ဒီခေါင်းစဉ်ကို တွေ့လိုက်လို့ ကျွန်တော့်ကို ဂေါက်သွားပြီလားလို့ မထင်လိုက်ပါနဲ့ ကျွန်တော် ပလန်းနက်က သူငယ်ချင်းတွေနဲ့ အတူတူ ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံမှာ အလှူသွားလုပ်ခဲ့ကြတဲ့အကြောင်းကို ပြောပြချင်တာပါ။ ကျွန်တော် ပလန်းနက်က သူငယ်ချင်းတွေနဲ့ အပြင်မှာ မဆုံဖြစ်တာ သုံးနှစ်လောက်ရှိပါပြီ ဒီအတောအတွင်းမှာ သတိတရနဲ့ ဟိုအရင်တုန်းက အတူသွားလာခဲ့ပြီး အလှုတွေလုပ်ခဲ့တာ၊ တွေ့ဆုံဖြစ်ခဲ့တာတွေ ကိုလည်း အမှတ်ရနေခဲ့ပါတယ်။ အဲဒီ့ထဲကမှ ၂၆ ရက် ၃ လပိုင်း ၂၀၀၆ ခုနှစ်တုန်းက ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံကို ပလန်းနက်က သူငယ်ချင်းတွေ စုပေါင်းပြီး အလှုသွားလုပ်ခဲ့တဲ့ ခရီးစဉ်တစ်ခုကို မှတ်မှတ်ရရရှိနေဆဲမို့ သူငယ်ချင်းတွေကို လွမ်းဆွတ်စွာနဲ့ ဒီပို့စ်လေးကို ရေးဖြစ်ခဲ့တာပါ။ ဒီအလှူ လုပ်ဖြစ်ခဲ့တာကတော့ ပလန်းနက် တီးရှော့က သူငယ်ချင်းတွေ၊ မြန်မာချက်က သူငယ်ချင်းတွေနဲ့ ပြည်ပက သူငယ်ချင်းတွေ အတော်များများ ထည့်ဝင်ခဲ့ကြတဲ့ အလှုငွေတွေနဲ့ စီစဉ်နိုင်ခဲ့တာပါ။ ကောက်ခံရရှိခဲ့တဲ့ အလှူငွေထဲကမှ တစ်ဝက်ကို ထောက်ကြံ့ မိဘမဲ့ကျောင်းကို လှူဒါန်းခဲ့သလို ကျန်ရှိတဲ့ငွေကို ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံကို သွားလှုကြတာပါ။ ထောက်ကြံ့ မိဘမဲ့ကျောင်းအလှူ အကြောင်းကိုတော့ ကျွန်တော် ရှေ့က ပို့စ်တစ်ခုမှာ ထောက်ကြံ့ မိဘမဲ့ကလေးကျောင်း ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားခဲ့ပြီးပါပြီ။
စိတ်ကျန်းမာရေးဆေးရုံ အလှူ ဂုဏ်ပြုလက်မှတ်
ရွာသာကြီးကို အလှူခရီးရှိတဲ့အကြောင်းကိုတော့ ကျွန်တော်ကနေ Forward Mail နဲ့အားလုံးကို အကြောင်းကြားဖြစ်ပါတယ်။ ထုံးစံအတိုင်း အားလုံးက ဦးညိုလို့ခေါ်ကြတဲ့ ဘားလမ်းထဲက Mr. Brown ကော်ဖီဆိုင်မှာ မနက် ၈ နာရီမှာဆုံဖို့ ချိန်းထားကြပါတယ်။ မနက် စောစာထပြီး ဦးညိုကိုရောက်တဲ့အခါမှာတော့ သူငယ်ချင်းအတော်များများ စုံနေပါပြီ။ အဲဒီ့နေ့က အလှုခရီးမှာ လိုက်ပါခဲ့တဲ့ သူငယ်ချင်းတွေကတော့ ကိုဟန်၊ ကိုဗျာလေး (Daddy)၊ ကိုဗိုင်းရပ်၊ Eleven၊ ကိုထက်၊ ကိုထက်သူငယ်ချင်း၊ ယန်ယန်၊ ပူစီ နဲ့။ မိန်းကလေး သူငယ်ချင်းတွေ ဖြစ်တဲ့ ပူတူး၊ ရုပ်ဆိုးမ၊ မကေ၊ အိန်ဂျယ်၊ အိန်ဂျယ်ရဲ့ညီမ၊ ညီမလေးဖြူ၊ မိုးမခ နဲ့ မိုး တို့ပါ။ ကျန်တဲ့ သူငယ်ချင်းတွေကတော့ မအားလပ်တာမို့ မပါလာပါဘူး။ လူစုံပြီဆိုတော့ အားလုံး ရွာသာကြီးကိုသွားဖို့ စီစဉ်ထားတဲ့ ပထမအစီအစဉ်ကတော့ ရန်ကုန်ဘူတာကြီးကို အားလုံး စကားတပြောပြောနဲ့ လမ်းလျှောက်ကြပါတယ်။ ဒီလိုနဲ့ ဘူတာကြီးကိုရောက်တော့ ကိုဗိုင်းရပ်နဲ့ ကိုဟန်တို့က ရထားလက်မှတ် ၀ယ်ကြပါတယ်။ ရွာသာကြီး တက္ကသိုလ်ကိုသွားတဲ့ ရထားကတော့ မရောက်သေးတာနဲ့ ဘူတာမှာပဲ စောင့်နေကြရသေးတယ်။ ပူစီကတော့ ဓါတ်ပုံတွေ လိုက်ရိုက်နေပါတယ်။ အဲဒီထဲက ဓါတ်ပုံတစ်ချို့ကို တင်ပေးလိုက်ပါတယ်။
ရွာသာကြီးရထားစောင့်နေကြစဉ်
ရထားပေါ်တွင် အမှတ်တရ
Internet Journal စိတ်ဝင်စားနေတဲ့နှစ်ယောက်
ရထားရောက်တဲ့အခါမှတော့ အားလုံး ရထားပေါ်မှာ နေရာယူကြတာပေါ့။ သေချာနေရာ ယူပြီးတဲ့အခါမှာတော့ ဒီရထားက ရွာသာကြီးသွားတဲ့ရထား မဟုတ်ဘူးဖြစ်နေလို့ အားလုံးပြန်ဆင်းကြရသေးတယ်။ နောက်ထပ် ၁၀ မိနစ်လောက်နေမှ ရွာသာကြီးသွားတဲ့ရထားက ရောက်လာတော့တယ်။ ဒီတစ်ခါတော့ မလွဲတော့ပါဘူး လူမှန် နေရာမှန်ပေါ့။ ကားစပါယ်ရာတွေပြောတဲ့ အလယ်မှာ ဆင်ကကလို့ရတယ်တို့၊ ဘောလုံးကန်လို့ရတယ်တို့ လိုပေါ့ ရထားပေါ်မှာဘယ်လောက် လူများလဲဆိုတော့ ကိုဟန်၊ Eleven၊ ယမ်ယမ်တို့ ဘောလုံးကန်ကြသေးတယ်။ အားလုံးထဲမှာက ကိုဟန်က အငယ်ဆုံးလိုဖြစ်နေတယ် (ကလေးတွေနဲ့အပြိုင်ပေါ့)။ ကိုဗျာလေးကတော့ အလွတ်မပေးပဲ သူ့ကမရာလေးနဲ့ မှတ်တမ်းလိုက်တင်နေတယ်။ ကျွန်တော်ကတော့ ပွဲကြည့်ပုရိသတ်ပေါ့။ သူတို့နဲ့အတူဝင်တော့ မကန်တော့ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ကန်တဲ့ဘောလုံးကို ရှာနေတာနဲ့ တင် မိနစ်ကိုးဆယ် ပြည့်မယ့်ကိန်း ဆိုက်နေလို့။ အားလုံးကလဲ ပျော်ရွှင်နေကြတာပါ။ ကျွန်တော်တို့တင်မဟုတ်ပါဘူး ရထားပေါ်မှာရှိတဲ့ ခရီးသည်တချို့ပါ ကျွန်တော်တို့အဖွဲ့ရဲ့ ပျော်ရွှင်မှုတွေ ကူးစက်ကုန်ပြီး တပြုံးပြုံးနဲ့ တွေ့ရပါတယ်။ ရထားပေါ်မှာတော့ ပိုက်ဆံတောင်းတဲ့ ကလေးငယ်တစ်ချို့ ပါလာပါသေးတယ်။ သူတို့လေးတွေကို ကြည့်ရတာ အနာဂါတ်အတွက် ရင်လေးစရာပါ။ ကလေးတွေကို ပိုက်ဆံပေးခြင်းဟာ သူတို့ရဲ့စိတ်ဓါတ်ကို ရိုက်ချိုးလိုက်သလိုပါပဲ။ ကိုယ့်အားကိုယ်ကိုးတဲ့ စိတ်ဓါတ်ပျောက်သွားပြီး ပိုက်ဆံကို အလွယ်တကူ ရှာချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ကလေးသူငယ်တွေကို သနားလို့ဆိုပြီး ပိုက်ဆံပေးခြင်းကို အားမပေးလိုပါဘူး။
ရထားပေါ်မှ ခလေးးတစ်ယောက်
ကလေးများကြားမှ ပူစီ
ဘတ်စ်ကား ပေါ်တွင်အမှတ်တရ
ဒီလိုနဲ့ ရွာသာကြီး ဘူတာကို ရောက်တော့ ရထားပေါ်ကဆင်းကြပြီး စီးပွားရေးတက္ကသိုလ်ရှိရာကို လျှောက်လာခဲ့ကြပါတယ်။ မနက် ၁၀ နာရီလောက်ရှိပြီမို့ နေကလဲပူလာပါပြီ။ ကျောင်းရှေ့ရောက်တော့ စိတ်ရောဂါအထူးကု ဆေးရုံကို ရောက်မယ့် ၂၀၉ ဘတ်စ်ကားကို စောင့်နေကြသေးတယ်။ ခဏနေတော့ ဘတ်စ်ကား ရောက်လာတာနဲ့ အားလုံးကားပေါ် တက်ခဲ့ကြပါတယ်။ စိတ်ရောဂါအထူးကု ဆေးရုံကို ရောက်တဲ့အခါမှာတော့ နေ့လည် ၁၁နာရီ ထိုးခါနီးနေပါပြီ။ ကျွန်တော်တို့ ရောက်တဲ့အကြောင်းကို ၀န်ထမ်း တစ်ယောက်က တဆင့် ဆေးရုံအုပ်ကြီးရှိတဲ့ ရုံးခန်းကို သွားပြီးသတင်းပို့လိုက်ပါတယ်။ ခဏနေတော့ ဆေးရုံအုပ်ကြီးရုံးခန်းထဲ လာခဲ့ကြပါဆိုတာနဲ့ တစ်ဖွဲ့လုံး ရုံးခန်းထဲ ၀င်သွားကြပါတယ်။ အဲဒီ့နောက် မကေနဲ့ ကိုဟန်တို့ကနေပြီး ပလန်းနက်တီးရှော့နဲ့ မြန်မာချက် အွန်လိုင်း သူငယ်ချင်းတွေကနေပြီး ဆေးရုံမှာရှိတဲ့ စိတ်ရောဂါ ဝေသနာသည်တွေအတွက် အလှူငွေ လာလှူဒါန်းတဲ့အကြောင်းပြောပြပါတယ်။ ဒီတော့ ဆရာမကနေပြီး ဝေသနာသည်တွေအတွက် ဆေးရုံမှ ကျွေးမွေးမှူပုံစံအကြောင်း ရှင်းပြပါတယ်။ ရွာသာကြီး စိတ်ရောဂါ အထူးကုဆေးရုံမှာ မနက်စာ၊ နေ့လည်စာ နဲ့ ညနေစာ သုံးနပ်ကျွေးပါတယ်။ ကျွန်တော်တို့အဖွဲ့က ၂၇ ရက်နေ့အတွက် နံနက်စာ မြန်မာကျပ်ငွေ ၂၀၀၀၀ ဖိုး၊ နေ့လည်စာ ကျပ် ၁၀၀၀၀၀ ဖိုးနဲ့ ညနေစာအတွက် ကျပ် ၉၀၀၀၀ ဖိုး၊ စုစုပေါင်း ကျပ် နှစ်သိန်းတစ်သောင်း ကို သီးသန့် လှူဒါန်းလိုက်ပါတယ်။ အဲဒီ့နောက် အလှူအတွက် ဂုဏ်ပြုလက်မှက်ကို ပြန်ပေးပါတယ်။ ဒီလက်မှတ်ကိုတော့ အားလုံးကိုယ်စား မကေ ကပဲ လက်ခံလိုက်ပါတယ်။
ဆေးရုံရှိ နေ့စဉ်ကျွေးမွေးမှုပုံစံအကြောင်း ရှင်းပြစဉ်
အတူတကွ အလှူငွေထည့်ဝင်ကြစဉ်
အလှူအတွက် ဂုဏ်ပြုလက်မှတ် မကေသို့ပေးအပ်စဉ်
အလှူအတွက် ဂုဏ်ပြုလက်မှတ်ကို ဆေးရုံအုပ်ကနေပြီး ပြန်ပေးပြီးတဲ့နောက်မှာတော့ အဲဒီ့ဆရာမက နေပြီးတော့ပဲ စိတ်ရောဂါဝေသနာသည်တွေကို ထားတဲ့ အဆောင်တွေကို တစ်ခုချင်းစီ လိုက်လံရှင်းပြပါတယ်။ ဒီဆေးရုံမှာ ၀န်ထမ်းလုပ်ဖို့ဆိုတာ တော်ရုံစေတနာနဲ့တော့ မလွယ်ကူလှပါဘူး။ ဆေးရုံမှာရှိတဲ့ ဆေးရုံအုပ်ကြီး ကအစ ၀န်ထန်းတွေအဆုံး ဝေသနာတွေကို မိမိတို့ရဲ့ သွေးသားရင်းများသဖွယ် စောင့်ရှောက်တာကို တွေ့ရပါတယ်။ သူငယ်ချင်းတစ်ချို့က ဆရာမရှေ့မှာ အရူးတွေရယ်ဆိုတဲ့ စကားအသုံးအနှုန်းတွေ သုံးမိတာကို ဆရာမက မကြိုက်ပါဘူး။ သူတို့ဟာ အရူးတွေလို့မခေါ်သင့်တဲ့အကြောင်း ပြောပါတယ် စိတ်ဝေဒနာကို ခံစားနေရတဲ့ ရောဂါသည်တွေပါပဲလို့ ရှင်းပြပါတယ်။ သူတို့ကို အရူးဆိုပြီး နှိမ့်ချဆက်ဆံခြင်း မပြုဖို့ကို ပြောပြပါတယ်။ ဒီလိုမေတ္တာထားလို့လဲဖြစ်မှာပါ ဆေးရုံမှာရှိတဲ့ တစ်ချို့သော ဝေသနာသည်တွေဟာ ဒီဆရာမကို ချစ်ကြောက်ရိုသေနေကြတာ တွေ့ရပါတယ်။ ဆရာမကနေပြီး ဆက်ရှင်းပြပါတယ်။ ဝေဒနာသည်တွေကို ဆေးရုံမှာ မပျောက်မချင်း ကုသပေးပါတယ်။ လိုအပ်တဲ့ဆေးဝါးကိုလဲ အချိန်မှန်ပေးသလို ဝေဒနာရှင်တွေရဲ့ခြေအနေကို သိဖို့ တစ်ပါတ်ကို တစ်ရက် ဒါမှမဟုတ် နှစ်ရက် ခေါ်ခေါ်တွေ့ပြီး Psychology ပညာနဲ့ မေးမြန်းစစ်ဆေးခြင်းကိုလဲ ပြုလုပ်တယ်လို့သိရပါတယ်။ နောက်ပြီး ဒီဆေးရုံမှာ စိတ်ဝေဒနာရှင်တွေချည်း မဟုတ်ဘဲ အရက်ဖြတ်တဲ့သူတွေလဲ ရှိပါတယ်လို့ပြောပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ စိတ်ရောဂါ ဝေသနာရှင် တွေကိုထားတဲ့ အဆောင်တွေကို ရောက်လာခဲ့တော့ တစ်ချို့ဝေဒနာရှင်တွေကို တွေ့ခဲ့ရပါတယ်။
ဆေးရုံတွင်းရှိ ဝေဒနာသည်တွေရှိရာ အဆောင်များတွေကို လိုက်ပြပေးနေတာပါ
ဆေးရုံမျက်နှာစာရှေ့တွင် သူငယ်ချင်းများနှင့် အမှတ်တရ
ကျွန်တော်တို့ကို တွေ့တော့ စိတ်ဝေဒနာရှင် တစ်ယောက်ကနေပြီး အဆိုတော် သန်းထွန်းလေးရဲ့သီချင်းကို ဆိုပြပါသေးတယ် သူဆိုတာကတော့ မွေးဌာနီ ဂျမခါနာဆီသို့ တဲ့။ သူ့ဟာနဲ့သူတော့ အဆင်ပြေနေတာပဲ။ သိပ်ပြီး ရောဂါမပြင်းထန်တဲ့သူတွေကတော့ Group အလိုက် သူ့အိပ်ရာနဲ့သူ အေးဆေးစွာပဲ နေနေကြတာကို တွေ့ခဲ့ရပြီး တစ်ချို့ ရောဂါပြင်းတဲ့ သူတွေကိုတော့ တစ်ဦးချင်း သီးသန့်ထားရှိတာကို တွေ့ခဲ့ရပါတယ်။ တစ်နေရာ အရောက်မှာတော့ ဥယာဉ်မှူးတစ်ဦးက ဆရာမကို နှုတ်ဆက်ပါတယ်။ နောက်မှ ဆရာမပြန်ပြောလို့ သိရတာက ဒီလူဟာလဲ စိတ်ရောဂါ ဝေဒနာရှင်တစ်ဦးပါတဲ့။ အဲဒီကနေမှ ဆရာမက အမျိုးသမီး စိတ်ဝေဒနာရှင်တွေချည်း သီးသန့်ထားတဲ့ အဆောင်ကို လိုက်ပို့ပေးပါတယ်။ အဲဒီ့ရောက်တော့ အမျိုးသမီးဝန်ထမ်းတစ်ဦး ကနေပြီး ဝေသနာရှင်တွေကို စုစည်းလိုက်ပြီး ကျေးဇူးတင်စကား ပြောစေပါတယ်။ အားလုံးကလဲ ယခုလိုလာပြီး လှူဒါန်းတဲ့ အတွက် ကျေးဇူးတင်ရှိကြောင်းကို ညီညီညာညာနဲ့ ပြောနိုင်တာကို တွေ့ရပါတယ်။ စိတ်ဝေဒနာရှင် တွေပေမယ့် ပရမ်းပတာ မဟုတ်ကြပါဘူး။ စည်းကမ်းတကျ သွန်သင်ထားတာ တွေ့ခဲ့ရပါတယ်။ တကယ့်ကို စည်းစနစ်နဲ့ရှိတဲ့ ဆေးရုံတစ်ခုလို့ အသိအမှတ်ပြုမိပါတယ်။
ဆေးရုံဝင်းအ၀တွင် ဓါတ်ပုံရိုက်ရန် စုဝေးနေကြစဉ်
အပြန် လိုင်းကားစီးရန် စောင့်ဆိုင်းနေကြစဉ်
ကန်တော်ကြီးထဲတွင် အပန်းဖြေအနားယူနေကြစဉ်
ဒီနောက်တော့ ကျွန်တော်တို့အဖွဲ့လဲ ရုံးခန်းရှိတဲ့ ဆေးရုံမျက်နှာစာဘက်ကို ပြန်လာခဲ့ကြပါတယ်။ သူငယ်ချင်းတွေ အမှတ်တရအနေနဲ့ စုပေါင်းပြီး ဓါတ်ပုံရိုက်ကြပါတယ်။ ဓါတ်ပုံရိုက်ပြီးတဲ့အခါမှာတော့ အားလုံး လိုင်းကား စောင့်စီးဖို့ အတွက် ဆေးရုံဝင်း အပြင်ဘက်ကို ထွက်လာကြပါတယ်။ လိုင်းကားက အတော်နဲ့ မလာသေးတာနဲ့ အပြင်မှာ ခဏ စောင့်နေကြရသေးတယ်။ အဲ.. မိနစ် ၂၀ လောက်နေမှ ကားကရောက်လာပါတယ်။ ဒီလိုနဲ့ ယုဇနပလာဇာ ရောက်တော့ အဲဒီ့မှာပဲ အားလုံး ဆင်းလိုက်ကြပါတယ်။ နေ့လည်စာက မစားကြရသေးဘူးလေ ပြန်ရောက်တဲ့ အချိန်ကလဲ ၂ နာရီခွဲလောက် ရှိနေပြီဆိုတော့ အားလုံးကလဲ ဗိုက်ဆာနေကြပြီ။ ဒါနဲ့ပဲ ယုဇနပလာဇာဘေးနားက စားသောက်ဆိုင်တစ်ဆိုင်မှာပဲ ၀င်စားလိုက်ကြတယ် ကျွန်တော်ကတော့ ထမင်းပေါင်းတစ်ပွဲ မှာစားလိုက်တယ်။ စားပြီး သောက်ပြီးတော့ အဲဒီ့ကနေပဲ ကန်တော်ကြီးထဲကို လမ်းလျှောက် သွားကြသေးတယ်လေ။ ကန်တော်ကြီး ရောက်တော့ မျှော်စင်ကျွန်းနားမှာ ခဏထိုင်ပြီး အနားယူကြပါတယ်။ အဲဒီ့မှာ သီချင်းလာဆိုတဲ့သူတွေရှိလို့ ထိုင်ပြီး နားထောင်နေလိုက်သေးတယ်။ နာမည်ကြီး အဆိုတော်တွေ မဟုတ်ကြပေမယ့် အတော်နားထောင်လို့ ကောင်းပါတယ်။ ညနေစောင်း ၄ နာရီလောက်တော့ အားလုံးပဲ ကန်တော်ကြီးထဲကနေ လမ်းခွဲခဲ့ကြပါတယ်။ ဒီခရီးစဉ်လေးဟာ အပျော်ခရီးစဉ် မဟုတ်ပေမယ့် သူငယ်ချင်း အပေါင်းအသင်းတွေနဲ့အတူ ပျော်ရွှင်စွာ အလှူဒါနလုပ်ဖို့ သွားခဲ့ကြောင့် ၀မ်းသာပီတိဖြစ်ခဲ့ရပြီး ပျော်ရွှင်ခဲ့ရပါတယ်။ အဆင်ပြေမယ်ဆိုရင်တော့ ဒီလို အလှူဒါနမျိုးကို သူငယ်ချင်းတွေနဲ့ အတူ လုပ်ခွင့်ရချင်ပါသေးတယ်။ အားလုံးကိုလဲ အမှန်တကယ် အလှူရှင် လိုအပ်တဲ့ နေရာမျိုးမှာ ကုသိုလ်ဒါန ပြုကြဖို့ကို ဘလော့ခ် စာမျက်နှာပေါ်ကနေပြီး တိုက်တွန်းလိုက်ပါတယ်။
ဒါကတော့ အမှတ်တရ Movie လေးပါ

9 Comments:

  1. ငယ် said...
    ကိုလင်းလင်းရေ.. တကယ်ကို ကြည်နူးစရာခရီးစဉ်လေးနဲ့ အလှူဒါနလေးပါ..

    ငယ်တောင် သွားလှူချင်လာပြီ....
    Anonymous said...
ွှဲအဲ့လိုလေးတွေတွေ့ရတာ စိတ်ထဲ ဘယ်လိုဖြစ်မှန်းတောင်မရှင်းပြတက်ဘူး။လှူတဲ့လူတွေ
    အစားပီတိဖြစ်တာထင်တယ်။
    ကောင်းတယ်ဗျာ။
    နောက်လည်း အဲ့လိုလေးတွေအများကြီးလုပ်နိုင်ပါစေလို့
    ဆုတောင်းပေးလိုက်ပါတယ်
    Luciferion said...
    Thanks for sharing!!!
    It's so nice!!!
    Ko Htut said...
    ကိုဟန် ကိုဟန်...Presenter လားထင်ရတယ်...တခွေလုံး ကိုဟန့်အသံချည်းပဲ၊ ဒီလိုမျိုး အလှူလေးတစ်ခုလောက် ထပ်လုပ်ချင်တယ်...ပြီးခဲ့တဲ့ ပလန်းနက်အလှူလိုမျိုးလေး..စိတ်ပါရင် ကမကထလုပ်ပြီး လှူလိုက်ကြအုံးစို့လား.... မောင်နှမတွေလဲ မဆုံဖြစ်တာကြာပြီ အခွေလေးပြန်ကြည့်လိုက်တော့ လွမ်းသလိုလို....
    ကိုဟန် said...
    ဟ အဲဒီကိုဟန်ဆိုတဲ့သူက တော်တော် ဆော့တာပဲ နော် လင်းလင်းရေ .. ဟီး ....
    ငါ့ကိုငါတောင်အဲဒီတုန်းကအဲလောက်ဆောခဲ့ မယ်မှန်း ကိုယ့်ကိုယ်ကိုယ်မသိခဲ့ဘူး
    အဲဒီတုန်းကလဲ အရမ်းပျော်ဖို့ကောင်းခဲ့တာ ကိုး .... အရမ်းသတိရတယ် ဟေ့ အရမ်းကို
    သတိရတယ် အရင်တုန်းက သူငယ်ချင်းတွေနဲ့ စုစုရုံးရုံး ပျော်ပျော်ပါးပါး .. ..
    အဲဒီအချိန်တွေကိုပြန်တမ်းတမိရင် လိုချင်တယ် နောက် ထပ်များစွာပေါ့ ...
    သူငယ်ချင်းအားလုံးကိုလဲ အရင်ကလိုပဲ ပြန်ဆုံချင်တယ် ..
    လင်းလင်းရေ .. ညီလေး မင်းကို အရမ်းကျေးဇူးတင်ပါတယ် ကွာ ..
    ကိုဟန်လဲ အဲလိုမျိုးလေးတင်ချင်တာ အချိန်မပေးနိုင်သေးတာနဲ့ပဲ မလုပ်ဖြစ်တာ
    ညီကအခုလိုရေးဖြစ်သွားတော့ အတိုင်းထက်အလွန် ၀မ်းသာတယ် ..
    တကယ်ပါ သီချင်းလေးတပုဒ်လိုပေါ့ ..
    ........
    ဟိုအရင် အချိန်တွေ တမ်းတမက်မောမိ ...
    ပြန်လိုချင်တယ် အခုလေ ...ဒီကဘာမြေကို နောက်သို့ လှည့် ခိုင်းပြီး ...
    အရာရာအားလုံး အသစ်ကပြန်စချင် ....
    အရင်လိုမျှော်လင့်ချက်များ ......
    ပြန်လည်ကာတမ်းတနေ .........။

    သူငယ်ချင်းများအားလုံးကို သတိယ တမ်းတလျက် ....

    ကိုဟန်
    rain78 said...
    လန်လန်ရေ... အရမ်းကောင်းတဲ့တင်ပြချက်လေးပါ..ဒီလိုသူငယ်ချင်းတွေ ဘယ်အချိန်ကျမှ ပြန်ဆုံနိုင်မလဲမသိနိုင်ဘူးနော်.. လွမ်းလိုက်တာ..
    အဲဒီအလှူလေးမှာပါဝင်ခွင့်မရခဲ့ပေမယ့်.. အခုလိုပြန်မြင်လိုက်ရတော့ သူငယ်ချင်းမောင်လေးညီမလေးတွေအားလုံးကို..
    အရမ်းသတိရသွားတယ် ..ကြည်နူးပီတီလဲဖြစ်ရပါတယ်..
    ကိုထွဋ်နဲ့ကိုဟန်ရေ.. ရင်ထဲမှာ တကယ်ဆန္ဒရှိရင် မိုးတို့မောင်နှမတွေပြန်ဆုံကြမှာနော်...
    အရင်ကထက်ကြီးကျယ်ခမ်းနားတဲ့အလှူမျိုးမလုပ်နိုင်ဘူးလို့ဘယ်သူပြောနိုင်မလဲ.. အားလုံးကိုလွမ်းတယ် ..ဦးညိုမှာ ပြန်ဆုံကြမယ်.....လန်လန်လေးရေ ..ကျေးဇူးနော်...
    ကိုထွဋ် said...
    ကိုဟန်ကြီးက နုနေလိုက်တာ. ကိုဟန် ဘာတွေလုပ်နေလဲဗျ၊ မတွေ့တာတောင်ကြာပြီ။
    လင်းလက်ကြယ်စင် said...
    သယ်ရင်း .. ငါလာလည်သွားတယ်နော်။ အားပေးနေတယ် :)
    လင်းလက်ကြယ်စင် said...
    သယ်ရင်း .. ငါလာလည်သွားတယ်နော်။ အားပေးနေတယ် :)

Post a Comment



Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.

Creative Commons License