Sunday, December 03, 2023

ပီလခတ် ဟိန္ဒူဘုရားကျောင်းသို့တစ်ခေါက်

ယခုတစ်ခေါက်တော့ ဆုတောင်းပြည့်တယ်လို့ နာမည်ကျော်တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်ထဲက ပီလခတ်ကျေးရွာမှာတည်ရှိတဲ့ ပီလခတ်ဘုရားကျောင်းကို အသွားအပြန် 78km ခရီးခရီးစဉ်လေး စီးဖြစ်ခဲ့ပါတယ်။ မနက်စောစော ၅နာရီခွဲလောက် အိပ်ယာထပြီး စုရပ်ကနေပြီး ရန်ကုန်ကနေ သန်လျှင်ကျောက်တန်းကို အမှတ် (၁) တံကားအတိုင်းဖြတ်ပြီး စီးနင်းခဲ့ပါတယ်။ သီလဝါလမ်းဆုံနားက ရတနာလင်း လဖ္ဘည့်ရည်ဆိုင်မှာ ခဏနားလို့ လဖ္ဘည့်ရည်သောက်ပြီး ကျောက်တန်းကို ဆက်လက်စီးနင်းခဲ့ပါတယ်။ ကျောက်တန်း ကျိုက်မှော်ဝန်းရေလယ် စေတီတော်ကို တစ်ဘက်ကမ်းကနေပဲ ဦးတိုက်ကန်တော့ပြီး ဆိုင်တစ်ဆိုင်မှာ ခတ္တခဏနားပါတယ်။ ရေလယ်ကတိုက်ခတ်လာတဲ့ လေအေးလေးတွေကလည်း အမောပြေလန်းဆန်းစေပါတယ်။ အနားယူပြီးတဲ့နောက်မှာတော့ ပီလခတ်ဘုရားကျောင်းရှိရာကို ဆက်လက် ခရီးဆက်ခဲ့ကြပါတယ်။

ကျိုက်မှော်ဝန်းရေလယ်စေတီတော်

ပီလခတ်ဆိုတာ ပင်လယ်ကပ်ဆိုတဲ့ စကားကနေ ဆင်းသက်ပြောင်းလဲလာပါတယ်။ ရှေးယခင်က ပင်လယ်ကမ်းစပ်ဖြစ်ခဲ့ပြီး အိန္ဒိယက တမီလ်လူမျိုးတွေ စတင်ရောက်ရှိလာခဲ့တဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။ ဒီဘုရားကျောင်းက မြန်မာနိုင်ငံမှာ သက်တမ်းအရင့်ဆုံး ဟိန္ဒူဘုရားကျောင်းတွေထဲမှာ ပါတယ်။ သက်တမ်းအားဖြင့်လည်း နှစ်ပေါင်း ၁၆၀ ကျော်ရှိတဲ့ ရှေးဟောင်းဘုရာကျောင်းကြီး ဖြစ်ပါတယ်။ ဗြိတိသျှကိုလိုနီခေတ် ၁၈၆၀ ပြည့်နှစ်က ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ် ပီလခတ်ရွာမှာ အိန္ဒိယနွယ်ဖွား တမီလ်လူမျိုးလယ်သမားတွေ လာရောက်အခြေချ နေထိုင်ခဲ့ပါတယ်။ ၁၈၆၁ ခုနှစ် မှာ ဦးကူးမူး ဆာမိ ဆိုတဲ့ အိန္ဒိယနွယ်ဖွား လယ်သမားကြီးက စိုက်ပျိုးရေးလုပ်ရင်း အိပ်မက်အရ တောထနေတဲ့အပင်ရိုင်းတွေကို ခုတ်ထွင်ရှင်းလင်းပြီး "စရီအန်ဂါလဲ အီစ်ဝရီ-စရီ မဟာမူနီ(စ်)ဝရရ် ဟိန္ဒူဘုရားကျောင်း" (Sri Angala Eswari and Muneeswarar Temple) ကို တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ မယ်တော်ကျောင်းနှင့် သားကျောင်းဟူ၍ ကျောင်းနှစ်ကျောင်းရှိပါတယ်။ သားတော်ကျောင်းဝန်းအနီးမှာတော့ (ပူကျီအယား) ကွင်းပိုင်ကြီးကျောင်း တည်ရှိပါတယ်။

ပီလခတ်ဘုရားကျောင်း

မြန်မာနိုင်ငံမှာ ပထမဦးဆုံး ထီးတင်ပွဲပြုလုပ်တဲ့ တမီလ်ဘုရားကျောင်းတစ်ခုဖြစ်ပြီး အိန္ဒိယနိုင်ငံမှ ပုဏ္ဏား ၁၀၀ ကျော်တို့က ၄၅ ရက်တိုင်တိုင် ရွတ်ဖတ်သန့်စင်ပြီး ထီးတင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဆုတောင်းပြည့်တယ်လို့ နာမည်ကြီးတဲ့အတွက် ဟိန္ဒူဘာသာဝင်တွေအပြင် အခြားသောဘာသာဝင်တွေလည်း လာရောက် ဆုတောင်းကြပါတယ်။ မြန်မာနိုင်ငံမှသာမက အိန္ဒိယနိုင်ငံနှင့် မလေးရှားအပါအဝင် အာရှနိုင်ငံက ဧည့်သည်တွေလည်း လာရောက်ဆုတောင်းတာတွေ ရှိတယ်လို့လည်း သိရပါတယ်။ ဘုရားကျောင်းကို လာရောက်သူတွေဟာ မိမိတို့အခက်အခဲကိုလာရောက် အဓိဌာန်သူရှိသလို သားဆုပန်တာတွေလည်း ရှိကြပါတယ်။ ဆုတောင်းအဓိဌာန်ပြည့်ကြတာမို့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးစတာတွေကိုလာရောက် ဆုတောင်းအဓိဌာန်ပြုကြပါတယ်။  ဘုရားပွဲက နှစ်စဉ် တပေါင်းလပြည့်နေ့မှာ ကျင်းပပြီး ပွဲတော်မှာ ထီးတော်တင်ခြင်း၊ မီးနင်းပွဲကျင်းပခြင်းတို့ ပါဝင်ပါတယ်


ပီလခတ်ဟိန္ဒူဘုရားကျောင်းမှာ စတုဒိသာထမင်းလည်ကျွေးမွေးပြီး စတုဒီသာထဲမှာတော့ သီးစုံပဲကုလားဟင်းတမယ်၊ အရွက်ကြော်တမျိုး၊ အားလူးဟင်းတမယ်နဲ့ ထမင်းမြိန်စေတဲ့ ခရမ်းချဉ်သီးဟင်း အနှစ်လည်းပါပါတယ်။ နေ့စဉ် နံနက် ၁၀နာရီခွဲမှာ စတုဒီသာထမင်းဟင်းကို စတင်ကျွေးမွေးပါတယ် ဘုရားကျောင်းပိုင်လယ်မြေတွေမှာ ထွန်ယက်စိုက်ပျိုးပြီး ထွက်သမျှဆန်စပါးကို ပြန်လည်မရောင်းချဘဲ ဘုရားဖူးလာသူတွေကို ပြန်လည်ကျွေးမွေးခြင်းဖြစ်တယ်လို့ သိရပါတယ်။

စရီအန်ဂါလဲ အီစ်ဝရီ-စရီ မဟာမူနီ(စ်)ဝရရ် ဟိန္ဒူဘုရား

ကျွန်တော်တို့အဖွဲ့ကတော့ အပြန်ခရီးမှာ နေမြင့်ပြီးပူလာမှာစိုးလို့ သားတော်ကျာင်းဖြစ်တဲ့  ဘုရားကျောင်းထဲမှာပဲ ဓတ်ပုံမှတ်တမ်းတင် လေ့လာခဲ့ရပြီး ရန်ကုန်ကိုပြန်စီးလာခဲ့ကြပါတယ်။ အကယ်၍များ သန်လျင်ဘက်ကို ရောက်ခဲ့ရင်ဖြင့် တမူထူးခြားဆန်းကျယ်တဲ့ ပီလခတ်ဟိန္ဒူဘုရားကျောင်းကို တစ်ခေါက်တစ်ခါလောက်တော့ သွားရောက်လေ့လာ လည်ပတ်သင့်ပါကြောင်း ယနေ့စီးဖြစ်ခဲ့တဲ့ စက်ဘီးခရီးစဉ်လေးမှာ ရေးသားတင်ပြလိုက်ပါတယ်။

















#singletrackmyanmar #cycling #bicycletravel #plakat

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.