ယခုနှစ် ပထမ ၄ လအတွင်း မြန်မာနိုင်ငံသို့ ခရီးသည်လာရောက်မှုသည် ယမန်နှစ်ထက် ငါးသောင်းနီးပါး ပိုများလာကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် မှတ်တမ်းများအရ သိရသည်။ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း လာရောက်သော ပြည်ပဧည့်များအနက် ခရီးသွားအေးဂျင့်များနှင့် ချိတ်ဆက်လာရောက်သော ဧည့်သည်မှာ ယမန်နှစ်ထက် ၄၁ဝဝဝ ကျော်ပိုများခဲ့ပြီး စီးပွားရေး ရင်းနှီးမြှုပ်နှံမှုအတွက် လာရောက်သော ဧည့်သည်မှာ တစ်သောင်းနှစ်ထောင်ကျော် ပိုများခဲ့ကြောင်း သိရသည်။
”စပိန်တို့ အီတလီတို့က ဒီလိုအချိန်မှ လာကြတာမို့ ခရီးသွားကများနေတုန်းပဲလို့ ပြောရမှာပေါ့။ ထူးခြားတာက ဒီနှစ်စီးပွားရေး လုပ်ငန်းတွေအတွက် ဝင်လာတဲ့ဧည့်သည် သိသိသာသာ များလာတာပဲ” ဟု မြန်မာနိုင်ငံ ဈေးကွက်မြှင့်တင်ရေး ကော်မတီ (MMC)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံရေး အပြောင်းအလဲ များကြောင့် စီးပွားရေးဆိုင်ရာ ဆွေး နွေးမှုများ ပြုလုပ်လို၍ လာရောက် သောဧည့်သည်များလာခြင်းဖြစ် ကြောင်း ပုံမှန်အားဖြင့်မူ မိုးဦးကျ ကာလတွင် ဧည့်ဝင်ရောက်မှု လျော့ ကျလေ့ရှိ ကြောင်းလည်း ဟိုတယ်/ ခရီးမှတာဝန်ရှိသူတစ်ဦးကပြောသည်။
”အရင်နှစ်ထက် ၃ဝ ရာခိုင်နှုန်း လောက်တက်တယ် ဆိုပေမယ့် ဒေသတွင်းနိုင်ငံတွေဝင်တဲ့ ဧည့်အရေအတွက်နဲ့ ယှဉ်ရင်တော့ နည်း နေသေးတယ်”ဟု MMCမှ တာဝန်ရှိသူက သုံးသပ်သည်။
လက်ရှိတွင် ဆိုက်ရောက်ဗီဇာ ပေးလိုက်သောကြောင့် စီးပွားရေးအတွက်လာသော ဧည့်ပိုများလာနိုင်ကြောင်း၊ ကမ္ဘာလှည့်ခရီးသည် ဆိုက်ရောက်ဗီဇာ ပေးလိုက်ပါက ဧည့်အဝင် ပိုများလာနိုင်ကြောင်းလည်း ၄င်းက ပြောသည်။
ယခုနှစ်တွင် ဧည့်သည်များက ရထား၊ ကားစသည်တို့ဖြင့် ခရီးသွားရန် တောင်းဆိုမှုများ ရှိလာသောကြောင့်၊ လမ်းပန်းဆက်သွယ်မှုဆိုင်ရာ အခြေခံ အဆောက်အအုံများ ကိုလည်း တိုးမြှင့်ရန်လိုအပ်မည်ဟု ၄င်းကပြောသည်။
”တချို့ဧည့်သည်တွေက မန္တ လေးကို ရထားနဲ့သွားချင်တယ်။ ဒါပေမဲ့ ရထားလက်မှတ် တန်းစီရတာတွေ ဘာတွေရှိတော့ အဆင်မပြေဘူး။ အဲလိုပဲကားနဲ့ဆိုလည်း လမ်းတွေကောင်းဖို့ပေါ့” ဟု ၄င်းက ပြောသည်။
ယမန်နှစ် ၄ လတာအတွင်း ပြည်ပဧည့် စုစုပေါင်း ၁၁၈၉၁ဝ ဦး ဝင်ရောက်ခဲ့ပြီးယခုနှစ်တွင် ၁၇၅၉၃ဝ ဦး ဝင်ရောက်ခဲ့သည်။ အာရှမှ စင်ကာပူ၊ တရုတ်၊ ကိုရီးယား၊ ဂျပန်တို့က အများဆုံး လာရောက်ခဲ့ကြ ပြီး ဥရောပမှ ပြင်သစ်နှင့် အမေရိကန်နိုင်ငံတို့မှအများဆုံး လာရောက်ခဲ့ကြောင်း သိရသည်။
မေဇင်ဝင်း၊ ဝေယံမိုးမြင့်
Monday, June 25, 2012
ရန်ကုန်-တိုင်ပေ လေယာဉ်ခရီးစဉ် ပြန်လည်ပြေးဆွဲမည်
| ||
Tuesday, June 19, 2012
ဒါကာ-ရန်ကုန် တိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲတော့မည်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာ မြို့နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ လေကြောင်းလိုင်း တိုက်ရိုက် ပြေးဆွဲရေး အတွက် သဘောတူညီချက် ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ယမန်နေ့တွင် အတည်ပြုလိုက်ကြောင်း သိရသည်။ တပတ်လျှင် ခရီးသည်တင် လေယာဉ် ၇ စီးနှင့် ကုန်တည် လေယာဉ် ၄ စီး ပြေးဆွဲမည် ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် Biman ၊ GMG ၊ United Airways နှင့် Myanmar Airways ၊ Airbagan စသည့် လေကြောင်းများကို ပြေးဆွဲရန် စီစဉ်ထားကြောင်း The Daily Star သတင်း၌ ဖော်ပြထားသည်။
Source : Irrawaddy
Source : Irrawaddy
Monday, June 18, 2012
သတင်းစာဆရာကြီး လူထုစိန်ဝင်း- (ဘ၀ဖြတ်သန်းမှုအကျဉ်း)
ဆရာ လူထု စိန်ဝင်းကို ၁၉၄ဝ ပြည့်နှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့တွင် မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။ မန္တလေး လဖုန်း အထိမ်းအမှတ် အထက်တန်းကျောင်း (Lafon Memorial High School) တွင် ပညာ ဆည်းပူးခဲ့သည်။ ၁၉၅၆ ခုနှစ် မှ ၁၉၅၉ ခုနှစ် အထိ မန္တလေးတက္ကသိုလ်တွင် ပညာ ဆက်လက် ဆည်းပူးခဲ့ပြီး ၁၉၆ဝ ပြည့်နှစ် မှ ၁၉၆၂ ခုနှစ် အထိ ရန်ကုန် တက္ကသိုလ်ကို ပြောင်းရွှေ့ ပညာ သင်ယူခဲ့သည်။
ကျောင်းသား ဘဝ ကတည်းမှစ၍ လူထု သတင်းစာတိုက်တွင် ဝင်ထွက်၊ သွားလာနေခဲ့ပြီး၊ လုပ်အားပေး သဘောမျိုး၊ ဝင်ရောက် ကူညီလုပ်ကိုင် ပေးခဲ့သည်။ ၁၉၆၂ ခုနှစ်မှစ၍ အချိန်ပြည့် ဝန်ထမ်းအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ လူထု သတင်းစာတိုက် မန္တလေးနှင့်ရန်ကုန် တိုက်ခွဲတို့တွင် အယ်ဒီတာ အဖွဲ့ဝင်တစ်ဦး အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၆၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ လူထု သတင်းစာတိုက် အပိတ် ခံရချိန်အထိ လူထု သတင်းစာတိုက်တွင် လုပ်ကိုင်ခဲ့သည်။
၁၉၆၉ ခုနှစ်တွင် စစ်အစိုးရ (အာဏာသိမ်း တော်လှန်ရေး ကောင်စီ)၏ ဖမ်းဆီးခြင်းကို ခံရပြီး ကိုကိုးကျွန်းသို့ ပို့ဆောင် ထိန်းသိမ်းခံခဲ့ရသည်။ ၁၉၇၂-နှစ်တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။
၁၉၈ဝ ပြည့်နှစ်တွင် လေဖြတ် ဝေဒနာကြောင့် ခန္ဓာကိုယ် ညာဘက် တခြမ်း သေသွားခဲ့ရာ၊ ဘဝကို အရှုံးမပေး လက်မလျှော့ဘဲ ဘယ်လက်ဖြင့် စာရေး လေ့ကျင့်ကာ စာပေများ ရေးသားနေဆဲ ဖြစ်သည်။ လူငယ် လူရွယ်များ အတွက်လည်း အင်္ဂလိပ် စကားပြော သင်တန်း ဖွင့်လှစ်ကာ ပညာအမွေ လက်ဆင့်ကမ်း ပေးနေဆဲ ဖြစ်သည်။
ဆရာ လူထု စိန်ဝင်းသည် ဝင်းဇော်၊ ဇာမဏီ စသော ကလောင် ခွဲပေါင်း ၁၅ ခုခန့်ဖြင့် လူငယ် လူရွယ်များ၊ အမျိုးသမီးများ အတွက် မြန်မာ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံနှင့် ပတ်သက်သော အကြောင်းရာများ၊ ဘဝ အားမာန် ဖြစ်စေသော အကြောင်းအရာများ၊ နိုင်ငံတကာရေးရာများကို ရေးသားလျက် ရှိသည်။ဘာသာပြန်နှင့် ပင်ကိုယ်ရေး အပါအဝင် စာအုပ်ပေါင်း ၂ဝ ကျော် ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ ပင်ကိုယ်ရေး စောမိုးခမ်း ဝတ္ထုမှာ သူ၏ ထင်ရှားသော လက်ရာ တစ်ခု ဖြစ်သည်။
ဆရာ လူထု စိန်ဝင်းဟာ ယနေ့ခေတ် ထုတ်ဝေနေသာ ဂျာနယ်၊ မဂ္ဂဇင်း အများအပြားတွင် သတင်းစာပညာနှင့် ပတ်သတ်သော အကြောင်းအရာ မျိုးစုံကို အများဆုံး ရေးနေသူ တစ်ဦး ဖြစ်သည်။ ယခုကဲ့သို့ သတင်းစာပညာနှင့် ပတ်သက်သော အကြောင်းအရာများ အများအပြား ရေးနေရခြင်း၏ ရည်ရွယ်ချက်ကို ဂျာနယ်တစ်စောင်နှင့် တွေ့ဆုံ မေးမြန်းခန်း တခုတွင် ယခုကဲ့သို့ ပြောပြခဲ့သည်။
“သတင်းစာ ပညာနဲ့ ပတ်သက်တဲ့ ဆောင်းပါး တွေကို စိုက်လိုက် မတ်တတ် ရေးခဲ့ရတဲ့ အကြောင်းရင်းက သတင်းထောက်၊ သတင်းစာ အယ်ဒီတာ ဆိုတဲ့ မျိုးဆက် ပြတ်သွားမှာ စိုးလို့ပဲ။ ၁၉၈ဝ နောက်ပိုင်း ဆရာ ထောင်က လွတ်လာတော့ ကျောင်းဖွင့်တဲ့ အခါ ဆရာ့ဆီ ကျောင်းသားတွေ လာကြတယ်။ လာကြတဲ့ ကျောင်းသား တွေက ဘွဲ့ရပြီးသား လူငယ်တွေ များပါတယ်။ ဆရာဝန်၊ အင်ဂျင်နီယာ ဆိုတဲ့ လူငယ်တွေက လူထု သတင်းစာ ဆိုတာ မကြားဖူးဘူး။ အဲဒီလို သတင်းစာ တွေကို မမြင်ဖူးဘူး။ အဲဒီအခါ ခံစား ခဲ့ရတယ်။ ဒါကြောင့် လူငယ်တွေကို သတင်းစာ အကြောင်း သိရအောင် သတင်းစာ ပညာ သောင်းပြောင်း ထွေလာ ဆိုတာ အရင်ဆုံး စရေး ခဲ့တာပဲ။ ဒါဟာ အင်မတန် အရေးကြီး တယ်လို့ ခံယူ ထားတာပါ။ သတင်း စာတစောင်ဟာ တိုင်းပြည်မှာ စတုတ္ထ မဏ္ဍိုင်လို့ ခေါ်ကြတဲ့ အတိုင်းပေါ့။ တိုင်းပြည် တပြည်မှာ အလွန် အရေးကြီးတဲ့ အခန်း ကဏ္ဍက ပါဝင်ပါတယ်။ ဒါကြောင့် ဒီသတင်းစာ အလုပ်ကို ဆရာတကယ် မြတ်နိုး ပါတယ်။ တသက်လုံး ဒီအလုပ်က လွဲလို့ ဘယ်အလုပ်မှ မလုပ်ခဲ့ ဖူးပါဘူး။ အခု ထက်ထိလည်း ဒီစာရေးတဲ့ အလုပ်ပဲ လုပ်နေဆဲပါ။ ပျမ်းမျှ တနေ့ကို နှစ်ပုဒ်လောက် ရေးနေ တာပါ။ ရေးသမျှရဲ့ More than 50 Percent ဟာ Journalism နဲ့ ပတ်သက်တာတွေ ချည်းပါပဲ။”
ရေးသားထုတ်ဝေခဲ့တဲ့စာအုပ်တချို့ 
- စကား မာရသွန် - ၁၊ ပင်ဝါးရုံ စာပေ၊ ပ - အကြိမ်၊ ၂ဝဝ၇ ခုနှစ်၊
- စကား မာရသွန် - ၂၊ ပင်ဝါးရုံ စာပေ၊ ပ - အကြိမ်၊ ၂ဝဝ၇ ခုနှစ်၊
- စာနယ်ဇင်း အရေးအသား ပုံစံသစ်
- စီးပွားရေး လုပ်ငန်းများနှင့် ကြော်ငြာ အတတ်ပညာ
- စောမိုးခမ်း
- ဆာယိုနာရာ
- တောင်ဗီယက်နမ်မှ ငရဲခန်းများ
- နန်းစကား၊ မန်းစကား၊ မြန်မာတို့ရဲ့ မြန်မာစကား
- ပထမ အမျိုးသမီး လမ်းထွင်သူများ
- ဖတ်စရာ၊ ပင်ဝါးရုံ စာပေ၊ မေလ၊ ၂ဝဝ၇။။
- မသန်ပေမဲ့ စွမ်းသူများ၊ ပင်ဝါးရုံ စာပေ။
- မူပိုင်ခွင့်၊ ပင်ဝါးရုံ စာပေ၊ ၂ဝဝ၅။
- မော်ဒန် လက်ဖက်ရည် ပန်းကန်ထဲက မုန်တိုင်းငယ်
- လူငယ်နဲ့ တာဝန် ယူစိတ် (လူငယ် လမ်းညွှန် စာစုများ)၊ ၂ဝဝ၄ ခုနှစ်။
- လူငယ်နှင့် အချစ်၊ ၁၉၉၈။
-လူငယ်များသို့ ကဗျာလက်ဆောင်
-ရှက်စိတ်၊ ယနေ့ မန္ဈလေး စာအုပ်တိုက်။
-သတင်းစာပညာ သောင်းပြောင်းထွေလာ
-အဖြူနဲ့ အမည်း
- အဖြူနဲ့ အဝါ
- အလံ မလှဲစတမ်း၊ လင်းဦးတာရာ စာပေ၊ ပ - အကြိမ်၊ ၂ဝဝ၆။
-အရှက်နှင့်တန်ဖိုး
SOURCE: wikimyanmar

http://feeds.feedburner.com/thithtoolwin/yIWV
Sunday, June 10, 2012
မန္တလေးမှ ဗုဒ္ဓဂယာသို့ Air Bagan ဖြင့် တိုက်ရိုက်ပျံသန်းမည်
Air Bagan လေကြောင်းလိုင်းမှ F-100 စင်းလုံးငှားလေယာဉ်ဖြင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်(တံတားဦး)မှ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ ယခုနှစ် စက်တင်ဘာလ ၂၆ ရက်မှစ၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တိုက်ရိုက်ပျံသန်းပေးမည် ဖြစ်ကြောင်း သိရသည်။ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နံနက် ၉ နာရီခွဲတွင် ထွက်ခွာ၍ ဗုဒ္ဓဂယာသို့ နံနက် ၁၁ နာရီခွဲတွင် ဆိုက်ရောက်မည်ဖြစ်ပြီး ဗုဒ္ဓဂယာမှ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြန်လည်ထွက်ခွာပြီး မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ညနေ ၃ နာရီခွဲတွင် ပြန်လည်ဆိုက်ရောက်မည်ဖြစ်သည်။ အထက်မြန်မာပြည်-မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း)၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှ ဗုဒ္ဓဂယာသို့ ဘုရားဖူးသွားရောက်လိုသူများသည် ရန်ကုန်မြို့သို့ လာရောက်ရန်မလိုတော့ဘဲ မန္တလေးမြို့မှတစ်ဆင့် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ တိုက်ရိုက်သွားရောက်နိုင်ပြီ ဖြစ်ပါ၍ ခရီးစရိတ် သက်သာစွာဖြင့် ဘုရားဖူး သွားရောက်နိုင်မည် ဖြစ်သည်။ လေယာဉ်ပေါ်တွင် နိုင်ငံတကာအဆင့်အတန်းမီ ဧည့်ခံကျွေးမွေး ဧည့်ဝတ်ပြုမည်ဖြစ်ပြီး ဆရာတော်၊ သံဃာတော်၊ သီလရှင်နှင့် ဥပုသ်သည်များအတွက် လေယာဉ်ပေါ်တွင် နေ့ဆွမ်း၊ အချိုပွဲများ ဆက်ကပ်ရန် စီစဉ်ထားကြောင်း သိရသည်။ ၄င်းအပြင် မန္တလေးမြို့တွင်း စုရပ်မှ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ပေးမည်ဖြစ်ပြီး အပြန်ခရီးတွင်လည်း မန္တလေးလေဆိပ်မှ မန္တလေးမြို့တွင်းစုရပ်သို့ ကြိုဆိုပို့ဆောင်ပေးမည် ဖြစ်သည်။ မြန်မာနိုင်ငံ အထက်ပိုင်းဒေသများမှ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ ဘုရားဖူး သွားရောက်လိုသူများသည် Air Bagan ရုံးချုပ်နှင့် မန္တလေးမြို့ အမှတ်(၄၁၄)၊ ၈၂လမ်း ၃၂x၃၃ ကြား၊ ချမ်းအေးသာစံမြို့နယ်၊ ဖုန်း- ၀၉-၉၁၀၁၉၅၃၆၊ ၀၉-၄၄၄၀၀၇၉၀၆ နှင့် ရန်ကုန်မဟာတိုး အမှတ်(၈၁၅)၊ မဟာဗန္ဓုလလမ်းနှင့် လှည်းတန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ဖုန်း-၂၂၇၃၂၂၊ ၂၁၁၇၀၃၊ ၀၉-၇၉၂၉၇၁၇၆၊ ၀၉-၇၃၂၀၅၈၉၀၊ ၀၉-၄၃၁၀၅၃၃၈ တို့သို့ ဆက်သွယ်စာရင်း ပေးသွင်းနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၇ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
Source : Khit Lu Nge
Source : Khit Lu Nge
Subscribe to:
Posts (Atom)