Showing posts with label Travel Japan. Show all posts
Showing posts with label Travel Japan. Show all posts

Saturday, July 18, 2026

Kamezuka Kofun ရှေးဟောင်းဂူသင်္ချိုင်း

ဂျပန်နိုင်ငံ၊ အိုအီတာစီရင်စု (Oita Prefecture) ကိုဒုတိယအကြိမ် ရောက်ခဲ့ရာမှာ စိတ်ဝင်စားဖွယ် ရှေးဟောင်းအမွေအနှစ် သမိုင်းဝင်နေရာတစ်ခု ဖြစ်သည့် Kamezuka Kofun (亀塚古墳) ဂူသင်္ချိုင်းနှင့် ပြတိုက်ရှိရာကို သွားရောက် လေ့ဖြစ်ခဲ့ပါတယ်။ တောင်ကုန်းပေါ်ရှိ တိတ်ဆိပ်ငြိမ်သက်‌နေသည့် တောအုပ်လေးအတွင်းမှာ တည်ရှိနေပြီး ပထမဆုံးဝင်ပေါက်မှာ ပြတိုက်တခုကိုတည်ဆောက်ထားပါတယ်။ ပြတိုက်ဘေးလမ်းလေးအတိုင်းလျှောက်လာရင်း မြင်လိုက်ရသည့်အခါ သာမန်မြက်ခင်းကုန်းတစ်ခုလို ထင်ရသော်လည်း၊ ထိုမြေကုန်းအောက်တွင် နှစ်ပေါင်း ၁,၆၀၀ ကျော် သက်တမ်းရှိ ရှေးခေတ်ဂျပန်၏ အင်အားကြီးခေါင်းဆောင်တစ်ဦး၏ သမိုင်းဝင် ဂူသင်္ချိုင်းတစ်ခု တည်ရှိနေပါတယ်။

Kamezuka Kofun သည် အေဒီ ၅ ရာစုအစောပိုင်း၊ Kofun ခေတ်တွင် တည်ဆောက်ခဲ့သော သော့ပေါက်ပုံစံ ရှေးဟောင်းအုတ်ဂူ (Zenpō-kōen-fun) ဖြစ်ပြီး အိုအီတာစီရင်စုတွင် အကြီးဆုံး Kofun များထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။ အုတ်ဂူ၏ အလျားမှာ ၁၁၆ မီတာ ခန့်ရှိပြီး ထိုခေတ်တွင် ဤမျှကြီးမားသော အုတ်ဂူတည်ဆောက်နိုင်ခြင်းမှာ အလွန်မြင့်မားသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအာဏာကို ပိုင်ဆိုင်ခဲ့ကြောင်း ပြသနေပါတယ်။

သမိုင်းပညာရှင်များ၏ အမြင်အရ Kamezuka Kofun သည် Ama (海部) သို့မဟုတ် Kaifu မျိုးနွယ်စု၏ အင်အားကြီး ခေါင်းဆောင်တစ်ဦး၏ အုတ်ဂူဖြစ်နိုင်ကြောင်း ယူဆကြပါတယ်။ Ama မျိုးနွယ်စုသည် ရှေးခေတ်ဂျပန်တွင် ပင်လယ်ရေကြောင်းသွားလာရေး၊ ကုန်သွယ်ရေးနှင့် ရေတပ်အင်အား တို့ဖြင့် ကျော်ကြားခဲ့သော မျိုးနွယ်စုဖြစ်ပြီး၊ Bungo Channel တစ်ဝိုက်ရှိ ရေကြောင်းလမ်းများကို ထိန်းချုပ်နိုင်ခဲ့သည့် အင်အားကြီးဒေသခံအုပ်ချုပ်သူများ ဖြစ်ကြသည်။

Kamezuka Kofun ကဲ့သို့ ကြီးမားသော သော့ပေါက်ပုံစံ အုတ်ဂူများကို ထိုခေတ်က ဂျပန်အလယ်ပိုင်းကို အုပ်ချုပ်ခဲ့သည့် Yamato မင်းဆက်နှင့် နီးစပ်သော ခေါင်းဆောင်များအတွက်သာ ဆောက်လုပ်လေ့ရှိကြသည်။ ထို့ကြောင့် Kamezuka Kofun ၏ ပိုင်ရှင်သည် Yamato အာဏာပိုင်များနှင့် နိုင်ငံရေး၊ စစ်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးကောင်းမွန်ခဲ့သည်ဟု ယုံကြည်ကြသည်။ ၁၉၉၃ ခုနှစ်တွင် ပြုလုပ်ခဲ့သည့်ရှေးဟောင်းသုတေသန တူးဖော်မှုများအရ—ကျောက်ဖြင့် ပြုလုပ်ထားသော သင်္ချိုင်းအခန်း၊ Haniwa (ဟနီဝါ) မြေထည်ရုပ်တုများ၊ အလှဆင်ပစ္စည်းများ၊ သံလက်နက်များ၊ မှန်များနှင့် အဖိုးတန်ရှေးဟောင်းပစ္စည်းများကို တွေ့ရှိခဲ့ပြီး၊ ထိုတွေ့ရှိချက်များက အုတ်ဂူပိုင်ရှင်၏ အဆင့်အတန်းမြင့်မားမှုကို သက်သေပြ‌နေပါတယ်။

ကျွန်တော်ဓတ်ပုံရိုက်ထားသည့် ဆိုင်းဘုတ်များမှာလည်း အုတ်ဂူ၏ တည်ဆောက်ပုံ၊ သင်္ချိုင်းအခန်းဖွဲ့စည်းပုံ၊ Haniwa များနှင့် တူးဖော်တွေ့ရှိခဲ့သော ပစ္စည်းများကို အသေးစိတ် ဖော်ပြထားပါတယ်။ "Kame" (亀) သည် လိပ် ဟု အဓိပ္ပာယ်ရပြီး "Tsuka" (塚) သည် အုတ်ဂူ သို့မဟုတ် မြေကုန်း ဟု ဆိုလိုသည်။ အုတ်ဂူ၏ ပုံသဏ္ဌာန်သည် လိပ်ခွံတစ်ခုကဲ့သို့ မြင်တွေ့ရသောကြောင့် Kamezuka (လိပ်ကုန်းအုတ်ဂူ) ဟု အမည်ပေးထားခြင်း ဖြစ်ပါတယ်။

ခရီးသွားတစ်ယောက်အနေဖြင့် ခံစားမိတာက ဒီနေရာကို လာရောက်လေ့လာတဲ့အခါ တိတ်ဆိတ်ငြိမ်သက်တဲ့ မြက်ခင်းပြင်ကြားမှာ နှစ်ပေါင်း ၁,၆၀၀ ကျော် သက်တမ်းရှိတဲ့ သမိုင်းအမွေအနှစ်တစ်ခုကို မျက်စိရှေ့မှာ မြင်တွေ့ရတာက အလွန်အံ့ဩစရာကောင်းလှပါတယ်။ အပြင်ပန်းမှာ ရိုးရှင်းတဲ့ မြေကုန်းတစ်ခုလိုသာ ထင်ရပေမယ့်၊ အတွင်းမှာတော့ ရှေးဂျပန်ခေါင်းဆောင်တစ်ဦးရဲ့ သမိုင်း၊ ယဉ်ကျေးမှုနဲ့ အာဏာသင်္ကေတတွေကို သိမ်းဆည်းထားတဲ့ အဖိုးတန်အမွေအနှစ်တစ်ခု ဖြစ်နေပါတယ်။

ဂျပန်နိုင်ငံရဲ့ ရှေးဟောင်းယဉ်ကျေးမှုကို စိတ်ဝင်စားသူများ၊ သမိုင်းလေ့လာသူများနဲ့ စက်ဘီးဖြင့် အိုအီတာဒေသကို လည်ပတ်မယ့် ခရီးသွားများအတွက် Kamezuka Kofun ဟာ မဖြစ်မနေ ဝင်ရောက်လေ့လာသင့်တဲ့ သမိုင်းဝင်နေရာတစ်ခုလို့  အကြံပြုလိုပါတယ်။

တခါတရံမှာတော့ သမိုင်းဆိုတာ ပြတိုက်ထဲမှာပဲ မဟုတ်ပါဘူး။ မြက်ခင်းစိမ်းစိမ်းတွေ အောက်မှာလည်း နှစ်ပေါင်းထောင်ချီတဲ့ အတိတ်ကာလတွေ ငြိမ်သက်စွာ အိပ်စက်နေတတ်ပါတယ်။ Kamezuka Kofun က အဲဒီလို နေရာမျိုးတစ်ခုပါ။

Saturday, February 14, 2026

Osamaicho Suwa ရှင်တိုဘုရားကျောင်း

ကျွန်တော် Kuji မြို့ကိုရောက်တဲ့အခါ အနီးအနားမှာ စိတ်ဝင်စားစရာ လည်ပတ်နိုင်တဲ့နေရာတချို့ကို Google maps မှာရှာကြည့်ရင်း Suwa Park အနီးအနားက သစ်သားနဲ့ဆောက်လုပ်ထားတဲ့ တိုရီးခိ (ဝင်ပေါက် ဗိမာန်တံတား) ကိုတွေ့တဲ့အခါ သွားရောက်ဖြစ်ခဲ့ပါတယ်။ ဒီနေရာက Suwa Park အနီးနား‌လေးမှာပါ။ တကိုယ်တည်း လမ်းလျှောက်ထွက်ခဲ့ရင်း တောင်ခြေကဟောင်းနွမ်း‌ဆွေးမြေ့နေတဲ့ မုဒ်ဦးဝနှင့် ကျောက်တုံး ၂တုံးပေါ်မှာ ကဗျည်းထိုးထားတဲ့‌နေရာကိုရောက်ရှိခဲ့ပါတယ်။ မုဒ်ဦးဝကနေတောင်ပေါ်တက်တဲ့ လှေခါးအတိုင်း ဆက်တက်လာတဲ့အခါ တောင်ပေါ်ထင်းရှူးတောအုပ်ထဲမှာ ပန်းခြံငယ်လေးနှင့် အပန်းဖြေနားခိုနိုင်မည့် နေရာတချို့ရှိပြီး တောင်ပေါ်ကနေ Kuji Bay ကိုလှမ်းမြင်ရတဲ့ လှပတဲ့ရှုခင်းတွေကို တွေ့မြင်ရပါတယ်။

ပန်းခြံငယ်လေးကနေ ထင်းရှူးပင်တွေကြားမှာ တောင်ကုန်းအပေါ်ကို ဆက်သွားလို့ရတဲ့ လမ်းပြေပြေလေးတွေ့တာနဲ့ ဆက်ပြီးလျှောက်သွားကြည့်လိုက်တဲ့အခါ လမ်းအဆုံးမှာ ကြီးမားတဲ့ပင်စည်တွေနှင့် မြင့်မားတဲ့ထင်းရှူးပင်တွေကြားက မြေကွက်လပ်တခုမှာ ‌သစ်သားဖြင့်ဆောက်လုပ်ထားတဲ့ ရှေးဟောင်းကျောင်း‌ဆောင်တခုကို အမှတ်မထင်တွေ့မြင်လိုက်ရပါတယ်။

Sunday, December 21, 2025

Oita မြို့မှ Yokozuka Tenmangu ဘုရားကျောင်း

Oita မြို့က Yokozuka Tenmangu ဘုရားကျောင်း ကိုသွားရောက်‌ဖြစ်ခဲ့ပါတယ်။ ဘုရားကျောင်းတည်နေရာက အေးချမ်းငြိမ်သက်သည့် ပတ်ဝန်းကျင်မှာ တည်ရှိပြီး၊ အနီးအနားမှာ တောတောင်နှင့် သစ်ပင်များဖြင့် တိတ်ဆိတ်အေးချမ်းလှပါတယ်။ ဒီဘုရားကျောင်းမှာကိုးကွယ်သည့် နတ်ဘုရားက Sugawara no Michizane ဖြစ်ပြီး ပညာရေး၊ စာပေ၊ အနုပညာနှင့် ရိုးဖြောင့်ခြင်းတို့၏ နတ်ဘုရား ဖြစ်ပါတယ်။ 

ဒီဘုရားကျောင်းက Oita ဒေသတွင်း သက်တမ်းရင့် Tenmangu ရှေးဘုရားကျောင်းတစ်ခုဖြစ်ပါတယ်။ တိကျသော တည်ထောင်သည့်ခုနှစ်ကို မှတ်တမ်းမရှိပေမယ့် ဒေသအစဉ်အလာအရ Heian ခေတ် (794 - 1185) ကတည်းက တည်ရှိခဲ့တယ်လို့ယူဆကြပြီး ၁၈၇၃ ခုနှစ်တွင် ရွာဘုရားကျောင်း ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။