လာမည့် ပွင့်လင်းရာသီတွင် ပြည်တွင်းလေကြောင်း ခရီးစဉ်များ၌ နိုင်ငံခြားသား ခရီးသည်များ၏ လေယာဉ်လက်မှတ် နှုန်းထားများ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပြည်တွင်းလေကြောင်းလိုင်း တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းခရီးစဉ်များ ပြေးဆွဲနေသော ပုဂ္ဂလိက လေကြောင်းလိုင်းလေးခုရှိပြီး Air Bagan ၊ Air Mandalay၊ Asian Wings နှင့် Air KBZ တို့ဖြစ်သည်။ နိုင်ငံခြားသား ခရီးသည်များအတွက် လက်မှတ်နှုန်းထားတိုးမြှင့်ပါက ယင်းလေကြောင်း လိုင်းများအားလုံး တစ်ပြေးညီတိုးမြှင့်မည် ဖြစ်ကြောင်း သိရှိရပါသည်။
ပွင့်လင်းရာသီတွင် တိုးမြှင့်မည့် နိုင်ငံခြားသားခရီးသည်များ၏ ပြည်တွင်းလေကြောင်း ခရီးစဉ် လက်မှတ်နှုန်းထားများကို လေကြောင်းလိုင်း အချင်းချင်း ညှိနှိုင်းဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။
“လာမယ့်ရာသီမှာ နိုင်ငံခြားသား ခရီးသည်တွေအတွက် လေယာဉ် လက်မှတ်ခတွေ ဈေးတက်မှာပါ။ နှုန်း ထားတွေကိုတော့ ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်” ဟု ပြည်တွင်းလေကြောင်းလိုင်း တစ်ခုတာဝန်ရှိသူတစ်ဦးက ဆိုသည်။
Asian Wings လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးကလည်း “စီနီယာလေကြောင်းလိုင်းတွေက လက်မှတ်ခတွေ တိုးမယ်ဆိုရင် Asian Wings လေကြောင်းလိုင်းလည်း ပါဝင်မှာပါ။ လက်မှတ်ခတက်ရင် အကုန်အတူတူ တစ်ပြေးညီတက်မှာပါ”ဟု ထပ်မံပြောပြခဲ့သည်။
နိုင်ငံခြားသား ခရီးသည်များ၏ လက်မှတ်နှုန်းထားများ တိုးမြှင့်ရန် စီစဉ်နေသော်လည်း ပြည်တွင်းခရီး သည်များ၏ လက်မှတ်နှုန်းထားများ တိုးမြှင့်ရန်ကိုမူ လတ်တလောအားဖြင့် စီစဉ်မှု မရှိသေးကြောင်း သိရှိရသည်။
Source : News-Eleven

No comments:
Post a Comment
Thank you for your comment on my blog, Anythig you can suggesting and discuss to me.