟု သိရသည်။ 

“ လူတွေက အလုပ်အကိုင်ရှားတော့ ငွေရလွယ်တဲ့ တောက်တဲ့နဲ့ ကြက်တူးရွေး သားပေါက်တွေကို ရှာဖွေပြီး ရုန်းကန်နေကြရပါတယ်။ တောက်တဲ့ရော၊ ကြက်တူးရွေးသားပေါက်ရော သစ်ခေါင်းထဲမှာနေတာမို့ သစ်ခေါင်းတွေကို လက်နဲ့နှိုက်တဲ့အခါ အထူးသတိထားရပါတယ်။ သတိမထားရင် ခုလို ကိုမောင်ဒေါင်းချေလိုဘဲ မမျှော်လင့်ဘဲ မြွေနဲ့တိုးပြီး သေဆုံးရတတ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ကြက်တူးရွေးနှင့် တောက်တဲ့မှာ ဈေးကောင်းကောင်းရနေပြီး လက်ရှိ တောက်တဲ့တကောင်၏ ဈေးကို ရောင်းဝယ်နေသူတဦးက ယခုလိုပြောပာသည်။

“တောက်တဲ့ကို ၀ယ်တဲ့အခါမှာ နှစ်မျိုးခွဲပြီးတော့ ၀ယ်ပါတယ်။ ၃၀ ကျပ်သားအရွယ်တကောင်ကို ဘင်္ဂလာမှာဆိုရင် တာကာငွေ ၅သိန်းထိပေးပြီးတော့၊ ၂၀ ကျပ်သားအရွယ်ဆိုရင် တာကာငွေ ၃သိန်းအထိ ပေးပြီးဝယ်ပါတယ်။ ကြက်တူရွေး သားပေါက်တွေကိုတော့ ရက်သားအလိုက် ၀ယ်ပါတယ်။” 

မြန်မာအိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့တွင် တောက်တဲ့ အရောင်းဝယ်သူ လုပ်သူများအား ဖမ်းဆီးနေပြီး လွန်ခဲ့သောလ နောက်ဆုံးအပတ်ကလည်း ခါကာဆိုရီခရိုင် ဒက်ခီနာလာမှ တောက်တဲ့ဝယ်ယူသူ တစ်ဦးကို တောက်တဲ့ နှစ်ကောင်နှင့်အတူ ရဲကဖမ်းဆီးခဲ့သည်။ 

ယခင်နှစ်က မောင်တောမြို့နယ်တွင် ကြက်တူရွေးသားပေါက် ၁၀ ရက် ၊ ၁၅ ရက်သား တကောင်ကို ကျပ်ငွေ ၁၀၀၀မှ ၁၅၀၀ ကျပ်အကြားတွင်ရှိပြီး ၂၀ ရက်သား အတောင်စုံ အပျံသင်ကြက်တူရွေး တကောင်ကို ၂၀၀၀ ကျပ်ဈေးရှိခဲ့သည်။ ယခုနှစ်တွင် ၁၀ ရက်၊ ၁၅ ရက်သား ကြက်တူးရွေး တကောင်ကို ကျပ်ငွေ ၅၅၀၀ ကျပ်နှင့် ၂၀ ရက်သား အတောင်စုံ အပျံသင် ကြက်တူရွေးတကောင်ကို ၇၅၀၀ ကျပ်ထိ ဈေးပေးပြီး ၀ယ်ယူနေသည်ဟု သိရသည်။

ဝယ်ယူရရှိသော တောက်တဲ့များကို တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံများသို့တင်ပို့ကြပြီး ကြက်တူရွေး သားပေါက်များက ဘင်္ဂလာဒေ့ခ်ျတွင် အိမ်မွေးအဖြစ် အသုံးပြုသကဲ့သို့ ဘင်္ဂလာဒေ့ခ်ျမှတဆင့် နိုင်ငံခြားသို့ တင်ပို့ ရောင်းချနေကြသည်ဟု သတင်းရရှိသည်။ 

ယခုကဲ့သို့ တောက်တဲ့နှင့် ကြက်တူရွေးသားပေါက်များကို ဈေးကောင်းပေးပြီး ၀ယ်ယူနေသောကြောင့် မယူ တောင်တန်းအနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများဖြစ်သော ဂေါ်ဒူလာ၊ ဗန္ဓုလ၊ တောင်ပြို၊ အောင်သဖြေ၊ မီးတိုက်၊ ခမောင်းဆိပ်ဒေသများတွင် စီးပွားဖြစ် ရှာဖွေနေကြသည်ဟု သိရသည်။ 

Source : Narinjara

Wednesday, August 24, 2011

ဧရာဝတီလင်းပိုင်တို့၏ နေထိုင်ကျက်စားမှုပုံစံများအား စောင့်ကြည့်လေ့လာခြင်း၊ ကာကွယ်ထိန်းသိမ်းခြင်း၊ အသိပညာပေးခြင်း လုပ်ငန်းစဉ်များ စက်တင်ဘာလမှစတင်၍ တစ်လလျှင် နှစ်ကြိမ်ဆောင်ရွက်မည်

ဧရာဝတီလင်းပိုင်တို့၏ နေထိုင်ကျက်စားမှုပုံစံများအား စောင့်ကြည့်လေ့လာခြင်း၊ ကာကွယ်ထိန်းသိမ်းခြင်း၊ ရပ်ရွာများအား အသိပညာပေးခြင်း လုပ်ငန်းစဉ်များကို စက်တင်ဘာလမှ စတင်၍ တစ်လလျှင် နှစ်ကြိမ်ခန့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းလုပ်ငန်းစဉ်များကို ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေး အဖွဲ့(WCS)တို့ ပူးပေါင်းစီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရသည်။

ကျွန်တော်တို့ နှစ်စဉ် စက်တင်ဘာလကစပြီး ဇန်န၀ါရီလအထိကို ဧရာဝတီလင်းပိုင် ကွင်းဆင်း စောင့်ကြည့်တဲ့ လုပ်ငန်းစဉ် လုပ်ပါတယ်။  ဧရာဝတီလင်းပိုင် အရေအတွက် သတ်မှတ်တာ၊ တစ်ကောင်ချင်းကို စောင့်ကြည့် လေ့လာတာ၊ သူတို့ရဲ့ နေထိုင်ကျက်စားမှုပုံစံတွေ လေ့လာတာ၊ ဧရာဝတီမြစ်ရဲ့ အပြောင်းအလဲနဲ့အတူ သူတို့အပေါ်ဘာတွေ ထိခိုက်နိုင်လဲဆိုတာ လေ့လာတာ၊ အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေတွေကို သုံးသပ်တာ၊ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနယ်မြေအတွင်းမှာ ရှိနေတဲ့ရွာတွေကို အသိပညာပေးတွေ လိုက်လံ ပြောပြတာတွေ အဓိကလုပ်ဖြစ်ပါတယ် ဟု သားငှက်ထိန်းသိမ်းရေး အဖွဲ့(WCS) မှ ဦးအောင်မျိုးချစ်က ရှင်းပြခဲ့သည်။

ထို့အပြင် ဧရာဝတီလင်းပိုင်များနှင့် ပတ်သက်၍ အသိပညာရရှိမှုအပိုင်းနှင့် ပတ်သက်ပြီး အခုဆို ဧရာဝတီလင်းပိုင်နဲ့ပတ်သက်လို့ တော်တော်လေးကို သိလာကြပြီလို့ ဆိုလို့ရပါတယ်။ ရေလုပ်သားတွေ အနေနဲ့ ဘယ်လိုအရာတွေက ဧရာဝတီလင်းပိုင်တွေကို အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာ သိမြင်လာပြီး ဆင်ခြင်လာကြသလို ဧရာဝတီလင်းပိုင်တစ်ကောင် သေဆုံးတာမျိုးကအစ ကျွန်တော်တို့ကို အကြောင်းကြား ပေးတာမျိုးထိ ဆောင်ရွက်လာကြတာကို တွေ့ရပါတယ်။ ဒါကကောင်းတဲ့လက္ခဏာပါ ဟု ဆက်လက် သုံးသပ်ခဲ့သည်။

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနယ်မြေအား စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအကြား၊ မင်းကွန်းနှင့် ကျောက်မြောင်းမြို့အကြား ၇၄ ကီလိုမီတာ အကွာအဝေးကို သတ်မှတ်ထားပြီး ယခင်နှစ် လေ့လာထားချက် အရ ဧရာဝတီလင်းပိုင် ၂၁ ကောင် နေထိုင်လျက်ရှိသည်ဟု သိရှိရသည်။  ဧရာဝတီလင်းပိုင်များသည် သြစတြေးလျတိုက် မြောက်ပိုင်း၊ နယူးဂီနီနှင့် အရှေ့ဘက်တွင် ဖိလစ်ပိုင်နိုင်ငံ၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ အိန္ဒိယ အရှေ့မြောက်ဒေသ၊ အင်ဒိုနီးရှား မဟာခမ်မြစ်၊ အိန္ဒိယနိုင်ငံ ဂင်္ဂါမြစ်၊ ဘင်္ဂလားဒေ့ရှ့်နိုင်ငံ ဗြဟ္မပုတ္တရမြစ်၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့ရှိ မဲခေါင်မြစ်ကြောင်း တစ်လျှောက်နှင့် မြန်မာနိုင်ငံ ဧရာဝတီမြစ်၊ ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသနှင့် မြိတ်ကျွန်းစုတို့တွင် တွေ့ရှိရသည်။ ဧရာဝတီလင်းပိုင်များနှင့် ရေလုပ်သားများ ပူးပေါင်းငါးဖမ်းသည့် အလေ့အထမှာမူ မြန်မာနိုင်ငံတွင်သာ တွေ့ရှိရခြင်းဖြစ်သည်။

Source : News-Eleven