Sunday, July 16, 2023

ဒါးပိန်(ထားရ်ပိန်း) မြို့လေးသို့ အလည်တစ်ခေါက်

ယခုတစ်ခေါက်မှာတော့ ရန်ကုန်တိုင်းထဲက ဒါးပိန်မြို့လေးဆီကို အသွားအပြန် 86.5 Km ခရီးအကွာအဝေး စက်ဘီးစီးဖြစ်ခဲ့ပါတယ်။ ဒါးပိန်မြို့လေးသည် ရန်ကုန်တိုင်းအတွင်း ရန်ကုန်၊ ပဲခူး မီးရထားလမ်းပေါ်နှင့် ပဲခူးမြစ်၏အနောက်ဘက်အရပ် အနောက် ဘက်ကမ်းမှ တမိုင်ခန့်အကွာ ပဲခူးမြစ်ပေါ်ရှိ သပြုရွာကြီးနှင့် တဘက်ကမ်းအနောက်အရပ် မျက်နှာချင်းဆိုင်ရန်ကုန် လေးထောင့်ကန်၊ အင်းတိုင်၊ အမှတ်(၂) မော်တော်ကား လမ်းမကြီးပေါ်ရှိ ဆားတလင်းကျေးရွာ မှအရှေ့ဆူးဆူး မော်တော်ကားလမ်းမိုင်အရ လေးမိုင်အကွာမှာ တည်ရှိပါတယ်။

ဒါးပိန်းမြို့သည် ရှေးယခင်က မွန်ဘာသာဖြင့် ထားရ်ပိန်းဟု ခေါ်ဆိုကြပြီး မြန်မာဘာသာဖြင့် ဝမ်းဘဲကူးချောင်းရွာဟု အဓိပ္ပါယ်သက်ရောက်ပါသည်။ အင်္ဂလိပ်ခေတ် ဟောင်းအုပ်ချုပ်ရေး၌ ပဲခူးစီရင်စု (ပဲခူးခရိုင်) ဒါးပိန်မြို့ဟု ခရစ်နှစ် ၁၉၀၄ ခုနှစ်ခန့်ဝယ် နယ်ပိုင်ဝန်ထောက် ရုံးစိုက်ရာမြို့အဖြစ် တိုးမြှင့်သတ်မှတ်ထားရှိခဲ့ပါတယ်။ ခရစ်နှစ် ၁၉၇၃ ခုနှစ်မှာတော့ ဒါးပိန်အား အသစ်ဖွဲ့စည်းပြုပြင်သော ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်  အုပ်ချုပ်ရေး အတွင်းသို့ ပြောင်းလွဲထည့်သွင်းခဲ့လေသည်။ ယနေ့ခေတ်မှာတော့ ဟံသာဝတီမွန်တို့၏ဌာနေ ထားရ်ပိန်း သည် တံငါရွာစု ကျေးရွာအုပ်စုမှသည် ဒါးပိန်မြို့အဆင့်ထိတိုးတက်ပြောင်းခဲ့ပြီ ဖြစ်ပါတယ်။ ဒါးပိန်မြို့သည် ပန်းဆယ်မျိုး အတတ်ပညာများ ဖြစ်သော ပန်းပဲ၊ ပန်းပု၊ ပန်းထိမ်၊ ပန်းရန်၊ ပန်းတော့၊ ပန်းတမော့ပညာများ ထွန်းကားခဲ့ပုံရသော်လည်း ယနေ့ခေတ်တွင် ပန်းပုပညာနှင့် ပန်းရန်ပညာ တို့သည် ယနေ့ထက်တိုင်ကျန်ရှိလျှက် ပန်းပုမြို့တော်ဒါးပိန်ဟု အမည်တွင်လျှက် လက်မှုအတတ်ပညာများ ဆက်လက်ထွန်းကားလျှက် ရှိနေပါတယ်။

ဒါးပိန်ကို စက်ဘီးလမ်းကြောင်း ရွေးချယ်ဖြစ်ခဲ့တာက ဒါးပိန်မှာ ရှေးခေတ်ဟောင်းလက်ရာ အဆောက်အဦးတွေ ယနေ့ထက်တိုင် တည်ရှိနေတာကြောင့် သွားရောက်လေ့လာချင်တာရယ် ငယ်သူငယ်ချင်း တစ်ယောက် ရှိနေတာရယ်ကြောင့် ရွေးချယ်ဖြစ်ခဲ့တာပါ။ အိမ်ကစထွက်ချိန် မနက် ၅ နာရီလောက်မှာ မိုးဖွဲအနည်းငယ် ကျနေပေမယ့် ဒဂုံမြို့သစ် တောင်မြောက်လမ်းဆုံလောက်ကနေစပြီး လမ်းပိုင်းကခြောက်သွေ့နေတာကြောင့် စက်ဘီးစီးရတာအဆင်ပြေပါတယ်။ အမှတ် (၂)လမ်းမကြီးအတိုင်း ရွာသာကြီးကိုဖြတ်ပြီး လေးဒေါင့်ကန် အရောက်မှာ နံနက်စာစားဖြစ်ပါတယ်။ မနက်စာစားပြီး ဆက်ထွက်လာရာက လှည်းကူး ဆားတလင်းလမ်းဆုံကိုရောက်လို့ ညာဘက်ကို ချိုးဝင်လိုက်တဲ့အခါ ဒါးပိန်မြို့ကို ၄ မိုင်ကျောက်လောက် ဆက်နင်းရပါတယ်။ လမ်းအစပိုင်းက ကွန်ကရစ်လမ်းဖြစ်ပေမယ့် အနည်းငယ်ဆက်နင်းတဲ့အခါ ကတ္တရာလမ်းချောပေါ်ကို ရောက်လို့ ဒါးပိန်မြို့အထိ လမ်းကောင်းပါတယ်။ လမ်းဘေးဝဲယာမှာတော့ စိမ်းစိုနေတဲ့ ကွင်းပြင်ကြီးတွေ ရေကန်တွေနဲ့ ရှုခင်းက အတော်လေးသာယာပါတယ်။

ဒါးပိန်မြို့ကိုရောက်တဲ့အခါ မနက် ၈နာရီထိုးနေပါပြီး။ စည်ကားလှတဲ့ ဒါးပိန်ဈေးကိုကျော်လာတဲ့အခါ လမ်းရဲ့ဘယ်ဘက်အခြမ်းမှာ ရွှေလွှမ်းမြင့်စေတီတော်မုဒ်ဦးကို တွေ့မြင်ရပြီး ဝင်ရောက်ဖူးမျှော်ခဲ့ပါတယ််။ ရွှေလွှမ်းမြင့်စေတီတော်ဝင်းထဲမှာပဲ မိမိသွားရောက်လေ့လာလိုတဲ့ ရှေးမူလရဟန်းကျောင်းတော်ကြီး လေးကျောင်း၌ ပါဝင်သော တမံကျောင်းတိုက်ကြီး တည်ရှိနေပါတယ်။ မိမိရောက်တဲ့အခါမှာတော့ သစ်သားများဖြင့် ဆောက်လုပ်လုပ်ထားတဲ့ တမံကျောင်းဆောင် အပေါ်ပိုင်းသည် မိုးဒဏ်လေဒဏ် များကြောင့် ၁၂.၇.၂၀၂၃ ဗုဒ္ဓဟူးနေ့မှာ ပြိုကျပျက်စီးသွားခဲ့ပြီဖြစ်လို့ အပျက်အစီးများကို ဖယ်ရှား ရှင်းလင်းနေကြတာကို နှမျောသတစွာ တွေ့မြင်ခဲ့ရပါတယ်။ ဒါကြောင့် ကျန်ရှိနေသေးတဲ့ အုတ်ဖြင့်ဆောက်လုပ်ထားတဲ့ အောက်ခြေပိုင်းကိုသာ မှတ်တမ်းတင် ဓတ်ပုံရိုက်ခဲ့ရပါတယ်။ ခဏအကြာမှာ ဒါးပိန်မှာနေတဲ့ သူငယ်ချင်း ဇော်ဦးနဲ့ ဖုန်းအဆက်အသွယ် ရပါတယ်။ သူငယ်ချင်းရဲ့ဖိတ်ခေါ်မှုကြောင့် ဒါးပိန်မြောက်ပိုင်းက သူ့အိမ်ကို သွားလည်ဖြစ်ခဲ့ပါတယ်။ မဆုံဖြစ်ကြတာ နှစ် ၂၀ နီးပါးကြာပြီဖြစ်လို့ သူငယ်ချင်းနဲ့ စကားလက်ဆုံ ကျပြီးတော့ သူ့အိမ်ကကားနဲ့ ဒါးပိန်မြို့တစ်ပါတ်ကို လိုက်ပြပါတယ်။ မြို့ထဲကနေတဆင့် ဆားတလင်း-ဒါးပိန်-ကျွဲကူးဆိပ်လမ်း နဲ့ ပဲခူးတိုင်းဒေသကြီး သပြု - ရှမ်းကံ - ကဝ လမ်းကို ဆက်သွယ်ထားတဲ့ ပဲခူးမြစ်ကူးတံတား (ဒါးပိန် - သပြု) ပဲခူးမြစ်ကူးတံတားကိုလဲ လိုက်ပြပါသေးတယ်။ ဒီတံတားကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါတယ်။

သပြု - ရှမ််းကံ - ကဝလမ်းကတော့ ကျောက်ကြမ်းအဆင့်ပဲရှိသေးပြီး လမ်းမကောင်းသေးပါဘူး။ လမ်းဆုံမှာပဲ ခဏရပ်ပြီး သာယာတဲ့ရှုခင်းလေးတွေကို ဓတ်ပုံရိုက်ဖြစ်ပါတယ်။ စိမ်းစိုနေတဲ့ လယ်ကွင်းပြင်နှင့် မြစ်ကိုဖြတ်တိုက်လာတဲ့ လတ်ဆတ်တဲ့လေကိုရှုရှိုက်ရတာလဲ ရန်ကုန်မြို့ရဲ့မွန်းကြပ်မှုတွေကို မေ့ပျောက်လို့ လန်းဆန်းသွားစေပါတယ်။ တံတားမှာဓတ်ပုံရိုက်ပြီးတော့ သူငယ်ချင်းက သူ့အိမ်မှာပဲ နေ့လည်စာကို တည်ခင်းဧည့်ခံပါတယ်။ အချက်အပြုတ်ကောင်းတဲ့ ဟင်းချက်လက်ရာနဲ့ စေတနာကြောင့် ထမ္မင်းမြိန်ခဲ့ပါတယ်။ နေ့လည်စာ စားပြီးနောက် ခဏနားပြီးတဲ့အခါ ရာသီဥတုကောင်းနေတုန်းမှာ ရန်ကုန်ကိုပြန်ရမှာမို့ သူငယ်ချင်းတို့မိသားစုကို နှုတ်ဆက်ပြီးပြန်ခဲ့ပါတယ်။ သူငယ်ချင်းက မိမိအိမ်က မိသားစုအတွက် ဒါးပိန်ဒေသထွက်အစားအစာဖြစ်တဲ့ ကောက်ညှင်းဘိန်းမုန့်ကို လက်ဆောင် ထည့်ပေးလိုက်ပါသေးတယ်။ စိတ်ရင်းစေတနာကောင်းပြီး ဧည့်ဝတ်ကျေလှတဲ့ သူငယ်ချင်းနဲ့ မိသားစုကို ကျေးဇူးတင်မိပါတယ်။

ဒါးပိန်ကနေ နေ့ခင်း ၁၁နာရီခွဲလောက်မှာ ပြန်ထွက်လာခဲ့ပါတယ်။ ရာသီဥတုက မိုးမရွာပဲ နေသာနေတာကြောင့်  အနည်းငယ်ပူလာလို့ ဖြေးဖြေးမှန်မှန်ပဲ ပြန်စီးခဲ့ပါတယ်။ ဘောက်ထော်ဘူတာနားက အုန်းရည်ဆိုင်လေးမှာ ခဏဝင်နားပြီး အုန်းရည်သောက် အမောဖြေပြီးမှ အိမ်ကိုပြန်လာခဲ့ပါတယ်။ အိမ်ရောက်တဲ့အခါမှာတော့ နေ့လည် ၂ နာရီခွဲနေပါပြီ။ ဒီတစ်ခေါက်စီးဖြစ်ခဲ့တဲ့ ဒါးပိန်ခရီးစဉ်လေးက မိမိမရောက်ဖူးသေးတဲ့ ဒေသအသစ်မှာ ရှေးခေတ်ဟောင်းလက်ရာ အဆောက်အဦးတွေကို လေ့လာခွင့်ရခဲ့သလို နှစ် ၂၀နီးပါး မဆုံဖြစ်ကြတဲ့ ငယ်သူငယ်ချင်းနှင့်လည်း ပြန်ဆုံတွေ့ခွင့်ရခဲ့တာကြောင့် တကယ့်ကို အကျိုးရှိခဲ့တဲ့ စက်ဘီးခရီးစဉ်လေး ဖြစ်ခဲ့ပါကြောင်းတင်ပြရင်း နိဂုံးချုပ်လိုက်ရပါတယ်။

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.