လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အငြင်းပွားဖွယ်ရာ ဧရာဝတီမြစ် ညာဘက်တွင် တည်ဆောက်နေသော ရေကာတာများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် အခြားဆိုးကျိုးများနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်း ပထမဆုံးအကြိမ် ထုတ်ဖော် ပြောဆိုလိုက်သည်။
ဆည်စီမံကိန်းများကြောင့် လျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်မည် ဖြစ်သော်လည်း မြစ်ကြောင်း ပြတ်တောက်ခြင်း၊ ရေတိုက်စားမှုနှုန်း မြင့်မားခြင်း၊ ရေစီးအားနည်းခြင်း၊ စီမံကိန်း ဆောက်လုပ်ရာမှ ကျန်ရှိနိုင်သည့် ဓာတု ဓာတ်ပစ္စည်း များ ပိုမိုစုစည်းကာ ဆည်လွှတ်ရေတွင် ပါဝင်နိုင်ခြင်းတို့ကြောင့် စိုးရိမ်စရာဖြစ်ခဲ့ကြောင်း “ဧရာဝတီ အတွက် ပန်ကြားချက်” အမည်ဖြင့် ကြာသပတေးနေ့က ကြေညာချက် ထုတ်ပြန်လိုက်သည်။
“စနစ်ကျသော စီမံကိန်းများ ကင်းမဲ့မှု၊ ထိန်းသိမ်းမှုဆိုင်ရာ ဥပဒေများကို လိုက်နာရန် ပျက်ကွက်မှုနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာနှင့် ဗဟုသုတ အားနည်းခြင်းတို့သည် ပြဿနာပေါင်းစုံကို ဖြစ်ပေါ်စေခဲ့ပါသည်” ဟုလည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ်ထိုးထားသည့် ပန်ကြားလွှာတွင် ဖော်ပြထားသည်။
မြစ်ဆုံရေကာတာ စီမံကိန်း အစပျိုးစဉ်ကပင် မြန်မာအစိုးရ အဆက်ဆက်က မိမိတို့၏ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ရန် ပျက်ကွက်ခဲ့သည်ဟု ကချင်အမျိုးသားတို့၏ ခံယူချက်များ ပိုမိုနက်ရှိုင်းလာခဲ့သည် ဟုလည်း သူက သတိပေးထားသည်။
ဧရာဝတီ၊ မေခ၊ မလိခမြစ်ကြောင်း တလျှောက်ရှိ မြစ်ဆုံ၊ ချီဖွေ၊ ချီဖွေငယ်၊ ခေါင်လံဖူး၊ ပရှီး၊ ဖီဇော၊ လဇာ၊ လကင် ဒေသများတွင် ရေကာတာ ၈ ခု တည်ဆောက်မည် ဖြစ်ကာ အများဆုံး ၆,၀၀၀ မဂ္ဂါဝပ်မှ အနည်းဆုံး ၁,၄၀၀ မဂ္ဂါဝပ် စုစုပေါင်း ၁၃,၃၆၀ မဂ္ဂါဝပ် ထုတ်လုပ်မည်ဟု ဌာနဆိုင်ရာ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ရေအားလျှပ်စစ် မီဂါဝပ် ၃,၆ဝဝ ထုတ်လွှတ်ပေးနိုင်မည့် “မြစ်ဆုံ ရေကာတာ စီမံကိန်း” အရ မေခမြစ် အပိုင်းတွင် ရေကာတာ ၅ ခု၊ မလိခမြစ်မှာ ၂ ခု ပိတ်ရမည် ဖြစ်သည်ဟု ပတ်ဝန်းကျင် စောင့်ရှောက်ရေး လှုပ်ရှားသူများက ပြောသည်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ၊ တက်ကြွ လှုပ်ရှားသူများ၊ ဆည်ကြောင့် အကျိုးယုတ်ရမည့် ဒေသခံများက ဝိုင်းဝန်း ကန့်ကွက်နေသည့် ကြားမှပင် စီမံကိန်းကို ၂ဝဝ၇ ခုနှစ်မှစ၍ အေးရှားဝေါလ် ကုမ္ပဏီနှင့် တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း - CPI တို့က တာဝန်ယူ ဆောက်လုပ်နေခြင်း ဖြစ်သည်။
ယင်းအပြင် စီမံကိန်းကြောင့် ရွှေ့ပြောင်းပေးခဲ့ရသည့် ရွာ ၆၃ ရွာနှင့် လူပေါင်း ၁၂၀၀၀ ကျော်အတွက်လည်း ပြန်လည်နေရာချထားပေးရန် လိုအပ်နေသည်။
“မေခ၊ မလိခမြစ်ဆုံနှင့် ဧရာဝတီမြစ်ဆုံ၌ ရေကာတာများ ဆောက်လုပ်ရန် ရှေ့တိုး ဆောက်ရွက်နေခြင်းဟာ လူနည်းစု တိုင်းရင်းသား လူမျိုးများ၏ အမြင်ကို လျစ်လျူရှု ပစ်ပယ်ထားသည့် နောက်ဆုံး သာဓကတခု ဖြစ်တယ်” ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်ဒေသများ အုပ်ချုပ်ရေးမှူး လမာဂွမ်ဖန်း (Lama Gumhpan) က မဇ္ဈိမနှင့် တွေ့ဆုံ မေးမြန်းခန်းတခုတွင် ဖြေကြားခဲ့သည်။
မြစ်ဆုံဆည်ကြောင့် ပြည်တွင်းစစ်အထိ ဦးတည်သွားနိုင်သဖြင့် စီမံကိန်းကို ရပ်ဆိုင်းထားပါရန်နှင့် စစ်ဖြစ်ပါက မိမိတို့တွင် အပြစ်မရှိကြောင်းလည်း မြန်မာအစိုးရကို အကြောင်းကြားထားပြီး ဖြစ်ကြောင်း KIO ဥက္ကဋ္ဌ လရော်ဇောင်းဟရား လက်မှတ်ထိုးကာ တရုတ်သမ္မတ ဟူကျင်းတောင်ထံ အိမ်ဖွင့်ပေးစာ တစောင်ကို ၂ဝ၁၁ ခုနှစ် မတ်လ ၁၆ ရက်နေ့က ပေးပို့ခဲ့သေးသည်။
မြစ်ဆုံဆည် စီမံကိန်းနေရာ၌ ၂ဝ၁ဝ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် အနည်းဆုံး ဗုံး ၁၀ လုံး သီးခြားစီ ပေါက်ကွဲခဲ့သည်။ ဗုံးပေါက်ကွဲမှုများကြောင့် အနည်းဆုံး တရုတ် အလုပ်သမားတဦး သေဆုံးခဲ့ကာ ယာယီ အဆောက်အအုံ အချို့လည်း ပျက်စီးခဲ့သည်။ အစိုးရဘက်က တာပိန်ရေအားလျှပ်စစ် စီမံကိန်း အနီးရှိ KIA ယာယီစခန်းကို ဇွန်လ ၁၁ ရက် နောက်ဆုံးထား ဖယ်ရှားခိုင်းရာက ဇွန် ၁ဝ ရက်နေ့တွင် အစိုးရတပ်များနှင့် ကချင်တပ်များ တိုက်ခိုက်စတင်ဖြစ်ခဲ့ကြရာ ယခုထိ ပြေလည်မှု မရသေးပေ။
မြန်မာ-တရုတ် အစိုးရများ အနေဖြင့် နှစ်နိုင်ငံအကျိုး မျှော်မြင်၍ အသက်အိုးအိမ်များကို အန္တရာယ်ပြုနိုင်မည့် နောက်ဆက်တွဲ ပြဿနာများကို ရှောင်ရှားလိုကြမည်ဟု ယုံကြည်ကြောင်းနှင့် အမျိုးသားရေးနှင့် နိုင်ငံတကာ သဟဇာတဖြစ်ရေးကို ရှေ့ရှုလျက် သက်ဆိုင်သူ အားလုံးက စီမံကိန်းအား ပြန်လည် သုံးသပ်၍ မလိုအပ်သော အကျိုးဆက်များကို ရှောင်ရှားရန် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် တိုက်တွန်းထားသည်။
စီမံကိန်းအတွက် တံတားများ တည်ဆောက်ရာ၌ ရေတိုက်စားခြင်းနှင့် သောင်ထွန်းခြင်း ပြဿနာများကို ထည့်သွင်း မစဉ်းစားခဲ့သည့် အတွက် ရေတိုက်စားခြင်းနှင့် သောင်ထွန်းမှုများ ဖြစ်ပေါ်နေကြောင်း၊ နွေရာသီတွင် သွားလာရေးခက်ခဲမှုနှင့် သောက်သုံးရေ ခပ်ရန် ခက်ခဲမှုများ ဖြစ်နေခြင်းမှာ ဆယ်စုနှစ်များပင် ရှိခဲ့ပါပြီဟုလည်း မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် ထုတ်ဝေသည့် ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဆည်စီမံကိန်းများ အောက်ဖက် ဧရာဝတီမြစ်ကြောင်း တလျောက်နေသူ “ပြည်သူတွေအတွက် ရေကြောင်းပြောင်းလဲမှုကြောင့် ထိခိုက်နစ်နာရဖွယ် ရှိနေတယ်” ဟု မြန်မာနိုင်ငံ မြစ်ကြောင်းများဆိုင်ရာ ကွန်ယက်အဖွဲ့ Burma Rivers Network ခေါင်းဆောင်တဦးဖြစ်သူ စိုင်းစိုင်းက မဇ္ဈိမနှင့် တွေ့ဆုံ မေးမြန်းခန်း တခုတွင် ဖြေကြားခဲ့သည်။
မြစ်ဝှမ်းဒေသများတွင် ဆယ်စုနှစ်အတွင်း စက်ရုံ၊ အလုပ်ရုံများ တိုးပွားလာခြင်းနှင့် ရွှေတူးဖော်ခြင်းများကြောင့် ဧရာဝတီလင်းပိုင် အပါအဝင် ရှားပါးငါးမျိုးများ ရှင်သန်မှုကို ထိခိုက်ရကာ မြစ်ကို မှီခိုနေသူများအတွက် သောက်သုံးရေနှင့် အစားအစာအတွက်မှာ လုံခြုံကင်းမဲ့နေသည်။
ပို၍အရေးကြီးသည့်ပြဿနာမှာ မြစ်ရေစီးအားနည်းပါးခြင်းကြောင့် မြစ်အောက်ပိုင်း မြစ်ဝကျွန်းပေါ် ဒေသများ၌ ပင်လယ်ဆားငန်ရေ ဝင်ရောက်မှု ပိုမိုကျယ်ပြန်လာခြင်းကြောင့် ဆန်စပါးထုတ်လုပ်မှု ထိခိုက်ကာ ဆန်အဓိက စားသုံးနေသည့် ပြည်သူတရပ်လုံးကို ထိခိုက်လာကြောင်းနှင့် ဆန်တင်ပို့မှုမှ ရရှိသည့် နိုင်ငံခြားဝင်ငွေ ထိခိုက် ကျဆင်းမှုကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးထားသည်။
ဧရာဝတီမြစ်နှင့် ဆက်စပ် ဖြစ်ပေါ်နေသည့် သဘာဝပတ်ဝန်းကျင်၊ စီးပွားရေး၊ အတတ်ပညာနှင့် နိုင်ငံရေးဆိုင်ရာ ပြဿနာအလုံးစုံကိုလည်း အားလုံး ပူးပေါင်းခြင်းဖြင့်သာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Source : Mizzima Burmese
Photo : Irrawaddy
Photo : Irrawaddy
No comments:
Post a Comment
Thank you for your comment on my blog, Anythig you can suggesting and discuss to me.