ဒီတစ်ခေါက် Batu Caves ကို 26.11.01 ရက်နေ့မှာ စင်္ကာပူက သူငယ်ချင်းဖြစ်တဲ့ စည်သူရယ် မိတ်ဆွေဖြစ်တဲ့ ကိုအေးနဲ့အတူ ရောက်ဖြစ်ခဲ့ပါတယ်။ အရင်တုန်းက အလုပ်ကိစ္စနဲ့ Batu Caves ရှေ့ကနေပြီး အခေါက်ခေါက်အခါခါ ဖြတ်ခဲ့ပေမယ့်။ အချိန်မရှိတာကြောင့် မ၀င်ဖြစ်ခဲ့ပါဘူး။ တစ်နေ့တော့ အရောက်သွားဦးမယ်ဆိုပြီး ရည်မှန်းထားပေမယ့် တစ်ခေါက်မှ မရောက်ဖြစ်ခဲ့ပါဘူး။ ဒီတစ်ခေါက်ကတော့ သူငယ်ချင်းဖြစ်တဲ့ စည်သူက သွားချင်တယ်ဆိုလို့ အတူသွားဖြစ်ခဲ့တာပါ။ အရင်က မလေးရှားမှာ သွားလည်ဖူးခဲ့တဲ့ နေရာတွေထဲမှာ တမူထူးခြားတဲ့ နေရာတစ်ခုပါပဲ။ မလေးရှားနိုင်ငံရဲ့ Interesting Places ထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။

Batu Caves ဟာ ထုံးကျောက်လှိုင်ဂူအမျိုးအစားတစ်ခုဖြစ်ပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အနီး Gombak မှာ တည်ရှိတာဖြစ်ပါတယ်။ ကွာလာလမ်ပူမြို့ရဲ့ မြောက်ဘက်မှာတည်ရှိပြီး မြို့တွင်းကနေ 13ကီလိုမီတာ ကွာဝေးပါတယ်။ Batu Caves ဟာ အိန္ဒိယနိုင်ငံပြင်ပမှာ တည်ရှိတဲ့ ဟိန္ဒူဘာသာဝင်များရဲ့ အထင်ကရနေရာ တစ်ခုလည်းဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ဟိန္ဒူဘာသာဝင်များ ပွဲတော်ကျင်းပရာ အချက်အချာကျတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ လှိုင်ဂူထဲမှာရှိတဲ့ ထုံးကျောက်ပုံဆောင်ခဲတွေဟာ နှစ်သန်းပေါင်း ၄၀၀ လောက်ကတည်းက တည်ရှိခဲ့တယ်လို့ သိရပါတယ်။ လှိုင်ဂူရဲ့အပြင်ဘက်မှာတော့ ဟိန္ဒူဘာသာရဲ့ Marugan နတ်သမီးရုပ်ထု တည်ရှိပါတယ်။ Marugan ရုပ်ထုဟာ 42.7m မီတာအမြင့် တည်ရှိပြီး ရွှေရောင်အဆင်းနဲ့ အမြင် တင့်တယ်လှပါတယ်။

26.11.01 နေ့မှာ Batu Caves ကိုသွားဖို့အတွက် တည်းခိုခန်းကနေပြီး ထွက်လာကြပါတယ်။ China Town ထဲက တရုတ်ဆိုင်တစ်ဆိုင်မှာ နံနက်စာ ၀င်စားကြပြီး China Town ရှေ့က Kota Raya ကုန်တိုက်ရှေ့ကနေပြီး Taxi ငှားလိုက်ပါတယ်။ Taxi ခကတော့ မီတာနဲ့ ဖြစ်တဲ့အတွက် Batu Caves ကို မလေးရှားငွေ RM.14 ပဲကျပါတယ်။ Batu Caves ကိုရောက်တော့ နံနက် ၁၀ နာရီလောက်ရှိနေပါပြီ။ လှိုင်ဂူထဲကို မ၀င်ခင်မှာ အမှတ်တရအနေနဲ့ ဓါတ်ပုံရိုက်ဖြစ်ပါတယ်။ လှိုင်ဂူထဲဝင်တဲ့အခါမှ အပေါ်တက်တဲ့ လှေခါးက အနည်းငယ်မတ်ပါတယ်။ လှေခါးတစ်လျှာက်မှာ မျောက်တွေ အတော်များများ တွေ့ရပါတယ်။ ခရီးသည်တွေနဲ့ ဓါတ်ပုံရိုက် အစာတောင်းနေကြပါတယ်။ အပေါ်ရောက်တဲ့အခါ ကွာလာလမ်ပူမြို့ထဲက KLCC Twin Tower ကို မှုန်ပြပြနဲ့လှမ်းမြင်နေရပါတယ်။ လှိုင်ဂူထဲဝင်တော့ အလင်းရောင် အနည်းငယ်ဖျော့သွားပေမယ့် မီးထွန်းထားလို့ အတွင်းပိုင်းကို ရှင်ရှင်းလင်းလင်း မြင်ရပါတယ်။ လှိုင်ဂူတွင်းမှာတော့ ဟိန္ဒူဘာသာရဲ့ နတ်ရုပ်တု အတော်များများနဲ့ ရာမဇာတ်တော်ထဲက ရုပ်ထုတွေကိုလည်း တွေ့မြင့်ခဲ့ရပါတယ်။ လှိုင်ဂူရဲ့ အဆုံးပိုင်းကို ရောက်ဖို့အတွက် အထက်ကို လှေခါးထစ် အနည်းငယ်နဲ့ ဆက်တက်ရပါသေးတယ်။ အဆုံးပိုင်းမှာတော့ ဂူအမိုးမရှိတာကြောင့် အလင်းရောင် ကောင်းစွာရပါတယ်။ ဒီနေရာမှာ ဟိန္ဒူဘုရား ကျောင်းဆောင်တစ်ခုတည်ရှိပါတယ်။ လှိုင်ဂူက အတော်ကျယ်ပေမယ့် မြန်မာနိုင်ငံက ပင်းတယလှိုင်ဂူလိုတော့ အတွင်းပိုင်း မရှုပ်ထွေးလှပါဘူး။ အထဲမှာ လှည့်ပါတ်ကြည့်ရှုပြီး အပြင်ပြန်ထွက်လာခဲ့ပါတယ်။ လှိုင်ဂူအတွင်းပိုင်းကိုဆင်းတဲ့ လှေခါးက အနည်းငယ်ချော်နေတာကြောင့် ခြေချော်ကျမလိုဖြစ်သွားလို့ လှေခါးလက်ရမ်းကို ဖမ်းဆွဲထားရပါသေးတယ်။ ဒီနေ့က သောကြာနေ့ဖြစ်ပေမယ့် ကမ္ဘာလှည့်ခရီးသည် အတော်များများနဲ့ စည်ကားလို့နေပါတယ်။

လှိုင်ဂူအောက်ခြေ ပြန်ရောက်တဲ့အခါမှာ ကားရပ်နားရာအနီးက ဈေးတန်းလေးကို လျှောက်ကြည့်ကြပါတယ်။ ဈေးတန်းလေးရဲ့ အဆုံးဘက်မှာတော့ ဟိန္ဒူဘုရားကျောင်းတခုနဲ့ မြင့်မားလှတဲ့ အပြာရောင် Hanuman ရုပ်ထုတစ်ခု ကိုတွေ့ရပါတယ်။ ဈေးတန်းထဲက ဆိုင်တစ်ဆိုင်မှာ အုန်းစိမ်းရည်သောက်ပြီး ခဏနားနေကြပါတယ်။ နေ့လည် ၁၁ နာရီကျော်နေပေမယ့် ဒီနေ့မှာ ကွာလာလမ်ပူရဲ့ ရာသီဥတုက 30' ဒီဂရီဝန်းကျင်လောက်ပဲ ရှိတာမို့ အနည်းငယ် နေသာထိုင်သာရှိပါတယ်။ အနည်းငယ် နားပြီး Kuala Lumpur မြို့ထဲကို ပြန်ဖို့အတွက် Batu Caves ၀င်းအတွင်းထဲက Taxi တစ်စီးကို မေးကြည့်လိုက်တော့ KLCC Tower ကို RM40 ကျမယ်လို့ပြောပါတယ်။ ဈေးဆစ်လို့ အဆင်မပြေတော့ အပြင်လမ်းမက Taxi ပဲဆက်ငှားမယ်ဆိုပြီး ဆက်ထွက်လာတော့ ၀င်းထဲကပဲ Taxi သမားတစ်ယောက်က RM20 နဲ့ Gombak Station အထိ ပို့ပေးမယ် လမ်းမှာ လေ့လာချင်ရင် Work Factory နှစ်ခုပို့ပေးမယ်ဆိုလို့ အဲဒီ့ကားနဲ့ပဲ ပြန်လာခဲ့ပါတယ်။ လမ်းမှာ Batu Caves Pewter K.L. Sdn. Bhd. စက်ရုံကို ၀င်လေ့လာဖြစ်ပါတယ်။ ဒီစက်ရုံကတော့ magnetic သတ္တုတွေနဲ့ လက်မှုပစ္စည်းတွေ ထုတ်လုပ်တဲ့ စက်ရုံပါ။ စည်သူကတော့ RM380 တန် magnetic နဲ့ လုပ်ထားတဲ့ လက်ပတ်တစ်ခု ၀ယ်ခဲ့ပါသေးတယ်။ Taxi သမားအနေနဲ့ ဒီစက်ရုံကို ဧည့်သည် ပို့ပေးလို့ အရောင်းအ၀ယ်ဖြစ်ခဲ့ရင် RM 100 ကို ပွိုင့်၁၀ နဲ့ ကော်မရှင်ပေးတယ်လို့ သိရပါတယ်။ နောက်ထပ် တစ်နေရာကိုတော့ အချိန်မရလို့ မ၀င်ခဲ့ပါဘူး။ Gombak Station ကနေပြီး KLCC ကိုရောက်တဲ့အခါမှာ Sushi King မှာနေ့လည်စာစားပြီး Rapunzel ရုပ်ရှင်ကားဝင်ကြည့်ဖြစ်ပါသေးတယ်။ KLCC ထဲ လှည့်ပါတ်ကြည့်ရှုပြီးတော့ တည်းခိုခန်းရှိတဲ့ China Town ကို ပြန်လာခဲ့ကြပါတော့တယ်။

Batu Caves ကို သွားမယ်ဆိုရင် KL Central Station ကနေပြီး Gombak Station ကို Komuter train နဲ့သွားလို့ရပါတယ်။ လက်မှတ်ခကတော့ တစ်ဦးကို မလေးရှားငွေ RM 1 ပဲကျပါတယ်။ Taxi ဖြင့်သွားမယ်ဆိုရင်တော့ KL Central Station ကနေပြီး မလေးငွေ RM20 ကနေ RM.25 လောက်ကျပါတယ်။ ဘတ်စ်ကားဖြင့် သွားမယ်ဆိုရင်တော့ Bangkok Bank အနီးက 11/11d ဘတ်စ်ကား၊ ဒါမှမဟုတ် Titiwangsa ကနေပြီး U6 စီးသွားရင် ရောက်ပါတယ်။ ဘတ်စ်ကားလက်မှတ်ခကတော့ တစ်ဦးကို RM 3 ပဲကျပါတယ်။ ကွာလာလမ်ပူကို ရောက်ရင်ဖြင့် Batu Caves ကိုတစ်ခေါက်လောက်တော့ သွားသင့်ကြောင်း လမ်းညွှန်လိုက်ပါတယ်။

0 Comments:

Post a Comment



Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.

Creative Commons License