Sunday, March 26, 2023

မှော်ဘီ ပန်းတစ်ပွင့်တောင်

ရန်ကုန်ရောက်တုန်း ပန်းတပွင့်တောင်ကို သူငယ်ချင်းရဲ့စက်ဘီးစီးအဖွဲ့နှင့်အတူ လိုက်ပါ စီးနင်းဖြစ်ခဲ့ပါတယ် ၈မိုင်မှာ မနက်၆ နာရီစထွက်ကြဖို့ ချိန်းထားပေမယ့် အိမ်ကစထွက်တော့ နောက်ကျပြီ။ အတူစီးမယ့် သူငယ်ချင်းနဲ့အဖွဲ့က မင်္ဂလာဒုံ ရွှေပုလ္လင်မှာ စောင့်နေကြလို့ အမှီလိုက်ခဲ့ရပါတယ်။ ရွှေပုလ္လင်မှာ မနက်စာစားကြပြီးမှ အားလုံးအတူ စထွက်ခဲ့ကြတယ်။ လမ်းမှာမနားတော့ပဲ ပန်းတစ်ပွင့်တောင် ရောက်တဲ့အထိကို နင်းခဲ့ကြပါတယ်။ မှော်ဘီ‌က‌နေ ဝါးနက်ချောင်းကိုသွားတဲ့လမ်းခွဲက‌နေ 15 km လောက်ဆက်သွားတဲ့အခါ အတိုင်းသွားတဲ့အခါ ပန်းတစ်ပွင့်တောင်‌‌ဘုရားကို ရောက်ခဲ့ကြပါတယ်။ ပြည်လမ်းပေါ်ကနေ ဝါးနက်ချောင်း လမ်းခွဲကတော့ ကွန်ကရစ်လမ်းဖြစ်ပြီး ပန်းတစ်ပွင့်တောင်သွားရာလမ်းမှာ ရော်ဘာတောတွေ၊ မြေနီလမ်း‌လေးတွေကြောင့် သာယာလှပပါတယ်။ ပန်းတစ်ပွင့်တောင်ကနေ ဖူးကြီးဆည်ကို ဆက်သွားမယ်ဆို သိပ်မဝေးတော့ပါဘူး။ မြို့ပြကနေ ခေတ္တထွက်ပြီး အပန်းဖြေလို့ကောင်းမယ့် နေရာလေးပါ။


ပန်းတစ်ပွင့်တောင်ရောက်တဲ့အခါ MOF Organic Farm မှာခဏအနားယူကြပါတယ်။ ဒီဆိုင်လေးမှာ Organic စစ်စစ်သီးနှံများကိုသာ စိုက်ပျိုးထားပြီး လတ်လတ်ဆတ်ဆတ် ရောင်းချပေးပါတယ်။ နေ့လယ်ပိုင်း MOF Farm ကနေ ပြန်ထွက်လာတော့ နွေအပူရှိန်နဲ့ ညကအိပ် ရေးပျက်ထားတာနဲ့ပေါင်းပြီး ပင်ပန်းသွားလို့ မနည်းအားယူနင်းခဲ့ရတယ်။ ပြည်လမ်းပေါ်ပြန်ရောက်တော့ စက်ဘီးကမရွေ့ချင်တော့ဘူး။ ကိုယ့်ကိုစောင့်ပေးတဲ့ သူငယ်ချင်းကိုအားတာနဲ့ မစောင့်ခိုင်း‌တော့ပဲ နောက်ကနေ ဖြည်းဖြည့်းချင်း လိုက်နင်းခဲ့ရ‌တယ်။ ထောက်ကြံ့ရောက်ခါနီးမှာ ကိုအယ်ဒီကစောင့်နေပါတယ်။ သူ့ဘီးကလဲလေစိမ့်နေလို့ လေထိုးပြီးသွားနေရတယ်။


ထောက်ကြံ့လမ်းဆုံကို ကျော်လာတဲ့အခါ လဖ္ဘည့်ရည်ဆိုင်တစ်ဆိုင်မှာ အားလုံးစောင့်နေကြပြီး နေ့လည်စာစားရင်း ခဏနားကြပြီးမှဆက်ထွက်ခဲ့ပါတယ်။ အပြန်လမ်းကို အမှတ် ၃ လမ်းမကနေပြန်ခဲ့ကြပါတယ်။ မြောက်ဥက္ကလာက ကြံရည်ဆိုင်မှာ ခဏထပ်နားကြပြီး အိမ်အရောက်ဆက်နင်းခဲ့ကြပါတယ်။ ဒီလို့နဲ့ပဲ ယခုတစ်ပါတ် မှော်ဘီ ပန်းတစ်ပွင့်တောင် 117 km ခရီးစဉ်ကို အောင်မြင်စွာဖြင့် အဆုံးသတ်ခဲ့ပါ‌တော့တယ်။




No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.