Tuesday, August 21, 2012

မြန်မာ့လေကြောင်း လေယာဉ် လက်မှတ်များအား အွန်လိုင်းမှ တဆင့် ၀ယ်ယူနိုင်ပြီ


ပို့ဆောင်ရေး ၀န်ကြီးဌာန၊ မြန်မာ့ လေကြောင်းမှ လေယာဉ် လက်မှတ်များကို အွန်လိုင်းမှ တဆင့် e-Ticketing System နဲ့ စတင် ၀ယ်ယူနိုင်ပြီ ဖြစ်တယ်လို့မြန်မာ့ လေကြောင်းမှ တာဝန် ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အဆိုပါ e-Ticketing System နဲ့ ၀ယ်ယူမှုဟာ မြန်မာ့ စီးပွားရေး ဘဏ်မှာ အီလက်ထရောနစ် အကောင့်ရှိတဲ့ လူတိုင်း လေယာဉ် လက်မှတ်များကို စတင် ၀ယ်ယူနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ့ လေကြောင်း e-Ticketing များကို ၀ယ်ယူပါက www.myanmaairways.aero မှာ ၀င်ရောက် ရမှာဖြစ်ပြီး အဆိုပါ ၀က်ဘ်ဆိုက်ရှိ Flight Schedule menu ကိုနှိပ်ပြီး မြန်မာ့ လေကြောင်းမှ တင်ပြထားသော Flight Schedule များမှ မိမိသွားလိုတဲ့ ခရီးစဉ်ကို ရွေးချယ်ကာ ၀ယ်ယူရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အဆိုပါ လက်မှတ် ၀ယ်ယူမှုတွေ ကိုတော့ အီလက်ထရောနစ် အကောင့် ရှိသူများသာ ၀ယ်ယူနိုင်မှာ ဖြစ်ပြီး ယခုလက်ရှိ မြန်မာ့ စီးပွားရေး ဘဏ်မှာ အီလက်ထရောနစ် အကောင့် ဖွင့်လှစ်ထားသူ နှစ်ထောင် ကျော်သာ ရှိတယ်လို့ သိရပါတယ်။

ဒါ့ပြင် မြန်မာ့ လေကြောင်းမှ မာကက်တင်း ကောင်းမွန်ရေး အတွက် အီလက်ထရောနစ် ထရန်စဖာ ပြုလုပ်နိုင်မယ့် အခြား ပုဂ္ဂလိက ဘဏ်များနဲ့လည်း ယခုလ အတွင်းမှာ ညှိနှိုင်း ဆွေးနွေးမှု များပြုလုပ်မှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး MPU မှဘဏ်လုပ်ငန်း တွေမှာ စတင် အသုံးပြုမယ့် Debit Card နဲ့ Credit Card များ စတင် အသုံးပြုလာ ပါကလည်း E-Tacketing စနစ်နဲ့ ဆက်စပ် အသုံးပြုနိုင်ဖို့ဆာင်ရွက် သွားမှာ ဖြစ်တယ်လို့ သိပါတယ်။

Monday, August 13, 2012

နေပြည်တော်ဟိုတယ်သုံးလုံး လေးကြိမ်သူခိုးခိုးခံရ

နေပြည်တော်ရှိ ဟိုတယ်သုံးလုံးမှာ လေးကြိမ်တိုင် သူခိုးခိုးခံရပြီး အဆိုပါခိုးယူသူများကို ယခုလ သုံး ရက်နေ့တွင် ဖမ်းမိခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းက သြဂုတ် ၈ ရက်တွင် ပြောကြားသည်။ “ဇမ္ဗူသီရိဘက်က ဟိုတယ်နှစ် လုံးရယ်၊ ဥတ္တရသီရိဘက်က ဟိုတယ်တစ်လုံးပါတယ်။ ဟိုတယ်တစ်လုံးက နှစ်ကြိမ်သူခိုးခိုးခံရတယ်”ဟု အထက်ပါ ပုဂ္ဂိုလ်ကဆိုသည်။ 

နေပြည်တော်ရှိ ဟိုတယ်များ သူခိုးခိုးခံရပြီးနောက် တာဝန်ရှိသူ များက သြဂုတ် ၇ ရက်တွင် နေပြည် တော်ကောင်စီ၌ အစည်းအဝေးပြု လုပ်ခဲ့ပြီး ဟိုတယ်များ၏လုံခြုံရေး အပိုင်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ ကြောင်း ယင်းကပြောသည်။ “ခိုးတဲ့သူကပဲ ပြန်ပြီး ဖော်ထုတ်ခဲ့တယ်။ ဘယ်ဟိုတယ်ကတော့ ကပ်လို့မရဘူး။ ဘယ်ဟိုတယ်ကတော့ ရတယ်။ ခိုးသွားတဲ့ ပစ္စည်းတွေကိုလည်း  တော်တော်များများ ပြန်ရပါတယ်။ နိုင်ငံခြားသားပစ္စည်းတွေရယ်။ သံတမန်ပစ္စည်းတွေလည်း ပါဝင်တယ်”ဟု ဦးအောင်ဇော်ဝင်းကဆိုသည်။

လုံခြုံရေးပိုင်းအားနည်းမှုကြောင့် ဟိုတယ်များ သူခိုးခိုးခံရကြောင်း ထို့ ကြောင့် ၀န်ထမ်းများလုံခြုံရေး အသိရှိရန် လိုအပ်ကြောင်း ယင်းပုဂ္ဂိုလ်က ဆိုသည်။ ပြီးခဲ့သည့်လကလည်း ဟိုတယ်/ခရီးမှ တာဝန်ရှိသူများမှ နေပည်တော်ရှိ ဟိုတယ် ၃၁ လုံးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဟိုတယ်များ၏ လုံခြုံရေးပိုင်းနှင့် ပတ်သက်၍ လူလုံခြုံရေး၊ ပစ္စည်းလုံခြုံရေး၊ ခြံစည်းရိုးကာရံရေး၊ လုံခြုံရေးကင်မရာ (CCTV) များ တပ်ဆင်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်လှ

Source : The Myanmar Post

FDI ဟိုတယ်မှ နိုင်ငံခြားသားအထွေထွေမန်နေဂျာ တစ်ဦးအား စတင်အရေးယူ

နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုပြုထားသော ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်လုံးမှ နိုင်ငံခြားသား အထွေထွေ မန်နေဂျာတစ်ဦးအား စတင်အရေးယူမှု ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက သြဂုတ် ၈ ရက်တွင် ပြောကြားသည်။

“အဲဒီနိုင်ငံခြားသားကို ဗီဇာသက်တမ်း ထပ်မပေးတော့ပါဘူး။ ကျူးလွန်ခဲ့တဲ့အတွက် အခုလိုအရေးယူမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်”ဟု ယင်းကဆိုသည်။ ယခုကဲ့သို့ အရေးယူမှု မပြုလုပ်မီ ဇွန်လအတွင်းက နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဟိုတယ်များမှ အထွေထွေမန်နေဂျာ၊ တာဝန်ခံများနှင့် တွေ့ဆုံခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြုထားသော ဟိုတယ်များအား လိုက်နာရမည့် ညွှန်ကြားချက် (၅) ရပ်နှင့် ယင်းညွှန်ကြားချက်များအား လိုက်နာခြင်းမရှိပါက နည်းလမ်း (၇) ခု ဖြင့် အရေးယူမှုဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကနဦးအနေဖြင့် ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့ ပြီးဖြစ်ကြောင်းသိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံထားသည့် ဟိုတယ်များ၏ Standard အခန်းများအားအမေရိကန်ဒေါ်လာ  ၁၅၀ အထက် မကျော်လွန်ရန် ဟို တယ်/ခရီးဌာနမှ အသိပေးထားပြီး ဖြစ်ကြောင်း၊ အဆိုပါဟိုတယ်သည် ယင်းအချက်အား ဖောက်ဖျက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ အရေးယူမှုပြု လုပ်ခဲ့ရခြင်း ဖြစ်ကြာင်း ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းကပြောသည်။

“Standard အခန်းကို ဒီဈေးထက် မတက်ဖို့ ညွှန်ကြားထားတယ်။ ဒီနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံသူက ဒီနိုင်ငံရဲ့စည်းကမ်းကို လိုက်နာရမယ်လေ။ မလိုက်နာရင် သူ့မှာအပြစ်ရှိတယ်”ဟု မြန်မာနိုင်ငံဟိုတယ် ဆိုင်ရာလုပ်ငန်းရှင်များအသင်း (MHA) မှ ဥက္ကဋ္ဌ ဦးရန်ဝင်းကဆို သည်။
ယဉ်ယဉ်လှ

Source : The Myanmar Post

Tuesday, July 31, 2012

ပြည်တွင်း ဟိုတယ်ပေါင်း ၇၃၀ အား Call Center မှ ချိတ်ဆက်ကာ Reservation ပြုလုပ်နိုင်

ပြည်တွင်း နေရာအနှံ့ရှိ ဟိုတယ်ပေါင်း ၇၃၀ အား Call Center နှင့် ချိတ်ဆက်၍ Reservation ပြုလုပ်နိုင်ရန် စတင်ဆောင်ရွက်လိုက်ကြောင်း သိရသည်။ အဆိုပါ ဟိုတယ် Reservation ပြုလုပ်ခြင်းကို ရန်ကုန်၊ မန္တလေး၊ ပုဂံ လေဆိပ်များတွင်ပါ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပြုလုပ်လိုသူများ အနေဖြင့် ဖုန်းနံပါတ် ၁၈၇၅ သို့ ဆက်သွယ်ရမည်ဖြစ်ကြောင်း သိရသည်။ “မြန်မာနိုင်ငံသားတွေ၊ နိုင်ငံခြားသားတွေကို ဟိုတယ်၊ Guest House များမှာ Booking လုပ်ပေးမှာ ဖြစ်ပါတယ်။ အဲဒါအပြင် ဘာသာစကား မျိုးစုံအတွက် Tour Guide တွေ ငှားရမ်းနိုင်မှာ ဖြစ်ပါတယ်” ဟု Blue Ocean Operation Management ကုမ္ပဏီမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။ ဟိုတယ်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ဟိုတယ်များ၏ ဖုန်းနံပါတ်များ၊ လိပ်စာများ ဖြေကြားပေးခြင်းကို ၂၄ နာရီ ဆောင်ရွက်ပေးနိုင်သည်ဟု သိရသည်။ ဟိုတယ် Reservation ဝန်ဆောင်မှုတွင် ပထမဦးစားပေး အနေဖြင့် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ နေပြည်တော်၊ တောင်ကြီး၊ အင်းလေး၊ ပုပ္ပါး စသည့်မြို့များရှိ ဟိုတယ်များတွင် Reservation ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ “Call Center နှင့် ချိတ်ဆက်ပြီးသား ဟိုတယ်တွေကို ဒီကနေ ချိတ်ဆက်ပေးတာ ဖြစ်ပါတယ်။ ဟိုတယ်ကို တိုက်ရိုက် ချိတ်စရာမလိုပဲ Call Center ကတစ်ဆင့် ဝန်ဆောင်မှုပေးတာ ဖြစ်ပါတယ်” ဟု Call Center မှ ဖြေကြားသည်။ Customer Relationship Management (CRM) စနစ်ကိုလည်း ထားရှိပြီး ၎င်းစနစ်မှ တစ်ဆင့် မိမိဧည့်သည်များ၏ Profile များကို ကြည့်ရှုကာ လိုအပ်ချက်များကို သိရှိနိုင်မည်ဟု ဆိုသည်။ ဟိုတယ် Reservation ပြုလုပ်လိုသူများ အနေဖြင့် Call Center သို့ ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် ၁၀၀ ကျပ် ကျသင့်မည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ် ၂ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
Source : Khit Lu Nge

Wednesday, July 25, 2012

မြန်မာပြည်ကဆင်တွေ ထိုင်းနိုင်ငံကို ခိုးထုတ်နေ


(ဓာတ်ပုံ- EFU အဖွဲ့က လျှို့ဝှက် ရိုက်ကူးထားသော မှတ်တမ်းရုပ်ရှင်မှ ရယူဖော်ပြပါသည်။)
မြန်မာနိုင်ငံက ဆင်များ ထိုင်းနိုင်ငံကို ခိုးထုတ်နေသောပုံ ဖြစ်ပါသည်။
 

မြန်မာနိုင်ငံက ဆင်တွေ တစ်နှစ်ကို အကောင် ၅၀ ကနေ ၁၀၀ ကြား ထိုင်းနိုင်ငံကို ခိုးထုတ်ခံနေရတယ်လို့ Ecologist Film Unit (EFU) ဆိုတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ဒီကနေ့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။ ထိုင်းနိုင်ငံက ကမ္ဘာလှည့်ခရီးသည်တွေ ကြည့်ဖို့ ပြုလုပ်ထားတဲ့ ဆင်စခန်းတွေကို ပို့ဆောင် ရောင်းချခြင်းအားဖြင့် ဒီလုပ်ငန်း ဖြစ်ထွန်းတွင်ကျယ် နေတယ်လို့ ဆိုပါတယ်။
ဒီအကြောင်း EFU အဖွဲ့က လျှို့ဝှက် ရိုက်ကူးထားတာတွေကို အခု မှတ်တမ်း ရုပ်ရှင်အဖြစ် ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။  မှောင်ခို ခိုးထုတ်နေတဲ့ ဆင်တွေမှာ ဆင်ပေါက်လေးတွေနဲ့ ဆင်မကလေးတွေ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။ ဆင်လေးတွေ ဖမ်းတဲ့အခါမှာလည်း ဆင်ကြီးတွေရဲ့ ရန်ကနေ အကာအကွယ်ရအောင် ဖမ်းဆီးသူတွေက မောင်းပြန်သေနတ်တွေ အသုံးပြုသလို ယဉ်ပါးအောင် လုပ်တဲ့အခါမှာလည်း အလွန်အကျွံ နှိပ်စက် ညှင်းပမ်းတာတွေ ရှိတယ်လို့လည်း EFU အဖွဲ့က ပြောဆိုပါတယ်။  ဒါကြောင့် ထိုင်းနိုင်ငံမှာ လာမယ့်နှစ် ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ တောရိုင်းတရိစ္ဆာန်နဲ့ သဘာဝ ပန်းမန် ကူးသန်း ရောင်းဝယ်မှုဆိုင်ရာ ညီလာခံ မတိုင်ခင် ဆင်မှောင်ခို လုပ်ငန်းကို နှိမ်နင်းခြေမှုန်းဖို့ တက်ကြွလှုပ်ရှားသူတွေက ထိုင်းအစိုးရကို တောင်းဆိုနေကြတယ်လို့ ဆိုပါတယ်။


Source: RFA Burmese