Sunday, September 19, 2010

ကမ္ဘာ့ဘဏ်သို့ အင်းလေးကန် ပြုပြင်ထိန်းသိမ်းရေး အဆိုပြုလွှာ တင်သွင်းမည်

နာမည်ကျော် အင်းလေးကန် ရေရှည်တိုးတက်စေရန်နှင့် ပြုပြင်ထိန်းသိမ်းရေးအတွက် အဆိုပြုလွှာ ( Proposal) ကိုကမ္ဘာ့ဘဏ်သို့ အင်းလေးကန် ပြုပြင်ထိန်းသိမ်းရေး ကော်မတီက တင်သွင်းသွားမည် ဖြစ်ကြောင်း ယင်းကော်မတီတွင် ပါဝင်သော သစ်တော သယံဇာတ ပတ်ဝန်းကျင်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း ( FREDA) ဒုတိယဥက္ကဋ္ဌ ဦးအုန်းက ပြောကြားသည်။ အဆိုပါ အဆိုပြုလွှာတွင် အင်းလေးကန် ပြုပြင်ထိန်းသိမ်းရေးအတွက် အင်းလေးကန်၏ လက်ရှိကြုံတွေ့နေရသော အခြေအနေ အရပ်ရပ်ကို တင်ပြသွားမည် ဖြစ်ကြောင်း ၊ကမ္ဘာ့ဘဏ်သို့ ယင်းအစီရင်ခံစာ မတင်ရသေးသည့် အတွက် ငွေကြေးမည်မျှ ထောက်ပံ့မည်ကို မသိရှိရသေးကြောင်း၊ လက်ရှိယင်းကော်မတီက တစ်လလျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် အင်းလေးကန် ထိန်းသိမ်းရေးအတွက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ အင်းလေးကန် ပြုပြင်ထိန်းသိမ်းရေး ကော်မတီကို UNDP နှင့် FAO အပါအဝင် FREDA၊ SVS ( Social Vision Servion) နှင့် BANCA စသည့် ပြည်တွင်း NGO များ စုပေါင်း၍ သြဂုတ်လ ၂၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း ၂၀၁၀ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
 
source : Khit Lu Nge 

Friday, September 17, 2010

ဟိုတယ်ကြီးအချို့ ကန်ဒေါ်လာကိုသာပြောင်းလဲ သုံးစွဲတော့မည်

ရန်ကုန်၊ မန္တလေးနှင့် ပုဂံဒေသရှိ ဟိုတယ်အချို့သည် အောက်တိုဘာ ၁ ရက်မှစ၍ ဟိုတယ် အခန်းခနှင့် အသုံးစရိတ်များအား အမေရိကန် ဒေါ်လာဖြင့်သာ ပေးချေပေးရန် ခရီးသွားကုမ္ပဏီများသို့ အကြောင်းကြားလာကြောင်း ယင်းကုမ္ပဏီများကပြောသည်။ အကယ်၍ အက်ဖ်အီးစီဖြင့် ပေးချေမည်ဆိုပါက ဒေါ်လာဈေးနှင့် ကွာခြားချက်အား အလိုက်ပေးကာ ပေးချေရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။ အက်ဖ်အီးစီ တစ်ယူနစ်တန်ဖိုးမှာ စက်တင်ဘာ ၈ ရက်တွင် ကျပ် ၈၀၀ ခန့် ဈေးရှိချိန်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၉၄၀ ဈေးရှိရာမှ ဟိုတယ်နှင့်ခရီးသွား ကုမ္ပဏီများကြား အဆင်မပြေမှုများ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ အခန်းခ ပေးချေရာတွင် နိုင်ငံခြားသားများထဲတွင် ကမ္ဘာလှည့် ခရီးသွားများကသာ အမေရိကန် ဒေါ်လာ သို့မဟုတ် ယူရိုငွေဖြင့် ပေးချေလေ့ ရှိသော်လည်း မြန်မာနိုင်ငံတွင် နေထိုင်၍ အလုပ်လုပ်နေသော နိုင်ငံခြားသားများကမူ အက်ဖ်အီးစီဖြင့် ပေးချေမှုများကြောင်း သိရသည်။ ဟိုတယ်နှင့် ခရီးသွားကုမ္ပဏီများကြား အခန်းခပေးချေမှုနှင့် ပတ်သက်၍ စာချုပ်ချုပ်ဆိုစဉ်က အမေရိကန် ဒေါ်လာဖြင့်သာ ဈေးနှုန်းများ သတ်မှတ်ထားသဖြင့် အမေရိကန်ဒေါ်လာဖြင့်သာ ပေးချေပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့သူ ခရီးသွားကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပုံမှန်အားဖြင့် ပြင်ပပေါက်ဈေးတွင် အက်ဖ်အီးစီနှင့် အမေရိကန်ဒေါ်လာတို့အား မြန်မာကျပ်ငွေဖြင့် ပြန်လည်လဲလှယ်ရာတွင် ဈေးနှုန်းကွာဟချက် သိပ်မရှိလှသော်လည်း သြဂုတ်လဆန်းမှစ၍ အက်ဖ်အီးစီးနှင့် အမေရိကန်ဒေါ်လာကြား တစ်ယူနစ်လျှင် ကျပ်တစ်ရာနီးပါး စတင်ကွာဟလာခဲ့သည်။ ထို့အပြင် အက်ဖ်အီးစီနှင့် အမေရိကန်ဒေါ်လာတို့၏ ပြင်ပပေါက်ဈေးများ နေ့စဉ်ဈေး ကျလျက်ရှိပြီး ၊စက်တင်ဘာ ၈ ရက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၉၀၀ ဝန်းကျင်ရှိ၍ အက်ဖ်အီးစီ တစ်ယူနစ်လျှင် ၇၈၀ ကျပ်သာ ဈေးရှိကြောင်း ၂၀၁၀ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

source : Khit Lu Nge

Thursday, September 16, 2010

ရန်ကုန်မြစ် သုံးဆိုင် အတွင်း နစ်မြုပ်နေသာ ဓမ္မစေတီမင်း ခေါင်းလောင်း တော်ကြီး၏ တည်နေရာနှင့် ပုံရိပ်ကို ဖမ်းယူ နိုင်ပြီ


ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင် ချောင်း မြစ်သုံးဆိုင် အတွင်း နစ်မြုပ် နေသော ဓမ္မစေတီမင်း ခေါင်းလောင်း တော်ကြီးကို အဖွဲ့အသီးသီး က နှစ်ရှည်လများ အကြိမ် ပေါင်းများစွာ ရှာဖွေ သော်လည်း ရလဒ် ပီပီ ပြင်ပြင် မရရှိ ခဲ့ကြောင်းသိရသည်။ သြစတြေး လျနိုင်ငံ အခြေစိုက် ANIMAX Films က History Maker များအနေဖြင့် Documentary Film ထုတ်လုပ်ရေး အတွက် ခေတ်မီ ပစ္စည်း ကိရိယာများ အသုံးပြု၍ ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ နစ်မြုပ် နေသည့် ခေါင်းလောင်း တော်ကြီး၏ ပုံရိပ်ဟု ယူဆ ရသော နေရာ နှစ် နေရာကို ဖမ်းယူ ရရှိ ခဲ့ကြောင်း၊ သို့သော် သေချာစွာ အတည်ပြု ပေးနိုင်ရေး အတွက် ကိုယ်တိုင် ကိုယ်ကျ ရေငုပ် စမ်းသပ် အတည် ပြုရန် လိုအပ်ကြောင်း သိရသည်။
ခေါင်းလောင်းတော်ရှာဖွေသည့် ANIMAX Films
ဓမ္မစေတီမင်း ခေါင်းလောင်းတော်ကြီး ရှာဖွေ နေသည့် ANIMAX Films အဖွဲ့တွင် ဒါရိုက်တာ မစ္စတာ ဒမ်မီယန်လေး၊ Sonar Technician မစ္စတာဂျရမီရိုက်စ်၊ Commercial Diver မစ္စတာ မာ့ခ်အိဗ်တို့ ပါဝင် သည်။ အဆိုပါ အဖွဲ့သည် ၁၉၃၅ခုနှစ်က မွန်ပြည်နယ်၊ ရေးမြို့နယ် အေးကျွန်း အနီး ပျက်ကျ ခဲ့သည့် နှစ်ယောက်စီး လေယာဉ်ကို ရှာဖွေရေး လုပ်ငန်း ဆောင်ရွက်ရန် အတွက် မြန်မာနိုင်ငံ သို့ အဓိက ရောက်ရှိ လာခြင်း ဖြစ်ပြီး ဓမ္မစေတီ ခေါင်းလောင်း တော်ကြီး ရှာဖွေမှုတွင် ကူညီ ဆောင်ရွက်ခြင်း ဖြစ်သည်။
ခေါင်းလောင်းတော်ကြီး၏ သမိုင်းအကျဉ်း
ဓမ္မစေတီမင်း၏ ကောင်းမှု ဖြစ်သော ဓမ္မစေတီမင်း ခေါင်းလောင်းကြီးကို မြန်မာ သက္ကရာဇ် ၈၃၇ ခုနှစ်က သွန်းလုပ် ခဲ့ကာ ၈၃၈ ခုနှစ်တွင် ရွှေတိဂုံ စေတီတော်ကြီးတွင် တင်လှူ ပူဇော်ခဲ့ပြီး ၉၇၄ ခုနှစ်၌ မြစ်ထဲတွင် နစ်မြုပ် သွားခြင်းဖြစ်သည်။ ခေါင်းလောင်း တော်ကြီး၏ အမြင့်မှာ ၁၈ ပေ ရှိပြီး အ၀ အကျယ်မှာ ၁၂ ပေရှိသည်။ အလေးချိန် အားဖြင့် တန်ချိန် ၃၀၀ ခန့် (ပိဿာချိန် အားဖြင့် ၁,၈၀,၀၀၀) ခန့် ရှိသည်။

ခေတ်မီနည်းပညာများသုံး၍ ရှာဖွေခဲ့
ဓမ္မစေတီမင်း ခေါင်းလောင်းတော်ကြီး ကို ယခု ရှာဖွေ ရာတွင် Sonar System နှစ် မျိုးဖြစ်သည့် Lowrance HDS 7 Structrue Scan နှင့် Starfish Side Scan စနစ်တို့ကို အသုံးပြု ခဲ့သည်ဟု သိရသည်။ ရှာဖွေရေး လုပ်ငန်း ဆောင်ရွက်ရန် နိုင်ငံတော် အစိုးရထံ တင်ပြကာ ခွင့်ပြုချက် ရယူပြီးမှ လုပ်ငန်း ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကာ လုပ်ငန်း ဆောင်ရွက်မှု ပထမအကြိမ် အဖြစ် ဧပြီ ၂ ရက်မှ ၅ ရက်အထိ လေးရက် ကြာဆောင် ရွက်ခဲ့ပြီး ဧပြီ ၁၃ရက်တွင် ရှာဖွေရေး လုပ်ငန်း ကို ထပ်မံ ဆောင်ရွက် ခဲ့သည်ဟု သိရသည်။

ရှာဖွေရေးလုပ်ငန်းစဉ်
ရှာဖွေရေး လုပ်ငန်း၏ ပထမအဆင့် အဖြစ် လျာထားနေရာ ဖြစ်သည့် ပဲခူးမြစ်မှ စတင်ပြီး ဖောင်တော် လှုပ်ရှား သွားလာ နိုင် သည့် မြစ်သုံးဆိုင် နေရာ တစ်ဝိုက်ကို ဂြိုဟ်တု ပုံရိပ် အရ ရေကြောင်း ရွေ့လျား မှုနှင့် သဲနုန်း အနည်ထိုင်မှု အပေါ် အခြေခံလျက် ရှာဖွေ ရေး နယ်နိမိတ် သတ်မှတ် ဆောင်ရွက်ခဲ့သည်။ စိတ်ဝင်စားဖွယ်ရာ ပစ်မှတ်များ လည်း တွေ့ရှိ ခဲ့ သည်ဟု သိရသည်။ ခေါင်းလောင်းတော် ကြီး အနီးတွင် ရေယာဉ်ပျက်များ၊ သစ်ဖောင် ပျက်များ ဟု ယူဆ ရသော အစိတ်အပိုင်း များ၊ သစ်တုံးများ၊ အခြား စိတ်ဝင်စားဖွယ် ရာ ပစ္စည်းများ ကိုလည်း တွေ့ရှိခဲ့သည်။ ရှာဖွေမှု မှ တွေ့ရှိချက် များကို လည်း စနစ်တကျ စီမံ ဆောင်ရွက် ထားရှိ ခဲ့သည်။
ယခင်က အဆိုပါ ခေါင်းလောင်းတော် ကြီး ရှာဖွေရေး ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကြပ်မတ် ခဲ့သည်ဟု သိရသည်။ အဖွဲ့ အစည်း အသီးသီးမှ ၀င်ရောက်ရှာဖွေ ရေး လုပ်ငန်းများ လုပ်ဆောင် ခဲ့ကြ သော်လည်း နည်းပညာပိုင်း အားနည်း မှုကြောင့် ရလဒ် တိတိကျကျ မပေါ် ပေါက်ခဲ့ပေ။
အချက်အလက်များ စုဆောင်း
သို့သော် ယနေ့ အထိ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ရှာဖွေခဲ့ သောအဖွဲ့မှ ရေငုပ် ခေါင်းဆောင် ဦးကြိုင် ဆိုသူမှာ ခေါင်း လောင်းတော်ကြီးအား စမ်းမိ ထိတွေ့ ခဲ့သည် ဟု ရေးသား ဖော်ပြဆဲ ဖြစ်ပါသည်။ ANIMAX အဖွဲ့ ခေါင်းလောင်းတော် ရှာဖွေရေး လုပ်ငန်း အတွက် သတင်း အချက်အလက် စုဆောင်း ပြင်ဆင်ရာ၌ အထက် ဖော်ပြပါ ဦးကြိုင်အား အစည်းအဝေး တွင် ဖိတ်ကြား ဆွေးနွေး ဖူးပါ သည်။ ဦးကြိုင်က သူ့အနေဖြင့် ပထမ အကြိမ်နှင့် ဒုတိယအကြိမ် ရှာဖွေရေး လုပ်ငန်း တွင် ရေငုပ်ခဲ့ပါကြောင်း၊ တစ်ကြိမ် တစ်ခါမျှ ခေါင်းလောင်း တော်အား ထိတွေ့ စမ်းသပ် နိုင်ခဲ့ခြင်း မရှိဖူးကြောင်း သိရသည်။
Applied Geology Department မှ ကထိက ဦးစိုးသိန်း နှင့်အဖွဲ့ တင်သွင်း ခဲ့သော သမိုင်းဝင် မြေမြုပ် နေသော ကြေးခေါင်း လောင်းတော်ကြီး (၂၉-၅-၁၉၉၇၊ ၉-၆-၁၉၉၇) မှာ Geophysical Method , Geochemical Method အရ ခွဲခြမ်းစိတ် ဖြာ၍ Sampling Areas တည်နေရာပါ GPS စနစ် အသုံးပြု ဖော်ပြ ထားသဖြင့် ရှာ ဖွေရေး အတွက် အထူး အထောက်အကူ ပြု သော စာတမ်းတစ်စောင် အဖြစ် မှီငြမ်း အသုံးပြု ခဲ့ကြောင်း ခေါင်းလောင်းတော်ကြီး ရှာဖွေရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြော သည်။ ယခု လုပ်ငန်းသည် ဓမ္မစေတီမင်း ခေါင်းလောင်းတော်ကြီး ရှာဖွေမှု အတွက် ပထမအဆင့် လုပ်ငန်း ဖြစ်ကြောင်း၊ ရှေ့ ဆက် လုပ်မည့် အစီအစဉ်များကို လတ်တ လောတွင် ညှိနှိုင်း ဆောင်ရွက် နေဆဲ ဖြစ် ကြောင်း၊ တည်နေရာ အမှန် ရရှိပြီး အထောက်  အထား ခိုင်လုံမှု ရရှိသည့် အထိ ဆောင်ရွက် သွားရန် အစီအစဉ် ရှိကြောင်း  သိရသည်။
ခေါင်းလောင်းတော်ကြီး ယခင်ရှာဖွေရေးလုပ်ငန်းများ
၁၉၈၇ ခုနှစ်၊ ဇန်န၀ါရီ ၂၈ ရက်မှ ဖေဖော်ဝါရီ ၉ရက်အထိ ဦးကြိုင် ခေါင်း ဆောင်၍ ဦးတင်ရွှေ၊ ဦးစိုးလွင်တို့ သုံးဦး သည် ခေါင်းလောင်းတော်ကြီးကို ရေငုပ် ရှာဖွေမှု ပြုလုပ်ခဲ့ကြသည်။ ဒုတိယအကြိမ် အဖြစ် ၁၉၈၉ ခုနှစ်၊ ဇူလိုင် ၅ ရက်မှ ၂၇  ရက်အထိ ထပ်မံ ရှာဖွေ ခဲ့ကြောင်း သိရသည်။
၁၉၉၀ ပြည့်နှစ်နှင့် ၁၉၉၂ ခုနှစ်တို့တွင် ပုဂ္ဂလိက အဖွဲ့များက ခေါင်းလောင်းတော် ကြီးကို လာရောက် ရှာဖွေမှု ပြုလုပ် ခဲ့သေး သည်။ အမေ ရိကန် ရေငုပ်သမား ဂျင်ဘရန့် ဆိုသူကလည်း ၁၉၉၅ ခုနှစ်၊ ဒီဇင်ဘာတွင် တစ်ကြိမ်၊ ၁၉၉၇ ခုနှစ် မတ် ၂၉ရက်မှ ဇွန်လအထိ တစ်ကြိမ် စုစု ပေါင်း နှစ်ကြိမ် တိုင်တိုင် ရေငုပ် ရှာဖွေမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။ ၁၉၉၇ ခုနှစ်အတွင်း ခေါင်း လောင်းတော် ရှာဖွေရေး ကော်မတီမှ တာဝန် ပေးခဲ့သည့် ကထိက ဦးစိုးသိန်းမှ တိုင်းတာ မှုများ ပြုလုပ်စဉ် ရေငုပ်သမား ဂျင်ဘရန်က နှစ်ကြိမ်တိုင် ရေငုပ်ရှာဖွေ ကူညီ ခဲ့ရာတွင် ခေါင်းလောင်းတော်ကြီးမှာ မြေကြီး အောက် ၁၂ ပေခန့် မြုပ်နေသောကြောင့် သံပိုက်လုံး ဖြင့်ထိုးပြီး စမ်းသပ် ရှာဖွေ ခဲ့သည်ဟု သိရသည်။
ထို့ပြင် ဦးစံလင်း ဆိုသူကလည်း ၁၉၉၇ ခုနှစ် ဇူလိုင်မှစတင်၍ ခေါင်းလောင်းတော် ကြီးကို အကြိမ်ကြိမ် ရှာဖွေမှု များ ဆောင် ရွက် နေကြောင်း သိရသည်။
အချုပ်အားဖြင့် သုံးသပ်သော် ခေါင်း လောင်းတော်ကြီး ကို ရှေးယခင် ခေတ်အ ဆက်ဆက် က ပါရမီရှင် များမှ ကြိုးပမ်းရှာ ဖွေ ခဲ့သော်လည်း လက်တွေ့အထောက် အထားဖြင့် တင်ပြနိုင်မှု အတိအကျ မရှိခဲ့ သေးဟု ဆိုရပါမည်။ သို့သော် ယခု ANIMAX အဖွဲ့၏ ကြိုးပမ်းမှုတွင် တိကျသော ပုံရိပ်နှင့် တည်နေရာ များ ဖော်ပြ နိုင်ခဲ့သဖြင့် နောက်အဆင့်ဆင့် ဆက်လက်ဆောင်ရွက် မည့်သူများ အတွက် များစွာ အထောက်အကူ ပြုစေမည် ဖြစ်ကြောင်း သိရသည်။

Monday, September 13, 2010

ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာပုံတော် ရေရာသေချာရဲ့လား

လွန်ခဲ့သည့် နှစ်ပေါင်း ၄၀၀ ခန့်က အမြင့် ၁၂တောင်၊ အ၀ ခုနစ် တောင်၊အလေးချိန် ပိဿာ ၁,၈၀,၀၀၀ ရှိသော ခေါင်းလောင်းကြီး တစ်လုံး  မြစ်သုံးခွ ဆုံတွင် နစ်မြုပ် သွားပြီး ရှာ မ တွေ့ကြောင်း ပြောလျှင် ရှေး အခါ က ဒဏ္ဍာရီ ပုံပြင်ဟု ထင်သော်လည်း နောက်ပိုင်း သုတေသန ပြုချက် များ အရ အမှန် တကယ် ဖြစ်ကြောင်း လက်ခံလာကြသည်။



မြစ်သုံးခွဆုံတွင်
ထိုခေါင်းလောင်းကြီး ကိုဟံသာ ၀တီ ဓမ္မစေတီ မင်း သွန်း လောင်း၍ ရွှေတိဂုံ စေတီတော် ရင်ပြင်တွင် တပ် ဆင် ပူဇော်ပြီး နောက် ၁၃၆ နှစ်အ ကြာတွင် ပေါ်တူဂီ နယ်ချဲ့ငဇင်ကာ ဖြုတ် ယူသွားစဉ် မြစ်သုံးခွ ဆုံ၌ နစ် မြုပ်သွားခြင်း ဖြစ်သည်။ ဓမ္မစေတီ မင်းကောင်း မှုတော် ခေါင်းလောင်းကြီး ကို ရေအောက် မှ ပြန်လည် ဆယ်ယူ နိုင်လျှင် ကမ္ဘာ့ သမိုင်းတွင် အစော ဆုံး၊ အကြီးဆုံး ရှေးဟောင်း အနုပညာ လက်ရာ ခေါင်းလောင်းကြီး အဖြစ် မြန်မာ လူမျိုးများ ဂုဏ်ယူ နိုင်မည်ဟု ယုံကြည် နေကြသည်။
မြစ်သုံးခွ ဆုံရေ အောက်တွင် ဓမ္မ စေတီ ခေါင်းလောင်းကြီး နစ်မြုပ် နေကြောင်း မြန်မာ လူမျိုးများ ယုံ ကြည် သလို နိုင်ငံခြား သားများလည်း ယုံကြည် ကြသည်။ ခေါင်းလောင်း ကြီး ရှာဖွေ ရာတွင် နိုင်ငံခြား သားများ လည်း ပါဝင် လာသည်ကို တွေ့ရ သည်။ ထိုအချိန်တွင် ဂျာနယ်စာ မျက်နှာများ ပေါ်၌ ဓမ္မစေတီ ခေါင်း လောင်းကြီး သတင်းများ တခမ်းတနား ပါလာပြီး ဂျာနယ် အချို့က နှစ်ပတ် အတွင်း ဆယ်ယူမည် ဟုပင် ဖော်ပြ ခဲ့ သည်။ ဂျာနယ် အချို့ကလည်း ခေါင်းလောင်းကြီး ဆယ်ယူရန် လုပ် ငန်းများ ဆောင်ရွက် နေပြီဟု ဖော်ပြ သည်ကို တွေ့ရသည်။

နှစ်ပတ်အတွင်း
ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများ သည် ဓမ္မစေတီ ခေါင်းလောင်းကြီး ကို နှစ်ပတ် အတွင်း ဆယ်ယူမည် ဟူ သော သတင်းကို အလွန် စိတ်ဝင်စား ပြီး ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားကြသည်။ ဂျာနယ်များသို့ ဖုန်းဆက် မေးမြန်းသူ များလည်း ရှိလာသည်။ စာဖတ် ပရိ သတ်အချို့က “ဓမ္မစေတီ ခေါင်း လောင်းကြီးကို နှစ်ပတ် အတွင်း ဆယ်မယ် ဆိုတာ ဟုတ်ပါ သလား၊ အမှန်တကယ် ဆယ်နေပြီလား” ဟု မေးသော အခါ မြန်မာပို့စ် သည် အဖြေမှန် သိရေးအတွက် သက်ဆိုင် သော သတင်း ရင်းမြစ် များကို ဆက် သွယ် မေးမြန်းပါသည်။
ဓမ္မစေတီ မင်းကောင်းမှုတော် ခေါင်းလောင်းကြီးနှင့် ပတ်သက် သည့် စာအုပ် အစောဆုံး အဦးဆုံး ရေးခဲ့ သည့် စာရေးဆရာ ချစ်စံဝင်း ကို သွားရောက် တွေ့ဆုံ သောအခါ ဆရာ ချစ်စံဝင်းက ဓမ္မစေတီခေါင်း လောင်းကြီးရဲ့ သမိုင်း နောက်ခံနဲ့ ပတ်သက်ပြီး ကွဲလွဲချက် နည်းနည်း ပါးပါး ရှိပေမယ့် မြစ်သုံးခွ ဆုံမှာ ခေါင်းလောင်းကြီး နစ်မြုပ် တယ်ဆို တာကို အားလုံး လက်ခံတယ်။ ဘယ် သူမှ မငြင်းဘူး၊ ခေါင်းလောင်းကြီး ရဲ့ အတိုင်းအတာနဲ့ ပတ်သက်ပြီး အရင် တုန်းက တိတိကျကျ မသိပေမယ့် အမြင့် ၁၂ တောင်၊ ထိပ်ဝ အကျယ် ခုနစ်တောင် ဆိုတာ အားလုံးလက်ခံ တယ်။ ဒါဟာ စူးစမ်း လေ့လာမှုရဲ့ ရလဒ် ဖြစ်တယ်၊ ဒါပေမဲ့ ခေါင်း လောင်းကြီး နစ်မြုပ် နေတဲ့ နေရာနဲ့ ပတ်သက်ပြီး တိတိကျကျ ပြောဖို့ ခက်နေ ပါတယ်” ဟု ရှင်းပြသည်။

သြစတြေးလျအဖွဲ့
မြန်မာ့ သမိုင်း အဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင် နေသော ဆရာ ချစ်စံဝင်းက “ခေါင်းလောင်း ကြီးကို မြန်မာ လူမျိုး တွေ ရှာဖွေ ဖော်ထုတ် ချင်သလို နိုင်ငံခြားသား တွေလည်း ရှာဖွေ ဖော်ထုတ် ချင်တယ်။ သူတို့ က ခက်ခက် ခဲခဲ စွန့်စွန့်စားစား လုပ်ရတာ ၀ါသနာ ပါတယ်၊ ဒီ ခေါင်းလောင်း ကြီးကို ရှာဖွေ ဖော်ထုတ် နိုင် ရင် ကမ္ဘာ ကျော်မှာ သေချာတယ်၊ ဒေါ်လာ တွေလည်း အများကြီး ရနိုင်တယ်၊ အမေရိကန် နိုင်ငံသား ဂျင် ဘလန့် ကိုယ်တိုင် မြစ်သုံးခွ ဆုံမှာ ရေငုပ် ခဲ့တဲ့ အတွေ့အကြုံတွေ မီဒီယာ မျိုးစုံမှာ ဖော်ပြ တာဒေါ်လာ ၂ ဒသမ ၄ ဘီလျံ ရတယ် လို့ ကြားတယ်။ ခေါင်း လောင်းကြီးတည်နေရာသိရင် ကုန် ကျစရိတ် ထုတ် ပေး မယ် လို့ ဟောလိ ၀ုဒ်မင်းသား တစ်ယောက်က ကမ်း လှမ်း တာလည်း ရှိတယ်၊ အဲဒီမင်းသား က ဒေါ်လာ သန်းချီ ပြီး ပေးနိုင် တယ်” ဟု ပြောပြသည်။
ဂျင်ဘလန့် ပြန်သွား ပြီးနောက် သြစတြေးလျ နိုင်ငံ အခြေစိုက် ANIMAX Film အဖွဲ့မှ ပညာရှင် များ လာရောက်ပြီး ခေါင်းလောင်း ကြီးကို နောက်ဆုံး ပေါ် Sonar System ဖြင့် ရှာဖွေသော်လည်း နေရာ အတိအကျ မသိဘဲ ခေါင်း လောင်းကြီး ပုံရိပ် ဟုယူဆနိုင်သော နေရာ နှစ် နေရာ ကိုသာ ထောက် လှမ်း နိုင်ခဲ့ ကြောင်း သိရသည်။ ဆရာ ချစ်စံဝင်းက တနင်္သာရီ တိုင်း ကော့ သောင်းမြို့မှ သုဓမ္မ မဏိ ဇောတဓရ  ဘွဲ့တံဆိပ် ရထားသည့် ဦးစံလင်း သည် ဓမ္မစေတီ ခေါင်းလောင်းကြီးကို  ၁၉၉၇ ခုနှစ် မှစ၍ အကြိမ်ကြိမ် ရေငုပ် ရှာဖွေ ခဲ့ကြောင်း ပြောပြ သဖြင့် ဦးစံ လင်းကို သွားရောက် တွေ့ဆုံသည်။

အိုးပစ်အိမ်ပစ်ရှာသူ
ဦးစံလင်းက ဓမ္မစေတီ ခေါင်း လောင်းကြီး ကို နှစ်ပေါင်း များစွာ အိုးပစ် အိမ်ပစ် ရှာဖွေ ခဲ့သည့်အတွက် တိုက် ခန်း နှစ်ခန်း၊ မော်တော် ကားသုံးစီး ကုန်သွားပြီ ဖြစ်ကြောင်း ပြောပြသည်။ ထို့နောက် ဦးစံလင်းက “ခေါင်းလောင်း ကြီးကို မြန်မာ့ နည်းမြန်မာ့ ဟန်နဲ့ နှစ် ပတ် အတွင်း ဆယ်ယူ နိုင်တယ် ဆိုတာ ကျွန်တော် တင်ပြ တာပါ၊ အဲဒီလျှောက် လွှာပါ အချက်အလက် တွေ သရုပ်ဖော်  ပုံတွေ ကိုယူပြီး ဂျာနယ် တွေမှာ ဖော် ပြတဲ့ အခါ လွဲချော်ပြီး အခုလောလော ဆယ်ရှာ နေသလို ဖြစ်သွား တာပါ။ ကျွန်တော် တစ်ယောက် တည်း ဘာမှ ဆက်မလုပ် နိုင်ပါဘူး။ နိုင်ငံတော်ရဲ့ ခွင့်ပြုချက် ရရင် ဆက်ရှာ ဖို့ စောင့်နေ ပါတယ်” ဟု ပြောပြသည်။
ဦးစံလင်း ၏ လျှောက်လွှာတွင် ၁၃၇၂ ခုနှစ်၊ ပထမ၀ါ ဆိုလ ဆန်း ၁၁ ရက် အင်္ဂါနေ့ဟု ရက်စွဲ တပ်ထားရာ ဂျာနယ် များတွင် ဓမ္မစေတီ ခေါင်း လောင်းကြီး သတင်းများ ပလူပျံခဲ့ သော အချိန်ကာလနှင့် ကိုက်ညီနေ ကြောင်း တွေ့ရသည်။ ဦးစံလင်းက “ကျွန်တော်ဟာ ရေငုပ် ကျွမ်းကျင် တယ်။ ကိုယ်တိုင် ရေထဲဆင်းပြီး အသက်စွန့် ရှာဖွေတဲ့ အတွက်ဒုတိယ အခေါက်မှာ ဓမ္မစေတီခေါင်းလောင်း ကြီးကို တွေ့ခဲ့ ပါတယ်။ ၁၉၉၈ ခုနှစ် သြဂုတ် ၁၁ ရက် ညနေမှာ ရှာဖွေ တွေ့ရှိ ခဲ့ပေမယ့် နောက်နေ့ ကစပြီး  လုပ်ငန်း အားလုံး ရပ်ဆိုင်း ခဲ့ရပါတယ်၊ ဒီကိစ္စ တွေဟာ ထူးခြား ဆန်းကြယ် တဲ့ အတွက် အားလုံးနားလည်အောင် ပြောပြဖို့ ခက် ပါတယ်” ဟုလည်း ပြောခဲ့သည်။ နိုင်ငံခြားသား ပညာရှင် များပင် ဓမ္မစေတီ ခေါင်းလောင်းကြီး ရှိသော နေရာကို အတိအကျ မပြော နိုင်သော်လည်း မြန်မာ ပညာရှင် ဦးစံလင်းက အခိုင်အမာ ပြောခြင်း မှာ ထူးခြား နေသည်။ ထို နေရာကို မည်ကဲ့သို့ ရှာဖွေ တွေ့ရှိကြောင်း အသေးစိတ် အချက်အလက် များကိုမူ  ဦးစံလင်း ကပြောမပြခဲ့ပါ။
စာရေးဆရာ ချစ်စံဝင်းက ဓမ္မ စေတီ ခေါင်းလောင်းကြီးကို တစ်ဦး ချင်း တစ်ယောက်ချင်း၊ တစ်ဖွဲ့ချင်း မရှာဘဲ နိုင်ငံတော်၏ ဦးဆောင်မှုဖြင့် ရှာသင့် ကြောင်း ရှင်းလင်း ပြောပြ သည်။ ဆရာချစ် စံဝင်းက “နိုင်ငံတော် ရဲ့ ဦးဆောင်မှုနဲ့ ခေါင်းလောင်းကြီး ရှာဖွေတဲ့ အခါမှာ ချက်ချင်း ရေမငုပ် ဘဲ သုသေသန လုပ်ငန်း တွေ အရင် လုပ်ရမယ်။ ပညာရှင် တွေ စုဝေးပြီး မြစ်သုံးခွ ဆုံနေရာ ဘယ်မှာ ရှိနိုင် တယ်ဆိုတာ သုံးသပ် ရမယ်။ အဲဒီ အဆင့် ပြီးရင် ကမ်းလွန် ရေနံ ရှာဖွေ သလို မြေပုံပေါ်မှာ အကွက်တွေ ချ ပြီး တာဝန်ခွဲ ဝေ ရှာဖွေရင် ထိရောက် နိုင်တယ်။ အကွက် ချရှာဖွေတဲ့အ တွက် နေရာ လွတ် နေရာ လပ်လည်း မကျန် နိုင်ဘူး။ အချိန်ယူပြီး စနစ် တကျ လုပ်ဖို့ လိုတယ်” ဟု ရှင်းပြ သည်။

ဦးစံလင်း၏ ပြောကြားချက်
ဓမ္မစေတီ ခေါင်းလောင်းကြီးကို  ရှာဖွေတွေ့ရှိသည်ဟု ၀န်ခံထားသော ဦးစံလင်းက ဂျာနယ်တွင် ဖော်ပြထား သော ဓမ္မစေတီ ခေါင်းလောင်း ပုံကို ပြပြီး “ခေါင်းလောင်းကြီးရဲ့ ပုံစံက တော့ ဒီအတိုင်း မှန်တယ် လို့ပြော နိုင်ပါ တယ်။ ဒါပေမဲ့ ကွန်ပျူတာ နဲ့ ဒီဇိုင်းရေး တုန်းက အလျင် လိုတဲ့ အတွက် ကိုယ်လုံးတော် နည်းနည်း သွယ် သွားတယ်။ ကိုယ်လုံး တော်ကို နည်းနည်း ပိုကြီးလိုက်ရင် တကယ့် ခေါင်းလောင်းကြီး နဲ့ တူလာ ပါလိမ့် မယ်” ဟု ပြောပြသည် ကိုလည်း မှတ်ထား ပါသည်။
ထို့ပြင် ဦးစံလင်းက “ဓမ္မ စေတီ ခေါင်းလောင်းကြီး ရေအောက်မြုပ် သွားတုန်းက ဒီလို တည့်တည့်ကြီး မကျ ဘဲ ဘေးစောင်း လဲကျ သွား တယ်။ ဒါပေမဲ့ ခေါင်းလောင်း အ၀ ဘက်က နည်းနည်း မော့နေ သလို ဖြစ်နေတာ တွေ့ရတယ်။ အောက် ခြေမြေ အနေအထား ပေါ်မူတည်ပြီး လဲကျ နေတာဖြစ်ပါ လိမ့်မယ်။ စဥ့် ကူးမင်း ခေါင်းလောင်းကြီး ကို မြန်မာ တွေ ပြန်ဆယ်ပြီး ရွှေတိဂုံ ကုန်းတော် ပေါ် တင်သလို ဓမ္မစေတီ ခေါင်း လောင်းကြီး ကိုလည်း ပြန်တင် ချင် ပါတယ်” ဟု ရဲဝံ့စွာပြောခဲ့သည်။ ဦးစံလင်းသည် အသက် ၆၄ နှစ် အရွယ်သို့ ချဉ်းကပ် လာသော်လည်း ဓမ္မစေတီ ခေါင်းလောင်းကြီး နှင့် ပတ် သက်လျှင် ယုံကြည်ချက် အပြည့်၊မျှော် လင့်ချက် အပြည့်၊ အားမာန် အပြည့် ရှိနေဆဲ ဖြစ်ကြောင်း တွေ့မြင်ရသည်။
ဓမ္မစေတီ ခေါင်းလောင်းကြီးကို ပြန်လည် ဖော်ထုတ် နိုင်လျှင် ကမ္ဘာ့ သမိုင်း တွင် အစောဆုံး သွန်းလုပ်ခဲ့ သည့် အကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်ရုံ သာမက ရေအောက် တွင် နှစ် အရှည်ကြာဆုံး နစ်မြုပ် နေခဲ့သည့် ခေါင်းလောင်းကြီး အဖြစ် ဂင်းနစ် ကမ္ဘာ့စံချိန် စာအုပ်တွင် မှတ်တမ်း တင် နိုင်ပါသည်။

source: The Myanmar Post

Thursday, September 09, 2010

Google Stats


ဒီနေ့ ရောက်တက်ရာရာ Blog တွေလျှောက်ဖတ်ရင်း သတိမပြုမိတဲ့ အချက်လေးတစ်ခု မောင်စေတနာ Blog ကနေပြီး ဖတ်မိပါတယ်။ ဖတ်ဖြစ်တဲ့အကြောင်းလေးတွေက ဘလော့ဂါတွေအတွက် အသုံးတည့်လှတာမို့ ပြန်လည်မျှဝေလိုက်ပါတယ်။ Google က Sponsor ပေးတဲ့ Blog ကို သုံးစွဲသူ တော်တော်များပါတယ်။ သုံးစွဲရလွယ်ကူခြင်း၊ မိမိတို့ အကြောင်းအရာများကို မှတ်တမ်းသဘော ထားရှိနိုင်ခြင်း၊ Sharing လုပ်နိုင်ခြင်း စသဖြင့် အသုံးပြုကြပါတယ်။ ဒီလို အသုံးပြုကြသလို တစ်ချို့က နည်းပညာ၊ အသိပညာ ဝေမျှကြပါတယ်။ အဲဒီလို ဝေမျှတဲ့ လူတိုင်း မိမိတို့ရဲ့ ဘလော့ကို လာကြည့်ရဲ့လား၊ ဘယ်ကလာသလဲ စသဖြင့် သိနိုင်အောင် Gadget မျိုးစုံကို အသုံးပြုကြပါတယ်။

ကဲ အခုဆို ဘာမှ မလိုတော့ပါဘူး။ သုံးစွဲသူ အားလုံးအတွက် Google က ဖြည့်ဆည်းပေးလိုက်ပါပြီ။ ဘလော့ရေးသူများ www.blogger.com ကို ၀င်လိုက်ရင် Dashboard မြင်ကွင်းမှာပဲ မြင်တွေ့နိုင်တဲ့ Stats Tab ကို နှိပ်လိုက်ရင် အံသြစရာများကို မြင်တွေ့နိုင်မှာပါ။

မိမိရဲ့ ဆိုဒ်ကို ဘယ်နိုင်ငံက ကြည့်သလဲ၊ အကြည့်များတာ ဘယ်နိုင်ငံလဲ၊ ဘယ်ပို့စ်ကို အကြည့်များသလဲ၊ မိမိဆိုဒ်ကို ဘယ်လိုရှာတွေ့သလဲ၊ ဘယ်လင့်က လာသလဲ၊ ဘယ် Browser နဲ့ အကြည့်များသလဲကို သိနိုင်ပါပြီ။ Blogging လုပ်ရင် စိတ်ပျော်ရွှင်နိုင်ပါစေ။