Sunday, February 20, 2011

မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ရမ်ဆာဆိုက် ဖြစ်သည့် မိုးယွန်းကြီးအင်း၌ လတ်တလောတွင် နိုင်ငံတကာစံနှုန်းများ လျော့နည်းကျဆင်း

မြန်မာနိုင်ငံ၏ တစ်ခုတည်း သော ရမ်ဆာဆိုက်ခေါ် နိုင်ငံတကာ ရေပျော်ငှက်နေရင်းဒေသအဖြစ် အရေးပါသည့် ရေတိမ်ဒေသဟု သတ်မှတ်ထားရာတွင် လက်ရှိအချိန်၌ နိုင်ငံတကာစံနှုန်းများ လျော့နည်းကျဆင်း လျက်ရှိကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာ အရေးပါသော ရေတိမ်ဒေသထိန်း သိမ်းရေးနှင့် ပတ်သက်၍ ရမ်ဆာ အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၀၄ ခုနှစ် နို ၀င်ဘာလတွင်ဝင်ရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ပထမဆုံးသော ရမ် ဆာရေတိမ်ဒေသအဖြစ် မိုးယွန်းကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

"ရမ်ဆာကွန်ဗင်းရှင်းမှာ နိုင်ငံပေါင်း ၁၆၀ ပါဝင်နေပါပြီ။ ရမ်ဆာဆိုက်ပေါင်း ၁၉၁၂ ခုရှိပါတယ်။ ဟက်တာ ၁၈၆ သန်းကို ထိန်းသိမ်းထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာတော့ မိုးယွန်းကြီးအင်းတစ်ခုသာ ရှိပါသေးတယ်"ဟု BirdLife International မှ Mr. Simba Chan က ပြောကြားသည်။

မိုးယွန်းကြီးအင်းသည် ပဲခူး တိုင်းဒေသကြီးအတွင်း တည်ရှိပြီး မြန်မာနိုင်ငံသို့ ဆောင်းခိုငှက်များ လာရောက်ကျက်စားချိန်၌ အဓိက ရောက်ရှိသောနေရာတစ်ခုဖြစ်ပြီး ရေပျော်ငှက်များနှင့်ဇီဝမျိုးစုံ မျိုးကွဲ များစွာကိုလေ့လာတွေ့ရှိနိုင်သည့် နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

မိုးယွန်းကြီးအင်းသည် ၂၀၁၀ ပြည့်နှစ်ကနိုင်ငံတစ်ဝန်းတွင် ရေကန် များ၊ အင်းများ ရေနည်းပါးခန်းခြောက်မှုကို ကြုံတွေ့ရချိန်၌ စံချိန်တင် ရေကျဆင်းမှု ဖြစ်ပေါ်ခဲ့သည်။

ရမ်ဆာဆိုက်တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားနိုင်ရန်အတွက် ရေတိမ်ဒေသတစ်ခုသည် ဇီဝဘူမိ ဆိုင်ရာ အထူးဒေသ၏ ဇီဝမျိုးစုံမျိုး ကွဲအား ထောက်ပံ့ထားရန် အရေးပါ သော အပင်ဦးရေနှင့် သတ္တ၀ါမျိုးစိတ်အား ထောက်ပံ့ထားခြင်း၊ အပင် နှင့် သတ္တ၀ါမျိုးစိတ်အား ယင်းတို့ ဘ၀စက်ဝိုင်း၏ အဆိုးဝါးဆုံးအခြေ အနေတစ်ခုတွင်ထောက်ပံ့ထားခြင်း၊ ရေပျော်ငှက်မျိုးစိတ်တစ်ခု(သို့မဟုတ်) မျိုးစိတ်ငယ်တစ်ခု၏ ကမ္ဘာပေါ်တွင် နောက်ဆုံးကျန်သောအကောင်ရေ ၏အကောင်ဦးရေ ၁ ရာခိုင်နှုန်း ရှိနေခြင်း၊ အကောင်ရေ ၂၀၀၀၀(သို့ မဟုတ်)ထို့ထက်ပိုသောရေပျော်ငှက် များကို ထောက်ပံ့ထားခြင်း၊ ငါးအ စားအစာ၊ ဥပေါက်ရာဒေသ၊ ပေါက်ပွားကြီးပြင်းရာ နေရာနှင့် ရေတိမ်ဒေသအတွင်း(သို့မဟုတ်)မှီခိုရာ မည်သည့်နေရာမဆို ငါးမျိုးများ၏ ပြောင်းရွှေ့သွားလာသည့် လမ်းကြောင်းတစ်ခုအတွက် အရေးပါသော အရင်းအမြစ်ဖြစ်နေခြင်း စသည့်အချက်များနှင့် ထည့်သွင်းစဉ်း စားသည်ဟု သိရှိရသည်။

Source : News-Eleven

တိုင်းရင်းသားတွေကို ကမ္ဘာကသိစေတဲ့ ခရီးသွားဓာတ်ပုံဆရာတွေ

ချင်းတိုင်းရင်းသူတစ်ဦးကို ရိုက်ကူးထားတဲ့ ခရီးသွားဓာတ်ပုံဆရာ ကျော်ကျော်ဝင်းရဲ့ လက်ရာဓာတ်ပုံတစ်ပုံ။

"မြန်မာနိုင်ငံက ဘယ်နားမှာရှိတာလဲ" ပြည်ပအဝေး တိုင်းပြည်တွေဆီ ခရီးထွက်တဲ့အခါတိုင်း သူအမြဲအမေးခံရတဲ့ မေးခွန်းတစ်ခုကို ခရီးသွား ဓာတ်ပုံဆရာ ကိုကျော်ကျော်ဝင်းက ရေရွတ်ပြပါတယ်။

"အဲဒီလိုအမေးခံရတဲ့အခါ ကျွန်တော်တို့နိုင်ငံက တိုင်းရင်းသားတွေကို ကိုယ်တိုင်ရိုက်ထားတဲ့ ဓာတ်ပုံတွေ ပြပြီး မြန်မာနိုင်ငံဘယ်မှာ တည်ရှိတယ်ဆိုတာ ရှင်းပြရတယ်" လို့ သူကဆက်ပြောပါတယ်။ 

ဓာတ်ပုံလေးတွေထုတ်ပြဖြစ်တာကလည်း မြို့ပြကနေ အလှမ်းဝေးတဲ့ ဒေသတွေမှာ၊ ရိုးရှင်းတဲ့လူနေမှုပုံစံနဲ့ နေထိုင်ကြတဲ့တိုင်းရင်းသားတွေ အကြောင်းကို မကြားဖူး မရောက်ဖူးတဲ့ ပြည်တွင်း ပြည်ပက သူတွေ သူ့ဓာတ်ပုံတွေကနေတစ်ဆင့်သိရှိလာစေချင်တာက သူ့ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။

"ကျွန်တော့ရဲ့ဓာတ်ပုံတွေက တိုင်းရင်းသားတွေနဲ့ သူတို့နေထိုင်ရာဒေသတွေကို လူတွေသတိမူမိလာအောင် လုပ်ပေးနိုင်တယ်ဆိုရင် တစ်နည်းအားဖြင့် ခရီးသွားလုပ်ငန်းလည်း ပိုပြီးဖွံ့ဖြိုးနိုင်တာပေါ့" လို့သူက ဆိုပါတယ်။ 

ခရီးသွားဓာတ်ပုံဆရာတစ်ယောက်အနေနဲ့ မြန်မာပြည်အစွန်အဖျား လူသူအရောက်အပေါက်နည်းတဲ့ တိုင်းရင်းသားတွေရဲ့ကျေးရွာတွေဆီ ခက်ခက်ခဲခဲသွားရောက်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးတဲ့အခါ ရိုးရာဓလေ့ထုံးတမ်း စဉ်လာတွေ ခေတ်ပေါ် အဆောင် အ ယောင်တွေ လုံးဝမရှိတဲ့ လူနေမှုပုံစံတွေကို ရိုက်ကူးရတာ စိတ်ကျေနပ်စရာကောင်းတယ်လို့လည်းဆိုပြန်တယ်။ ဒါပေမယ့် တစ်ဖက်က အခြေခံကျလွန်းတဲ့ တိုင်းရင်းသား တွေရဲ့ လူနေမှုပုံစံကို အဆင့်မြင့် တိုးတက်လာစေချင် တဲ့စိတ်နဲ့ စိတ်နှစ်ခု အားပြိုင်တာမျိုး လည်း အမြဲကြုံတွေ့ရတယ်လို့ သူ့စိတ် ခံစားချက်ကို ဖွင့်ဟပါတယ်။ ပြီးတော့ သူသွားခဲ့တဲ့ခရီးတွေထဲက ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသက လားဟူတိုင်းရင်းသားတွေနေထိုင်တဲ့ ကျေးရွာလေးဆီသွားခဲ့ပုံကို ပြောပြပါတယ်။ 

"တစ်ရွာလုံး ကျေးရွာလူကြီးရဲ့အိမ်မှာပဲ ရေဒီယိုလေးတစ်လုံး ရှိတယ်။ သူတို့အတွက် အဲဒါက အကောင်းဆုံး ဖျော်ဖြေမှုပဲ။ 'တီဗီ'ဆိုတာ ဘာလဲဆိုတာတောင် သူတို့မသိကြဘူး။ အဲဒီလိုဖြစ်နေတာက မြို့ပြနဲ့ဆက်သွယ်မှု မရှိသလောက်ဖြစ်ပြီး သီးသန့်နေထိုင်ကြ တာကြောင့်" လို့ ထောက်ပြပါတယ်။

"ကျွန်တော်တို့ ရွာကိုရောက်သွားတော့ ရွာမှာရွာသူကြီးမရှိဘူး။ ရွာထဲကအသက်ကြီးကြီး အဘွားအရွယ်တွေ ထွက်လာပြီး ရွာထဲပေးမ၀င်ကြဘူး။ လားဟူဘာသာစကားနဲ့ပြောတော့ ကျွန်တော်တို့လည်း နားမလည်ဘူး။ မပြန်ဘဲရပ်နေတော့ အဘွားကြီးတွေကငိုပြီး ဂါထာရွတ်သလိုလည်းရွတ်တယ်။ မကောင်းဆိုးဝါးတွေ ရွာထဲဝင်မှာကြောက်လို့နှင်သလိုပဲ။

"အဲဒီမှာ ကျွန်တော်အရမ်းခံစားရပြီး ဓာတ်ပုံရိုက်ချင်စိတ်တောင်ကုန်သွားတယ်။ သူတို့ကိုလည်း အရမ်းသနားမိတယ်။ တော်သေးတာက မြန်မာစကားနည်းနည်းပါးပါးတတ်တဲ့ ရွာသူကြီးရောက်လာတော့၊ သူ့ကိုကျွန်တော်တို့က ဓာတ်ပုံရိုက်မယ့်အကြောင်းရှင်းပြတယ်။ သူတို့ရွာကရွာသူကြီးရဲ့ပြောစကားကို အရမ်း အလေးထားတော့ ရွာသူကြီးကခွင့်ပြုလိုက်တာနဲ့ ကျွန်တော်တို့ ရွာသူရွာသားတွေနဲ့အတူ လက်ရည်တစ်ပြင်တည်းနေထိုင်ပြီး ယုံကြည်မှုတည်ဆောက်ရတယ်။ နောက်သူတို့ကို ဓာတ်ပုံတွေရိုက်တော့ အထူးအဆန်းဖြစ်နေတာပေါ့။ သူတို့တစ်ခါမှ ကင်မရာကိုမမြင်ဖူးတာကိုး။ ကျွန်တော်တို့ ဘာလုပ်နေမှန်းလည်းမသိဘူး။ ပုံတွေပြန်ပြတော့ သူတို့အရမ်းအံ့ဩကြတယ်" လို့ ကိုကျော်ကျော်ဝင်းက သူ့အတွေ့အကြုံကို ပြောပြပါတယ်။ ဒီလိုသူဓာတ်ပုံရိုက်မယ့်သူတွေ ကင်မရာကိုပထမဆုံးမြင်ဖူးတာဟာ ဓာတ်ပုံဆရာတစ်ယောက်အတွက် ပုံကောင်းတစ်ပုံဖန်တီးဖို့ အကောင်းဆုံးအနေအထားဖြစ်သလို ရွာသားတွေအတွက်ကတော့ သူတို့ကိုယ်ပိုင်ဘ၀လေးထဲကနေ မော်ဒန်ခေတ်အပြောင်းအလဲတစ်ခုကို စတင်လာတာပဲလို့ လည်း သုံးသပ်ပါတယ်။

မြို့ပြနဲ့နီးတဲ့ တချို့ကျေးရွာတွေဆို မြို့ပြနဲ့အထိအတွေ့အဆက်အဆံများလာတဲ့အခါ ကိုယ်ပိုင် တိုင်းရင်းသားဝတ်စုံကိုတောင် မဝတ်ဆင်ကြတော့တာမို့ သူတို့ကို ဓာတ်ပုံရိုက်ချင်တဲ့အခါ သဘာဝကျအောင် ရိုးရာဝတ်စုံ အတင်းပြန်ဝတ်ခိုင်းရတယ်လို့ဆိုပါတယ်။ "မြို့ပြနဲ့အထိအတွေမရှိတဲ့ရွာတွေကိုလည်း ခေတ်နောက်မကျခဲ့စေချင်ဘူး။အဲဒီကနေမှသူတို့ရဲ့ရှေးရိုးစွဲအယူအဆတွေကို ပြောင်းလဲ စေချင်တယ်။ ဒါပေမယ့် တစ်ဖက်ကလည်း မြို့ပြယဉ်ကျေးမှုလွှမ်းမိုးမှုကြောင့် ရိုးရာဝတ်စုံမ၀တ်တော့တာမျိုး၊ နောက်သဘာဝအတိုင်း ရှိနေသေးတဲ့ လူနေမှုပတ်ဝန်းကျင်တွေ ပြောင်းလဲသွားမှာ ကြောက်တယ်"လို့ ဆိုပါတယ်။

ဓာတ်ပုံဆရာ စိုင်းခမ်းလင်းကလည်းသူရောက်ခဲ့ဖူးတဲ့ ကချင်ပြည်နယ် ပူတာအိုအနောက်မြောက်ဘက်မှာ ရှိတဲ့ ဇီယာဒမ်းရွာမှာဆို ရွာကနေမိုင် ၂၅၀ လောက်ဝေးတဲ့ ပူတာအိုမြို့ဆီ ကျောင်းသွားတက်ကြရပြီး အဲဒီကနေ အထက်တန်းအောင်သွားတဲ့အခါ မြစ်ကြီးနား အထိသွားပြီး ကောလိပ်ကျောင်းတက်နိုင်ကြပြီလို့ ဆိုပါတယ်။ ရွာကလေးမှာ ရေစွမ်းအားကိုအသုံးပြုပြီး ဆုံလည်နဲ့မောင်းထောင်းလာနိုင်ကြ ပြီ။ လျှပ်စစ်မီးရနိုင်ကြပြီဖြစ်သလို တောင်ယာစိုက်ခင်း တွေကိုလည်း ရေပေးဝေနိုင်ကြတာမို့ ဒေသခံတွေရဲ့ တိုးတက်ပြောင်းလဲမှုအစပါပဲတဲ့။ ဒါတွေဟာ အကျိုးရှိတဲ့အပြောင်းအလဲတွေဖြစ်ပေမယ့် သဘာဝအတိုင်းရှိနေဆဲဖြစ်တဲ့ ကချင်နဲ့ချင်းပြည်နယ်လိုဒေသတွေကို ကလောလိုအေးချမ်းလှပတဲ့ တောင်ပေါ်စခန်းမြို့လေးမှာ သစ်ပင်တွေခုတ်ထားတဲ့ တောင်ကတုံးတွေ တွေ့နေရတာကြောင့် အဲဒီလို ဖြစ်လာမှာတော့ စိတ်ပူမိတယ်လို့ဆိုပါတယ်။

ကိုစိုင်းခမ်းလင်းက တခြားဓာတ်ပုံ ဆရာတွေလိုပဲ သူခရီးလှည့်လည်ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေကြောင့် ခရီးသွားလုပ်ငန်းတိုးတက်စေဖို့ ကူညီနိုင်မယ်လို့ မျှော်လင့်သူပါ။ Enchanting Myanmar မဂ္ဂဇင်းက အနုပညာဒါရိုက်တာနဲ့ ဓာတ်ပုံဆရာဖြစ်တဲ့ ဦးဆန်နီငြိမ်းကတော့ မော်ဒန်ခေတ်လွှမ်းမိုးမှု ဘယ် လောက်ပဲရှိရှိ ရိုးရာယဉ်ကျေးမှုဓလေ့တွေကို ထိန်းသိမ်းဖို့ ဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ်။ 

"တိုင်းရင်းသားတွေဆီ ဘယ်သူမှမသွားနိုင်အောင် တားလို့မရသလို တိုင်းရင်းသားတွေကိုလည်း အပြင်လောကနဲ့ ထိတွေ့မှုမရှိအောင် ခြံခတ်ထားလို့လည်းမဖြစ်နိုင်ဘူး။ ဒါပေမယ့် သူတို့ယဉ်ကျေးမှုဓလေ့တွေကို ဘယ်လိုထိန်းသိမ်းသင့်တယ်ဆိုတဲ့ အခြေခံဗဟုသုတပေး နိုင်ဖို့တော့ အရမ်းအရေးကြီးတယ်။ အဲဒီလိုသာလုပ်နိုင်ရင် ဘယ်သူက ဘယ်လိုယဉ်ကျေးမှုနဲ့ လွှမ်းမိုးလာတာပဲဖြစ်ဖြစ် တိုင်းရင်းသား တွေအနေနဲ့ အလွယ်တကူလက်ခံကြမှာ မဟုတ်ဘူး" လို့ ပြောပါတယ်။

Source : Myanmar Times

Friday, February 18, 2011

မြန်မာ့ရိုးရာ မြေထည်လုပ်ငန်း အိုးနှင့် လူသုံးကုန်ပစ္စည်းများ အသုံးပြုမှု အားကောင်းနေဆဲဖြစ်၍ ပခုက္ကူအိုးပွဲတော် နှစ်လတာအထိ ပွဲတော်ရက်ရှည် ခင်းကျင်းပြသ

ပခုက္ကူမြို့ မြောက်ဖျားတွင် တည်ရှိသော ''ကိန္နရာတောင်'' ''ကုသိန္နရုံတောင်'' ဗုဒ္ဓပူဇနိယပွဲတော်တွင် ယခင်ခေတ် အခါက ''နှမ်းမနှဲသည်များ'' အများအပြား လာရောက် ရောင်းချ၍ နှမ်းမနှဲ ဘုရားပွဲဟု ဒေသခံများက ခေါ်ဆိုခဲ့ကြပြီး ယနေ့ခေတ် အခါတွင် နှမ်းမနှဲအစား ပခုက္ကူနယ်၊ ညောင်ဦးနယ်၊ မြိုင်နယ်၊ ရေစကြိုနယ် အတွင်းရှိ ငါ့သရောက်၊ နဘတ်၊ စဘေ၊ မြောက်ပြင်၊ သက်ရွာ၊ ပေါင်လောင်ကန်၊ ပခန်းကြီး၊ ဆပ်သွား စသည့် ဒေသများမှ အိုးနှင့် မြေထည် လူ့အသုံးအဆောင်များ ရောင်းဝယ်မှု အားကောင်းလာ၍ ''အိုးပွဲတော်''ဟု ဒေသခံများက ပြောင်းလဲ ခေါ်ဝေါ်လာကြသည်။

''အိုးပွဲတော်လို့ တွင်လာတာနဲ့ ပွဲတော်ရက်ကလည်း ရှည်လာတယ်။ အခုဆို ပြာသိုလဆန်း ကတည်းက ဈေးသည်တွေ ရောက်နေကြပြီ။ တပို့တွဲ လကုန်အထိ ပွဲဈေးက  ရှိနေတယ်။ ပါလာတဲ့ အိုးနှင့်လူ့အသုံးအဆောင် ပစ္စည်းတွေအပြင် အိုးပုတ် ချိုးရုပ်ပါ မကျန် ပါသမျှ အကုန်နီးပါး ရောင်းရတယ်''ဟု အိုးပွဲတော် ဈေးသည်တစ်ဦးက ပြောပြသည်။ သောက်ရေအိုး၊ သုံးရေအိုး၊ အင်တုံ၊ စလောင်းဖုံး၊ ရေနွေးကရား၊ ဟင်းချက်အိုး၊ ပန်းအိုး၊ ညောင်ရေအိုး၊ အတာအိုးများအပြင် ကလေးများအ ကြိုက် ကစားစရာ အိုးပုတ်ချိုးရုပ် (ရုပ်)များပါ ဈေးနှုန်းချိုသာစွာ ရောင်းချသည့်အပြင် အိုးနှင့်မြေထည်ပစ္စည်း ဆိုင်အများစုသာ ခင်းကျင်းရောင်းချလျက် ရောင်းဝယ်မှု အားကောင်း၍ မြေထည်လုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း ပြုသော ဒေသခံ တောင်သူဦးကြီးများ၏ စီးပွားရေးအား တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုစေသည့် အိုးပွဲတော် ဖြစ်ကြောင်းလည်း သိရသည်။ ရှားပါး၍ ရောင်းဝယ်မှု အားကောင်းသောကြောင့် မြန်မာ့ရိုးရာ အိုးလုပ်ငန်းနှင့် မြေထည် လုပ်ငန်း လုပ်ကိုင်ကြသူ တောင်သူ ကျေးလက် ပြည်သူများအား အထူး အားထား၍ ပခုက္ကူအိုးပွဲတော်သို့ နှစ်စဉ်မပျက် လာရောက် ရောင်းချကြသည်။

''အိုး၊ အင်တုံပေါင်း နှစ်စဉ် တစ်သိန်းကျော်အထိ ရောင်းရတယ်။ ပခုက္ကူတစ်မြို့လုံးအပြင် ဒေသ၀န်းကျင် ကျေးလက်တွေကပါ လာရောက် ၀ယ်ယူကြတယ်။ အမြင့်ဆုံး ဈေးကျပ် ၁၅၀၀ ကနေ ကျပ် ၅၀ တန်၊ ကျပ် ၂၅ တန် အနိမ့်ဆုံးရှိတယ်။ တပို့တွဲ လပြည့်နေ့ကတော့ အိုးပုတ်ချိုးရုပ်သံ လွှမ်းတဲ့နေ့ပေါ့ဗျာ''ဟု ပခုက္ကူမြို့သား တစ်ဦးက ပြောကြားသည်။

ယနေ့တိုင် ပခုက္ကူတစ်ခရိုင်လုံး အိုးနှင့် မြေထည် လူသုံးကုန် ပစ္စည်းများ သုံးစွဲမှုအားကောင်းလျက် ရှိနေသောကြောင့် မြန်မာ့ရိုးရာ စစ်စစ်လုပ်ငန်းများ မတိမ်ကော မပျောက်ပျက် ရှိနေပါကြောင်း ဒေသခံများက ပြောကြားခဲ့ပါသည်။

Source : news-eleven

Tuesday, February 15, 2011

စက်ဘီးဖြင့် ချင်းပြည်နယ် နတ်မတောင် သွားကြ မည်

မန္တလေးမြို့မှ MBA အပျော် တမ်း စက်ဘီး အဖွဲ့သည် ချင်းပြည် နယ် နတ်မ တောင်သို့ ဖေဖော်ဝါရီ ၁၅ ရက်မှ စ၍ စက်ဘီးဖြင့် ထွက်ခွာ ကြမည် ဖြစ်ကြောင်း သိရ သည်။

မန္တလေး MBA အပျော်တမ်း စက်ဘီးစီး အဖွဲ့ကို ၂၀၀၈ ခုနှစ် က စတင် စုစည်း ခဲ့ပြီး ထိုနှစ် တွင် မန္တလေး  တောင်ကြီး – ကလော – အင်းလေး နှင့် ပင်းတယ သို့ သွားရောက် ခဲ့ကြသည်။ ၂၀၀၉ ခုနှစ် တွင် မန္တလေး -ပုဂံ – ပုပ္ပား သို့ သွားရောက် ခဲ့ကြသည်။ ၂၀၁၀ ခုနှစ် တွင် မန္တလေး – နောင်ချို – ကျောက်မဲ – မိုးကုတ် ကို သွားရောက် ကြသည်။ ၂၀၁၁ ခုနှစ် တွင် ချင်းပြည်နယ်၊ နတ်မ တောင် ဒေသသို့ သွားရောက် ကြ မည် ဖြစ်သည်။

ချင်းပြည်နယ်၊ နတ်မတောင် ဒေသသို့ သွားရောက် သည့် ခရီးစဉ် မှာ ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်ပြီး ညောင်ဦး – ပုဂံ- ချောက်၊ ချောက် – ဆိတ်ဖြူ- ကန်စွန်းမ – ဖလံမရွာ- အိုင် ကြီး၊ အိုင်ကြီး- နဂါးပွက်မြုံ -သီးကုန်း- ဆော- ကန်ပက်လက်၊ ကန်ပက် လက် – နတ်မတောင် ခရီးစဉ် တို့ဖြစ် သည်။ အပြန် ခရီး တွင် ကန်ပက်လက် မင်းတပ် – ဆော- နဂါးပွက်မြုံ၊ နဂါး ပွက်မြုံမှ ချောက် အထိ စက်ဘီးဖြင့် သွားကြ မည်ဖြစ်ပြီး ခရီးစဉ်မှာ  ကိုးရက် ခရီးဖြစ်သည်။

အဆိုပါ ခရီးစဉ် တွင် တိုင်းရင်း သားများ၏ ယဉ်ကျေးမှု ဓလေ့များ ကို မှတ်တမ်းတင် ဓာတ်ပုံ ဗီဒီယိုများ ရိုက်ကူး ကြမည် ဖြစ်ပြီး အဖွဲ့ဝင် ၂၅ ဦး ပါဝင်ကြောင်း သိရသည်။

မောင်လူချစ်(အညာမြေ)

Monday, February 14, 2011

နမ့်ခမ်းရှိ သက်တမ်းနှစ် ၆၀၀ ကျော်ခန့်ရှိ သရက္ခန်ပင် ဂင်းနစ်စံချိန်ဝင်ရန် ဒေသခံများ မျှော်လင့်နေကြောင်း သိရ

နမ့်ခမ်းမြို့ အနောက်ဘက် မိုင် ၂၀ ခန့် ကွာဝေးသော တောင်ပေါ်ဒေသဖြစ်သည့် မန်းပူးရွာတွင် သက်တမ်း နှစ် ၆၀၀ အထက်ရှိသော သရက္ခန်ပင် (ဒေသအခေါ် ကျောက်ခက်ပန်းပင်)ကို ဂျပန် သစ်တောပညာရှင်များ၏ လာရောက်လေ့လာမှုကြောင့် ကမ္ဘာ့ဂင်းနစ်စံချိန်ဝင်ရန် ဒေသခံများ မျှော်လင့်လျက် ရှိကြောင်း သိရသည်။

''ဒီသစ်ပင်က ကျွန်တော်တို့ ရွာစတည်ကတည်းက စိုက်ခဲ့တာလို့ ကြားဖူးပါတယ်။ ဘိုးဘွားတွေ လက်ထက်ကတည်းက ဆိုတော့ သစ်ပင်ရဲ့ သက်တမ်းကို အတိအကျ မပြောနိုင်ပါဘူး။ ဂျပန်ပညာရှင်တွေ ခန့်မှန်းတာကတော့ ဒီသစ်ပင်က နှစ် ၆၀၀ အထက်ရှိမယ်လို့ ခန့်မှန်းသွားပါတယ်။ ကမ္ဘာ့ဂင်းနစ် စံချိန်တင်ဖို့ လာလေ့လာတာလို့ ပြောပါတယ်''ဟု ဒေသခံတစ်ဦး ကပြောသည်။

အဆိုပါ သရက္ခန်ပင်ကို ဒေသတွင် မင်္ဂလာပန်းအဖြစ် ၎င်းအပင်၏ သစ်ရွက်သစ်ခက်များကို အသုံးပြုလေ့ ရှိသလို လူနေအိမ်များတွင် ပင်ပု အလှပန်းပင်များအဖြစ် ပန်းအိုးများဖြင့် အိမ်၏အလှကို တန်ဆာဆင်လေ့ ရှိကြသော်လည်း ယခုကဲ့သို့သော အပင်ကြီးကို မတွေ့ဖူးကြကြောင်း၊ အဆိုပါ အပင်သည် သက်တမ်း ၁၀ နှစ် အရွယ်တွင် အပင်အမြင့်မှာ သုံးပေ၊ လေးပေသာရှိပြီး ယခုအပင်သည် ပင်စည်လုံးပတ် ၁၆ ပေ ရှိကြောင်း သိရသည်။

''ဒီအပင်ကို တရုတ်နိုင်ငံက ယွမ် ၁၀ သိန်းနဲ့ လာဝယ်ပါတယ်။ ကျွန်တော်တို့ မရောင်းပါဘူး။ ဘိုးဘွားအမွေမို့ပါ။ သရက္ခန်သားကို ဘုရားဆင်းတုတွေ ထုလုပ်တယ်လို့ သိရတယ်''ဟု ဒေသခံတစ်ဦးက ပြောပါသည်။ သရက္ခန် အပင်မျိုးမှ သက်တမ်းကြာ အပင်ကြီးမှာ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ဤတစ်ပင်တည်းသာရှိပြီး အလားတူအပင်မျိုး ပြင်ဦးလွင်တွင် တစ်ပင်ရှိကြောင်း ဂျပန်ပညာရှင်များက ပြောကြားသည်။

Source : News-Eleven