Sunday, November 14, 2010

ခရီးသွားရာသီ အစမှာပင် မင်းကွန်းဒေသသို့ ခရီးသွားဧည့်သည် အများအပြား လာရောက်

ယခုနှစ် ခရီးသွားရာသီ အစမှာပင် မင်းကွန်းဒေသသို့ ရေကြောင်းခရီးဖြင့် ခရီးသွားဧည့်သည် အများအပြား လာရောက်ကြောင်း သိရသည်။ မန္တလေး မရမ်းခြံဆိပ်မှ ပြည်ပခရီးသွား ဧည့်သည်များအတွက် မန္တလေး-မင်းကွန်း၊ မန္တလေး- မင်းကွန်း- စစ် ကိုင်းနှင့် မန္တလေး-ဗန်းမော်ဟူ၍ ရေကြောင်းခရီးစဉ်သုံးခု ပြေးဆွဲပေးရာ မန္တလေး-မင်းကွန်း ခရီးစဉ်သည် သွားရောက်မှု အများဆုံးဖြစ်ကြောင်း သိရသည်။
''မန္တလေးကို လာရောက်တဲ့ ဧည့်သည်အများစုက မင်းကွန်းကို မဖြစ်မနေ သွားကြတာ များတယ်။ မင်းကွန်းကို မန္တလေးကနေ ကုန်းလမ်း၊ ရေလမ်း နှစ်လမ်း သွားလာနိုင်တယ်။ ပြည်ပခရီးသည် အများစုက ရေလမ်းကနေသွားတာ များတယ်။  ဒီနှစ် နို ၀င်ဘာလဆန်းပိုင်းမှာကို တစ်နေ့ခရီးသွား ဧည့်သည် အယောက် ၇၀ ကျော် ၈၀ လောက် လာရောက်တာကို တွေ့ရတယ်''ဟု မန္တလေးမရမ်းခြံဆိပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပြင်သစ်၊ စပိန်နှင့်အီတလီ နိုင်ငံသားများ လာရောက်မှုများကြောင်းနှင့် မန္တလေးမရမ်းခြံဆိပ်တွင် ပြည်ပခရီးသည်များအတွက် မန္တလေး-မင်းကွန်းသွား ရေယာဉ် ၂၆ စင်းရှိပြီး တစ်ဦးလျင် အသွား၊ အပြန် ၄၅၀၀ ကျပ် ဈေးနှုန်း၊ စင်းလုံးငှားယာဉ်အတွက် လူဦးရေပေါ်မူတည်ကာ ငွေကျပ်၂၅၀၀၀ မှ ၄၅၀၀၀ ၀န်းကျင်အထိ ကောက်ခံလျက်ရှိကြောင်း သိရှိရပါသည်။

Credit : News-Eleven

Saturday, November 06, 2010

မြန်မာနိုင်ငံ၏ လက်ရှိသစ်တောဖုံးလွှမ်းမှု ဧရိယာမှာ နိုင်ငံဧရိယာ၏ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်းသာ ရှိကြောင်း သိရ

မြန်မာနိုင်ငံ၏ လက်ရှိသစ်တော ဖုံးလွှမ်းမှုဧရိယာမှာ နိုင်ငံဧရိ ယာ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း ရှိကြောင်း သစ်တောဦးစီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရှိရသည်။
     မြန်မာနိုင်ငံတွင် ယခင်က သဘာဝသစ်တော ဖုံးလွှမ်းမှု ဧရိယာမှာ နိုင်ငံဧရိယာ၏ ၇၀ ရာခိုင်နှုန်းကျော်ရှိပြီး ယခုအချိန်တွင် ဆန်းစစ်လေ့လာမှုအရ သစ်တောဖုံးလွှမ်းမှု ဧရိယာမှာ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း သိရသည်။
     ယခုလက်ရှိ၌ မြန်မာနိုင်ငံတွင် လူဦးရေတိုးတက် များပြားလာခြင်းနှင့်အတူ သဘာဝသစ်တောကြီးများမှ သစ်တောသယံဇာတများကို ထုတ်ယူသုံးစွဲမှု များပြားလာခြင်းတို့ ကြောင့် သစ်တောပြုန်းတီးမှုများ ကြုံတွေ့လာရပြီး နိုင်ငံ၏သစ်တောဖုံးလွှမ်းမှု ဧရိယာ လျော့ကျလာခြင်းဖြစ်ကြောင်း သိရသည်။
     "နောက်ဆုံး လေ့လာဆန်းစစ်မှု အရ မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုဟာ အရင်တုန်းကနဲ့နှိုင်းယှဉ်ရင် လျော့လာပါတယ်။ လူဦးရေတိုးတက် များပြားလာတာနဲ့အမျှ သစ်တော သယံဇာတတွေကို ထုတ်ယူသုံးစွဲမှု များလာလို့ သစ်တောဧရိယာတွေ လျော့လာတယ်။ ဒါဟာ လူဦးရေထူ ထပ်တဲ့ ကမ္ဘာ့နိုင်ငံတွေမှာလည်း ကြုံနေရပါတယ်။ အခုဆိုရင် နိုင်ငံပိုင် သစ်တောစိုက်ခင်းတွေ၊ ပုဂ္ဂလိကပိုင် သစ်တောစိုက်ခင်းတွေ တည်ထောင်စိုက်ပျိုးခွင့်ပြုပြီးတော့ သစ်တောပြုန်းတီးမှုတွေကို ကာကွယ်နိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေပါတယ်"ဟု သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောပါသည်။
     မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့် နှစ်မှ ၂၀၀၅ ခုနှစ်အတွင်း သဘာဝ သစ်တောများ၏အရည်အသွေး ကျဆင်းလာသောကြောင့် သစ်ထုတ်လုပ်သည့်တောများမှ သစ်ထုတ်လုပ်နိုင်စွမ်း မရှိသည့် သစ်တောများအဖြစ်သို့  ရောက်ရှိသွားသည့်ဧရိယာမှာ နှစ်စဉ်ဧက ၁ သန်းခန့်ရှိသည်။
      ထို့ကြောင့် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း သစ်တောဖုံးလွှမ်းမှု ပမာဏ တိုးတက်လာစေရန် တစ်နိုင်ငံလုံးတွင် နိုင်ငံတော်ပိုင် သစ်တောစိုက်ခင်း ၇၄၇၀၉၄ ဧက စိုက်ပျိုးခဲ့ပြီး ပုဂ္ဂလိက ကျွန်းစိုက် ခင်း ၁၄၀၆၄၉၊ ပုဂ္ဂလိက သစ်မာ မျိုးစုံ ၄၀၉၉၅ ဧကနှင့် ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တော ၁၁၅၂၀၇ ဒသမ ၇၄ ဧက တို့ကို တည်ထောင် စိုက်ပျိုးခွင့်ပြုခဲ့ကြောင်း သိရသည်။
     "သက်ရှိ သတ္တ၀ါဇီဝမျိုးစုံ မျိုးကွဲတွေရှင်သန်ဖို့နဲ့ ရာသီဥတုမျှတစေဖို့အတွက် သဘာဝသစ်တောတွေက အရေးကြီးတဲ့ အခန်းကဏ္ဍ က ပါဝင်နေပါတယ်။ ဒါကြောင့် သစ်တောတွေကို သစ်တောဆိုင်ရာ ဥပဒေပြဋ္ဌာန်းပြီး စီမံအုပ်ချုပ်မှု တွေပြုလုပ်နေပါတယ်"ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
      မြန်မာနိုင်ငံ၏ သဘာဝသစ်တောများကို စီမံအုပ်ချုပ်နိုင်ရန် အတွက် ၁၉၉၂ ခုနှစ်တွင် သစ်တော ဥပဒေအသစ်နှင့် ၁၉၉၅ ခုနှစ်တွင် မြန်မာ့သစ်တောမူဝါဒ တို့ကို ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး နှစ် ၃၀ အမျိုးသား သစ်တောကဏ္ဍ ပင်မ စီမံကိန်းတစ်ရပ်ကို ရေးဆွဲကာ အဖိုးတန်သစ်တော သယံဇာတများကို ထိန်းသိမ်းလျက်ရှိသည်။
Credit : News-Eleven

Sunday, October 31, 2010

MAI လေကြောင်းလိုင်းမှ သုံးစင်းမြောက် လေယာဉ်တစ်စင်း ထပ်မံရောက်ရှိ၊ ရန်ကုန်- ကွမ်ကျိုး ခရီးစဉ်ကို နိုဝင်ဘာကုန်၌ စတင်ပြေးဆွဲမည်

Myanmar Airways Inter- nation(MAI)လေကြောင်းလိုင်းမှ  ၎င်းင်းတို့ပိုင် သုံးစင်းမြောက်လေ ယာဉ်တစ်စင်းသည် ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရှိ ရပါသည်။
    MAI လေကြောင်းလိုင်းတွင် MAI logo ဖြင့် Air Bus A 320 လေယာဉ်နှစ်စင်းကို ပိုင်ဆိုင်ထား ပြီး Air Bus A 321 လေယာဉ် တစ် စင်းမှာ ထပ်မံရောက်ရှိလာခြင်းဖြစ် ကြောင်း သိရသည်။ အဆိုပါ လေယာဉ်မှာ ခရီးသည် ၂၂၀ ဦးလိုက် ပါနိုင်ပြီး လက်ရှိ ပျံသန်းပြေးဆွဲနေသည့် လေယာဉ်နှစ်စင်းထက်ခရီးသည် ပိုမိုတင်ဆောင်နိုင်ကြောင်း သိရသည်။
   "အသစ်ရောက်လာတဲ့ လေယာဉ်က အခုလေယာဉ်တွေနဲ့ အမျိုးအစားတူ လေယာဉ်ပါပဲ။ A 320  လေယာဉ်တွေက ခရီးသည် ၁၆၂ ဦးပဲ လိုက်ပါ နိုင်ပြီးတော့ အသစ်ရောက်လာတဲ့ A 321 လေယာဉ်ကတော့ ခရီးသည်တွေကိုရော၊ ကုန်စည်တွေရော ပိုသယ်ဆောင်နိုင်တယ်" ဟု MAI Marketing Manager  မအေးမရသာ က ဆိုပါသည်။
   လေယာဉ်သစ် ရောက်ရှိလာမှုကြောင့် ခရီးစဉ်သစ်အဖြစ် ရန်ကုန်-ကွမ်ကျိုးခရီးစဉ်ကို နိုဝင်ဘာလကုန်တွင် တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ရန်ကုန်- ဘန်ကောက်- စင်ကာပူ- ဘန်ကောက်- ရန်ကုန်ခရီးစဉ်ကို လည်း နိုဝင်ဘာလ ၁၅ ရက်တွင် စတင်ပြေးဆွဲတော့မည် ဖြစ်ကြောင်း မအေးမရသာက ထပ်မံပြောပြခဲ့သည်။
   MAI  လေကြောင်းလိုင်းသည် လက်ရှိအချိန်တွင် ရန်ကုန်မှ ဘန် ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ နှင့် ဗုဒ္ဓဂယာခရီးစဉ်လေးခုကို တိုက်ရိုက်ပျံသန်း ပြေးဆွဲလျက်ရှိကြောင်း သိရှိရပါသည်။

Credit : News-Eleven

Sunday, October 24, 2010

မြန်မာနိုင်ငံသို့ ဆောင်းခိုငှက် လာရောက်နားခိုမှု ကျဆင်းခြင်းကို လေ့လာမည်

မြန်မာနိုင်ငံသို့ ဆောင်းခိုငှက် လာရောက်မှုသည် ယခင်နှစ်က ကျဆင်းခဲ့ပြီး ယခုနှစ်တွင်လည်း လာရောက်ခိုနားမှု နည်းပါးနိုင်ခြေရှိသည့် အတွက်လာမည့် နိုဝင်ဘာလမှစတင်ကာ လေ့လာမှုများ ပြုလုပ်သွားရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။
    သဘာဝပတ်ဝန်းကျင် အပြောင်းအလဲနှင့် ရာသီဥတုပြောင်းလဲမှုများကြောင့် အင်းလေးကန်၊ မိုးယွန်းကြီး အင်းစသည်တို့တွင် ရေကျဆင်းနည်းပါးမှုကို ကြုံခဲ့ရသည့်အတွက် ယင်းသို့ကြုံတွေ့ခဲ့ရမှုက ဆောင်းခို ငှက်များ၏ လာရောက်ခိုနားမှုအပေါ် သက်ရောက်မှုရှိ၊ မရှိကိုလည်း ဆန်းစစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
    ဆောင်းခိုငှက်များသည် ဆောင်းရာသီကာလအတွင်း ကမ္ဘာပေါ်တွင် လမ်းကြောင်းကြီး ရှစ်ခုဖြင့် တစ်နေရာမှ တစ်နေရာသို့ ပျံသန်းပြောင်းရွှေ့ကြရာ၌ မြန်မာနိုင်ငံသည် လမ်းကြောင်းကြီးနှစ်ခု အောက်တွင် ကျရောက်နေ၍ နှစ်စဉ်ဆောင်းခိုငှက်များ ရောက်ရှိခိုနားနေကျ ဖြစ်ကြောင်းသိရှိရသည်။
   "ပြီးခဲ့တဲ့နှစ်က ဆောင်းခိုငှက် လာရောက်တာ နည်းခဲ့ပါတယ်။ ဒါဟာ သဘာဝပတ်ဝန်းကျင်၊ ဂေဟဗေဒစနစ် အပြောင်းအလဲနဲ့သက်ဆိုင်နိုင် ပါတယ်။ ပြီးခဲ့တဲ့နှစ်က ၀င်ရောက်မှု နည်းခဲ့သလို ဒီနှစ်မှာလည်းနည်း နိုင်ခြေရှိတော့ လေ့လာမှုတွေပြုလုပ် သွားမယ်။ လောလောဆယ် မိုးရွာနေသေးတာကြောင့် ဆောင်းခိုငှက်တွေ အဓိက ၀င်လာမယ့် ပွင့်လင်းကာလ နိုဝင်ဘာလလောက်မှာ လေ့လာဖို့ရှိပါတယ်"ဟု မြန်မာနိုင်ငံငှက်နှင့် သဘာ ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း မှ ဥက္ကဋ္ဌဦးစိုးညွန့်က ပြောကြားသည်။
     "၂၀၀၉ ခုနှစ်က တောင်သမန်အင်းမှာ ဒေါင်းလန်းခြေထောက်တွေ လာတာအကောင်ရေ လျော့ကျခဲ့တယ်။ ဒီငှက်တွေက နိုဝင်ဘာလလယ်လောက် လာတာမို့ ဒီနှစ်တော့ စောင့်ကြည့်ရပါမယ်" ဟု မန္တလေးမြို့မှမြန်မာနိုင်ငံ ငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းဝင် ဦးဇေမောင်သိန်း က ပြောကြားသည်။
    ဆောင်းခိုငှက်များသည် ဆိုက်ဘေးရီးယားဒေသမှ သြစတြေးလျ အထိ ပျံသန်းပြောင်းရွှေ့လျက် မြန် မာနိုင်ငံသို့လည်း ရောက်ရှိခိုနားရာတွင် အင်းတော်ကြီးအိုင်၊ မိုးယွန်းကြီး အင်း၊ အင်းလေးကန်စသော ဒေသများ၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် မြစ်ရိုးတစ်လျှောက်ရှိဒေသများ၊ အင်း၊ အိုင်များ စသည်တို့တွင် ကျက်စားကြသည် ဟု ဆိုပါသည်။ ဆောင်းခိုငှက်များသည် မြန်မာနိုင်ငံသို့ အောက်တိုဘာလ၀န်းကျင်မှ ဖေဖော်ဝါရီလ၀န်းကျင် အထိရောက်ရှိ ခိုနားနေကျဖြစ်သည်။

soruce : news-eleven

Friday, October 22, 2010

ကျောက်ဖြူမြို့နယ်တွင် မုန်တိုင်းစတင် ဖြတ်ကျော်နေပြီး လေပြင်းတိုက်ခတ်မှု၊ မိုးသည်းထန်မှုများ ကြုံတွေ့နေ ကမ်းရိုးတန်းနေသူများ နေရာပြောင်းရွှေ့ထားကြကြောင်း သိရ

ရေလုပ်ငန်းရှင် (စစ်တွေ)

(မြန်မာ စံတော်ချိန် ညနေ ၄ နာရီခွဲ)

”ရာသီဥတုက ဆိုးနေပါတယ်။ မုန်တိုင်း ဒီနေ့တိုက်မယ်လို့ ပြောတယ်။ အခု မိုးရွာနေတယ်။ နည်းသေးတယ်။ နောက် များလာဖို့ အနေအထား ရှိတယ်။ ဘာဖြစ်လို့လဲဆို ဒီရေတက်တဲ့ အချိန်နဲ့ လာနိုင်တယ်။ ဒီရေကျနေတဲ့အချိန်ဆိုတော့ သိပ်မဆိုးဝါးသေးပေမယ့် ဒီရေက ညနေလောက်မှာ တက်မယ်ဆိုတော့ ဆိုးလာနိုင်တယ်။ လေပြင်းတိုက်နေတယ်။ စိုးရိမ်ရတဲ့ အနေအထား ရှိတယ်’’

’’ဒီမှာက ကြိုတင်ပြီးတော့ ကျေးရွာတွေက လူတွေကို မယက အစီအစဉ်နဲ့ ရွှေ့ပြောင်းပေးတာတွေ ရှိတယ်။ မော်တော်စက်လှေတွေနဲ့ အနီးအနားမှာရှိတဲ့ ကျေးရွာတွေက လူတွေကိုပါ။ နယ်ဘက်ကျေးရွာတွေမှာ မိန်းမတွေ တယောက်မှ မရှိတော့ဘူး။ ဘေးကင်းရာ ပြောင်းကြပြီ။ တအိမ်မှာ တယောက်ပဲ ကျန်တော့တယ်’’

’’မြို့ပေါ်မှာရှိတဲ့ လူတွေအတွက် သိပ်မစိုးရိမ်ရပေမယ့် နယ်ဘက်တွေမှာတော့ ဒီရေတက်လာတဲ့ အချိန်မှာဆိုရင် လယ်ယာမြေတွေကို ဆားငန်ရေတွေ ဝင်မယ်။  ပုစွန်ကန်တွေ ပျက်စီးမယ်။  ပုစွန်ကန်တွေကို ဆားငန်ရေ ဝင်ရင်နစ်နာတာပေါ့။   မြို့ပေါ်မှာရှိတဲ့ လူတွေထက် နယ်ဘက်တွေမှာရှိတဲ့ လယ်သမားတွေ ပုစွန်တာတွေ ပျက်စီးမယ်။ ပထမ တခေါက်ကလည်း ပျက်စီးခဲ့ပြီ“


ကုန်စုံဆိုင်ပိုင်ရှင် (စစ်တွေ)

(မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီခွဲ)

“အခုတော့ မိုးနည်းနည်းရွာနေတယ်။ လေလည်း တိုက်နေတယ်။ ဒီမှာတော့ မီးသတ်ဌာနက မြို့ကိုပတ်ပြီးတော့ မုန်တိုင်းသတင်း သတိပေးချက်တွေ လုပ်နေတယ်။ လူတွေကတော့ ပြင်ဆင်မှုတွေ လုပ်နေကြပါပြီ“

စက်လှေပိုင်ရှင် (ကျောက်ဖြူ)

(မြန်မာစံတော်ချိန် နေ့လည် ၁ နာရီ)

“ဒီနေ့တော့ လေပြင်းတိုက်နေတယ်။ ၁ နာရီကို ၃၅ မိုင် တိုက်နေတယ်။ ပျက်စီးမှုတွေတော့ မရှိပါ။ အာဏာပိုင်တွေကတော့ ကားတွေနဲ့ မြို့ကိုပတ်ပြီး ပြည်သူတွေကို မုန်တိုင်းသတိပေးချက်တွေ လုပ်နေတယ်။ ပင်လယ်ပြင်နဲ့နီးတဲ့ ကျေးရွာက ဒေသခံတွေကို စာသင်ကျောင်းတွေဆီ ပြောင်းရွှေ့ဖို့ အဲလိုမျိုး ဆော်သြတာတွေ ရှိတယ်။ တချို့ကတော့ ပြင်ဆင်တာတွေ လုပ်ထားတယ်။ မြို့ရဲ့ အစွန်အဖျားက လူတွေကို စာသင်ကျောင်းတွေဆီ ပြောင်းရွှေ့ဖို့ သတိပေးတယ်။ နယ်ဘက်တွေမှာတော့ ပြောင်းရွှေ့နေကြတယ်လို့ ကျနော်တို့ ကြားရတယ်“

အိမ်ရှင်မ (စစ်တွေ)

(မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲ)

“စစ်တွေ ကမ်းနားလမ်းရပ်ကွက်မှာနေတဲ့ ဒေသခံတွေ အကုန်လုံး ဘေးလွတ်ရာကို ရွှေ့နေကြပါပြီ။ မြစ်ကမ်းနားနဲ့နီးတဲ့ ဒေသခံတွေပါ။ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြောင်းနေကြတာပါ။ စက်လှေတွေကို မထွက်ဖို့ အာဏာပိုင်တွေ တားမြစ်ထားတာတွေ ရှိတယ်။ အခုအချိန်တော့ လေငြိမ်နေတယ်။ လေငြိမ်ရင် စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လို့ လူတွေက ပြောကြတယ်။ မီးသတ်ဌာနက မြို့ကိုပတ်ပြီး မုန်တိုင်း သတိပေးချက်တွေ လုပ်ဆောင်နေတယ်“
...................................................................................................

ရန်ကုန် ။ ။ မုန်တိုင်းရှေ့ပြေးအဖြစ် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ ယနေ့ နံနက်မှစ၍ လေပြင်းများ ကျရောက်နေကြောင်း ဒေသခံများအဆိုအရ သိရသည်။

’’လေကတော့ မုန်တိုင်းတိုက်မယ့် လေပုံစံမျိုး တိုက်နေတယ်။ လေသွယ်နေတဲ့ သဘောပေါ့။ ခုန ၁၂ နာရီ မိနစ် ၄ဝ လောက်ကထက် နည်းနည်းပိုလာတယ်။ ပြီးတော့ မိုးလည်း ပါလာတယ်’’ ဟု ကျောက်ဖြူ မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

ကျောက်ဖြူတွင် မုန်တိုင်းတိုက်မည်ဖြစ်သဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် မယက မြို့နယ်ကောင်စီက တမြို့လုံးအနှံ့ လှည့်လည်ကာ အသံချဲ့စက်ဖြင့် လိုက်လံသတိပေးနေသည်။

တောင်ကုတ်မြို့နယ် မအီ၊ လမူး အစရှိသည့် ကျေးရွာများနှင့် မာန်အောင်မြို့ဘက်တွင်လည်း လေပြင်းနှင့်အတူ မိုးရွာသွန်းမှုပါ ရှိနေကြောင်း ဒေသခံများအဆိုအရ သိရသည်။

’’အထုပ်တွေတော့ ထုပ်ထားတယ်။ မုန်တိုင်းကတော့ ကျောက်ဖြူနားမှာလို့ ရေဒီယိုက ပြောတယ်။ လေဖျားခတ်မယ့် အနေအထားဆိုရင်လည်း ဘယ်လိုလာမယ်မှန်း မသိဘူး။ ဆိုတော့ လိုအပ်လို့ ပြေးရရင်လည်း ရှိတာလေးတွေကို သယ်လို့ရအောင်’’ ဟု တောင်ကုတ်မြို့နယ် ပန်းထော်ကျွန်းမှ ဒေသခံတဦးက ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က 04B GIRI အမည်ရှိ အင်အားကောင်း ဆိုင်ကလုန်း မုန်တိုင်းသည် ယနေ့နံနက်တွင် ရခိုင်ပြည်နယ် အလယ်ပိုင်းကို စတင်ဖြတ်ကျော်နေပြီး၊ လေတိုက်နှုန်းမှာ တနာရီလျှင် ၇၅ မိုင်အထိ ရှိနိုင်သဖြင့် အန္တရာယ်ကြီးအဆင့်သို့ ရောက်နေကြောင်း ပြောသည်။

’’ဒီရေတက်မယ်။ တနာရီ ၇၅ မိုင်ဖြစ်တဲ့အတွက် ၅ ပေကနေ ၆ ပေလောက်ထိ တက်နိုင်မယ်’’ ဟု သူက ဆိုသည်။

နိုင်ငံပိုင် သတင်းဌာနများက စစ်တွေနှင့် ကျောက်ဖြူ ဒေသသို့ ယခုအခါ အနီရောင်အဆင့် မုန်တိုင်း တိုက်ခတ်နေပြီး၊ မိုးသက်လေပြင်းများ ကျကာ မြေပြင်ရေပြင်လေမှာ တနာရီလျှင် မိုင် ၂ဝ နှုန်း ဖြစ်ကြောင်း ကြေညာနေသည်။

၂ဝဝ၈ ခုနှစ် မေလဆန်းတွင် ဘင်္ဂလားပင်လယ်အော်မှ ဝင်ရောက်သည့် နာဂစ်ဆိုင်ကလုန်းသည် တနာရီလျှင် မိုင် ၁၂ဝ အထိ တိုက်ခတ်ခဲ့သဖြင့် ဧရာဝတီတိုင်းအတွင်း လူ ၁ သိန်း ၄ သောင်းခန့် သေကြေပျောက်ဆုံးကာ ၂ သန်းခွဲ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

Source : Mizzima Burmese