Monday, October 10, 2011

မြန်မာနိုင်ငံသို့ နော်ဝေကမ္ဘာလှည့်ဧည့်သည်များ သွားရောက်လည်ပတ်ရန် ကန့်သတ်ထားသော စည်းမျဉ်းစည်းကမ်းများ စတင်ဖယ်ရှား

မြန်မာနိုင်ငံသို့ နော်ဝေကမ္ဘာ လှည့်ဧည့်သည် များသွားရောက်လည် ပတ်ရန် ကန့်သတ် ထားသောစည်းမျဉ်း များကို ၂၀၁၁ ခုနှစ်မေလမှ စတင်ကာ ဖယ်ရှား လိုက်ပြီဖြစ်ကြောင်း နော်ဝေ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး H.E Mr. Espen Barth ကဆိုသည်။

“နော်ဝေနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ခရီးသွားလုပ်ငန်းတွေအပေါ် ကန့်သတ်ထားတဲ့ ပေါ်လစီတွေကို ဖယ်ရှားပြီး မြန်မာနိင်ငံသို့ ခရီးသွားများ လာရောက်လည်ပတ်ရန် အားပေးနေပါတယ်” ဟု နော်ဝေ ဒုတိယနိုင်ငံခြားရေးဝန်ကြီး H.E Mr. Espen Barth  ကပြောသည်။ ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟို တယ်၌ အောက်တိုဘာ ၈ရက် နေ့တွင် ပြည်တွင်းမီဒီယာ အချို့နှင့်တွေ့ဆုံစဉ် နော်ဝေနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး  H.E Mr. Espen Barth က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

H.E Mr. Espen Barth သည် အောက်တိုဘာလ ၇ ရက်က ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီးဦးဌေးအောင်နှင့် တွေ့ဆုံဆွေးနွေးစဉ် နှစ်နိုင်ငံခရီးသွားလုပ်ငန်းဆိုင်ရာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရေး၊ မြန်မာနိုင်ငံ ရှိ ခရီးစဉ်ဒေသများကို လာရောက်လေ့လာနိုင်ရေးအတွက် နော်ဝေနိုင်ငံမှ ခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များအား ဖိတ်ခေါ်ပြသရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ကျော်ဇေယျာဝင်း

Friday, October 07, 2011

အောက်တိုဘာ ၁ရက်မှစပြီး ထိုင်းဗီဇာနှုန်းထားများ တိုးမြှင့်သတ်မှတ်

အောက်တိုဘာ ၁ရက်မှ စတင်ကာ ထိုင်းနိုင်ငံပြည်ဝင်ခွင့် ဗီဇာကြေးနှုန်းထားများကို တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ထိုင်းသံရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။ ပြင်ဆင်လိုက်သော ဗီဇာကြေး နှုန်းထားများကို ယခုလက်ရှိ ဖြစ်ပေါ်နေသော ငွေလဲလှယ်နှုန်းထားများအရ အောက်တိုဘာ ၁ ရက်မှ စ၍ ပြင်ဆင်ပြောင်းလဲ ကောက်ခံမည်ဖြစ်ကြောင်း ထိုင်းသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပြင်ဆင်ပြောင်းလဲလိုက်သည့် နှုန်းထားများမှာ Transit Visa ၃၅ ဒေါ်လာ၊ Tourist Visa ခေါ်လာ ၄၀၊ Non-Immigrant Visa (Single Entry) ဒေါ်လာ ၈၀၊ Non-Immigrant Visa (Multiple Entry ) 1years ဒေါ်လာ ၂၀၀၊ Non –Immigrant Visa (Multiple Entry) 3 years ဒေါ်လာ ၄၀၀တို့ဖြစ်သည်။ “Transit Visa ဆိုရင် အရင်က ဒေါ်လာ ၃၀၊ အခု ၃၅ ဒေါ်လာ၊ Tourist Visa ဆိုရင် အရင်က ၃၅ ဒေါ်လာ အခု ဒေါ်လာ ၄၀၊ Non-Immigrant Visa (Single Entry) ဆိုရင် အရင်က ၆၅ ဒေါ်လာ အခု ဒေါ်လာ ၈၀ ၊ အနည်းဆုံး ၅ ဒေါ်လာ တက်သွားတာပေါ့” ဟု ဗီဇာပြုလုပ်သူ တစ်ဦးကပြောသည်။ ထိုင်းနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားရာတွင် တိုကင်အရင်ရယူကာ တိုတင်ရရှိပြီးနောက် ထိုင်းသံရုံးမှ သတ်မှတ်ထားသည့် အချိန်အလိုက် မိမိရရှိထားသည့် တိုကင်ဖြင့် ဗီဇာလျှောက်ထားရကြောင်း ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

Thursday, October 06, 2011

သစ်တောနှင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဥပဒေများ ပြင်ဆင်ကာ ဒဏ်ကြေးများ တိုးမြှင့်သတ်မှတ်မည်

တောရိုင်းတိရစ္ဆာန်များနှင့် အပင်များ တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်းကို အရေးယူရန် ပြဋ္ဌာန်းထားသော တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေကို ခေတ်နှင့်လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ကာ ဒဏ်ကြေးငွေများ တိုးမြှင့်သွားရန်ရှိကြောင်း သစ်တောဦးစီးဌာနက ပြောပြခဲ့သည်။ ၁၉၉၄ ခုနှစ်က စတင်ပြဋ္ဌာန်းခဲ့သော တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေနှင့် ၁၉၉၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သော သစ်တောဥပဒေများကို ခေတ်နှင့်လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်သွားနိုင်ရန် လတ်တလောတွင် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြထားကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက စက်တင်ဘာ ၁၂ ရက်တွင် ကျင်းပသော ဒီရေတောနှင့် သဘာဝဝန်းကျင် ပြန်လည်ထူထောင်ရေး ကွန်ရက်၏ နှစ်ပတ်လည်အခမ်းအနား၌ ပြောကြားသွားခဲ့သည်။ ထိုဥပဒေနှစ်ခုတွင် အဓိကအားဖြင့် ဥပဒေပါ အချို့စကားရပ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ စကားရပ်များနှင့်အညီ ပြင်ဆင်သွားမည်ဖြစ်ပြီး ဥပဒေတွင် ပြဋ္ဌာန်းထားသော ဒဏ်ကြေးငွေများကိုပါ တိုးမြှင့်သွားမည်ဟု သစ်တောဦးစီးဌာနက ပြောပြခဲ့သည်။ “ဒဏ်ကြေးတွေကို တိုးမယ်ဆိုတာ ကြိုဆိုပါတယ်။ ဒဏ်ကြေးက တောရိုင်းတိရစ္ဆာန် ရောင်းရငွေထက် နည်းနေတာကနေ ဒဏ်ကြေးတိုးလိုက်တော့ ပိုထိရောက်တဲ့ အရေးယူမှုတွေ ပိုလုပ်နိုင်မယ်လို့ ထင်ပါတယ်” ဟု တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးလုပ်ငန်း လုပ်ဆောင်နေသူတစ်ဦးက ပြောကြားသည်။ တရားမဝင် ရောင်းဝယ်ဖောက်ကားရန် အများဆုံးဖမ်းဆီးကြသော တောရိုင်းတိရစ္ဆာန်များမှာ ကျား၊ ဆင်၊ တောဆိတ်၊ သင်းခွေချပ်၊ ချေ၊ ကုန်းလိပ်၊ တောဝက်၊ မြွေအမျိုးမျိုး၊ တောက်တဲ့၊ တောင်ဆိတ်၊ အင်းကျား၊ ဝက်ဝံ၊ ဘွတ်ငှက် စသည့် တောရိုင်းတိရစ္ဆာန်များဖြစ်သည်ဟု သစ်တောဦးစီးဌာနမှ သိရကြောင်း ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Source : Khit Lu Nge

Tuesday, October 04, 2011

ရန်ကုန်အဲဝေး ပြည်တွင်းခရီးစဉ်များကို အောက်တိုဘာ ၁၆ ရက်တွင် ပြန်လည်ပြေးဆွဲမည်

ပြေးဆွဲပျံသန်းမှု ခေတ္တရပ်နားထားသော ရန်ကုန်အဲဝေးပြည်တွင်း ခရီးစဉ်များကို အောက်တိုဘာ ၁၆ ရက်တွင် ပြန်လည် ပြေးဆွဲမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းမှ မန်နေဂျင်းဒါရိုက်တာ ဦးတင်စိုးက ရန်ကုန်အဲဝေး လေကြောင်းလိုင်း ၁၅ နှစ်ပြည့် နှစ်ပတ်လည် စက်တင်ဘာ ၁၉ ရက်တွင် ကျင်းပသည့် အခမ်းအနားတွင် ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မန်နေဂျင်းဒါရိုက်တာ ဦးတင်စိုးက “ရန်ကုန်အဲဝေးကို အတွေ့အကြုံရင့်ကျက်တဲ့ လေယာဉ်မှူးများ၊ အင်ဂျင်နီယာများ၊ ပြည်တွင်းပြည်ပများမှာ လေ့လာသင်ယူထားသော ဝေဟင်မြေပြင် ၀န်ထမ်းများနဲ့ပြန်လည် ဖွဲ့စည်းထားပြီး အောက်တိုဘာ ၁၆ရက် မှ စတင်ပြီး အကောင်းဆုံးသော ၀န်ဆောင်မှုများနဲ့ ပြန်လည် ပြေးဆွဲသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

အဆိုပါ ရန်ကုန် အဲဝေးလေကြောင်း လိုင်းအား ၁၉၉၆ ခုနှစ်တွင် မြန်မာ့လေကြောင်းနှင့် ထိုင်းနိုင်ငံ Krong-Sombat-Company တို့ ဖက်စပ်တည်ထောင်ခဲ့ပြီး ခရီးသည် ၇၀ ဆံ့ ATR – 72 လေယာဉ်နှစ်စင်း ဖြင့် ပြည်တွင်းရှိမြို့ပေါင်း ၁၈ မြို့သို့ ပျံသန်းပို့ဆောင်ခဲ့ရာ ၂၀၁၀ ဒီဇင်ဘာ ၄ ရက်မှ ခရီးစဉ်များ ပြေးဆွဲမှု ခေတ္တ ရပ်နားခဲ့ကြောင်း သိရသည်။

ထွန်းလင်း

Monday, October 03, 2011

တရားဝင် နိုင်ငံခြားငွေလဲကောင်တာ စဖွင့်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် ပုဂ္ဂလိကဘဏ် ၆ ခုက နိုင်ငံခြားငွေလဲ ကောင်တာများကို ရန်ကုန်မြို့ သိမ်ဖြူလမ်းတွင် အောက်တိုဘာ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သော်လည်း ကန့်သတ်ချက် များပြားလွန်းနေကြောင်း သိရသည်။
“သိမ်ဖြူနိုင်ငံခြားငွေလဲလှယ်ရေးစင်တာ” အမည်ရှိ အဆိုပါငွေလဲလှယ်ရာဌာနတွင် သတ်မှတ်ပမာဏထက် ကျော်လွန်သော နိုင်ငံခြားငွေ လဲလှယ်သူများစာရင်းကို ပြည်ထဲရေးဝန်ကြီးဌာနထံ တိုက်ရိုက် အစီရင်ခံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေများကို လဲလှယ်ကြရာတွင် ၀င်ငွေရရှိခဲ့သည့်နည်းလမ်းနှင့် သက်သေခံလက်မှတ်များ ပြသရန်လည်း စည်းကမ်းသတ်မှတ်ထားသည်ဟု သူကဆိုသည်။

“ကျပ် သိန်းတထောင်နဲ့အထက် ဒေါ်လာလာဝယ်တဲ့သူတွေကို မှတ်တမ်းတင်ပြီး ချက်ချင်း ပြည်ထဲရေးဝန်ကြီး ဌာနဆီ သတင်းပို့ရမယ်။ အဓိက ငွေမည်းခ၀ါချတွေမဖြစ်အောင်ပါ” ဟု နိုင်ငံခြားငွေ လဲလှယ်ခွင့်ရထားသည့် အင်းဝဘဏ်မှ တာဝန်ရှိသူတဦးက ပြောသည်။

နိုင်ငံခြားငွေ လာရောင်းဝယ်သူတိုင်း မြန်မာနိုင်ငံသားဖြစ်ပါက မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ် ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားသားဖြစ်ပါက နိုင်ငံကူးလက်မှတ် ပြရမည်ဖြစ်ကာ မှတ်ပုံတင်နှင့် နိုင်ငံကူးလက်မှတ် မိတ္တူယူထား၍ ကွန်ပျူတာစာရင်းသွင်းမည်ဖြစ်ကြောင်း၊ ဒေါ်လာအရောင်းအ၀ယ် လုပ်သူတိုင်း လက်မှတ်ထိုးပေးရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

အဆိုပါငွေလဲစင်တာတွင် FEC၊ ယူရိုငွေ၊ စင်ကာပူဒေါ်လာနှင့် အမေရိကန်ဒေါ်လာတို့ကို လဲလှယ်ရောင်းဝယ်မည်ဖြစ်ပြီး နေ့စဉ်ဈေးနှုန်း ပြောင်းလဲသတ်မှတ် ရောင်းဝယ်သွားမည် ဖြစ်ကြောင်း၊ FEC ကို အများပြည်သူအားလုံး ကန့်သတ်ချက်မရှိ လဲလှယ်ရောင်းဝယ်နိုင်ကြောင်း သိရသည်။

ယင်းငွေလဲစင်တာတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းများကို သတ်မှတ်ထားရာ အောက်တိုဘာလ ၂ ရက်နေ့က FECတယူနစ် ၀ယ်ဈေး ၈၃၀ကျပ်၊ ရောင်းဈေး ၈၃၄ ကျပ်၊ အမေရိကန်တဒေါ်လာ ၀ယ်ဈေး ၈၃၀ ကျပ်၊ ရောင်းဈေး ၈၃၄ ကျပ်၊ တယူရိုလျှင် ၀ယ်ဈေး ၁၀၈၀ ကျပ်၊ စင်ကာပူတဒေါ်လာလျှင် ၀ယ်ဈေး ၆၃၅ ကျပ် ဖြစ်သည်။

ပုဂ္ဂလိကဘဏ် ၆ ခုက ဖွင့်လှစ်ထားသော ငွေလဲကောင်တာများတွင် ကန့်သတ်ချက်များ ရှိနေသောကြောင့် တရားမ၀င် နိုင်ငံခြားငွေကြေး ဈေးကွက် ဆက်လက်ရှင်သန်နေဦးမည် ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေးသမားများကပြောသည်

“၀င်ငွေရလမ်း ပြရမှာတို့ဘာတို့ ကန့်သတ်ချက်တွေက ရှိနေတော့ တရားမ၀င်ဈေးကွက်က ဆက်ပြီးရှိနေမှာပါ။ ငွေလဲတဲ့ဈေးနှုန်းကတော့ တရားဝင်ဈေးကွက်နဲ့ တရားမ၀င်ဈေးကွက် တူလိမ့်မယ်။ တရားဝင်ဈေးကွက်က လွတ်လပ်မှုမရှိတော့ တရားမ၀င်ဈေးကွက်က အများကြီးအားသာနိုင်တယ်။ ပိုပြီးအလုပ်ဖြစ်နေဦးမယ်” ဟု ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဗဟိုအလုပ်အမှုဆောင်တဦးကဆိုသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ကမ္ဘောဇဘဏ်၊ CB ဘဏ်၊ အင်းဝဘဏ်၊ မြ၀တီဘဏ်၊ မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့အရှေ့တိုင်းဘဏ် စုစုပေါင်း ဘဏ် ၆ ခုကို နိုင်ငံခြားငွေလဲလှယ် ရောင်းဝယ်ခွင့် လိုင်စင်များ ချထားပေးခဲ့သည်။

Source : Irrawaddy