Friday, October 27, 2023

ရန်ကုန် - ငါးသိုင်းချောင်း - ကမ်းသာယာ စက်ဘီးခရီး

26.10.2023 (Day 1)

ယခင်ကတည်းက စီးဖို့ကြံရွယ်ထားတဲ့ ရန်ကုန် - ရခိုင် ကမ်းသာယာကို စက်ဘီးခရီးသွားဖြစ်ခဲ့ပါတယ်။ မနက် ၅ နာရီမှာ တစ်ယောက်တည်း အိမ်ကစထွက်ခဲ့ပြီး လှိုင်သာယာကိုအရောက်မှာ ဂေါ်ရင်ဂျီကိုစီးကြမယ့် ကိုထွန်းထွန်းနဲ့ အဘဦးခင်စိုးတို့နဲ့ဆုံတွေ့ခဲ့လို့ အတူစီးခဲ့ကြပါတယ်။အဘခင်စိုးက အသက် ၇၄ ထဲရောက်နေပေမယ့် တော်တော်လေး စီးနိုင်ပါတယ်။

မနက်စာကို ဆားမလောက်က ဒေါ်သီထမ္မင်းကြော်ဆိုင်မှာ ဝင်စားခဲ့ကြပါတယ်။ ခဏနားပြီး အတူခရီးဆက်ခဲ့ ကြပါတယ်။ လမ်းမှာဖြေးဖြေးမှန်မှန်ပဲစီးလာရင်း ပန်းတနော်က Feel မှာ နေ့လည်စာဝင်စားခဲ့ကြပါတယ်။ မနက်စာနဲ့ နေ့လည်စာကို ကိုထွန်းထွန်းနဲ့ အဘခင်စိုးတို့ကပဲ ဧည့်ခံတဲ့အတွက် လွန်စွာကျေးဇူးတင် အားတုံ့အားနာ ဖြစ်မိပါတယ်။

ရာသီဥတုက နေသာနေပြီး လမ်းမှာခဏနားလိုက် နင်းလိုက်နဲ့ ဖြေးဖြေးမှန်မှန်ပဲ ခရီးဆက်ရင်း ကျောင်းကုန်း သုံးခွလမ်းဆုံမှာ ကိုထွန်းထွန်း၊ အဘခင်စိုးတို့ကို နှုတ်ဆက်ရင်း လမ်းခွဲခဲ့ကြပါတယ်။ သုံးခွဲလမ်းခွဲကနေ ပုသိမ် - မုံရွာလမ်းကတဆင့် အသုတ်မြို့နှင့် လမ်းဘေးဝဲယာမှာ ကျွန်းပင်တွေနဲ့ စိမ်းစိုသာယာတဲ့ ရေကြည်မြို့တို့ကို ဖြတ်ခဲ့ပြီး ညနေ ၆ နာရီခွဲလောက်မှာ ငသိုင်းချောင်းမြို့ကိုရောက်ရှိကာ သီရိရတနာ တည်းခိုခန်းမှာ နားပါတယ်။ တည်းခိုခန်းခ‌တွေက ၁ ယောက်ခန်း ရိုးရိုးက ၄၀၀၀ ကျပ်ဖြစ်ပြီး Aircon ခန်းကတော့ ၂၅၀၀၀ ကျပ်ပါ။ ရေချိုးပြီး ငသိုင်းချောင်းမြို့ထဲက ဆိုင်တစ်ဆိုင်မှာညစာစားပြီး တည်းခိုခန်းပြန်စောစောအနားယူ အိပ်စက်ခဲ့ပါတယ်။

ရေကြည်မြို့

ရေကြည်မြို့ နေဝင်ချိန်

ငါးသိုင်းချောင်းမြို့

27.10.2023 (Day 2)

မနက် ၅ နာရီလောက် အိပ်ယာထပြီး အထုပ်အပိုးတွေပြန်ပြင်ဆင်ပြီး Check out ပြန်ထွက်ခဲ့ပါတယ်။ မနက်စာကို ငသိုင်းချောင်းမြို့ အထွက်နားက ဆိုင်တစ်မှာ စားပြီး ဆက်လက်ခရီးဆက်ခဲ့ပါတယ်။ သီတာကုန်းပြင်ကို ကျော်လာပြီးတဲ့နောက် ရခိုင်ရိုးမကိုစတင်ကျော်ဖြတ်ရပါတော့တယ်။ ဧရာဝတီတိုင်းဘက်ကအတက်ခရီးများပြီး ‌လမ်းကောင်းပါတယ်။ ရခိုင်ဘက်အခြမ်းမှာတော့ ယခင်ကတ္တရာလမ်းဟောင်းဖြစ်လို့ လမ်းပိုင်းတချို့က ပြုပြင်နေတုန်းပါ။ ကုန်းတက်တွေကို အတက်နိုင်ဆုံးနင်းတက်ပေမယ့် တချို့တောင်တက်လမ်းတွေက မြင့်မားပြီး အတက်ရှည်တာကြောင့် ဘယ်လိုမှနင်းတက်လို့မရပဲ ဆင်းတွန်းခဲ့ပါတယ်။ စက်ဘီးမှာလည်း ဝိတ်တင်ထားတာကြောင့် တချို့တောင်တက်လမ်းတွေဆို ခြေကန်ပြီး တွန်းတင်ခဲ့ရပါတယ်။ နင်းရတာထက် တွန်းရတာပိုပင်ပန်းတယ်ဆိုတဲ့ မိတ်ဆွေတစ်ယောက်ရဲ့စကားကိုလဲ သတိရမိသွားတယ် တကယ်လဲ ချွေးပြိုက်ပြိုက်ကျအောင်ကို တွန်းတင်ရပါတယ်။ အတက်ကြမ်းသလောက် အဆင်းမှာလဲ မနည်းသတိထား ဆင်းခဲ့ရပါတယ်။ ကိုယ်စီးလာတဲ့ဘီးက 90's Bike ဂုတ်ဆွဲဘရိတ်နဲ့ ဆိုတော့ အဆင်းတွေမှာ အတော်လေးသတိထားဆင်းရပါတယ် နေ့လည်စာကိုတော့ ရိုးမပေါ်က ကြက်သောက်ဆမ်းဟင်းချက်ရတဲ့ သစ်ဆန်းဆိုင်မှာ ဝင်စားပြီး ခတ္တခဏမှေးစက် အနားယူခဲ့ပါတယ်။

ရခိုင်ရိုးမပေါ်

ရခိုင်ရိုးမအလှ

ရခိုင်ပြည်နယ်စပ်

ဒီလိုနဲ့ နားလိုက်သွားလိုက်နဲ့ပဲ ဂွမြို့ကို ညနေ ၄ နာရီမှာ ရောက်ရှိခဲ့ပါတယ်။ ဂွမြို့မှာ ခဏနားပြီး ကိုထွန်းထွန်းတို့ဆီက ဖုန်းအဆက်အသွယ် ပြန်ရပါတယ်။ ဂွမြို့ကနေ ကမ်းသာယာကမ်းခြေဘက်ကို ဆက်နင်းလာတဲ့အခါ လမ်းမှာ တဖြေးဖြေးမှောင်လာပါပြီ ပါလာတဲ့ စက်ဘီးမီးကိုဖွင့်ပြီး ခရီးဆက်ခဲ့ပါတယ်။ လမ်းကမှောင်ပြီး တချို့လမ်းပိုင်းတော်တော်များများမှာ မိုးတွင်းကာလမို့ ပျက်နေတာကြောင့် ဖြေးဖြေးပဲထိန်းစီးခဲ့ရပါတယ်။ ဒီလိုနဲ့ ည‌ ၇ နာရီမှာတော့ မိမိလိုရာခရီးကို အဆင်ပြေချောမွေ့စွာ ရောက်ရှိခဲ့ပါတော့တယ်။



စက်ဘီးနဲ့ခရီးသွားရတာ ရခိုင်ရိုးမပေါ် ကားနဲ့လာတုန်းက မကြားရတဲ့ ကျေးငှက်သံတွေနဲ့ တောတောင်သဘာဝကို စက်ဘီးစီးရင်း အနီးကပ်ထိတွေ့ခွင့် ရမှာပါ။ နောက်ပြီး ဝါသနာတူ စက်ဘီးသမားချင်း မိတ်ဆွေတိုးလို့ တန်ဘိုးရှိတဲ့ ခရီးစဉ်လေးဖြစ်ခဲ့ရပါတယ်။






ကိုထွန်းနှင့် အဘခင်စိုး


LMM



No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.