
Monday, April 30, 2012
မြန်မာ့ခရီးသွားလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် ပြည်ပနိုင်ငံများစွာ လုပ်ကိုင်ခွင့်လျှောက်ထား

နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ အလယ်ပိုင်းမှ နိုင်ငံတကာ လေဆိပ် နှစ်ခုအတွက် ကိုရီးယားကို ဖိတ်ခေါ်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံ အလယ်ပိုင်းတွင် တည်ရှိသော
နိုင်ငံတကာ လေဆိပ်ကြီးနှစ်ခုကို တောင်ကိုရီးယား လုပ်ငန်းရှင်များ
လာရောက်ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းပြောကြားလိုက်ပြီး ဂျပန်ကလည်း
ယင်းကို စိတ်ဝင်စားနေကြောင်း သိရသည်။ လေကြောင်းလိုင်း ပျံသန်းမှု
ထိန်းချုပ်စနစ် အပါအဝင် လေဆိပ်တစ်ခုလုံးကို ရင်းနှီးမြှုပ်နှံသွားရန်
ဂျပန်နိုင်ငံက လေ့လာမှုများ ပြုလုပ်နေပြီဖြစ်ကာ
ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် ဂျပန်နိုင်ငံနှင့် ယှဉ်ပြိုင်လုပ်ကိုင်ရန်
အလားအလာများရှိကြောင်း သမ္မတကြီးက ပြောကြားသည်။ “မြန်မာနိုင်ငံ
အလယ်ပိုင်းမှာ နိုင်ငံတကာလေယာဉ် ဆင်းသက်နိုင်တဲ့ လေဆိပ်ကြီးနှစ်ခု
ရှိပါတယ်။ ပြီးပြည့်စုံပြီလို့တော့ ပြောလို့မရသေးပါဘူး။
တောင်ကိုရီးယားအနေနဲ့ ဥရောပဘက်ကို သွားမယ်ဆိုရင် မြန်မာနိုင်ငံက
အဲဒီလေဆိပ်တွေကို ဝင်ရောက်ဆင်းသက်နိုင်ပါတယ်။ စင်ကာပူ-ဘန်ကောက်ကို ဆင်းပြီး
ပတ်နေရတာထက်ပိုပြီး အဆင်ပြေစေပါတယ်” ဟု သမ္မတကြီးဦးသိန်းစိန်က
ပြောကြားသည်။ “ဒီလေဆိပ်တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လိုနည်းလမ်းတွေနဲ့
ပူးပေါင်းဆောင်ရွက်လို့ ရမလဲဆိုတာ စဉ်းစားစေလိုပါတယ်” ဟု ၎င်းကဆက်လက်
ပြောကြားသည်။ “ဂျပန်ကတော့ တော်တော်စိတ်ဝင်စားနေတယ်။ ကိုရီးယားအနေနဲ့ကလည်း
ဝင်ရောက်လုပ်ကိုင်သွားဖို့ စဉ်းစားနိုင်ပါတယ်” ဟု သမ္မတကြီးက နေပြည်တော်တွင်
ပြောကြားခဲ့သည်။ လက်ရှိတွင် နေပြည်တော်လေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ
လေဆိပ်ကြီးတွင် နိုင်ငံတကာ လေကြောင်းလိုင်းများ ဆင်းသက်နိုင်သော်လည်း
လက်ရှိကာလအထိ ပျံသန်းဆင်းသက်ကြခြင်း အားနည်းနေသေးကြောင်း ၂၀၁၂ ခုနှစ် ဧပြီလ
၂၆ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
Saturday, April 14, 2012
ပြည်တွင်းလေကြောင်းခရီးစဉ် လက်မှတ်ဈေးနှုန်းများအား မေလ ၁ ရက်မှစ၍ ဈေးတက်မည်
ပြည်တွင်းလေကြောင်းခရီးစဉ် လက်မှတ်ဈေးနှုန်းများအား မေလ ၁ ရက်မှစ၍ ဈေးတက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဧပြီလ ၁ ရက်မှစ၍ စွမ်းအင်ဝန်ကြီးဌာနက လေယာဉ်ဆီအား ယခင်နှုန်းသေဖြင့် ရောင်းချခဲ့သော တစ်ဂါလန် ၂,၅၀၀ ကျပ်အစား နှုန်းရှင်ဖြစ်သော ကျပ် ၄,၀၀၀ ဖြင့် ရောင်းချမည်ဟု လေကြောင်းလိုင်း တာဝန်ရှိသူက ပြောသည်။ “အနိမ့်ဆုံး ပြည်တွင်းခရီးသွား တွေအတွက် ၉,၀၀၀ ကျပ်ကနေ ၂၁,၀၀၀ ကျပ်အထိ တက်ဖို့ရှိတယ်။ နိုင်ငံခြားသားတွေအတွက် ၁၁ ဒေါ်လာကနေ ၂၇ ဒေါ်လာအထိတက်ဖို့ စီစဉ်ထားပါတယ်” ဟု အဲမန္တလေး လေကြောင်းလိုင်းမှ တာဝန်ရှိသူက ပြောသည်။ အဲကမ္ဘောဇ လေကြောင်းလိုင်းကမူ ဈေးတက်ရန် အစီအစဉ်ရှိသော်လည်း ယခုအချိန်ထိ မတွက်ချက်ရသေးကြောင်း အဆိုပါလေကြောင်းမှ တာဝန်ရှိသူက ဆိုသည်။ ယခု ဈေးနှုန်းတက်မည့် မေ ၁ ရက်သည် ခရီးသွားများနည်းသော Low Season စတင်သော အချိန်ဖြစ်ပြီး ပုံမှန်ရာသီထက် ၁၀ ဒေါ်လာခန့် ဈေးသက်သာလေ့ ရှိသည်။ “ဒီအချိန် တက်တာတော့ သက်ရောက်မှု သိပ်မရှိဘူး။ ဟိုတယ်တွေ ဈေးတက်တာပဲ တော်တော်ဆိုးတယ်” ဟု ဒဂုံမြို့နယ်အခြေစိုက် ခရီးသွားကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ယခုနှစ်တွင် ဧည့်သည် ဝင်ရောက်မှုများခဲ့ပြီး ပြည်တွင်းခရီးစဉ် ပျံသန်းနေသော လေကြောင်းလိုင်းငါးခုမှာ ယခင်နှစ်များထွက် ဧည့်သည်ပိုမိုရခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။ ""
Monday, April 09, 2012
ဗုဒ္ဓဂယာခရီးစဉ်ကို ကုန်းလမ်းဖြင့် သွားနိုင်တော့မည်
မကြာမီအချိန်တွင် ဗုဒ္ဓဂယာခရီးစဉ်အား ကုန်းလမ်းခရီးဖြင့် ပို့ဆောင်နိုင်တော့မည်ဖြစ်ကြောင်း မင်္ဂလာရှုခင်းခရီးသွားလုပ်ငန်းမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးတင်မောင်ရွှေကပြောသည်။ ထိုသို့ မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာခရီးစဉ်သို့ ကုန်လမ်းခရီးဖြင့် သွားရောက်နိုင်ရန် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “ဗုဒ္ဓဂယာကို ကုန်းလမ်းက သွားနိုင်မယ့် ခရီးစဉ်ကို လုပ်နေပါတယ်။ ကုန်းလမ်းက သွားတဲ့ အတွက် ဒေါ်လာ၁၄၀ ၊ ၁၅၀ လောက်သက်သာသွားမယ်။ နောက် လမ်းမှာလဲ ဒေသန္တရဗဟုသုတတွေ ရနိုင်ပါတယ်။ ဒီလိုသွားနိုင်ဖို့ နှစ်ဖက်ညှိနှိုင်းဆောင်ရွက်နေပါတယ်” ဟု မင်္ဂလာရှုခင်းခရီးသွားလုပ်ငန်းမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးတင်မောင်ရွှေက ပြောသည်။ ယခုချိန်တွင် ဗုဒ္ဓဂယာခရီးစဉ် အားလေကြောင်းခရီးစဉ်ဖြင့် သွားမည်ဆိုပါက ခုနစ်ညအိပ်ရှစ်ရက်ခရီး၊ ကိုး ညအိပ် ၁၀ ရက်ခရီး များကို ပုံမှန်အားဖြင့် မြန်မာကျပ်ငွေ ခုနစ်သိန်းခွဲခန့် ကုန်ကျမည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းများမှ သိရသည်။ “ကုန်းလမ်းကနေ သွားလို့ ရတော့မယ်လို့တော့ ကြားနေပါတယ်။ နည်းနည်းခက်မယ်ထင်တယ်။ ဗုဒ္ဓဂယာက အိန္ဒိယနိုင်ငံမြို့လယ်မှာမဟုတ်ဘူး။ သွားရတာ လမ်းကလဲကြမ်းတယ်။ သွားမယ့်သူတွေအနေနဲ့ ခရီးကြမ်းတော့ပင်ပန်းတာပေါ့။ လေယာဉ်နဲ့ဆိုနှစ်နာရီပဲကြာတော့ လူသက်သာတာပေါ့”ဟု အပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ ဗုဒ္ဓဂယာခရီးကို ကုန်းလမ်းက သွားရတာတော့ကောင်းပါတယ်။ ပိုက်ဆံဘယ်လောက်ကုန်မလဲ၊ လေယာဉ်ထက် သက်သာစေချင်တယ်။ နောက်ခရီးလမ်းရော အသက်အန္တရာယ်အတွက် ဘယ်လောက်လုံခြုံမှုရှိမလဲ ဒါတွေကလဲ ရှိပါသေးတယ်။ လူငယ်တွေအတွက်တော့ကောင်းပါတယ်” ဟု ခရီးသွားလာခြင်းကို ဝါသနာပါသူ ကိုခိုင်လွင်က ပြောသည်။ ယခုအခါ သင်္ကြန်အတွက် ဗုဒ္ဓဂါယာခရီးစဉ်များကို အထူးပြေးဆွဲခြင်းများအဖြစ် ခုနစ်ညအိပ် ရှစ်ရက်ခရီးနှင့် ကိုးညအိပ် ၁၀ ရက် ခရီးတို့အတွက် မြန်မာကျပ်ငွေ ရှစ်သိန်းခွဲခန့်ဖြင့် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Source : Khit Lu Nge
Subscribe to:
Posts (Atom)