Thursday, December 16, 2010

အမေရိကန် နှင့် ဥရောပ ကမ္ဘာ့ လှည့် ခရီးသည် တင် သင်္ဘော ၁၀ စင်း ရောက်မည်

မြန်မာနိုင်ငံသို့ အပျော်စီး သင်္ဘောဖြင့် နိုင်ငံခြား ခရီးသွားများ လာရောက် လည်ပတ်စဉ်
အမေရိကန်နှင့် ဥရောပ သားများ အများ ဆုံး တင်ဆောင် လာမည့် ကမ္ဘာလှည့် ခရီးသည် တင် သင်္ဘော ၁၀ စင်း လာရောက် မည်ဖြစ် ကြောင်း တိုင်းရင်းသားပိုင် ခရီးသွား လုပ်ငန်း ကုမ္ပဏီ  Myanmar Voyages မှ တာဝန်ရှိ သူတစ်ဦးက ဒီဇင်ဘာ ၈ ရက်တွင်ပြောသည်။
၂၀၁၁ ခုနှစ် တွင် ပထမဦးဆုံး ရောက်ရှိ လာမည့် ကမ္ဘာလှည့် ခရီးသည် တင် သင်္ဘော M.V Nautica အပျော်စီး သင်္ဘော သည် ဇန်န၀ါရီ ၈ ရက်မှ ၁၀ ရက် အထိ လာရောက် မည် ဖြစ်ကြောင်း သိရ သည်။ “Myanmar Voyages အနေနဲ့ ၂၀၁၁ ခုနှစ် ထဲမှာ ငါးစင်း၊ ခြောက်စင်း လာရောက် မှာပါ။ တခြား ကုမ္ပဏီ တွေနဲ့ လာမှာက လေးစင်း လောက်ရှိပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
အဆိုပါ သင်္ဘော သည် ခရီးသည် ၆၀၀ ကျော် နှင့် သင်္ဘော ၀န်ထမ်း ၃၀၀ ကျော် ပါဝင်ပြီး ရန်ကုန် သီလ၀ါ ဆိပ်ကမ်း သို့ ဆိုက် ကပ် ၀င်ရောက် မည်ဖြစ်ရာ ရန်ကုန်မြို့တွင်း ခရီးစဉ်များ အပြင် ပုဂံနှင့် မန္တလေး ခရီးစဉ်များ သို့ သွားရောက် လည်ပတ် မည်ဖြစ်သည်။ အဆို ပါ ခရီးစဉ် များ အတွက် ကြိုတင်၍ ဆောင်ရွက် ခဲ့ ခြင်း ဖြစ်ပြီး ယခု ကဲ့သို့ လာရောက် လည်ပတ် ရာ တွင်လည်း အကျိုး အမြတ် ရရှိ ဖို့ထက် မြန်မာ နိုင်ငံ၏ အေးချမ်း သာယာရေး လှပမှု အခြေ အနေ နှင့် စိတ်နေ သဘောထား များ အား ပြန်လည် ဖောက်သည် ချနိုင်ရေး အတွက် ဖြစ်သည်။
“သင်္ဘော တွေက မတ်၊ ဧပြီ၊ မေဆို ရင် အ၀င် များ ပါတယ်။ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်န၀ါရီ၊ ဖေဖော်ဝါ ရီမှာဆိုရင် လာတတ် ပေမယ့် နည်းပါ တယ်။ အများဆုံး က မတ်၊ ဧပြီဆို လာတတ် တယ်” ဟု ဆက်လက် ပြောကြားသည်။
အဆိုပါ သင်္ဘောမှာ မြန်မာနိုင်ငံသို့ ၂၀၀၈ ခုနှစ်က လာရောက်ရန် စီစဉ် ထားခဲ့ သော်လည်း နာဂစ် မုန်တိုင်း ဖြစ်ပွား ခဲ့သဖြစ် ခရီးစဉ် ပျက်သွား ခဲ့ရာမှာ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီတွင် လာရောက် မည်ဖြစ်ကြောင်း သိရသည်။
Myanmar Voyages အနေဖြင့် ၂၀၁၀ ပြည့်တွင် ကမ္ဘာ့လှည့် ခရီးသည် တင် အပျော်စီး သင်္ဘော နှစ်စင်းသာ လာရောက်ရန် စီစဉ် နိုင်ခဲ့ ကြောင်း ဆက်လက်၍ အမေရိကန်၊ ဂျာမနီ၊ အီတလီ၊ ဥရောပ ကမ္ဘာ့လှည့် သင်္ဘောများ လာရောက် နိုင်ရန် ခရီးစဉ်များ ရေးဆွဲ ဆောင်ရွက် ထားကြောင်း သိရသည်။

Credit : The Myanmar Post
Photo by News-Eleven

'ဧရာဝတီလင်းပိုင် မျိုးသုဉ်းသွားပါက ဧရာဝတီလင်းပိုင် အမည်လည်း ပျောက်ကွယ်သွားနိုင်'

ကမ္ဘာပေါ်ရှိ လင်းပိုင်မျိုးစိတ်များထဲတွင် ရေလုပ်သားများနှင့် ပူးပေါင်းကာ ငါးရှာဖွေဖမ်းဆီးပေးတတ်သော လင်းပိုင်များကို မင်းကွန်းနှင့် ကျောက်မြောင်းကြားရှိ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာ အတွင်းတွင်သာ တွေ့မြင်ရခြင်းဖြင့် ဧရာဝတီလင်းပိုင် ဟု ကမ္ဘာကျော်စေခဲ့သည်။ ဧရာဝတီလင်းပိုင်များ မျိုးသုဉ်းပျောက်ကွယ်မသွားစေရန် ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဦးဟန်ဝင်း (ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး(မန္တလေး)၊ ငါးလုပ်ငန်းဦးစီးဌာန)အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး - ဧရာဝတီ လင်းပိုင်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ စတင် ဆောင်ရွက်ဖြစ်ပုံကို သိပါရစေ။

ဖြေ - ၂၀၀၂ ခုနှစ် ဒီဇင်ဘာလမှာ ငါးလုပ်ငန်းဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ သတ္တဗေဒဌာန (ရန်ကုန် တက္ကသိုလ်)တို့နဲ့ သားငှက်ထိန်း သိမ်းရေးအဖွဲ့(WCS) တို့ ပထမဆုံး အကြိမ်ပူးပေါင်းပြီး မေခ၊ မလိခ မြစ်ဆုံကနေ  မြစ်ဝကျွန်းပေါ်ဒေသ၊ ဘိုကလေးမြို့နယ်ထဲက ကယက်ကြီးကျွန်းအထိ ဧရာဝတီမြစ်တစ်လျှောက် စုန်ဆင်းပြီး ဧရာဝတီလင်း ပိုင်ဦးရေ စာရင်းကောက်ယူခြင်းနဲ့ သုတေသနပြု လေ့လာရေး ခရီးစဉ် စတင်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ် လေ့ လာရေးမှာ မန္တလေးနဲ့ ဗန်းမော်ကြား ဧရာဝတီမြစ် အစိတ်အပိုင်းအတွင်း မှာ ဧရာဝတီလင်းပိုင်ဦးရေ ၃၇ ကောင် တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ကျက်စားနေထိုင်တဲ့ ဒေသတစ်ခုအတွင်းမှာ အရွယ်ရောက်ကောင်ရေ ၅၀ အောက်ဖြစ်နေရင် မျိုးသုဉ်းလုနီးပါး အခြေအနေရှိတဲ့ မျိုးစိတ်အဆင့်အဖြစ် သတ်မှတ်နိုင်တဲ့အတွက် အမှန်တကယ် တည်ရှိနေထိုင်တဲ့ ဦးရေကို အနီးကပ်ဆုံးခန့်မှန်းနိုင်ဖို့ မင်းကွန်းနားက နန်းတော်ကျွန်းက နေ ကျောက်မြောင်း ရေတော်ဘုရားအထိ ဧရာဝတီမြစ်အစိတ်အပိုင်းကို ဧရာဝတီလင်းပိုင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးနယ်မြေအဖြစ် ငါးလုပ်ငန်းဦးစီးဌာနက ၂၀၀၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ သတ်မှတ်ထူထောင်ခဲ့ပါတယ်။ အဲဒီအချိန် ကစပြီး ငါးလုပ်ငန်းဦးစီးဌာနနဲ့ သားငှက်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့(WCS) တို့ အကျိုးတူပူးပေါင်းပြီး လစဉ်ဧရာဝတီလင်းပိုင် တွေကို သုတေသနပြုလေ့လာခြင်း နဲ့ ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာလုပ်ငန်းတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့ပါတယ်။ ထူးခြားတဲ့ ဆောင်ရွက်ချက်အနေနဲ့ ဒီနှစ်နိုဝင် ဘာလ ၁၈ ရက်နေ့မှာ ထိန်းသိမ်း မှုလုပ်ငန်းတွေမှာ ပူးပေါင်းဆောင် ရွက်နိုင်ဖို့ ဆည်သည်ရွာ၊ မြစ်ကမ်းကြီးရွာ၊ မြေစွန်းရွာတွေက ဧရာဝတီ လင်းပိုင် ရေလုပ်သားအဖွဲ့တွေကို လှေသုံးစက်ငယ်အစုံ(ခြောက်ကောင်ခွဲ) တစ်လုံးစီ ထောက်ပံ့ပေးခဲ့တယ်။ လုပ်ငန်းအရှိန်မြှင့်တဲ့သဘောပေါ့။

မေး - ဧရာဝတီလင်းပိုင် ဦးရေစာရင်း ကောက်ယူမှုနဲ့ ကောင်ရေ တိုးပွားမှု၊ သေဆုံးမှုတွေကို သိပါရစေ။

ဖြေ - စစ်ကိုင်းနဲ့ဗန်းမော်ကြားမှာ ရှိတဲ့ ဧရာဝတီလင်းပိုင်ဦးရေစာရင်း ကောက်ယူခြင်းကို ၂၀၀၃-၂၀၀၄ ခု နှစ်က ဆောင်ရွက်ခဲ့ရာမှာ ၂၀၀၄ ခု နှစ်ကတွေ့ရှိခဲ့တဲ့ ၇၂ ကောင်ဟာ အများဆုံးမှတ်တမ်း ဖြစ်ပါတယ်။ ကျန်တဲ့နှစ်တွေမှာလည်းမြစ်ကြောင်း  တစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေမှာ ဧရာဝတီလင်းပိုင်နဲ့ ငါးသယံဇာတ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ ပညာပေးလုပ်ငန်းတွေကိုပါ တွဲဖက်ဆောင်ရွက်နေရတာကြောင့် လင်းပိုင်းတွေ့ရှိမှု အကြိမ်နည်းပါးခဲ့ပြီး နှိုင်းယှဉ်သုံးသပ်ဖို့ အခြေအနေမရခဲ့ပါဘူး။ ၂၀၁၀ ပြည့်နှစ် ဆောင်းရာသီမှာ ကောင်ရေ ၈၀ ကျော် တွေ့ခဲ့ပေမယ့်လည်း အုပ်စုထပ်ရေတွက်မှုတွေ ရှိနိုင်တာကြောင့် အမှန်တကယ် ဦးရေ ၇၀ ကျော်လို့ပဲ ခန့်မှန်းသုံးသပ် နိုင်ပါတယ်။ ဒါကိုလည်း အတည်ပြုနိုင်ဖို့ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးနေဆဲဖြစ်ပါတယ်။ ကောင်ရေတိုးပွား မှုနဲ့ ပတ်သက်ပြီးပြောရရင် လင်းပိုင်အုပ်စုတွေထဲမှာ သားပေါက်ငယ်တွေ ပါဝင်နေတာကို တွေ့ခဲ့ရပေမယ့် သေဆုံးမှုတွေလည်းရှိခဲ့လို့ ကောင်ရေ သိသိသာသာ တိုးမြင့်လာတယ်လို့ပြောလို့ မရနိုင်သေးပါဘူး။ သတင်းစု ဆောင်းခြင်းနဲ့ မျက်မြင်မှတ်တမ်းရယူနိုင်မှုတွေအရ စစ်ကိုင်းနဲ့ဗန်းမော် ကြား လင်းပိုင်သေဆုံးမှု အရေအတွက် ဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၁၀ ပြည့် နှစ်အထိ ဆယ်နှစ်တာကာလအတွင်း ကောင်ရေ ၂၀ လောက်ရှိခဲ့ပါတယ်။ သေဆုံးခဲ့ရတဲ့ လင်းပိုင်တွေထဲက တချို့ဟာ သက်တမ်းကုန်လို့ သေဆုံးရတယ်လို့ ယူဆနိုင်ပြီး အများစုက လူ့ပယောဂကြောင့် သေဆုံးရတာပါ။ ငါးဖမ်းပိုက်တွေနဲ့ ငြိတွယ်သေဆုံးရသလို တချို့ကောင်တွေမှာ ဒဏ်ရာရရှိတာတွေ့တာကြောင့် ရှော့ခ်တိုက် ငါးဖမ်းသမားတွေကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ပေးပါတယ်။

မေး - ဧရာဝတီမြစ်ကြောင်းအတွင်း လင်းပိုင်တွေ ရှင်သန်နေထိုင်ကျက်စားမှု ပုံသဏာန်နဲ့ တခြားဆက်စပ်လျက်ရှိတဲ့ အခြေအနေတွေကိုလည်း ရှင်းပြပေးပါဦး။

ဖြေ - လင်းပိုင်တွေ နေထိုင်ကျက်စားမှုအတွက် အဓိကအချက်ဖြစ်တဲ့ သူတို့ရဲ့ အစားအစာ၊ ငါးသယံ ဇာတလျော့ကျလာခြင်း၊ ငါးဖမ်းလုပ် ငန်းလုပ်ကိုင်ဆောင်ရွက်သူတွေ စောင့်ထိန်းရမယ့် စည်းကမ်းအစဉ် အလာတွေ အားနည်းလာခြင်း၊ မြစ် ကြောင်းအတွင်း ရွှေတူးခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတုပစ္စည်းများ စိမ့်ပျော်ဝင်နေခြင်းတို့ဟာ သူတို့တွေ ရှင်သန်နေထိုင်ဖို့အတွက် ဆက်နွှယ်မှုတွေ ရှိနေပါတယ်။ ရှော့ခ်တိုက်ငါး ဖမ်းသမားတွေရဲ့ရှော့ခ်စက်ကွင်း အထိအခိုက်တွေကြောင့် လင်းပိုင်အယဉ်တွေဟာ တဖြည်းဖြည်းအရိုင်းဆန်လာပြီး ပူးပေါင်းဆောင်ရွက်မှု မှာ တုံ့ပြန်မှုတွေ အားနည်းလာနိုင်ခြင်းနဲ့ မျိုးဆက်သစ်ရေလုပ်သားတွေ လင်းပိုင်နဲ့ပူးပေါင်းပြီး ငါးဖမ်းတဲ့ အစဉ်အလာကို လက်ခံနိုင်မှု အားနည်းလာခြင်းတွေဟာ မိရိုးဖလာ ဓလေ့တစ်ခု ပျောက်ကွယ်သွားနိုင်တဲ့ အချက်ဖြစ်နေပါတယ်။ အခုအချိန် မှာ ဧရာဝတီလင်းပိုင် မျိုးစိတ်တွေကို သူတို့နေထိုင်တဲ့ မြစ်အမည်တွေနဲ့ တွဲဖက်ပြီးစမ်းသပ် ခေါ်ဝေါ်ရေးသားမှုတွေ ရှိလာပါပြီ။ ဥပမာ မဲခေါင် လင်းပိုင်၊ မဟာခမ်လင်းပိုင် စသည် ဖြင့်ပေါ့။ ဧရာဝတီမြစ်ထဲက ဧရာဝတီလင်းပိုင်တွေ ပျောက်ကွယ်သွားရင် ဧရာဝတီလင်းပိုင် ဆိုတဲ့အမည်လည်း ပျောက်ကွယ်သွားနိုင်တာ စိုးရိမ်စရာ အချက်တစ်ခုပါပဲ။

Credit: News-Eleven

Wednesday, December 15, 2010

သြစတြေးလျနိုင်ငံမှ Heavy Lift ကုမ္ပဏီနှင့် မြန်မာ့လေကြောင်းတို့ ပူးပေါင်းကာ ပုလဲကျွန်း၊ ဖာပွန်၊ တနိုင်း စသော ခက်ခဲဒေသများသို့ ပြေးဆွဲပျံသန်းရန် စီစဉ်

မြန်မာ့ကမ်းလွန်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများအတွက် ရဟတ်ယာဉ်လုပ်ငန်း လုပ်ကိုင်နေသည့် သြစတြေးလျနိုင်ငံမှ Heavy Lift ကုမ္ပဏီနှင့် မြန်မာ့လေကြောင်းလိုင်းတို့ ပူးပေါင်းကာ ပုလဲကျွန်း၊ ဖားပွန်၊ တနိုင်းစသော ခက်ခဲဒေသများသို့ ပြေးဆွဲပျံသန်းရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိပါသည်။ ၁၉၈၅ ခုနှစ်တွင် မြန်မာ့လေကြောင်းမှ တွင်အော်တာ လေယာဉ်များကို အသုံးပြု၍ နောင်မွန်း၊ နမ္မတူ၊ မိုးမိတ်၊ ဖောင်းပြင်၊ ဂွ၊ ပုလဲကျွန်း၊ ပုလော၊ ပလက်ဝ၊ ဂန့်ဂေါ၊ ပေါက်၊ ဖာပွန်၊ ဘားအံ၊ ရေး၊ မိုးကောင်း၊ လုံးခင်းနှင့် တနိုင်းစသော ဒေသများသို့ ပျံသန်းပြေးဆွဲခဲ့သည်။ “အဲဒီဒေသတွေက လေဆိပ်အဆောက်အဦ ကြီးကြီးမားမား မရှိဘဲ လေယာဉ် အသေးလေးတွေပဲ ဆင်းနိုင်တဲ့ကွင်းတိုတွေပေါ့”ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ မြန်မာ့လေကြောင်းလိုင်းသည် တွင်အော်တာလေယာဉ်များအား ရောင်းချခဲ့ပြီး နောက်ပိုင်းတွင် ယင်းပြေးဆွဲမှုမှာ ရပ်နားသွားခဲ့ကြောင်း၊ လက်ရှိအချိန်၌ ခက်ခဲဒေသ ကွင်းတိုခရီးစဉ်များအား ပြန်လည်ပျံသန်းနိုင်ရေး မြန်မာ့ရေနံနှင့် ကမ်းလွန်သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်း၌ Fixed Wings Air Transport ကိုလုပ်ကိုင်နေသည့် Heavy Lift ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် မြို့များသို့ လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ပါက ဒေသခံများ၏ လူမှုဘ၀ အဆင်ပြေမှုကို တစ်ဖက်တစ်လမ်းမှ အထာက်အကူ ပြုနိုင်ဖြစ်သည်ဟု ၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ "
Credit : Khit Lu Nge

မြစ်ချောင်းများအား အမှီပြုကာ သယံဇာတများ ထုတ်ယူသည့် စီးပွားရေးအဖွဲ့အစည်းများ ပိုမိုများပြားလာ၊ မိမိအကျိုးစီးပွား ဖြစ်ထွန်းမှုနှင့်အတူ မြစ်ကြောင်းများ ရေရှည်မပျက်စီး မတိမ်ကောစေရန်ကိုပါ အလေးထား ထိန်းသိမ်းသွားရန် လိုအပ်နေ

 မြန်မာနိုင်ငံတွင် မြစ်ချောင်းများအား အမှီပြုကာ သယံဇာတများ ထုတ်ယူသည့် စီးပွားရေးအဖွဲ့အစည်းများ ပိုမိုများပြားလာပြီး တစ်ပိုင်တစ်နိုင်မှ တွင်ကျယ်စွာ လုပ်ကိုင်သည့် အဆင့်သို့ ပြောင်းလဲရောက်ရှိလာကြောင်း မြစ်ချောင်းများရေးရာ ကျွမ်းကျင်သူများထံမှ စုံစမ်းသိရှိရသည်။
    ၂၀၀၃ ခုနှစ်နှင့် ၂၀၀၄ ခုနှစ် နောက်ပိုင်းတွင် မြစ်ထဲရှိ အဖိုးတန် သယံဇာတပစ္စည်းများကို ထုတ်ယူရှာဖွေသည့် စီးပွားရေးလုပ်ငန်းစုများ ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ သယံဇာတများ ထွက်ရှိရာ မြစ်ချောင်းတိုင်းလိုလိုတွင် သယံဇာတများ ထုတ်ယူမှုရှိကာ အချို့သော အဖွဲ့အစည်းများသည် သယံဇာတများကိုသာ ထုတ်ယူသုံးစွဲပြီး သယံဇာတများ အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းမှ မြစ်ချောင်းများ တိမ်ကောသွား နိုင်သည့်အန္တရာယ်ကို အလေးမထားဘဲ လုပ်ဆောင်မှုရှိနေကြောင်း ရေကြောင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ခဲ့သည်။
    နိုင်ငံတော်ထံမှ မြစ်ချောင်းများ တွင် သယံဇာတများထုတ်ယူသုံးစွဲ ခွင့်အတွက် တရားဝင်လုပ်ကိုင်ခွင့်ရ ယူထားသည့် အဖွဲ့အစည်းများသည် မူလက မိမိလည်း အကျိုးစီးပွားဖြစ်ထွန်းစေ၊ မြစ်ကြောင်းလည်းကောင်း မွန်စေရန် ရည်ရွယ်လုပ်ဆောင်မှု ရှိခဲ့သော်လည်း နောက်ပိုင်းတွင် မိမိအကျိုးစီးပွားကိုသာ ရှေးရှုလုပ်ကိုင်မှု ရှိလာသည်ကို တွေ့ရကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
    မြစ်ကြောင်းများတွင် သယံဇာတများ ထုတ်ယူရှာဖွေသည့် အဖွဲ့အစည်းများကို လေ့လာကြည့်ပါက မြန်မာနိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များပါဝင်မှုရှိသကဲ့သို့ အချို့ မှာ မိရိုးဖလာလုပ်ငန်းအဖြစ် လုပ် ကိုင်ကြကြောင်းနှင့် ထိုသို့လုပ်ကိုင်ကြသည့် စီးပွားရေးအဖွဲ့အစည်းများ ပိုမိုလာသည်နှင့်အတူ တစ်ပိုင်တစ်နိုင်စီးပွားရေးအသွင်မှ တွင်ကျယ်စွာ လုပ်ကိုင်သည့်အဆင့်သို့ တဖြည်းဖြည်းပြောင်းလဲ ရောက်ရှိလာကြောင်း သိရသည်။
    "အရင်က လက်လုပ်ဗန်းလေး တွေနဲ့ ရွှေကျင်ကြတာပေါ့။ နောက် ပိုင်းမှာ စက်လှေတွေနဲ့သွားပြီး ရွှေရှာတဲ့ စက်ယန္တရားတွေသုံးပြီး ရှာလာကြတယ်။ မြစ်ကြမ်းပြင်က သဲတွေကို ယန္တရားတွေနဲ့ ထိုးကော်ပြီး အဲဒီထဲမှာ ရှာကြတာပေါ့။ ရွှေစစ်တဲ့ ခေတ်မီတဲ့စက်တွေလည်း ပြည်ပကနေ အများကြီးဝင်လာတယ်"ဟု မြစ်ချောင်းများတွင် ရွှေတူးဖော်ခြင်းလုပ်ငန်း လုပ်ဆောင်သည့် အသိုင်းအ၀ိုင်း နှင့် နီးစပ်သူတစ်ဦးက ဆိုပါသည်။
"မြစ်ထဲကနေ ကိုယ့်စီးပွားဖြစ်ဖို့ရှာပါ။ ရေတိုမဟုတ်ဘဲ ရေရှည်စီးပွားဖြစ်ဖို့က ဒီမြစ်ကြောင်းကြီး မကောသွားဖို့လိုပါတယ်။ ဒါကစီးပွားတွက် ပါ။ နောက်တစ်ပိုင်းက ကိုယ့်ကြောင့် ဒီမြစ်ကြီးကောသွားမယ်ဆိုရင် မြစ်ကို အမှီပြုပြီး ၀မ်းရေးရှာဖွေနေတဲ့သူ ဥပမာ တံငါလုပ်ငန်းတွေ၊ သင်္ဘော လုပ်ငန်းတွေ အခက်တွေ့နိုင်တယ်။ နောက်တစ်ခုက သယံဇာတတွေ အ ကုန်ထုတ်ယူလိုက်လို့ နောင်တစ်ချိန် မှာ ကိုယ့်ဆီမှာ မကျန်တော့ရင် သူ များဆီက ဈေးကြီးပေးပြီးဝယ်သုံးနေ ရမယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်အကျိုး ဖြစ်သလိုပဲ ကိုယ့်ကြောင့်မြစ်ကြောင်းတွေ မတိမ်ကော မပျက်စီးစေဖို့ အလေးထားလုပ်သွားဖို့ အထူးလိုအပ်နေပါပြီ"ဟု ရေအရင်းအမြစ်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြော ကြားခဲ့သည်။ သယံဇာတအလွန်အကျွံ ထုတ်ယူခြင်းနှင့်မြေစာများအား စည်းကမ်းမဲ့ စွန့်ပစ်ခြင်းများကြောင့် ဥရုမြစ်မှာ တိမ်ကောမှုအန္တရာယ်နှင့် ကြုံတွေ့နေရပြီး ချင်းတွင်းမြစ်ဖျားပိုင်းမှာလည်း ယင်းအန္တရာယ်မျိုး ရှိနေ ကြောင်း သိရသည်။

Credit : News-Eleven

Tuesday, December 14, 2010

မြန်မာ့ လေကြောင်းလိုင်းမှ သက်တမ်းရင့် လေယာဉ်များကို ၁၀ နှစ်တစ်ကြိမ်လဲနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်

မြန်မာ့လေကြောင်းလိုင်းမှ နောင်တွင် သက်တမ်းရင့်လေယာဉ်များအား ၁၀ နှစ်တစ်ကြိမ် လဲလှယ်နိုင်ရေးကို စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
မြန်မာ့လေကြောင်းလိုင်း သည် ၁၉၄၈ ခုနှစ်မှ ၁၉၆၁ ခုနှစ် အထိ ခရီးသည်ကိုးဦးဆံ့ဂျိုးဖြူလေယာဉ်၊  ၁၉၅၇ ခုနှစ်မှ ၁၉၇၆ ခုနှစ် အထိ ခရီး သည် ၄၄ ဦးဆံ့ ဗိုင်းကောင့်၊ ၁၉၇၆ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိခရီး သည် ၂၀ ဦးဆံ့တွင် အော်တာ လေယာဉ်များကို အသုံးပြုခဲ့ရာမှ ၁၉၆၃ ခုနှစ်တွင်ခရီးသည်  ၄၄ ဦးဆံ့ဖော်ကာ F 27၊ ၁၉၇၆ ခုနှစ်တွင်ခရီးသည် ၈၅ ဦးဆံ့ဖော်ကာ F28 နှင့် ၂၀၀၆ ခုနှစ်တွင်ခရီးသည် ၄၄ ဦးဆံ့ ATR42 လေယာဉ်နှင့်ခရီးသည် ၇၀ ဦးဆံ့ ATR 72 လေယာဉ်များကို အသုံးပြုပြေးဆွဲခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သက်တမ်းကြာမြင့်ပြီ ဖြစ်သည့် ဖော်ကာ F 27 လေယာဉ်များနေရာတွင် တရုတ်နိုင်ငံမှ အသစ်ဝယ်ယူခဲ့သည့် MA 60  လေယာဉ်များကို ဒီဇင်ဘာလ ၁ ရက်နေ့ မှစ၍ မြန်မာ့လေကြောင်းမှ ပြေးဆွဲသည့် ပြည်တွင်းခရီးစဉ်များတွင် အသုံးပြုပျံသန်းသကဲ့သို့ နောင်တွင်လည်း သက်တမ်းရင့် လေယာဉ်များအား ၁၀ နှစ်တစ်ကြိမ်လဲလှယ်နိုင် ရေးကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရှိရသည်။

Credit : News-Eleven