မျိုးသုဉ်းလုနီးပါးဖြစ်နေသော ရခိုင် တောင်လိပ် (Rakhine Forest Turtle) များကို ဂွမြို့နယ်ရှိ ရခိုင်ရိုးမတွင် စခန်း တည်ဆောက် ထိန်းသိမ်းသွားရန် စီစဉ်လျက်ရှိကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ မြန်မာနိုင်ငံအစီအစဉ် (WCS Myanmar) မှ လိပ်ထိန်းသိမ်း ရေးဆိုင်ရာ လုပ်ငန်းစီစဉ် ညှိနှိုင်းမှုတာဝန်ခံ ဦးဝင်းကိုကိုက လွန်ခဲ့သောသီတင်းပတ်က ပြောသည်။
"ဒီလိပ်ရဲ့ ကျက်စားရှင်သန်နိုင်တဲ့ နေရာက မြန်မာနိုင်ငံမှာဆိုရင် ရခိုင်ရိုးမမှာပဲ ရှိတယ်။ ဒီလိပ်တွေကလည်း ကောင်ရေ လျော့လာတဲ့ အတွက်ကြောင့် ရခိုင်ရိုးမထဲမှာ စခန်းဆောက် ပြီးမွေးဖို့ စီစဉ်တာပါ။ တခြားဒေသတွေမှာ မွေးဖူးပေမယ့်မပေါက်ဘူး။ ဒါ ကြောင့် သူ့ဒေသလေးမှာပဲမွေးဖို့ ဆောင်ရွက်တာပါ"ဟု ၎င်းကပြောသည်။
အဆိုပါစခန်း တည်ဆောက်မှုကို ကမ္ဘာတစ်ဝန်းတွင်လိပ်များအား ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လိပ်များရှင်သန်ရေး မဟာမိတ်အဖွဲ့ (Turtle Survival Alliance) က ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
"လိပ်မွေးကန် တည်ဆောက်ဖို့ အတွက် စီစဉ်နေပါတယ်။ ဒီစခန်းမှာ ရခိုင်တောင်လိပ်ကောင်ရေ ၂၀ လောက် စတင်ထိန်းသိမ်း မွေးမြူသွားမှာပါ" ဟု ၎င်းက ပြောသည်။
ရခိုင်တောင်လိပ် အပါအ၀င် ကြယ် လိပ်၊ စင်းချောလိပ်၊ လေးကွက်လိပ်၊ စင်းကျားလိပ်၊ တိုက်လိပ်၊ ဆောက်လိပ် တို့သည် မျိုးသုဉ်း ပျောက်ကွယ်ရန် အခြေအနေကို ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံ၏ ဒေသမျိုးရင်းလိပ်များ ဖြစ်သည်။
"ကြယ်လိပ်ဆိုရင်လွန်ခဲ့တဲ့ ၁၀ နှစ် လောက်က သူကျက်စားရာဒေသဖြစ်တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ မတွေ့ရသ လောက်ကို လျော့နည်း သွားခဲ့တယ်။ ဒါကြောင့် သစ်တောဦးစီး ဌာနနဲ့ သားငှက်ထိန်းသိမ်းရေးအဖွဲ့တွေ ပူးပေါင်းပြီး လောကနန္ဒာ ဘေးမဲ့ ဥယျာဉ်၊ ရွှေစက်တော် ဘေးမဲ့ဥယျာဉ်၊ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်တွေမှာ ခြံလှောင်မွေးစနစ်နဲ့ ထိန်းသိမ်းစောင့် ရှောက်ရေး လုပ်ငန်းတွေ လုပ်ခဲ့တာကြောင့် အခုဆိုရင် အကောင် ၁,၀၀၀ လောက် စောင့်ရှောက်ထားနိုင်ပြီ"ဟု ၎င်းက ပြောသည်။
လိပ်ခွံတွင် ဆန်းကြယ်သောအ၀ါ ရောင်အစင်းအကွက်များ ပါရှိသည့် ကြယ်လိပ်များအား အလှမွေး တိရစ္ဆာန်အဖြစ် ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချမှုများ ရှိနေကြောင်း သိရသည်။
"ဇီဝမျိုးစုံမျိုးကွဲတွေ ပျောက်ကွယ်ရတဲ့ အကြောင်းရင်းတွေမှာ လူတွေရဲ့ အပြုအမူတွေက အဓိကပါဝင်ပါတယ်။ မြစ်ချောင်းတွေမှာ ငါးမိုင်းခွဲတာ၊ ဒိုင်နမိုရှော့ရိုက်ပြီး ငါးဖမ်းတာလိုမျိုး အပြုအမူတွေကြောင့် လိပ်အပါအ၀င် တခြားရေသတ္တ၀ါတွေ အများအပြား သေ ကျေပျက်စီးကြရတယ်"ဟု အထက် ချင်းတွင်းဒေသ တိုက်လိပ်ထိန်းသိမ်း စောင့်ရှောက်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသည့် ဦးကျော်မိုးက ပြောသည်။
"ငါးဖမ်းတာ၊ ရွှေတူးတာ၊ မြစ်သဲစုပ်တာ၊ စိုက်ပျိုးရေးလုပ်ငန်းတွေ တိုးချဲ့ လုပ်ကိုင်လာတာတွေကြောင့်လိပ်တွေရဲ့ ကျက်စားရာ ဒေသတွေ ပျက်စီးလာရတာ၊ လိပ်နဲ့ လိပ်ဥတွေကို ဖမ်းဆီးစား သောက်တာတွေကလည်း လိပ်ကောင်ရေ ကျဆင်းစေတဲ့ အကြောင်း ရင်းတွေပါပဲ"ဟု ဦးဝင်းကိုကိုက ပြောသည်။
သုတေသန ဆောင်ရွက်ချက်များအရ လိပ်များသည် လူတို့မှီခိုနေသည့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ ညီညွတ်မျှတရေး အတွက် များစွာ အထောက်အကူပြုနေသည်ကိုလည်း WCS Myanmar မှ သုတေသနဆောင် ရွက်သူတစ်ဦးဖြစ်သူ ဒေါ်ခင်မျိုးမျိုးက ပြောသည်။
"ကုန်းလိပ်ဆိုရင်လည်းကုန်းပေါ်မှာ ရှိတဲ့အပင်တွေ၊ အစေ့တွေကိုစားပြီး မစင်စွန့်ကြတဲ့အခါ အဲဒီအစေ့တွေကနေ ပြန်ပြီးအပင်ပေါက် တာမျိုးတွေ ရှိတာကို သုတေသနပြုလုပ်တွေ့ရှိထားပါတယ်။ လူတွေစိုက်စရာမလိုဘဲ ဒေသ သဘာဝ ပေါက်ပင်တွေကို ထိန်းသိမ်း ထားနိုင်စေပြီး လူတွေကို တစ်ဖက်တစ်လမ်း အကျိုးပြုနေတာပါ။ ရေလိပ်ဆိုရင်လည်း ရေထဲမှာရှိတဲ့ ရေညှိရေ မှော်တွေကို စားသုံးတဲ့ အတွက် ရေပြင် သန့်ရှင်းရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်"ဟု ၎င်းက ပြောသည်။
တိုက်လိပ်နှင့်ကြယ်လိပ်များသည် ကမ္ဘာ့ရှားပါးလိပ်မျိုးစိတ် ၂၅ မျိုးတွင် ပါဝင်သည့် မြန်မာ့မျိုးရင်း လိပ်များဖြစ်သည်။ ၂၀၀၄ ခုနှစ်မှ စတင်ခါ သစ်တော ဦးစီးဌာနအောက်ရှိ ထမံသီဘေးမဲ့ တောနှင့် WCS Myanmar တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော အထက် ချင်းတွင်းဒေသ တိုက်လိပ်ထိန်းသိမ်း ရေးလုပ်ငန်းများကိုလည်း ယခုနှစ်တွင် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
"ဒီအထက်ချင်းတွင်းဒေသ ခန္တီး တစ်ဝိုက်မှာသာ တိုက်လိပ်တွေမရှိတော့ရင် မြန်မာနိုင်ငံမှာ တိုက်လိပ်တွေမရှိတော့ဘူးလို့ဆိုရမယ့် အခြေအနေပါပဲ။ ၂၀၀၄ ခုနှစ်မှာ ဥဥတဲ့အခြေ အနေပေါ်ကြည့်ပြီး အဲဒီဒေသမှာ လိပ် အမကောင်ရေ ၁၀ ကောင်လောက်ရှိ မယ်လို့ ခန့်မှန်းရပါတယ်။ ထိန်းသိမ်းစောင့်ရှောက်မှုကြောင့် လက်ရှိမှာတော့ အထက်ချင်းတွင်းဒေသမှာ တိုက်လိပ် ကောင်ရေ ၃၆၇ ကောင်၊ ခြံလှောင်မွေး စနစ်နဲ့ ဆောင်ရွက်နေတဲ့ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်မှာ ၃၃ ကောင် လောက်အထိ တိုးပွားလာပါပြီ"ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ရေချိုနေလိပ်နှင့် ကုန်းလိပ်မျိုးစိတ် ၂၈ မျိုးနှင့် ရေငန်လိပ် မျိုးစိတ် ငါးမျိုးရှိသည်။