မြန်မာနိုင်ငံသည် သစ်တောဖုံးလွှမ်းမှု လျော့ကျလာခြင်းကို ယခုနှစ်များအတွင်း ပိုမိုကြုံတွေ့လာရပြီး ယင်းသို့ သဘာဝပတ်ဝန်းကျင် အပြောင်းအလဲကြောင့် သက်ရောက်မှုများလည်း ဖြစ်ပေါ်နေ၍ သစ်ပင်သစ်တောများ ထိန်းသိမ်းခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းများ ပိုမိုလိုအပ်လာကြောင်း သတင်းရရှိပါသည်။
6355b
မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှု လျော့ကျလာခြင်း၌ အရေအတွက်သာမက အရည်အသွေးပါ လျော့ကျလာခဲ့ခြင်းဖြစ်သည်။ သစ်တောဖုံးလွှမ်းမှုသည် ၁၉၂၅ ခုနှစ် တွင် ၆၆ ရာခိုင်နှုန်းခန့်ရှိခဲ့ရာမှ ၂၀၀၀ ပြည့်နှစ်တွင် ၅၂ ရာခိုင်နှုန်းအထိ က ဆင်းခဲ့ပြီး နှစ်ပေါင်း ၇၅ နှစ်အတွင်း သစ်တောဖုံးလွှမ်းမှု ၁၄ ရာခိုင်နှုန်းခန့် ဆုံးရှုံးခဲ့သည်။ ၂၀၀၀ပြည့်နှစ်မှ၂၀၁၀ ပြည့်နှစ် အတွင်းတွင်လည်း သစ်တောဖုံးလွှမ်းမှုများ ဆက်လက်လျော့ကျ လာခဲ့ကြောင်း သိရှိရသည်။ မြန်မာ့ သစ်တောများတွင် ကျွန်းပါဝင်မှုလျော့ နည်းလာခဲ့ပြီး ဈေးကွက်ဝင်မှုနည်း ပါးသောသစ်ပင်အမျိုးအစားများ၊ ချုံပင်များ စသည်တို့သာ အများစုကျန်ရှိကာ သစ်တောပြုန်းတီးခြင်းဟု ဆိုနိုင် သကဲ့သို့ သစ်တောအရည်အသွေး ကျဆင်းခြင်းလည်း ဖြစ်နေပါသည်။

တစ်ချိန်က သစ်တောစိမ်းစိမ်းတွေ
မြန်မာနိုင်ငံသည် ထူးခြားသော ရေမြေအနေအထား၊ သဘာဝ သယံဇာတများကြောင့် အရှေ့တောင်အာရှ ၌သာမက အာရှနိုင်ငံများအကြားတွင်ပါ သဘာဝအနေအထားနှင့် ပတ်သက်၍ ထိပ်ဆုံး၌ရှိခဲ့ပါသည်။
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ မှလွဲ၍ ပြည်နယ်၊ တိုင်းဒေသကြီးအများစုတွင် သစ်တောများ ဖုံးလွှမ်းမှု အားကောင်းခဲ့သည်။ အပူပိုင်းဒေသ အမြဲစိမ်းတော၊ ရွက်ပြတ်ရောနှောတော၊ တောခြောက်၊ အင်တိုင်းတော၊ တောင်ပေါ်နှင့် သမပိုင်းဒေသအမြဲစိမ်းတော၊ ဒီရေတော၊ ပင်လယ်ကမ်းခြေ ဒေသနှင့် သဲသောင်တော၊ ရွှံ့နွံတော စသည်ဖြင့် သစ်တောအမျိုးအစား စုံလင်စွာရှိနေပြီး နိုင်ငံသစ်တော ဧရိယာ၏ အများဆုံးဖြစ်သည့် သစ်တောအမျိုးအစားမှာ ကျွန်း၊ ပျဉ်း ကတိုးစသည်တို့ ပါဝင်ပေါက်ရောက်သည့် ရွက်ပြတ်ရောနှောတော ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ကျွန်းသစ်သည် ကမ္ဘာတွင်ထင်ရှားပြီး အခြားသော ဈေးကွက်ဝင်သစ် အမျိုးအစားများ လည်းရှိနေသည်။
သစ်ပင်သစ်တောပေါများသော နိုင်ငံအဖြစ်မှ သစ်တောဖုံးလွှမ်းမှု လျော့ကျသည့် နိုင်ငံအဖြစ်သို့ ရောက်ရှိလာခြင်းတွင် ယင်းကဲ့သို့ ထင်ရှားခြင်းကလည်း အကြောင်းတစ်ရပ် ဖြစ်လာခဲ့သည်။


အင်ဒိုနီးရှားမှာ သစ်ခုတ်တာ နှစ်နှစ် ရပ်ဆိုင်းလိုက်ပါပြီ။ ကျွန်တော်တို့ နိုင်ငံမှာလည်း လက်ရှိ အနေအထားတွေအရ သစ်ခုတ်တာ၊ သစ်ထုတ်လုပ်တာတွေကို အချိန်ကာလ အကန့်အသတ်တစ်ခု သတ်မှတ်ပြီး ရပ်ဆိုင်းသင့်ပါပြီ  . . .

သစ်တောဟာ လူတွေရဲ့ မိတ်ဆွေ

သစ်ပင်သစ်တောများ စိမ်းလန်းစွာ တည်ရှိခြင်းတွင် ကောင်းကျိုးအနေဖြင့် ရာသီဥတုကို သမမျှတအောင် ပြုပြင်ပေးနိုင်ခြင်း၊ လူနေမှုအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုခြင်း၊ ဇီဝမျိုးစုံမျိုးကွဲတို့ကို ထိန်းသိမ်းထားနိုင်ခြင်း စသည်တို့ ပါဝင်နေပါသည်။
မြန်မာနိုင်ငံတွင်း စီးဆင်းနေသော မြစ်ချောင်းများစွာ၏ ရေဝေ ရေလဲဒေသတို့ကို သစ်တောများက ထိန်းသိမ်းပေးထားနိုင်သည်။ စက်မှု လုပ်ငန်းများ၊ စွမ်းအင်ကို အသုံးပြုရာမှ ထွက်ရှိလာသော ကာဗွန်ဒိုင်အောက် ဆိုက်တို့ကိုလည်း စုပ်ယူပေးထားသည်။
ထို့ကြောင့်ပင် သစ်ပင်သစ်တော စိမ်းစိုသောဒေသများသည် ရာသီဥတုအေးမြမှုတွင် ထင်ရှားခဲ့ပြီး တစ်နိုင်ငံလုံးအနေဖြင့်လည်း သစ်တောဖုံးလွှမ်းမှု အားကောင်းခဲ့စဉ်က ရာသီဥတု အစွန်းရောက်ပူပြင်းမှုကို မကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
6355c  
ဘယ်အကြောင်းတွေကြောင့် သစ်တောပြုန်းလာသလဲ
သစ်တောပြုန်းတီးမှုများ ဖြစ်ပေါ်ရခြင်းတွင် လူနေမှုအတွက် နေရာ နှင့် စိုက်ပျိုးမြေများတိုးချဲ့ခြင်း၊ ထင်း၊ မီးသွေးအတွက် အသုံးပြုခြင်း၊ သစ် ကို စီးပွားဖြစ်ထုတ်လုပ်ခြင်း၊ ပုစွန်ကန်များ တိုးချဲ့ပြုလုပ်ခြင်း၊ တောမီးလောင်ခြင်း အစရှိသည်တို့ ပါဝင်နေသည်။ ယင်းအနက် အဓိကအကျဆုံး မှာသစ်ကို စီးပွားရေးအတွက် အလွန် အကျွံ ထုတ်လုပ်ခြင်း ဖြစ်ပါသည်။
သစ်ထုတ်လုပ်ခြင်းတွင် တရားဝင်ထုတ်လုပ်ခြင်း၊ တရားမ၀င်လမ်းကြောင်းမှ ထုတ်လုပ်တင်ပို့ခြင်း ရှိနေပြီး သစ်တောပြုန်းတီးခြင်း၌ အဓိက အကြောင်းအရင်းဖြစ်လာသည်။ ယခင်က သစ်ပင်သစ်တောများ ဖုံးလွှမ်းခဲ့သောဒေသများတွင် သစ်ပင်ကြီးများ တွေ့ရှိရမှု နည်းလာခဲ့သည်။
“သစ်တွေကတော့ တရုတ်ထဲ ကို နေ့တိုင်း ပို့နေတာပဲ။ ကားတွေ နဲ့ နေ့တိုင်းနီးပါးပို့နေတာပါ။ တရား ၀င်ပို့သလား၊ တရားမ၀င် ထုတ်နေသလားတော့ မပြောတတ်ဘူး”ဟု ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ လေ့လာသူ ဒေသခံတစ်ဦးက ပြော ကြားသည်။
“မြန်မာလောက် သယံဇာတပေါတာ အာရှမှာမရှိတော့ဘူး။ ဒါကြောင့်ပဲ မြန်မာနိုင်ငံမှာ အားလုံးပြုံ နေတာ။ သစ်တော၊ သယံဇာတတွေ နည်းအမျိုးမျိုးနဲ့ လျော့ပါးလာတယ်။ အကျိုးအမြတ်ရတဲ့ သူကတော့ လူနည်းစုပဲ။ ရာသီဥတု ဖောက်ပြန်လို့ ခံစားရတော့ လူအများစုဖြစ်နေတယ်” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တစ်ဦးက ဆိုပါသည်။

သစ်တောပြုန်းတီးလို့ သက်ရောက်လာတာတွေ
သစ်ထုတ်လုပ် ရောင်းချခြင်းသည် သဘာဝသယံဇာတအားဖြင့် ဆုံးရှုံးနစ်နာမှုများစွာ ဖြစ်ပေါ်စေပြီး စိမ်းလန်းမှုလျော့ကျလာသော ဒေသများတွင် ရာသီဥတုပြောင်းလဲမှုများလည်း ဖြစ်ပေါ်နေသည်။ ယခင်က အေးမြခဲ့သော ဒေသတို့တွင် ပူပြင်းမှုများ ရှိလာသည်။ မိုးရွာသွန်းရက်တို့ လျော့နည်းလာသည်။
၁၉၇၈ နောက်ပိုင်း ရာသီဥတု ပြောင်းလဲခြင်းများ မြန်မာနိုင်ငံ၌စတင် သိသာလာပြီး ၂၀၀၅ ခုနှစ်နောက် ပိုင်းတွင်မူအဖောက်ပြန်ဆုံးသော အနေအထားသို့ ရောက်ရှိလာခဲ့သည်။
“ရာသီဥတု ပူနွေးပြောင်းလဲမှုကြောင့် မိုးခေါင်မှုတွေ ဖြစ်လာတယ်။ အထူးသဖြင့် သီးနှံထွက်နှုန်းတွေ ကျဆင်းလာတယ်။ ဒါရဲ့ နောက်ဆက်တွဲကတော့ စားနပ်ရိက္ခာမလုံ လောက်မှုတွေ ရှိလာနိုင်ပါတယ်။ ရေရှားပါးမှုကိုလည်း အခုနောက်ပိုင်း ကြုံလာရတယ်။ ငါးဖမ်းရခက်ခဲလာတယ်။ စားကျက်ရှားပါးလာတယ်။ ကျန်းမာရေးပြဿနာတွေလည်း နောက်ဆက်တွဲအနေနဲ့ ကြုံလာရပါတယ်”ဟု Dear Myanmar အဖွဲ့မှ ဒေါ်နုနုရီက ပြောကြားခဲ့သည်။
“အခုနောက်ပိုင်း မိုးက ရွာရင်လည်း ရွာပုံမမှန်တော့ဘူး။ နေရာကွက်ပြီး မိုးကြီးတာတွေ၊ စုပြီးရွာ တာတွေရှိလာတယ်။ မြစ်တွေမှာ အထက်ပိုင်းဒေသနဲ့ မြစ်ပတ်ဝန်းကျင် တစ်လျှောက် သစ်ပင်တွေနည်းလာတော့ မိုးရေကို ထိန်းသိမ်းနိုင်မှုတွေ ကျလာပြီး လျှပ်တစ်ပြက်ရေကြီးမှု  တွေဖြစ်လာတယ်”ဟု Myanmar Climate Change Watch မှ ဒေါက်တာ ထွန်းလွင်က ပြောပါသည်။

သစ်တွေခုတ်တာ ရပ်ဖို့လိုနေပြီ
သစ်တောများ ပြုန်းတီးလာခြင်း၊ စိမ်းလန်းမှု လျော့ကျလာခြင်း၏ အဓိကအကြောင်းရင်းသည် သစ်ကိုစီးပွားဖြစ် အလွန်အကျွံ ထုတ်လုပ်ခြင်းဖြစ်နေသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သစ်တောပြုန်းတီးမှု များပြားသည့်နိုင်ငံများ၌ အပါအ၀င်ဖြစ်နေပြီး ဘရာဇီးလ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့ပြီးပါက နံပါတ်(၄)နေရာ တွင်ရှိနေသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ သစ်တင်ပို့ရာတွင် သစ်ကုန်ကြမ်း(သစ်လုံး)များကိုသာ အဓိက တင်ပို့လျက် ရှိပြီး ကျွန်းနှင့် ပျဉ်းကတိုးမှာ ပြည်ပသို့ အဓိကတင်ပို့ရသည့် သစ်အမျိုးအစားများဖြစ်သည်။
ပြည်ပသို့ နှစ်စဉ် ကျွန်းသစ် တန်ချိန် နှစ်သိန်းနီးပါးနှင့် သစ်မာ တန်ချိန် ခုနစ်သိန်းဝန်းကျင်ကို တင်ပို့လျက်ရှိပြီး ၂၀၁၀ ပြည့်နှစ်အတွင်း ကျွန်းနှင့် ပျဉ်းကတိုး သစ်ကုန်ကြမ်းများကို အိန္ဒိယနိုင်ငံသို့ အများဆုံး တင်ပို့ခဲ့သည်။
“အင်ဒိုနီးရှားမှာ သစ်ခုတ်တာ နှစ်နှစ် ရပ်ဆိုင်းလိုက်ပါပြီ။ ကျွန်တော်တို့နိုင်ငံမှာလည်း လက်ရှိ အနေအထားတွေအရ သစ်ခုတ်တာ၊ သစ် ထုတ်လုပ်တာတွေကို အချိန်ကာလ အကန့်အသတ်တစ်ခု သတ်မှတ်ပြီး ရပ်ဆိုင်းသင့်ပါပြီ”ဟု Weekly Eleven News Journal မှ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားသည်။
“ထိုင်း၊ တရုတ်က သစ်တော ဥပဒေတင်းကျပ်ပါတယ်။ သစ်လိုချင်ရင်တော့ မြန်မာက လာယူတာပဲ။ သားစဉ်မြေးဆက်အတွက် တွေးပြီး လုပ်စေချင်တယ်”ဟု မြန်မာငှက်နှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသင်းမှ ဥက္ကဋ္ဌဦးစိုးညွန့်ကပြောပါသည်။ FAO မှ ထုတ်ပြန်မှုများအရ အာရှနိုင်ငံအချို့၏ သစ်တော အခြေအနေတွင် မြန်မာ၊ လာအိုနှင့် ထိုင်း နိုင်ငံတို့သည် သစ်တောဧရိယာများ နှစ်စဉ်လျော့နည်းလျက်ရှိပြီး အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ သစ်တောဧရိယာများ နှစ်စဉ်တိုးတက်နေသည်။ မြန်မာနိုင်ငံသည် ၁ ဒသမ ၄ ရာခိုင်နှုန်းဖြင့် နှစ်စဉ်သစ်တောဆုံးရှုံးမှု အများဆုံးဖြစ်နေပြီး တရုတ်နိုင်ငံသည် ၁ ဒသမ ၂ ရာခိုင် နှုန်းဖြင့် နှစ်စဉ်သစ်တောဧရိယာ တိုးတက်မှု အများဆုံးဖြစ်နေသည်။

စိမ်းလန်းဖို့ သစ်ပင်စိုက်ပါ
လာမည့် ဇွန်လသည် မြန်မာနိုင်ငံ၌ မိုးရာသီ သစ်ပင်စိုက်ပျိုးရေး စတင်သောလဖြစ်သည့်အပြင် ဇွန်လ ၁ ရက်နေ့မှာလည်း သစ်ပင်စိုက်ပျိုးရေးနေ့ ဖြစ်ပါသည်။  ဇွန်လ ၁ ရက် နေ့မှ အစပြုကာမိုးရာသီတစ်လျှောက် သစ်ပင်များကို နှစ်စဉ်လိုပင် စိုက်ပျိုးကြမည်ဖြစ်ပြီး သက်ဆိုင်ရာမှ စိုက်ပျိုးမှုများရှိသကဲ့သို့ အဖွဲ့အစည်းများ မှတစ်နိုင်တစ်ပိုင် စိုက်ပျိုးမှုများလည်း ရှိမည်ဖြစ်သည်။
နာဂစ်မုန်တိုင်းကြောင့် သစ်ပင်ကြီးများစွာ ဆုံးရှုံးသွားခဲ့ရသည့် ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ တွင်လည်း မုန်တိုင်းပြီးနောက် ရာသီဥတုပြောင်းလဲမှုများကို ရင်ဆိုင်လာရကာ သစ်ပင်စိုက်ပျိုးမှုများ အပေါ် awareness လည်း ပိုမိုလာခဲ့သည်။

“သစ်ပင်စိုက်တယ်ဆိုတာ ရာသီဥတုကိုလည်း သမမျှတအောင် ထိန်းညှိပေးတယ်။ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာရောက်တယ်။ ဒါ့အပြင် မြို့အင်္ဂါရပ်နဲ့ အညီစိမ်းလန်း လှပမှုကို ရည်ရွယ်ကြပါတယ်”ဟု ဦးစိုးညွန့်က ပြောကြားခဲ့သည်။
“သစ်ပင်တစ်ပင် စိုက်တာနဲ့ ရှိပြီးသား သစ်ပင်တစ်ပင်ကို ထိန်းတာတန်ဖိုးချင်းမတူပါဘူး။ ကာဗွန်ကို စုပ်ယူမှုချင်းမတူဘူး။ ဒါကြောင့် ရှိပြီးသား သစ်ပင်စိုက်တာကစိုက်သ လို သစ်ပင်တွေကို ထိန်းတာကတော့ အကောင်းဆုံးပါပဲ”ဟု FREDA မှ ဒုဥက္ကဋ္ဌ ဦးအုန်းက ဆိုပါသည်။
လာမည့် မိုးဦးရာသီတွင် တစ်နိုင်ငံလုံး အနေအထားနှင့် သစ်ပင်များစိုက်ပျိုးမှု လုပ်ဆောင်သကဲ့သို့ပင် မူလရှိပြီးဖြစ်သည့် သစ်ပင်သစ်တောများကိုလည်း ထိန်းသိမ်းမှုများရှိစေလိုကြောင်း၊ လက်ရှိအချိန်သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်ပါက အချိန်မီသေးသည် ဟုဆိုနိုင်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

ပြည်ပသို့ သစ်တင်ပို့မှု
ခုနှစ်  ၀င်ငွေရရှိမှု(အစိုးရ)   ၀င်ငွေရရှိမှု(ပုဂ္ဂလိက)
၂၀၀၃-၂၀၀၄   ၂၈၅ သန်း      ၈၁ သန်း
၂၀၀၄-၂၀၀၅    ၃၀၅ သန်း      ၉၈ သန်း
၂၀၀၅-၂၀၀၆   ၃၀၅ သန်း       ၁၁၂ သန်း
၂၀၀၆-၂၀၀၇    ၃၁၀ သန်း       ၁၀၆ သန်း
၂၀၀၇-၂၀၀၈    ၃၁၁ သန်း       ၁၁၃ သန်း
သစ်တောဖုံးလွှမ်းမှု
ခုနှစ်    သစ်တောဖုံးလွှမ်းမှုရာခိုင်နှုန်း
၁၉၂၅ ၆၅ .၈
၁၉၅၈ ၅၇ .၂
၁၉၇၅  ၅၂ .၇
၂၀၀၀ ၅၂ .၃
၂၀၁၀  ၄၁
မြန်မာနိုင်ငံ၏ သစ်တောတည်ရှိမှု
အမျိုးအစား      အရေအတွက်  ပမာဏ(ဧက)
ကြိုးဝိုင်းတော    ၇၉၅    ၃၀ .၀၁ သန်း
ကြိုးပြင်တော   ၁၇၈    ၇ .၂၃ သန်း
အစောင့်အရှောက်ခံကြိုးဝိုင်းတော         ၄၀      ၃ .၈၉ သိန်း
ဘေးမဲ့တော    ၃၀                -
သဘာဝနယ်မြေဧရိယာ -         ၁၂၄၃၃ .၂၆ စ/မ

0 Comments:

Post a Comment



Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.

Creative Commons License