Sunday, August 16, 2009

Port Dickson ကမ်းခြေသို့ ပထမအကြိမ် အလည်ခရီး

Port Dickson ကမ်းခြေအလှ
သူငယ်ချင်းတွေနဲ့အတူ မလေးရှားနိုင်ငံမှာရှိတဲ့ Port Dickson ကမ်းခြေကို ရောက်ခဲ့တာက 1.10.2008 ရက်နေ့မှာပါ။ တချို့ကတော့ Port Dickson ကမ်းခြေကို အတိုကောက် PD လို့ခေါ်ကြပါတယ်။ Port Dickson ကမ်းခြေကတော့ ကွာလာလမ်ပူကနေပြီး 60km ကွာဝေးပါတယ်။ ကမ်းခြေမှာအချိန်ယူပြီး လည်ပတ်ချင်ရင်တော့ ပုတ်ဒဇင်ကမ်းခြေမှာ အကြီးဆုံးဖြစ်တဲ့ Corus Paradise Resort လိုမျိုးအဆင့်မြင့် 5 Star ဟိုတယ်ကြီးတွေရှိသလို အသေးစား Guest House လေးတွေလဲရှိပါတယ်။ ကျွန်တော်တို့ကတော့ နေ့ချင်းပြန်သွားကြတာပါ။ ဒီတော့ Hotel မလိုဘူးပေါ့။ ပုတ်ဒဇင်ကမ်းခြေကိုသွားဖို့ စီစဉ်ပေးခဲ့တာကတော့ KinYet Plastit ကုမ္ပဏီကပါ။ မြန်မာဝန်ထမ်းတွေချည်းပဲ သီးသန့်ပို့ပေးတဲ့ ခရီးစဉ်ပါ။ အားလုံးပေါင်းယောက် 20 ကျော်လောက် ပါပါတယ်။


ကားကတော့ ကုမ္မဏီကငှားထားပေးတဲ့ Express ကားနဲ့ပါ။ ကျွန်တော်ကတော့ ဝန်ထမ်းမဟုတ်ပဲ အပြင်လူအနေနဲ့ လိုက်သွားတာပါ။ အားလုံးက Beach ကိုသွားရမယ်ဆိုတော့ အဝတ်အစားအပိုတွေ ထည့်တဲ့သူနဲ့။ ယူစရာရှိတာတွေယူ၊ လိုအပ်တာတွေပြင်ဆင်ပြီး တက်ကြွနေကြတာပေါ့။ မနက်ကိုအစောကြီးထပြီး ကားလာမဲ့အချိန်ကို စောင့်နေကြတာ။ ကားကမနက် 7:00 ရောက်လာပါတယ်။ ကားပေါ်ရောက်တော့ တစ်ချို့သူငယ်ချင်းတွေက နောက်ကျနေလို့ စောင့်နေရသေးတယ်။ ဒါနဲ့ပဲ 7:30 လောက်မှာကားထွက်ဖြစ်ပါတယ်။ ကွာလာလမ်ပူကနေပြီး Port Dickson ကမ်းခြေကို တစ်နာရီခွဲလောက် မောင်းရပါတယ်။ တလမ်းလုံးလဲ ကားပေါ်မှာမြန်မာသီချင်းဖွင့်ပေးလို့ သီချင်းနားထောင်ရင်း လမ်းဘေးတစ်လျှောက်မှာရှိတဲ့ ရှုခင်းတွေကို ငေးမောရင်း လိုက်ပါလာခဲ့တယ်။ မလက္ကာနဲ့ ပုတ်ဒဇင်လမ်းခွဲရောက်တော့ ကားကပုတ်ဒဇင်လမ်းခွဲဘက်ကို ဆက်မောင်းသွားပြီး ၁၅ မိနစ်လောက်ကြာတော့ ကမ်းခြေဘက်ကို ရောက်လာပါတယ်။

Port Dickson သို့အသွား လိုက်ပါလာသည့်အဖွဲ့သားများ
ကမ်းခြေတွင် ရေမကျသေးသောကြောင့်စောင့်နေကြသူများ
ပင်လယ်ပြင်ကြီးကို လှမ်းတွေ့လိုက်တဲ့အခါမှတော့ အားအင်သစ်တစ်ခုကိုရရှိလိုက်သလိုပဲ စိတ်က လန်းဆန်းတက်ကြွလာတာ အမှန်ပါပဲ။ ရှုပ်ထွေးတဲ့မြို့ပြကနေထွက်လာတာကြောင့်လဲ စိတ်ထဲမှာပေါ့ပါးနေသလို မွမ်းကြပ်မှုတွေဟာလည်း အပြောကျယ်တဲ့ပင်လယ်ပြင်ထဲမှာ မျှောလိုက်သလိုပါပဲ။ မြန်မာပြည်က ချောင်းသာကမ်းခြေကိုတောင် ပြန်သတိရမိသေးတယ်။ Port Dickson ကိုရောက်တာနဲ့ အားလုံးကကမ်းခြေဘက်ကို တန်းပြီးပြေးကြတာပဲ ရေကစားချင်လွန်းလို့လေ။ ဒါပေမယ့်ကမ်းခြေလဲရောက်ရော ရေထဲတန်းဆင်းလို့ မရဘူးဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ကမ်းခြေမှာက ရေမကျသေးဘူးလေ။ မလေးရှားက ကမ်းခြေအတော်များများက မြန်မာပြည်ကငပလီတို့၊ ငွေဆောင်တို့၊ ချောင်းသာတို့လို သဘာဝသောင်ထွန်းတာမျိုး မဟုတ်ပါဘူး။ ကမ်းခြေအဖြစ်နဲ့ လူကနေပြီး ဖန်တီးထားတတ်တာမျိုးပါ။ ကမ်းခြေက သဲမြေကလဲ ပြန်ဖို့ထားတဲ့သဲမြေဖြစ်တာကြောင့် ကြမ်းပါတယ်။ မြန်မာပြည်ကမ်းခြေတွေက သဲမြေလို နုနုရွရွလေးတွေမဟုတ်ဘူး ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာတော့ မဟုတ်ပါဘူး။ ဘယ်တိုင်းပြည် ဘယ်လောက်ပဲလှလှ ကိုယ့်နိုင်ငံအလှမှ သာတယ်ဆိုတဲ့ အတွေးလေးတော့ အားလုံးမှာရှိနေကြမှာအမှန်ပါပဲ။ Port Dickson ကမ်းခြေရဲ့တစ်ချို့သောနေရာများမှာလည်း ပြုပြင်ထားတာကိုတွေ့ရပါတယ်။ ရေမကျခင်မှာ လှိုင်လှိုင်ဝမ်းနဲ့ အမှတ်တရပစ္စည်းရောင်းတဲ့ဆိုင်မှာ Port Dickson အမှတ်တရ တီရှပ်လေးတွေဝယ် ဖြစ်ကြသေးတယ်။ တစ်ထည်ကိုမှ RM 7 ပါပဲ။ ဒီလိုနဲ့ မနက်၉နာရီခွဲလောက်မှ ရေကတဖြည်းဖြည်းကျလာတာမို့ ကမ်းခြေမှာဆင်းပြီး ဓါတ်ပုံရိုက်တဲ့သူနဲ့ ရေဆင်းကူးဖို့ပြင်ဆင်နေတဲ့သူတွေနဲ့ ကမ်ခြေဟာ အသက်ဝင်လာခဲ့ပါတယ်။ ရေကျတာနဲ့ အမိုးရှိတဲ့နေရာတစ်ခုကို အမြန်သွားဦးထားလိုက်ရတယ်။ ဒီနေရာမှာပဲ ပါလာတဲ့အဝတ်အစားတွေကို စုထားပြီး အဖွဲ့သားတစ်ယောက်က စောင့်ကြည့်ပေးပါတယ်။ ဒီနေ့ကလဲ Public Holiday တစ်ရက်ဖြစ်တဲ့ မလေးရှား နှစ်သစ်ကူးနေ့ Hari Raya Puasa ဆိုတော့ လူအတော်များများက အားလပ်ရက်ဖြစ်မှာ ကမ်းခြေကို လာရောက်ကြတာမို့ ကမ်းခြေမှာတော့ အသွေးအရောင်စုံ၊ ဖြူနီပြာဝါအရောင်စုံပေါ့။ ရွှေမြန်မာ အတော်များများကိုလဲ ကမ်းခြေမှာ အဖွဲ့လိုက်တွေ့ရပါတယ်။
ရေမကျမှီဓါတ်ပုံရိုက်ပေးနေတဲ့ သူငယ်ချင်းမင်းသူဌေးနဲ့ အပေါင်းအသင်းရောင်းရင်းများ
ကမ်းခြေတစ်လျှောက် လေကောင်းလေသန့်ကိုရှုရင်း အားရအောင် ဓါတ်ပုံတွေရိုက်ပြီးမှ ရေဆင်းကူးကြပါတယ်။ ကျွန်တော်ကတော့ ရေကျွမ်းကျင်တဲ့သူဆိုတော့ ကားတာယာကျွတ်ကြီးကြီးတစ်လုံးကို ငှားလိုက်ရတာပေါ့။ ဒီနေ့မှ ရာသီဥတုကလဲ ကိုယ့်ဘက်ပါနေတယ်လေ တစ်နေ့လုံး မိုးလေးအုံ့ပြီး နေမပူဘူး။ ရေကစားလို့ကောင်းသလားမမေးနဲ့ အားလုံးက ရေထဲမှာ တပျော်တစ်ပါးပါပဲ။ ကမ်းပေါ်တက်လာလိုက်၊ ရေထဲပြန်ဆင်းလိုက်၊ လှိုင်းစီးလိုက်နဲ့ ပင်လယ်ပြင်ရဲ့အရသာကိုတဝကြီးခံစားမိနေတယ်။ ခဏနေတော့ ကမ်းပေါ်ပြန်တက် အဖွဲ့သားတွေတွေစုပြီး လေမှုတ်ထားတဲ့ လှေကို မော်တော်နဲ့ဆွဲပြီးစီးကြသေးတယ် မလေးလိုတော့ ဘယ်လိုခေါ်လဲမသိဘူး။ အဲဒီ့လှေပေါ်မှာ ကျွန်တော်အပါအဝင် လူ၁၀ယောက်တန်းစီပြီး စီးကြတာပါ။ တစ်ယောက်ကို မလေးရှားရင်းဂစ် RM18 ကျပါတယ်။ ရှေ့ကဆွဲတဲ့ မော်တော်ဘုတ်က ကမ်းခြေနဲ့ အတော်ဝေးဝေးအထိ ဆွဲသွားပြီး မော်တော်ကို ဘယ်ညာရမ်းပြီးမှောက်အောင် လုပ်ပါတယ်။ နောက်ကလိုက်စီးတဲ့လူတွေက သူကွေ့တဲ့အတိုင်း လူညီညီနဲ့ လူကိုဘယ်ညာယိမ်းပြီး လိုက်ထိန်းပေးရပါတယ်။ အဲလိုထိန်းတဲ့အခါ ရှေ့ဆုံးကလူက ဘယ်ကွေ့ပြီဆိုပြီး အော်သတိပေးတဲ့အခါ နောက်ကလူတွေက ညာဘက်ကိုလိုက်ယိမ်းပြီး လှေမမှောက်အောင် လိုက်ထိန်းပေးရတယ်..အဲလိုပဲ ညာကွေ့ပြီဆိုရင်လည်း ဘယ်ဘက်ကို လူတွေကညီညာစွာနဲ့ယိမ်းပြီး လှေကိုလိုက်ထိန်းပေးရတယ်။ ရှေ့ကဆွဲတဲ့သူကလဲ မမှောက်မှောက်အောင် ဆွဲတာပါ။ မထိန်းနိုင်တဲ့အခါတော့ ပင်လယ်ထဲမှာ မှောက်ရောပေါ့။ ရေထဲကျပေမယ့်လဲ အသက်ကယ်ဝတ်စုံတွေကို ဝတ်ထားတဲ့အတွက် အသက်အန္တရာယ် မရှိနိုင်ပါဘူး။ ကျွန်တော်တို့အဖွဲ့လဲ လူညီစွာနဲ့ လိုက်ထိမ်းပြီးစီးလာကြတာ အတော်ဝေးဝေးထိရောက်ပါတယ်။ လှိုင်းကလဲနဲနဲကြီးတာတော့ လှေကမြောက်မြောက်တက်သွားလို့ ပြုတ်ကျမကျန်ခဲ့အောင် လှေကိုသေချာ ကိုင်ထားရသေးတယ်။ တစ်နေရာလဲရောက်ရော လှေမှောက်ပါလေရော။ ဖြစ်ချင်တော့ လှေမှောက်တဲ့အချိန်မှာ ကျွန်တော့်အနောက်က တစ်ယောက်က ကျွန်တော့်အကျီကို အသေဆွဲထားတော့ ရေထဲကပြန်တက်လို့မရဘူး ဖြစ်နေတယ် ပါးစပ်ထဲနဲ့နှာခေါင်းထဲကို ဆားငံရေတွေဝင်ပြီး အတော်မွန်းသွားသေးတယ်။ လှေပေါ် ပြန်တက်တော့လဲ လှေကကြိုးနဲ့ အသက်ကယ်အင်္ကျီနဲ့လဲညိနေတာ သူငယ်ချင်းဖြစ်တဲ့ လှိုင်လှိုင်ဝမ်းက ဆွဲတင်မှပဲ အပေါ်တက်လို့ရတယ်။ လှေပေါ်မှာ လူပြန်စုံတော့ ရှေ့ကမော်တော်က ကမ်းခြေဘက်ကို ပြန်ဆွဲပါတယ်။ ကမ်းခြေနားရောက်လာတော့ တစ်ခါပြန်ပြီး လှေကို မှောက်အောင်လုပ်ပါတယ်။ ဒီတစ်ခါတော့ အတော်နဲ့မှောက်လို့ မရဘူးဖြစ်နေတယ်။ ဘယ်ရမလဲ နောက်ကလူတွေကလဲ အထာနပ်သွားပြီလေ။ နောက်ဆုံးမော်တော်ကို ကြမ်းကြမ်းလေးကွေ့မှပဲ မှောက်တော့တယ်။ ဒီတစ်ခါတော့ နောက်ကတစ်ယောက်ကို မဆွဲထားဖို့ပြောထားတော့ အေးဆေးပဲရေကူးပြီး ကမ်းပေါ်ပြန်တက်လာနိုင်ခဲ့တယ်။
Port Dickson ကမ်းခြေရှိ Corus Paradise Resort ဟိုတယ်


ကမ်းပေါ်ပြန်ရောက်တော့ ဗိုက်ကလဲဆာနေပြီ၊ ဒါကြောင့် နေ့လည်စာစားဖို့အတွက် ဆိုင်တစ်ခုခုမှာပဲ သွားစားကြမယ်ပေါ့။ ဒီလိုနဲ့ကမ်းခြေတစ်လျှောက်မှာရှိတဲ့ ဈေးဆိုင်တွေဆီ ခြေဦးလှည့်ရတော့တာပေါ့။ ဖြစ်ချင်ပြန်တော့ ဒီနေ့က မလေးနှစ်ကူးဆိုတာကို မေ့နေကြတာ။ ကမ်းခြေတစ်လျှောက် ဘာဆိုင်မှမဖွင့်ဘူး။ အကုန်လုံးပိတ်ရက်သားနဲ့။ ဖွင့်တဲ့ဆိုင်လေးတွေကလဲ အအေးဆိုင်လေးတစ်ဆိုင်နဲ့ ပြောင်းဖူးပြုတ်ရောင်းတဲ့ဆိုင်။ စိတ်ထဲမှာတော့ တွေးလိုက်မိသေးတယ် ဒီနေ့တော့ထမင်းငတ်ပြီနဲ့ တူတယ်လို့။ မင်းသူဌေးကတော့ တစ်ခုခုတော့ ဝယ်စားမှပဲဆိုပြီး ပြောင်းဖူးပြုတ်တွေ ဝယ်နေတယ်။ အဲ..ကံကကောင်းချင်တော့ လှိုင်လှိုင်ဝမ်းတို့က ဟမ်ဘာဂါရောင်းတဲ့ဆိုင်တွေ့ပြီး ဝယ်လာတယ်။ ဒါကြောင့် နေ့လည်စာကို ပြောင်းဖူးပြုတ်၊ ဟမ်ဘာဂါ၊ အအေးနဲ့ပဲပြီးလိုက်တယ်။ နေ့လည်ပိုင်းခဏလောက်နားပြီး ဟိုဟိုဒီဒီလျှောက်ကြည့်ကြသေးတယ်။ မကြာပါဘူး နေ့လည် ၂ လောက်မှာ ရေထဲကိုပြန်ဆင်းကြတာပါပဲ။ ရေထဲမှာဟိုကူးဒီခပ်နဲ့ အတော့်ကို ပျော်နေကြတာပါ။ ရေထဲမှာဘယ်လောက်ထိ ဆော့လဲဆို ညနေ၄နာရီထိုးနေပြီ အပေါ်ပြန်မတက်နိုင်သေးဘူး။ ကမ်းပေါ်ကနေ မင်းသူဌေးလှမ်းခေါ်မှပဲ သတိထားမိတယ်၊ ကိုယ့်အဖွဲ့သားတွေ တစ်ယောက်မှ ရေထဲမှာ မရှိတော့ဘူး ကျွန်တော်ရယ် လှိုင်လှိုင်ဝမ်းရယ်ပဲ ကျန်နေခဲ့တယ်။ ဒီတော့မှ နှစ်ယောက်သား ကမ်းပေါ်ပြန်တက်ပြီး ငှားထားတဲ့ ကားတာယာကျွတ်တွေပြန်အပ်၊ ဆားငန်ရေတွေစင်အောင် ရေချိုးဖို့အတွက် ရေချို Shower ရှိတဲ့နေရာကိုသွားလိုက်တယ်။ အားပါး...ရေချိုးဖို့အတွက် တန်းစီစောင့်နေတဲ့သူတွေက အများသားပဲ။ အားတဲ့ ရေချို Shower tap လေးတွေက ရေအားအလွန်နဲတာ တွေ့ရပါတယ်။ တကယ်ဆိုရင် ရေချိုးခန်းကြီးကြီးတစ်ခု နောက်ထပ်အသစ် ထပ်ဆောက်ထားဖို့ ကောင်းတယ်လို့ စိတ်ထဲမှာ တွေးလိုက်မိသေးတယ်။ တစ်ချို့ Shower tap တွေကိုလဲ ပြန်ပြုပြင်သင့်တာအမှန်ပါ။ ဒါနဲ့ပဲ လွတ်တဲ့နေရာတစ်ခုကို အမြန်ဝင်ရေချိုးပြီး ပြန်ထွက်လာတော့ အပြင်မှာအားလုံးက စောင့်နေကြပါတယ်။ အဖွဲ့သားတွေစုံမစုံစစ်ပြီးတာနဲ့ ကားရပ်ထားတဲ့နေရာကို ပြန်လာခဲ့ကြပါတယ်။ လူစုံတဲ့အခါမှာတော့ Kuala Lumpur မြို့ကို ပြန်လာခဲ့ကြပါတော့တယ်။ နှုတ်ဆက်ခဲ့ပါတယ် ပင်လယ်ပြင်ကြီးရေ........

Lin Mg Mg

3 comments:

  1. ကမ်းခြေကြီးကလွမ်းမောစရာကြီးနော်...

    ReplyDelete
  2. မတ်ကက်တင်းလာဆင်းတာပါ.... www.winzawnaing.wordpress.com ကိုလာလည်ပါဦးလို့... အဟီး....

    ReplyDelete
  3. A banana boat is an inflatable recreational boat meant for towing. The main tube is often yellow and banana-shaped and pulled by a motorized boat. The boat driver of the powered boat attempts to flip the banana boat upside-down by doing sharp turns.

    ReplyDelete

Thank you for your comment on my blog, Anythig you can suggesting and discuss to me.