လီဆူးရိုးရာ နှစ်သစ်ကူးပွဲတော်ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ မြစ်ကြီးနားမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည် ဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ လီဆူး ရိုးရာ (နှစ်သစ်ကူး) ပွဲတော်ကို မြစ်ကြီးနားမြို့ရမ်ပူရပ်၊ ခေမာသီရိ လမ်းသွယ် ၁၃ မေတ္တာစိမ့်စမ်း မိဘမဲ့ ဂေဟာဝင်းအတွင်း၌ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံလီဆူးစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီက ဦးဆောင်ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ နှစ်သစ်ကူးပွဲတော်တွင် ထူးခြားသည့် ရိုးရာဓလေ့တစ်ခုဖြစ်သော ဓားလှေကားတက်ပွဲ၊ ဒူးလေးပစ်ပြိုင်ပွဲ၊ ရိုးရာ အကပြိုင်ပွဲနှင့် ရိုးရာသီချင်းကြီးအဆို ပြိုင်ပွဲများနှင့်အားကစားပွဲများ ပါဝင်မည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီမှ စုံစမ်းသိရှိရသည်။
လီဆူးရိုးရာ နှစ်သစ်ကူးပွဲတော်ကျင်းပရန် ပြင်ဆင်နေမှုကို တွေ့ရစဉ်
"လီဆူးရိုးရာနှစ်ကူးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပထမဆုံး ကျင်းပသွားမှာပါ။ ပွဲတော်မှာထူးခြားမှုအနေနဲ့ ချွန်ထက်တဲ့ဓားသွား အလက် ၇၀ နဲ့ ပြုလုပ်ထားတဲ့ ဓားလှေကားတက်ပွဲပါဝင်ပြီး တခြား ရိုးရာဓလေ့ ထုံးတမ်းတွေကိုလည်း ထည့်သွင်းကျင်းပဖို့ စီစဉ်ထားတယ်။ နောက်ပြီးပွဲတော်ကို လာရောက်ကြမယ့် လီဆူးတိုင်းရင်းသားတွေကိုလည်း ရိုးရာဝတ်စုံတွေဝတ်ဆင်ဖို့ သတ်မှတ်ထားပါတယ်။ ရိုးရာအက ပြိုင်ပွဲမှာရှမ်းပြည်နယ်အက၊ မြစ်ကြီားးအက ကွဲပြားသလို ရိုးရာဝတ်စုံနဲ့ အတီးအမှုတ်ကလည်း ဒေသတွေအလိုက် ကွဲပြားမှုတွေရှိပါတယ်။ ဒါတွေကို အခုနှစ်သစ်ကူးပွဲတော်မှာ မြင်တွေ့နိုင်မှာပါ"ဟု သတင်းမှတ်တမ်းဌာနမှ ဦးအလေးဖ(U Ah Lay Pha) က ပြောပြခဲ့သည်။
ယင်း နှစ်သစ်ကူးပွဲတော်ကို လီဆူးဘာသာဖြင့် Khaw Xuh (ခေါ့ရှိ)ဟုခေါ်ဝေါ်ပြီးပွဲတော်ကျင်းပ ရေးကော်မတီဝင်တစ်ဦးက "ဈေး ဆိုင်ခန်းတွေကို ဂေဟာရဲ့အပြင် ကွင်းပြင်တွေမှာ ဆောက်လုပ်ရောင်း ချဖို့စီစဉ်ထားပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပါဝင်ဆင်နွှဲမယ့် အခုနှစ်ပွဲတော်ကို လာရောက်ကြမယ့် နယ်ဝေးက လီဆူးတိုင်းရင်းသားတွေ အတွက်လည်း တည်းခိုနိုင်အောင် စီစဉ်ထားပါတယ်"ဟု ပြောကြားခဲ့ပါသည်။
လီဆူးရိုးရာ နှစ်သစ်ကူးပွဲတော်ကို ၁၉၉၃ ခုနှစ်က မိုးကုတ်မြို့တွင် ကျင်းပခဲ့ဖူးကြောင်း သိရှိရသည်။