Saturday, September 10, 2011

ပုပ္ပားဟိုတယ်ဇုန် ဖော်ထုတ်ရန် လျာထား

ပုဂံဒေသသို့ လာရောက်မည့် ဧည့်သည်များ တည်းခိုရန်အတွက် ပုပ္ပားတောင်တွင် ဟိုတယ်ဇုန်တစ်ခု ဖော်ထုတ်ရန် လျာထားလျက်ရှိကြောင်း ပုဂံဇုန်ဥက္ကဋ္ဌ ဦးသန်းရွှေထံမှ သိရသည်။

ပုပ္ပားကိုလာဖို့က ညအိပ်စရာအကြောင်းမရှိဘူး။ ပုဂံကတစ်ဆင့်သွားရင် တစ်နာရီလောက်ပဲ သွားရတာပေါ့။ ဟိုတယ်ဇုန် ဖော်ထုတ်ဖို့ဆိုတာက ပုဂံမှာက ဧရာဝတီမြစ်ကမ်းဘေးတွေမှာ နေရာမရှိတော့ဘူးလေ။ ကျန်တဲ့နေရာတွေဆိုရင် စိုက်ပျိုးမြေ၊ သူများနေရာ စတာတွေပါနေတော့ ပုဂံအတွက် မြေနေရာရှာရင်း ပုပ္ပားဘက်မှာဆိုရင် အဆင်ပြေနိုင်မလား စသဖြင့်လျာထားတာပါ ဟု ပုဂံဇုန်ဥက္ကဋ္ဌက ပြောသည်။

ပုဂံဇုန်တွင်လည်း ဟိုတယ်ဇုန် ဖော်ထုတ်ရန် မြေနေရာသုံးခုလျာထားရာ အဆိုပါနေရာများမှာ ဖွားစောရွာ၊ တူရွင်းတောင်ခြေ၊ မြကန်သာနေရာများဖြစ်ပြီး ယင်းနေရာသုံးခုအတွင်း မြကန်သာနေရာမှာ အဆင်ပြေဆုံးနှင့် အသင့်တော်ဆုံးဟု လျာထားကြောင်း၊ ဟိုတယ်လုပ်ငန်းရှင်များသည် အဆိုပါနေရာသုံးခုတွင် မြေများဝယ်ယူထားကြပြီဖြစ်ကြောင်း ၄င်း၏ပြောပြချက်အရ သိရသည်။

ဟိုတယ်ဇုန်ဖော်ထုတ်ဖို့က ၂ နှစ်လောက်ကြာဦးမှာပါ။ အခုမြေရှာ၊ ဒေသအာဏာပိုင်တွေနဲ့ ညှိနှိုင်း စတဲ့ အလုပ်တွေလုပ်နေတယ် ဟု ဟိုတယ်ဇုန်ဖော်ထုတ်ရန် စီစဉ်နေမှုနှင့် လက်ရှိအခြေအနေနှင့် ပတ်သက်၍ ပြောသည်။ ပုဂံဒေသတွင် ဖော်ထုတ်ထားပြီးသော ဟိုတယ်ဇုန်နံပါတ် ၄ တွင် ဟိုတယ်ကြီး ၂ လုံးသာ တည်ဆောက်ထားပြီး ကျန်မြေနေရာများတွင် ထပ်မံတည်ဆောက်ထားခြင်း မရှိသေးသည့်အတွက် မြေပိုင်ရှင် ဟိုတယ်လုပ်ငန်းရှင်များအား တည်ဆောက်ရန် ညွှန်ကြားချက်များ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ၄င်းကပြော သည်။

လတ်တလောတွင် ပုဂံဒေသ၌ ဟိုတယ် ၇၅ လုံးရှိပြီး၊ အခန်းပေါင်း ၁၉ဝဝ ခန့်ရှိရာတွင် နိုင်ငံခြားသား တည်းခိုနိုင်သည့် အဆင့်မီဟိုတယ်မှာအလုံး ၂ဝ ကျော်သာရှိကြောင်း၊ ထို့ကြောင့် ကျန်ဟိုတယ်များအား နိုင်ငံခြားသား တည်းခိုနိုင်သည့် ဟိုတယ်အဖြစ် အဆင့်မြှင့်တင်သွားရန်နှင့် အဆင့်မီဟိုတယ်များကိုလည်း အခန်းများ ထပ်မံတိုးချဲ့သွားရန် ညွှန်ကြားထားကြောင်း အထက်ပါပုဂ္ဂိုလ်ထံမှ သိရသည်။

ဝေယံမိုးမြင့်

Thursday, September 08, 2011

နာမည်ကြီး ပုဂံဘုရားငါးဆူ၌ အဆင့်မြင့်သန့်စင်ခန်း ဆောက်မည်

ပုဂံရှိ နာမည်ကြီး ဘုရားငါးဆူတွင် အဆင့်မြင့်သန့်စင်ခန်းများကို မဟာမဲခေါင်ဒေသ ခရီးသွားပြပွဲအမီ တည်ဆောက်သွားရန်ရှိကြောင်း ပုဂံဇုန်ဥက္ကဋ္ဌဦးသန်းရွှေထံမှသိရသည်။ သန့်စင်ခန်းတစ်ခုမှာ ဘိုထိုင်အိမ်သာ၊ မျက်နှာသစ်ဖို့ဘေစင်နဲ့ အဲ့ဒီအတွက်ရေရဖို့ အဝီစိတွင်းတစ်တွင်းစီတူးရမယ်၊  အဲ့ဒါတွေအားလုံးကို တစ်လအတွင်း အပြီးတည်ဆောက်ရမှာပါဟု ပုဂံဇုန်ဥက္ကဋ္ဌကပြောသည်။ အဆိုပါသန့်စင်ခန်း အသုံးပြုခကို မြန်မာကျပ်ငွေဖြင့်သာ သတ်မှတ်သွားမည်ဖြစ်ပြီး သန့်စင်ခန်း တည်ဆောက်ပြီးစီးချိန်တွင် ပုဂံဇုန်ဥက္ကဋ္ဌအနေဖြင့်သာ ကြီးကြပ်လုပ်ဆောင်သွားမည်ဖြစ်ကာ နောက်ပိုင်းတွင် အဆိုပါဘုရားများရှိ ဘုရားလူကြီးများကိုသာ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။ ရေရရှိမှု၊ သန့်ရှင်းရေး၊ လျှပ်စစ်သွယ်တန်းဖို့စသဖြင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအတွက် ဝန်ထမ်းခန့်အပ်ရမယ်။ ဒါတွေအားလုံး စနစ်ကျပြီဆိုရင် ဘုရားလူကြီးကို လွှဲပြောင်းအပ်နှံမှာပါဟု ၄င်းကပြောသည်။
ပုဂံဒေသခရီးသွား ဖွံ့ဖြိုးရေးအတွက်လုပ်ဆောင်နေသော အချက် ၄ ချက်တွင်း အဆိုပါသန့်စင်ခန်း တည်ဆောက်မှုမှာ ဇုန်အဆင့်မြင့်မားရေးဆိုသည့် အချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ နာမည်ကြီးဘုရားများဖြစ်သည့် ဗူးဘုရား၊ လောကနန္ဒာ၊ အာနန္ဒာ၊ ရွှေစည်းခုံအစရှိသော နာမည်ကြီးစေတီတို့တွင် နိုင်ငံခြားသားဧည့်သည်များ အသုံးပြုနိုင်မည့် အဆင့်မြင့် သန့်စင်ခန်းများကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့နှင့် ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနတို့မှ ပူးပေါင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

Wednesday, September 07, 2011

ပဲခူး ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်း ပြန်လည်စတင်မည့်အစီအစဉ်ရှိကြောင်း သိရ

ပဲခူးတိုင်းဒေသကြီးမှ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်း ပြန်လည်စတင်မည့် အစီအစဉ်ရှိကြောင်း လေဆိပ်အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရပါသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းအတွက် ၁၉၉၄ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် မန္တလေးလေဆိပ် တိုးချဲ့တည်ဆောက်မည့် စီမံကိန်းနှင့်အတူ ပန္နက်ရိုက်ခဲ့ကြောင်း သိရသည်။ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်အား တိုးချဲ့တည်ဆောက်ခဲ့သော်လည်း ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းမှာမူ တည်ဆောက်ဖြစ်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ-ထင်ပေါ်(ပဲခူး)
ဟံသာဝတီလေဆိပ်အား အမေရိကန်ဒေါ်လာ ၁၆၅၃ ဒသမ ၅၁ သန်း အကုန်အကျခံကာ တည်ဆောက်ရန် စီစဉ်ခဲ့သော်လည်း အကြောင်းကြောင်းကြောင့် တည်ဆောက်နိုင်ခဲ့ခြင်းမရှိဘဲ လက်ရှိတွင်မူ နိုင်ငံတကာ ခရီးသွားလာမှု အနေအထားအရ ဟံသာဝတီ လေဆိပ်စီမံကိန်းအား ပြန်လည်စတင်မည့် အစီအစဉ်ရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၏ ပြောကြားချက်အရ သိရှိရသည်။

"ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တိုးတက်လာနိုင်တဲ့ ခရီးသွားအနေအထားတွေကို ကြည့်ပြီး ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တည်ဆောက်ဖို့ ကျွမ်းကျင်ပညာရှင်တွေ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်လေဆိပ်ဟာ ခရီးသွားတစ်စတစ်စ များလာရင် အများကြီးချဲ့ဖို့မဖြစ်နိုင်ဘူး။ လေဆိပ်ဧရိယာပိုင်းရော၊ လေကြောင်းပျံသန်းမှုပိုင်းမှာပါ အဆင်ပြေမယ့် ဟံသာဝတီလေဆိပ်ကို တည်ဆောက်ဖို့လုပ်ခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် မဆောက်နိုင်ခဲ့ဘူး။ အခု ဒီလေဆိပ်စီမံကိန်း ပြန်စတင်ဖို့ အစီအစဉ်ရှိတယ်လို့သိရတော့ ကောင်းပါတယ်"ဟု မြန်မာ့လေကြောင်းမှ ၀ါရင့်လေယာဉ်မှူးကြီးတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။


မြန်မာနိုင်ငံသို့  ပြည်ပခရီးသည်ဝင်ရောက်မှုကို တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်ဝင်ရောက်နိုင်ရန် မျှော်မှန်းပြင်ဆင်ထားမှုများရှိပြီး ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းမှာလည်း တစ်နှစ်ထက်တစ်နှစ် တိုးတက်လာနိုင်သည့် ခရီးသွားအနေအထားအရ နောင်သုံးနှစ်နှင့် လေးနှစ်အတွင်း အကောင်အထည်ဖော်ရန်ရှိကြောင်း ပို့ဆောင်ရေးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၏ ပြောကြားချက်အရ ထပ်မံသိရှိရသည်။

Source : News-Eleven

Monday, September 05, 2011

မန္တလေးမှမင်းကွန်းသို့ ပြည်ပခရီးသွားဧည့်သည် သွားလာမှုလွယ်ကူရေးအတွက် နိုင်ငံခြားသားခရီးသည် ပို့ဆောင်ရေးယာဉ်စီးရေ တိုးချဲ့သင့်

မန္တလေးမြို့သို့ လာရောက်လည် ပတ်သည့် ပြည်ပခရီးသွား ဧည့်သည်များသည် မရမ်းခြံမော်တော်ဆိပ်ရှိ ပြည်ပ ခရီးသွား ဧည့်သည် ပို့ဆောင်ရေး ရေယာဉ်အသင်းမှ မော်တော်များဖြင့် မင်းကွန်းသို့ ရာနှုန်းပြည့်နီးပါး သွားရောက် လည်ပတ်လေ့ရှိသော်လည်း ယခုနှစ်တွင် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ဧရာဝတီမြစ်ရေ တက်ချိန်ဖြစ်နေ၍ မြစ်ဆိပ်အတက်အဆင်းပြုလုပ်ရန် အခက်အခဲရှိသောကြောင့် သွားလာမှုနည်းပါးကြောင်း၊ ဧည့်လာများသည့် ဒီဇင်ဘာနှင့် ဇန်န၀ါရီတွင် ဧရာဝတီမြစ်ရေကျချိန်ဖြစ်၍ ဧည့်လာပို့နိုင်ကြောင်း ဧည့်လမ်းညွှန် တစ်ဦးက ပြောသည်။
မန္တလေးမှ မင်းကွန်းသို့ ပြည်ပခရီးသွားဧည့်သည်များ ပို့ဆောင်ပေးနေသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည် ပို့ဆောင်ရေး ရေယာဉ်အသင်းတွင် မော်တော် ၂၉ စီးသာရှိသည်။ ပြည်ပခရီးသည် အလုံးအရင်းနှင့် ၀င်ရောက်လာပါက ပြေးဆွဲသည့် မော်တော်အင်အားနှင့် လုံလောက်မည်မဟုတ်ဘဲ ထပ်မံတိုးချဲ့ရန် လိုအပ်ကြောင်း ပြောသည်။ မန္တလေးမှ မင်းကွန်းသို့ အသွားအပြန်ခရီးအတွက် နိုင်ငံခြားသား ခရီးသည် တစ်ဦးကို ကျပ် ၅၀၀၀ ကောက်ခံလျက်ရှိသည်။ စီးလုံးငှားလျှင် တစ်ဦးမှ သုံးဦးအထိ ကျပ် ၂၅,၀၀၀၊ သုံးဦး နှင့်အထက် ငှားလျှင်ကျပ် ၃၀,၀၀၀ ဖြင့် ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

မင်းသုတ

MAI မှ အောက်တိုဘာလတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်ခရီးစဉ်သစ် တိုးချဲ့ပျံသန်းမည်

အောက်တိုဘာလတွင် MAI ၏ ငါးစင်းမြောက်လေယာဉ် ရောက်ရှိမည်ဖြစ်ပြီး အဆိုပါလေယာဉ် ရောက်ရှိသည်နှင့်တစ်ပြိုင်နက် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်ခရီးစဉ်သစ်ကို တိုးချဲ့ပျံသန်းသွားမည် ဖြစ်ကြောင်း MAI ၏ Marketing မန်နေဂျာ မအေးမရသာက ပြောပြခဲ့သည်။

"ငါးစင်းမြောက်လေယာဉ်ရောက်တာနဲ့ ရန်ကုန်-ဆီယမ်ရိ- ဖနွမ်ပင် ခရီးစဉ်သစ်ကို စပျံမှာဖြစ်ပြီး လက်ရှိခရီးစဉ်တွေလည်း ခေါက်ရေတိုးပြေးဆွဲမှုတွေ လုပ်သွားမှာပါ"ဟု မအေးမရသာက  ဆိုပါသည်။ MAI ၏ငါးစင်းမြောက်လေယာဉ်အဖြစ် ခရီးသည် ၂၂၀ဦးဆံ့ Air Bus A 321 လေယာဉ်ရောက်ရှိမည်ဖြစ်ကာ ခရီးစဉ်သစ်တိုးချဲ့ပျံသန်းခြင်းနှင့် လက်ရှိပြေးဆွဲနေသည့် ခရီးစဉ်ခေါက်ရေများ တိုးမြှင့်ပျံသန်းခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်သည်။


Source : News-Eleven