Tuesday, April 28, 2009

ဇော်ဂျီဖောင့် ကောင်းမွန်စွာ ပေါ်အောင်လုပ်နည်း

မြန်မာလို Blog စရေးချင်တဲ့သူများအတွက် ကိုညီလင်းဆက် ရဲ့ How to assign Zawgyi-One font ကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

ပထမဆုံး ဘလော့ခ်ဂါ တန်းပလိတ်ထဲမှာ ဇော်ဂျီဖောင့်ကို Assign လုပ်ပေးရပါမယ်။ အဲဒီအတွက် သက်ဆိုင်တဲ့ CSS ကုဒ်ဒင်တွေ ရှိပါတယ်။ ကိုယ့်ပိုစ့်မှာ ဇော်ဂျီမြန်မာဖောင့် ကောင်းကောင်း ပေါ်စေချင်ရင် Post ဆိုတဲ့ နေရာကို လိုက်ရှာပါ။ ပြီးရင် အဲဒီအထဲမှာ Post Title ဆိုတဲ့ နေရာမှာ Zawgyi-One ဆိုတာကို ကြေငြာပေးရပါမယ်။ အောက်ကဟာက ကျွန်တော့ ဆိုဒ်က ပုံစံပါ။ ဖောင့်အရွယ်အစား ကတော့ ကိုယ်ကြိုက်သလို ပေးလို့ရပါတယ်။
.post-title {
margin:.25em 0 0;
padding:0 0 4px;
font-size: 15px "Zawgyi-One", Arial,Verdana, Zawgyi-One;
line-height:1.5em;
color:#6600cc;
}
ကိုယ်လိုချင်တဲ့ ဖောင့်အရွယ်အစားကို ချိန်ဆရပါမယ်။ အဲဒီလိုပဲ ကိုယ်ရေးတဲ့ ပိုစ့်တွေကို ကောင်းကောင်း ပေါ်စေချင်ရင် ဒီနေရာလေးတွေမှာ ထည့်လိုက်ပါဦး။

.post {
font-size: 11px "Zawgyi-One", Arial, Zawgyi-One;
}

.post div {
font-size: 11px "Zawgyi-One", Arial, Zawgyi-One;
}
အဲဒီထက် လွယ်တဲ့ နည်းကတော့ အခုမြင်နေရတဲ့ မြန်မာဘလော့ခ်များရဲ့ Sourcecode ကိုဖွင့်ကြည့်ပါ။ ပြီးရင် Edit>Find ကနေပြီးတော့ Zawgyi-One လို့ ရိုက်ပြီး ရှာပါ။ အဲဒီမှာ ရှာလို့ တွေ့သမျှ ကုဒ်ဒင်းကို ကူးယူပြီး ကိုယ့်ဘလော့ခ် တန်းပလိတ်ထဲမှာ ပြင်လိုက်ပါ။ အဲဒီလို ဖောင့်ကို မကြေငြာ ထားသရွေ့တော့ ကိုယ့်ဘလော့မှာ မြန်မာလို ရိုက်ပေမယ့် သူများတွေ မမြင်ရဘူးဆိုတာ သတိပြုစေလိုပါတယ်။

Monday, April 27, 2009

ဘလော့ခ်မြန်မာ ပြက္ခဒိန် လုပ်နည်း

မြန်မာ ပြက္ခဒိန် ကို ဘလော့ဂါများ အတွက် RSS version နဲ့ ဖော်ပြပေးလိုက်ပါတယ်။

RSS Feed: http://samerss.myanmarcalendar.com

Blogger.com ရဲ့ New version သုံးတဲ့လူတွေအတွက် နမူနာ

1) blogger.com တွင် Login ၀င်ပါ။

2) “Manage Your Blog” တွင် Layout ကိုနှိပ်ပါ။

3) Side bar ဘက်တွင် “Add Page Element” ကို နှိပ်ပါ။

4) Feed တွင် “Add To Blog” ကို နှိပ်ပါ (”Feed”-Add content from an RSS or Atom feed to your blog.)

5) “Feed URL” တွင် http://kowunnako.itmgmg.com ကို ထည့်သွင်းပါ။ “Continue” ကိုနှိပ်ပါ။

6) Title ကို သင်နှစ်သက်သလိုပြင်လို့ရပါသည်။ ပြီးလျှင် “SAVE CHANGES” ကို နှိပ်ပါ။
နေ့စဉ်နေ့တိုင်း မြန်မာပြက္ခဒိန်မှ ရက်စွဲများ အလိုအလျှောက် ပြောင်းလဲနေပါလိမ့်မည်။

Famous Pagoda From Myanmar (Burma)

ဖိုးဝန်းတောင်

ယင်းမာပင်မြို့နယ်တွင် သမိုင်းဝင် ဖိုလ်ဝင်တောင်နှင့် အင်ကြင်းတောင် တို့၌ သမိုင်းအရ ထင်ရှားသော ဘုရား၊ စေတီများအပါအ၀င် ဘုရားစေတီ(၁၈၅)ဆူ တည်ရှိပါသည်။ ဖိုလ်ဝင်းတောင် ဘုရားစေတီများ အတွင်းတွင် ရှေးလက်ရာ နံရံဆေးရေး ပန်းချီများ၊ ပန်းပု လက်ရာများအပြင် သစ်သား တံခါးများ တွင်လည်း ရှေးလက်ရာ ပန်းပုများကို အလှဆင်၍ ချယ်မှုန်း ထုလုပ် ထားသည်ကို တွေ့ရှိ နိုင်ပါသည်။ ယင်းမာပင် မြို့နှင့် (၇)မိုင် ခန့်အကွာတွင် တည်ရှိ ပါသည်။ ဖိုလ်ဝင်တောင် ဘုရား ပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း (၈)ရက်မှ လပြည့်နေ့အထိ စည်ကား သိုက်မြိုက်စွား ကျင်းပပါသည်။
(ဘုရား စေတီ အရေအတွက် မှာ ယခု မှတ်တမ်းတင် ထားသော အချက် အလက် များနှင့် ရှေးမှတ်တမ်း များပါ အချက် အလက်များ ကွဲပြား နေပါသည်၊ နှစ်ကာလ တိုက်စားမှု့ ကြောင့် ပျက်ဆီး ဆုံးရှုံးမှု များစွာ ရှိခဲ့ပါသည်။ ဘုရားစေတီများ အပါအ၀င် ဖိုးဝန်းတောင် သစ်တော ကြိုးဝိုင်း အတွင်း နေထိုင် ကြသော တိရစ္ဆာန် များ၏ ပျက်ဆီး ဆုံးရှုံးမှု့ သည် အများဆုံး ဖြစ်ခဲ့သည်။ အထူးသဖြင့် ယခင်က မျောက်များကို နေရာ အနှံ့ လက်ညှိုးထိုး မလွဲ တွေ့ရ သော်လည်း ယခု နောက်ပိုင်း တွင် အတော်ကလေး နည်းပါး သွားသည် ကို တွေ့ရ ပါသည်။ လူများနှင့် ယဉ်ပါးလွန်း နေပြီး ဖိုးဝန်းတောင် ဘုရား စေတီများ ကြားတွင် လှည့်လည် ကျက်စား နေကြသော မျောက်များအတွက် လျှပ်စစ်မီးများ တပ်ဆင်လိုက်စဉ်က ဆုံးရှုံးမှု့သည် အများဆုံး ဖြစ်ခဲ့ပြီး နောက်ပိုင်း တွင်လည်း တစ်တိတိ ကျဆင်းလျက် ရှိသည်။ ဖိုးဝန်းတောင်၏ ထူးခြားချက်မှာ ဖိုလ်ဝင်တောင် ဘုရားပွဲကာလ အတွင်း မျောက်များ လုံးဝ ပျောက်ကွယ် သွားတတ်ခြင်း ဖြစ်ပြီး ဘုရားပွဲ ပြီးလျှင် ပြန်ပေါ်လာ တတ်ခြင်း ဖြစ်ပါသည်၊ "ဖိုလ်ဝင်းတောင်ရှင်မ" က ဖွက်ထားသည် ဟု ကျွန်တော်တို့ ဒေသခံ များက ယူဆ ယုံကြည် ကြပါသည်။ "ဖိုးဝန်းတောင်" ဟု ခေါ်ကြ သော်လည်း အမှန်တကယ်မှာ ဖိုးဝန်းတောင် ဟူ၍ မရှိပါ။ တောင်များ အားလုံးကို စုပေါင်းပြီး ခေါ်လိုက်ခြင်း ဖြစ်ပါသည်။ ဖိုလ်ဝင်းတောင် တွင် ရှိနေသော တောင်များ၏ ပုံသဏ္ဍာန် မှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီး လျောင်းတော်မူ နေသည့် ပုံဏ္ဍာန် ရှိနေ၍ ထိုအချက် ကလည်း အနည်းငယ် ထူးခြား သည်ဟု ပြောနိုင် ပါသည်။

ဘုရားပေါင်း (၄၄၆၄၄၄)ဆူ ရှိသည်ကို စွဲ၍ "ရွှေလသာ ၀ါဝါ၀င်း" ဟု ထင်ရှားစွာ အမှတ်အသား ပြုရသော ဖိုးဝန်းတောင်သည် အောက်ချင်းတွင်းခရိုင် မုံရွာမြို့တစ်ဖက်ကမ်း ညောင်ပင်ကြီးဆိပ်မှ ၁၄ မိုင်အကွာ တွင် တည်ရှိသည်။ ပထ၀ီဝင် သဘောအရ မြောက်လတ်တီတွဒ် ၂၂ံ ၁၃' အရှေ၏လောင်ဂျီ တွဒ် ၉၄ံ ၅၈' တည်ရှိသည်။ တောင်တန်းသည် ပေ ၉၅၀ ကျော် အမြင့်ရှိသော တောင်စဉ်တောင်တန်း ဖြစ်၍ တောင်ရိုး၏ ဘေးတစ်ဖက်တစ်ချက်တို့တွင်လည်း မနက်လွန်းသော ချောက်ကမ်းပါးများ ကျောက်တုံး ကြီးများ ရှိသည်။ တောင်၏ ပတ်ပတ်လည်၌ ချောက်ကမ်းပါးများ ဖြစ်၍ တောင်ထိပ်တွင် ညီညာ၍ ကုန်ပြင် မြင့် သဏ္ဍာန် ရှိသည်။ ဖိုးဝန်းတောင်သည် ယင်းတောင်၏ အနောက် ဘက် တောင်ကမ်းပါးပြတ် တို့၌ တည်ထားသော ဘုရားများနှင့် ထုထွင်း ပြုလုပ် ထားသော ရှေးမြန်မာ ကျောက်ဆစ်လက်ရာများ ကြောင့် ကျော်ကြားခြင်း ဖြစ်သည်။

ရသေ့ရဟန်း သူတော်စင်တို၏ တရားအားထုတ်ရာ နိဗ္ဗန်ဖိုလ်ဝင်ရာ တောင်ဖြစ်သဖြင့် ဖိုလ်ဝင်တောင်ဟူ၍ လည်းကောင်း၊ ၀ိဇ္ဇာဇော်ဂျီတို့ ထွက်ရပ်အတွက် ဖိုထိုးရာ ဖိုဝင်ရာဖြစ်၍ ဖိုဝင်တောင်ဟူ၍ လည်းကောင်း၊ တောင်ပေါ်မှ ဘုရားများကို ဘုရင်နှင့်တကွ စစ်သည်ဗိုလ်ပါ အလုံးအရင်း တို့ ၀ိုင်းဝန်းတည်ထွင် ကုသိုလ်ပြုခဲ့ကြခြင်းကို အကြောင်းပြု၍ ဗိုလ်ဝန်းတောင်ဟူ၍ လည်းကောင်း အသီးသီးတွင်ရာမှ "ဖိုးဝန်းတောင်" ဖြစ်လာ သည်ဟူ၍ ဆိုကြလေသည်။

ဖိုးဝန်းတောင် သမိုင်းအဆိုရမူ သက္ကရာဇ် ၂၀၉ ခုနှစ်တွင် ဟင်္လဂပူရတိုင်း ပြူမင်းပြုံးမင်းခေါ် ဗန္ဓ၀မင်းသည် တိုင်းခန်း လှည့်လည် ယင်း ဤဖိုးဝန်းတောင်တန်း တည်ရာ အရပ်ဝန်းကျင်သို့ ရောက်ရှိလာရာ၊ တောင်နှင့် ၃ မိုင်ခန့် ကွာသော ယခု "မင်းစုကြီးရွာ" နေရာတွင် ချွေးတပ်စွဲ နေလေသည်။ ဖိုးဝန်းတောင် ဒေသ၏ အနေအထားနှင့် ကျောက်ဆောင် ကျောက်တုံးများကို ဘုရားထွင်းထု ပူဇော်ရန် ဗန္ဓ၀မင်းသည် ဆန္ဒပြင်းပြသည့်အလျောက် ဘုရင်မှအစ မိဖုရား မှူးမတ် စစ်ဗိုလ် စစ်သားအထိ တစ်ဦးလျှင် ဘုရား တစ်ဆူစီ ထွင်းထုလှူဒါန်း ကြရာမှ ဘုရားအဆူပေါင်း ၄၄၆၄၄၄ တည်ရှိ နေခြင်း ဖြစ်လေသည်။ စတင်ထုထွင်း လှူဒါန်းသော ဘုရားနှင့် လိုဏ်ဂူကြီး (၆) ခုမှာ -
(၁) ဆုတောင်းပြည့်
၂) ဆုတောင်းရ
၃) တတိုင်းပြည့်
၎) တင်းတင်းပြည့်
၅) သက်တော်ရှည်
၆) သက်တော်ရ ဟူ၍ ဖြစ်သည်။
ဘုရားလိုဏ်ဂူအတွင်း၌ မျက်နှာကျက် နံရံတို့တွင် မြန်မာ ရှေးပန်းချီများနှင့် စကားစိမ်းသားစုတ်တံ တမာစေးနှင့် ဖျော်ရသော သဘာဝ တွင်းထွက်ကျောက်ဆေးအိုးမှ ဆေးရောင်စုံများကို တွေ့ရှိ နိုင်သည်။ မာကျောသော ကျောက်သားကို နုနုရွရွ ပန်းခက် ပန်းကြွ နဖူးစည်းများ ထုထွင်းထားပုံမှာ အိန္ဒိယနိုင်ငံရှိ အဇန္တာလိုဏ်ဂူမှ လက်ရာများထက်ပင် ချီးကျူဖွယ် ဖြစ်သည်။ ဖိုးဝန်းတောင်ပေါ်ရှိ အခြားထင်ရှားသော ဂူလိုဏ်ဘုရား စသည်တို့မှာ (၄)ခန်းတွဲ အိမ်ကြီး (၄) လုံးစာခန့်ရှိ ကျောက်တုံးကြီးကို နန်းတော်ဟန် ထုလုပ် ထားသော "မိဖုရားကြီး လိုဏ်ဂူ"၊ တိုက်တန်းလျားကြီး သဖွယ် ဥမင်ကျောက်ဂူ အရှည်ကြီး ထွင်း၍ ယင်း အပေါ်၌ တည်ထားသော "လွမ်းစေတီ"၊ ကရမက်နံ့သာဖြူ တို့ကို အမှုန့် ပြုလုပ် အဂ္ဂတေ သရိုးကိုင်၍ တည်ထားသော "နံ့သာစေတီ" စသည်တို့ ဖြစ်သည်။

ဖိုးဝန်းတောင်မကြီးနှင့် တစ်ဆက်တည်းတွင် "နွားသိုးတောင်၊ လင်းနို့တောင်၊ ကျောက်တစ်လုံး တောင်၊ ဖန်ခါး တောင်နှင့် ရွှေဘတောင်" စသည်ဖြင့် တောင်မျာစွာရှိသည်။ တောင်တိုင်းတွင် ဘုရားနှင့် လိုဏ်ဂူများ ရှိသည်။ နွားသိုး တောင်တွင် ဗန္ဓ၀မင်းကြီး ၏ မိဖုရားကြီးက အရိမေတ္တယျ ဘုရားသခင် ပွင့်သည့်အခါ ကျောင်းတော် ဆောက်ရန် ရည်စူး၍ မြုပ်နှံထားသော ပစ္စည်းဥစ္စာများကို ရန်သူမျိုး ငါးပါး ဘေးမှ ကာကွယ် စောင့်ရှောက်ရန် ကျောက်နွားသိုးရုပ်တစ်ခု ထု ထားသည်။ ယင်းကို အစွဲပြု၍ "နွားသိုးတောင်" ဟုတွင်သည်။ ဗန္ဓ၀မင်း အသုံးတော်ခံ သူကြွယ်ကြီး ဘိုးရွှေဘသည် မူလ လိုဏ်ဂူများ အပြင် နောက်ဆက်တွဲ ထွင်းထု လှူဒါန်းခဲ့ရာ တောင်ကို "ရွှေဘတောင်"ဟု ခေါ်လျက် ရှိကြသည်။ ဖိုးဝန်းတောင် နှင့် ဆက်လျက် တောင်တန်း များအနက် ဖန်ခါးပင်များ အလွန်ပေါသည်ကို စွဲ၍ တွင်နေသော "ဖန်ခါးတောင်" သည် အမြင့်ဆုံး ဖြစ်သည်။

ဖိုးဝန်းတောင်တွင် ပုဂံခေတ် ရှေးကျသော လက်ရေးပါသည့် အုတ်ခွက်များကို တွေ့ရှိ ရသဖြင့် ပုဂံခေတ်ကပင် ဤတောင်၌ သာသနာရေး အဆောက်အအုံများ ရှိမည်ဟု ခန့်မှန်း နိုင်သည်။ တောင်ပေါ်တွင် သက္ကရာဇ် ၁၀၀၀ ကျော် ထိုးစာပါသည့် ခေါင်းလောင်း ၈ ခုရှိသည်။ ရှေးက ဖိုးဝန်းတောင်မှာ တရုတ်ပြည်မှ အိန္ဒိယသို့ သွားရာ ကုန်းလမ်းကျ သဖြင့် သာသနာ ပြန့်ပွားခဲ့ဟန် တူ၏။ ယခုတွေ့ရသော လက်ရာများကား နောက်ကျသော ခေတ်များမှ လက်ရာများ ဖြစ်ကြလေသည်။

ဖိုးဝန်းတောင် ဘုရားပွဲကို ယခုအခါ နှစ်စဉ် တန်ဆောင်မုန်း လတိုင်း ကျင်းပလျက်ရှိရာ ပွဲတော်လာ ပရိသတ် အထူး စည်းကား လှသည်။ ဖိုးဝန်းတောင်သို့ မုံရွာမြို့ တစ်ဖက်ကမ်းမှ ကားလမ်း ခရီးပေါက်သည်။

Ref: မြန်မာစွယ်စုံကျမ်း CD

အလောင်းတော်ကဿပ

မုံရွာခရိုင်၊ ကနီမြို့နယ်အတွင်း တည်ရှိသော အလောင်းတော်ကဿပ ဒေသသည် မုံရွာမြို့ တစ်ဘက်ကမ်း ညောင်ပင်ကြီးဆိပ်မှ မိုင် (၆ဝ) ကျော် ကွာဝေးပါသည်။ ယခုနှစ် တပို့တွဲ လပြည့်နေ့က အလောင်း တော်ကဿပ ပရိနိဗ္ဗာန်ပြုရာ စံကျောင်းတော် ကျောက်သားတံခါး ပွင့် ဟမှုဖြစ်စဉ်ကို ရန်ကုန်မြို့မှဘုရားဖူးလာရောက်သူ အမျိုးသမီးတစ်ဦး မှ မှတ်တမ်းတင်ဗီဒီယို ရိုက်ကူးနိုင်ခဲ့သည်ဟု ဆိုပါသည်။ ဒေသခံများ ၏ ကိုယ်တွေ့၊ ပြောပြချက်အရမူ အလောင်းတော်ကဿပတွင် နှစ်စဉ် တပို့တွဲလပြည့်နှင့် တပေါင်းလပြည့်နေ့များတွင် ထူးခြားမှုဖြစ်ပေါ်လေ့ ရှိကြောင်း သိရပါသည်။ ရှေးယခင်က အလောင်းတော် ကဿပသို့ ဘုရားဖူးသွားလိုလျှင် ခြေလျင်ခရီးသာရှိပြီး ယခုအခါ ပွင့်လင်းရာသီ တန်ဆောင်မုန်းလ မှ စတင်၍ တန်ခူးလသင်္ကြန် မတိုင်မီအထိ မော်တော်ယာဉ်များဖြင့် စိတ်ချမ်းမြေ့စွာ သွားလာနိုင်ပါပြီ။

မြေခင်းဧရိယာ ကျယ်ဝန်းသော ချောင်းမကြီးစခန်းတွင် ယာဉ်ရပ်နား၍ တစ်မိုင်ခရီးကို ခြေလျင် လျှောက်ရုံသာပင်။ အလောင်းတော်ကဿပ တွင် တည်းခိုစခန်းများ၊ စားသောက်ဆိုင်တန်းများ သီးခြားတည်ရှိပြီး အရှေ့ဘက်ယွန်းယွန်း မနီးမဝေးတွင် ကြေးပြာသာဒ်စံကျောင်းတော် ဖြင့် အလောင်းတော်ကဿပ ကိုယ်စားတော်အား ဖူးမြင်နိုင်သည်။ ကိုယ်စားတော်၏ ဦးခေါင်းတော် အောက်တည့်တည့် လိုဏ်ဂူအတွင်း မှာ အလောင်းတော်၏ ခြေတော်အစုံတည်ရှိသည်။ ဥာဏ်တော် (၁ဝ) တောင်ရှိပြီး အနောက်မြောက်ဆီသို့ ဦးခေါင်းထား၍ ပရိနိဗ္ဗာန်ပြုနေ ဟန် ရဟန္တာ ပုံသဏ္ဌာန်ဖြစ်ပါသည်။ မူလဒါယကာမှာ အဇာတသတ်မင်း ဟုဆိုကြသည်။

စံကျောင်းတော်မြောက်ဘက် အုတ်လှေကားငယ်အတိုင်း ဆင်းသွားပါက တောင်ခြေလျှိုထဲသို့ ရောက်ပါမည်။ ဝေဘူလ၊ ဝေဘာရ၊ သုနန္ဒရ တောင်သုံးလုံး ဆုံရာအရပ်ဖြစ်ပြီး ဝေဘာရတောင်အလယ်တွင် စံကျောင်းတော် တည်ရှိသည်။ သမိုင်းဟောင်းပေစာများ အဆိုအရ အလောင်းတော်ကဿပမထေရ်သည် ကောဇာသက္ကရာဇ် ၁၅၄ ခု၊ တပို့တွဲလပြည့်၊ အင်္ဂါနေ့၊ သက်တော် ၁၂ဝ၊ ဝါတော် သိက္ခာ ၅ဝ ပြည့်တွင် ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့သည်။ ဝေဘာရတောင် အလယ်ဗဟိုအတွင်းတွင် အလျား၊ အနံ၊ အမြင့် ၃၅ တောင်စီ စတုရန်းညီမျှသော ဂန္ဓကုဋီတိုက်တော်ရှိသည်။ တိုက်တော်အတွင်း ကြေးပြာသာဒ်ကြီးဖြင့် မြသလွန်ညောင်စောင်းပေါ်တွင် ရှင်မဟာကဿပသည် မြောက်သို့ ဦးခေါင်းပြုကာ လက်ယာနံတော်စောင်း၍ ပရိနိဗ္ဗာန်ပြုတော်မူပါသည်။ စံကျောင်းတော်တွင် အတောင် ၅ဝ စီခြား၍ ရွှေတံခါး၊ ငွေတံခါး၊ ကျောက်တံခါး ၃ တန် ဖြင့် ကာရံထားသည်။ အချို့ သမိုင်းတွင် အလောင်းတော်ဘေး၌ ထွန်းညှိထားသော ရွှေ၊ ငွေ၊ မြ၊ ပတ္တမြား ဖယောင်းတိုင် (၄) တိုင်အား ကုသိုလ်ရှင် အဇာတသတ်မင်းကြီးက အဓိဋ္ဌာန်ပြုခဲ့သဖြင့် အရိမေတ္တယျဘုရား ပွင့်တော်မူရာကာလ အလောင်းတော်ကဿပ တေဇောဓာတ်ကျွမ်းလောင်ပြီးမှ ငြိမ်းမည်ဟု ဆိုပါသည်။

တောင်သုံးလုံးဆုံရာ အောက်ခြေရှိ လိုဏ်အတွင်းမှ ကျောက်တံခါးကို စံကျောင်းတော်တံခါးဟု ဘုရားဖူးများက ယုံကြည်ကြပြီး အထက်ဘက်ရှိ ကိုယ်စားတော်အား လှူဖွယ်အမျိုးမျိုး ကပ်လှူကြ၍ ကျောက်တံခါးတွင်မူ အလောင်းတော်အား ရည်မှန်း၍ ရွှေသင်္ကန်းကပ်လှူခြင်း၊ ကျောက်တံခါးပွင့်ဟနေသောကြားမှ ဝတ္ထုနှင့် လက်ဝတ်ရတနာများ လှူဒါန်းကြလေ့ရှိသည်။

ထူးခြားမှုများ
လွန်ခဲ့သော နှစ် ၆ဝ ခန့်က ဆိုလျှင် ကျောက်တံခါးဝလိုဏ်ဂူအတွင်း၌ စံကျောင်းတော်ထဲသို့ စီးဝင်သော ချောင်းငယ်လေးရှိသည်။ ဆွမ်းတော်ပွဲကို ဖောင်ငယ်ပေါ်တင်၍ အဓိဋ္ဌာန်ပြုလှူဒါန်းပါက အောက်ဥမင်ဝတွင် လှူဖွယ်များ ပါမလာတော့ဟု သိရသည်။ ယခု အခါတွင်မူ ထိုချောင်းငယ်မှာ သဲများဖြင့် ပိတ်ဆို့သွား၍ ကွန်ကရစ်လျှောက်လမ်း ခင်းပေးထားပါသည်။ ထို့အတူ ကျောက်တံခါးရှေ့ သဲသောင်တွင် အဓိဋ္ဌာန်၍ ရွှေ၊ ငွေ မြှုပ်နှံပြီး မည်၍မည်မျှကိုဖြင့် အဆောင်အဖြစ် ပြန်စွန့်တော်မူပါဟု ဆုတောင်းလျှင် ပြန်၍ တူးဖော်သောအခါ ထိုပမာဏအတိုင်း ရရှိခဲ့သည်။ ယခုခေတ်တွင်လည်း ကျောက်တံခါးကြားတွင် ဝတ္ထုငွေကပ်လှူပြီး ဆောင်ထား လိုသောဆန္ဒဖြင့် ရှိခိုးဝတ်ပြုပြီးပါက ဆောင်ရမည့်ဝတ္ထုသာ ကျန်သောဖြစ်စဉ်များကို ကိုယ်တွေ့ကြုံသူများ အများအပြားရှိသည်။

ခြေတော်ရာ
ရှင်မဟာကဿပ မထေရ်ကြီးသည် မဏိပူရမှ တောင်သုံးလုံးဆုံရာအရပ်သို့ ကြွတော်မူရာတွင် မင်းကင်းမြို့နယ်၊ နှင်းကြီးရွာမှ (၄) မိုင်ခန့်အကွာ အညာလယ်ရွာတွင် ခြေတော်ရာတစ်ဆူ ချတော်မူခဲ့သည်။ ယခုအခါ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း တည်ရှိပြီး ခြေတော်ရာပေါ်မှ မြေပေါက်လိုဏ်စေတီ တည်ထားသည်။

သပိတ်ဆေးချောင်း
ပုထိုးလုံးချောင်းအနီးရှိ ချောင်းငယ်တစ်ခုမှာ ရှင်မဟာကဿပမထေရ် ဆွမ်းဘုဉ်းပေးတော်မူပြီး သပိတ်တော် ဆေးခဲ့လို့ “သပိတ် ဆေးချောင်း” ဟု ခေါ်သည်။ ချောင်းအတွင်း၌ ဆွမ်းလုံးသဏ္ဌာန်ကျောက်ခဲများ ယနေ့တိုင် တွေ့မြင်နိုင်သည်။

သင်္ကန်းလှန်းကျောက်ဖြာ
ဘုရားဝစခန်းအောက် (လေးမိုင်) အကွာရှိကျောက်ဖြာအနီးမှာ မထေရ်ကြီး အနားယူတော်မူပြီး ဘုရားရှင်နှင့် သင်္ကန်းချင်းလဲလှယ် ထားသော ပံ့သကူဒုကုဋ်နှစ်ထပ် သင်္ကန်းကြီးကို ကျောက်ဖြာပေါ်တွင် ဖြန့်လှန်းခဲ့သည်။ ကျောက်ဖြာပေါ်မှာ ဒုကုဋ်သင်္ကန်းအကွက် များနှင့် သင်္ကန်းအနားပတ်နေရာ အကွက်များ ယနေ့တိုင်ထင်ကျန်နေပါသည်။

ကျီးဖိုနှင့်ကျီးမ
အလောင်းတော်ကဿပ မရောက်မီ ချောင်းမကြီးစခန်းရှိ သစ်ပင်ကြီးများပေါ်မှ ကျီးဖို၊ ကျီးမ နှစ်ကောင်တို့သည် ဆီးကြို နှုတ်ဆက်ဟန်ပြုကြပြီး ဘုရားဖူးလာသူတို့ရှေ့ မှလမ်းပြပျံသန်းသည်ကို အခေါက် တိုင်းကြုံဖူးသူများရှိပါသည်။

ကျောက်တံခါးဖွင့်၍ ဖူးခွင့်ရခဲ့သူများ
ကနီမြို့နယ်၊ ယာကြီးအုပ်စု၊ ရွာမကျေးရွာမှ မောင်ထွန်းကြိုင်၊ မောင်ကျော်၊ ဒေါ်မိဒေါင်း၊ ဒေါ်ကြွားတင် စသူတို့ပါဝင်သော (၁ဝ)ဦး အဖွဲ့သည် လွန်ခဲ့သောနှစ် ၃၀ (၁၃၄ဝ ခု၊ တပေါင်းလပြည့်ကျော် ၂ ရက်၊ နံနက် ၈ နာရီ) က အလောင်းတော်ကဿပအောက် လိုဏ်ဂူကျောက်တံခါးဝတွင် ဖူးမြော်နေကြသည်။ ထိုသူတို့ရှေ့၌ အလွန်ကြည်လင်တောက်ပသော အလင်းရောင်အလုံးတစ်လုံး ပေါ်လာကာ တဖြည်းဖြည်းငယ်ရာမှကြီးလာပြီး လိုဏ်ဂူကြီးတစ်ခုလုံး လင်းထိန်သွားသည်။ ရှေးဦးစွာ အလောင်းတော်၏ခေါင်းရင်း ဘက်မှ ရွှေစေတီတစ်ဆူပေါ်လာပြီး မကြာမီ အလောင်းတော်အစစ်အား ကျောဘက်မှ ဖူးမြင်ခွင့်ရခဲ့ကြသည်။

တောပွဲ၊ မြို့ပွဲ
အလောင်းတော်ကဿပမှာ အစည်ကားဆုံးပွဲတွေက တပို့တွဲလပြည့် ထမနဲစတုဒီသာပွဲနှင့် တပေါင်းလပြည့် ဆွမ်းဆန်စိမ်း လောင်း လှူပွဲတို့ဖြစ်သည်။ ထမနဲပွဲတွင် မြန်မာနိုင်ငံအရပ်ရပ်မှ ကားကြီးကားငယ် အသွယ်သွယ်ဖြင့် လာရောက်ကြသော မြို့ပွဲဖြစ်သည်။ တပေါင်းလပြည့်တွင်မူ မင်းကင်း၊ ကနီ၊ ယောဒေသများမှ ခြေလျင် ဘုရားဖူးလာကြသူများ၏ ပွဲဖြစ်သည်။ သံဃာတော်များအား ဘုရားဖူးများက အောက်လိုဏ်ဂူမှ အထက်လိုဏ်ဂူအထိ တန်းစီ၍ ရေသိမ်အပြီးတွင် လှူဖွယ်များ လောင်းလှူလေ့ရှိသည်။ မွန်းလွဲ (၁) နာရီကျော်ခန့်တွင် အောက်လိုဏ်ဂူ အဝင်ဝဘယ်ဘက်ဘေးရှိ ဂူအတွင်းတွင် အလင်းရောင်အလုံးအရွယ်စုံ ကူးယှက်လှုပ်ရှား သည်ကို ယနေ့တိုင်နှစ်စဉ် တပေါင်းလပြည့် မွန်းလွဲ ၁ နာရီမှ ၂ နာရီအတွင်းတွင် မိနစ်ပိုင်းခန့်မြင် တွေ့ရမြဲဖြစ်သည်။

သဒ္ဓါတရား ထက်သန်သူတို့၏ ယုံကြည်မှုကြီးမားချက်အရ အလောင်းတော်ကဿပ ဘုရားဖူးရာတွင် ထူးခြားစွာ ဖြစ်ပေါ်မှုများကို နှစ်စဉ် တပို့တွဲလပြည့်နှင့် တပေါင်းလပြည့်နေ့များ၌ ဖူးမြင်နေရဆဲဖြစ်ပါသည်။

စကားချပ် ။ ဤစာများအားလုံးကို “ခွပ်ဒေါင်းမြေ ဘလော့” မှ ကူးယူတင်ပြထားခြင်း ဖြစ်ပါသည်။ အလောင်းတောက်ကဿပ ကို ဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အတွေးအမြင်နဲ့ အတွေ့အကြုံများမှ ချဉ်းကပ်ရေးသားထားခြင်း ဖြစ်တဲ့အတွက် သိမှတ်စရာအချို့ ပါဝင်နေသောကြောင့် ကူးယူတင်ပြခြင်း ဖြစ်ပါသည် ကျွန်ုပ် သွားရောက်စဉ်က အတွေ့အကြုံများကိုတော့ နောက်အသစ်တင်မည့် ပို့စ်များတွင် ဆက်လက်ဖော်ပြပါမည် ယခု ကျွန်ုပ်ကိုယ်တိုင် ရိုက်ကူးလာခဲ့သော ဓါတ်ပုံများကိုသာ ဦးစွာ ဖော်ပြထားပါသည်။

လင်းလင်း


Alaung Daw Katapha Trip