Thursday, November 08, 2012

မြန်မာပိုင် Rv Thurgau Exotic အပျော်စီးသင်္ဘော ရန်ကုန်-ပုဂံ-မန္တလေး ပထမဆုံခရီးစဉ်စတင်ပြေးဆွဲမည်

ရန်ကုန်-ပုဂံ-မန္တလးခရီးစဉ်သို့ နိုင်ငံခြားသားခရီးသွားများ သီးသန့် ပို့ဆောင်ပေးရန် အတွက် မြန်မာနိုင်ငံကုမ္ပဏီတစ်ခုဖြစ်သော Upland Travels & Tour Co. Ltd မှ တည်ဆောက်ခဲ့သော Rv Thurgau Exotic အပျော်စီးသင်္ဘောကြီးမှာ နိုဝင်ဘာ (၇)  ရက်နေ့မှစတင်၍ ရန်ကုန်မြို့ ဗိုလ်တထောင် ဆိပ်ကမ်းမှ ပထမဦးဆုံးခရီးစဉ် အဖြစ်စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါခရီးစဉ်၌ ရန်ကုန်- ပုဂံ-မန္တလေးမြို့များအပြင်အခြား မြို့ဆိပ်ကမ်းသို့လည်း ဆိုက်ကပ်၍ ခရီးသည်များ ၀င်ရောက်လေ့လာနိုင်ရန် စီစဉ်ပေးထားသည့်ပြင် ရေလမ်းကြောင်း ကျွမ်းကျင်သော အငြိမ်းစား ရေယာဉ်မှူးကြီးများ ကိုယ်တိုင်မောင်းနှင့်သွားမည်ဖြစ်ကြောင်း၊ ဆွစ်ဇာလန်နိုင်ငံThur gau Travel A အဖွဲ့နှင့် ချိတ်ဆက် ပြီး ဂျာမန်ခရီးသည်အများစုပါဝင် မှာဖြစ်ကြောင်း၊ ခရီးစဉ်၌ခရီးသည်   (၂၈) ဦးပါဝင်ကာသင်္ဘောတွင် အိပ်ခန်း (၁၅) ခန်းပါဝင်ကြောင်း နှင့် အသွား (၁၅) ရက်၊ အပြန် (၁၅) ရက် စုစုပေါင်းရက်ပေါင်း (၃၀) ကြာမှာဖြစ်ပြီး ခရီးသွားများသင်္ဘောပေါ်တွင် စားသောက်  နေထိုင်ရေးနှင့် ရောက်ရှိသော မြို့ကြီးများတွင် တည်းခိုးရေး၊ ပို့ဆောင်ရေးကိစ္စများအတွက် Thurgau Travel A အဖွဲ့မှ စီစဉ် ပေးသွားမှာဖြစ်ကြောင်း နိုင်ငံခြား သားခရီးသည်များကိုသာ စီးနင်း ခွင့်ပြုမည်ဖြစ်ရာလိုက်ပါလိုသော နိုင်ငံခြားသားခရီးသွားများအနေ  ဖြင့် ဆွစ်ဇာလန်နိုင်ငံရှိ Thurgau Travel A သို့ www.Thurgautra velch နှင့် Email- Uplandtours @wimaxmail.net.mm သို့မဟုတ်Tel + ၄၁ (0) ၇၁၆၂၆၅၅၀၀ သို့ ဆက်သွယ်နိုင်ကြောင့်း Upland Travels & Tours Co.Ltd မှ ဒါရိုက်တာဦးမျိုးအောင်ထံမှ သိရှိ ရသည်။

ရွှေတိဂုံ စေတီတော်၌ နိုင်ငံခြားသား ဧည့်သည်များ အပြင် ပြည်တွင်း ဘုရားဖူး များပါ ဝိုင်ဖိုင် အခမဲ့ အသုံးပြု နိုင်ရန် ညှိနှိုင်း ဆောင်ရွက်မည်

ရွှေတိဂုံ စေတီတော်တွင် သြဂုတ် ၁၅ ရက်မှစ၍ ဘုရားဖူး လာရင်း အင်တာနက် အသုံးပြုလိုသည့် နိုင်ငံခြားသား များ အတွက် အသုံးပြု နိုင်အောင် ဝါယာလက် ဝိုင်ဖိုင် အင်တာနက် တပ်ဆင် ဆောင်ရွက်ပေးထားကြောင်း သိရသည်။ အဆိုပါ ဆောင်ရွက်ချက်သည် နိုင်ငံခြားသားများအတွက် ဝန်ဆောင်မှုအသစ်ဖြစ်ကာ အခမဲ့ အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးထားခြင်းမျိုး ဖြစ်သည်။ အခမဲ့ အသုံးပြုခွင့် ပေးသည် ဆိုသော်လည်း ကန့်သတ် ချက် အနေဖြင့် နာရီဝက်သာ အသုံးပြုခွင့် ရမည်ဖြစ်ပြီး နာရီဝက်ပြည့်လျှင် အော်တို ရပ်ဆိုင်း သွားရန် စီမံ ဆောင်ရွက် ထားသည်။ ယင်းကန့်သတ်ချက်သည် အစပိုင်း ဖြစ်၍ စမ်းသပ်သည့် သဘော ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဝါယာလက် ဝိုင်ဖိုင်အား Crystal Shine ကုမ္ပဏီက လှူဒါန်းခြင်း ဖြစ်ပြီး Acer Product ကွန် ပျူတာ များကို ရွှေလမင်း နဂါး ကုမ္ပဏီက လှူဒါန်းခြင်း ဖြစ်သည်။ ဘုရား တံခါးဖွင့်ချိန်မှ ပိတ်ချိန် အထိ သုံး စွဲနိုင်အောင် တောင်ဘက်မုခ်တွင် ပထမ ဦးစွာ တပ်ဆင် ထားပေးသည်။ တပ်ဆင်ခြင်းကြောင့် ပေါ်ပေါက် လာသော အကျိုးအပြစ်များ အပေါ် မူတည်ပြီး ဘုရားဖူးလာ တိုင်းရင်းသား ပြည်သူများ သုံး စွဲ နိုင်အောင်ပါ ဆောင်ရွက်လျက် ရှိကြောင်း ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်း ပြော ကြားသည်။

Wednesday, November 07, 2012

အောက်တိုဘာလ အတွင်း ရန်ကုန် လေဆိပ်မှ ပြည်ပ ခရီးသွား နှစ်သောင်း နီးပါး ပိုမိုဝင်ရောက်ခဲ့

အောက်တိုဘာ လအတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်ပခရီးသွား ၀င်ရောက်ခဲ့ မှုဟာ ပြီးခဲ့တဲ့ စက်တင်ဘာလထက် လူဦးရေ နှစ်သောင်းနီးပါး ပိုမိုများပြား လာတယ်လို့ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ပြီးခဲ့တဲ့ စက်တင်ဘာ လအတွင်း ပြည်ပခရီးသွား လူဦးရေ သုံးသောင်း ရှစ်ထောင် ကျော်သာ ၀င်ရောက်ခဲ့ပြီး အောက်တိုဘာလမှာတော့ ပြည်ပခရီးသွား ငါးသောင်း ခုနှစ်ထောင် ကျော်အထိ တိုးတက်ဝင်ရောက်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ၀င်ရောက်ခဲ့တဲ့ ပြည်ပခရီးသွားများတွေထဲမှာ ထိုင်းနိုင်ငံမှ ခရီးသွားများဟာ အများဆုံး ဖြစ်ပြီး လူဦးရေ တစ်သောင်းကျော်အထိ ၀င်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယ ၀င်ရောက်မှု အများဆုံးကတော့ ဂျပန်နိုင်ငံမှ ခရီးသွားများဖြစ်ပြီး ခရီးသွား လေးထောင့် သုံးရာ ကိုးဆယ့်ခြောက် ဦးရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် အာရှနိုင်ငံများဖြစ်တဲ့ တရုတ်၊ ကိုရီးယား၊ မလေး၊ စင်္ကာပူ အစရှိတဲ့ နိုင်ငံများမှလည်း ခရီးသွားဝင်ရောက်မှုများ ရှိဖြစ်ပါတယ်။

ဒါ့အပြင် အနောက်ဥရောပ နိုင်ငံများက ခရီးသွားဝင်ရောက်မှုမှာတော့ အမေရိကန် နိုင်ငံမှ အများဆုံး ဖြစ်ပြီး သုံးထောင့် ရှစ်ရာ သုံးဆယ့် ခုနှစ်ဦးနဲ့ အခြားနိုင်ငံ တွေဖြစ်တဲ့ ယူကေ၊ ဂျာမနီ၊ ပြင်သစ်၊ စပိန် အစရှိတဲ့ နိုင်ငံများမှလည်း ခရီးသွား ၀င်ရောက်မှုများ ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုလို ပြည်ပ ခရီးသွား ၀င်ရောက်မှု တွေမှာ ကမ္ဘာလှည့် ဗီဇာနဲ့ လာရောက်သူ သုံးသောင်း ခုနှစ်ထောင့် လေးရာကျော် ရှိပြီး ကျန်တဲ့လူဦးရေ ကတော့ အခြားဗီဇာများနဲ့ လာရောက်သူများ ဖြစ်တယ်လို့ သိရပါတယ်။

Source : MRTV4

Thursday, November 01, 2012

မြန်မာနိုင်ငံကူးလက်မှတ် အမျိုးအစားခုနစ်မျိုးကို သက်တမ်းသုံးနှစ်မှ ငါးနှစ်အထိတိုးမြှင့်

မြန်မာနိုင်ငံကူးလက်မှတ် အမျိုးအစားခုနစ်မျိုးကို ယခင်သက်တမ်းသုံးနှစ်သာပေးရာမှ ယခုအခါတွင် ငါးနှစ်အထိတိုးမြှင့်ပြီး နိုဝင်ဘာလ ၁ ရက်နေ့လျှောက်ထားသူများမှစ၍ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေး ရေးရုံး(ရန်ကုန်)မှ ဌာနခွဲမှူး ရဲမှူး စိုးထွန်းအောင်ထံမှ သိရှိရသည်။ ''ကျွန်တော်တို့ကတော့ သာမန်နိုင်ငံကူးလက်မှတ်ထုတ်ပေးပါတယ်။ အဲဒီမှာ သင်္ဘောသား၊ အလုပ်၊စီးပွားရေး၊ ကျောင်းသား၊ ဘာသာရေး၊ အလည်နဲ့ မှီခိုဆိုပြီး အမျိုးအစားခုနစ်မျိုး ထုတ်ပေးပါတယ်။ အဲဒီခုနစ်မျိုးစလုံးကို အရင်သုံးနှစ်သက်တမ်းပေးရာကနေ အခုငါးနှစ်သက်တမ်း တိုးပေးသွားမှာဖြစ်ပါတယ်။ နိုဝင်ဘာလ ၁ ရက်နေ့မှာ လာလျှောက်တဲ့သူတွေကစပြီး ငါးနှစ်သက်တမ်းရှိတဲ့  နိုင်ငံကူးလက်မှတ်ကို ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။အရင်ကတော့ သင်္ဘောသားပတ်စပို့ကိုပဲ ငါးနှစ်သက်တမ်းပေးခဲ့တာဖြစ်ပါတယ်'' ဟု ရဲမှူးစိုးထွန်းအောင်က ပြောကြားခဲ့သည်။ နိုင်င်ငံကူးလက်မှတ် သက်တမ်းကို ငါးနှစ်တိုးမြှင့်ပေးသော်လည်း   နိုင်ငံကူးလက်မှတ်လုပ်ထုံးလုပ်နည်းများ ပြောင်းလဲခြင်း၊ ငွေကြေးပေးသွင်းမှုများ ပြောင်းလဲခြင်းများမရှိဘဲ ယခင်နှုန်းအတိုင်းသာ ကျသင့်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။ ''သက်တမ်းကို ငါးနှစ်တိုးပေးပေမယ့် အရင်အတိုင်းပဲ ကုန်ကျမှာ ဖြစ်ပါတယ်။ စာအုပ်သက်တမ်းတိုးလို့ ကျန်တာဘာမှတိုးတောင်းတာ မရှိပါဘူး။ စာအုပ်ဖိုးလည်း အရင်အတိုင်းပါပဲ '' ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။

ယခုကဲ့သို့ နိုင်ငံကူးလက်မှတ် တိုးမြှင့်ပေးရခြင်းမှာ ပြည်သူများ အဆင်ပြေစေရန်အတွက် ဖြစ်ကြာင်းကိုလည်း '' ဒီလိုသက်တမ်းတိုးမြှင့်ပေးရတာက ပြည်သူတွေအဆင်ပြေအောင်ဖြစ်ပါတယ်။ အရင်က သုံးနှစ်ပေးတယ်။ ဒါပေမယ့် ဗီဇာလျှောက်ရင် ခြောက်လ သက်တမ်းရှိရမယ်ဆိုလို့ လက်ထဲမှာ  နှစ်နှစ်ခွဲပဲကိုင်ရမယ်။ အခုလက်ထဲမှာ လေးနှစ်ခွဲကိုင်လို့ရတယ်ဆိုတော့ ပိုအဆင်ပြေမှာဖြစ်ပါတယ်'' ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။
ယခုကဲ့သို့ နိုင်ငံကူးလက်မှတ် သက်တမ်းကို ငါးနှစ်သို့ တိုးမြှင့်ပေးခြင်းကိုအကြောင်းပြု၍ ကြားခံ ဆောင်ရွက်ပေးသူများက အခြားလုပ်ဆောင်ရမည့်အချက်များ၊ စာအုပ်ဖိုးပေးသွင်းရာတွင် ယခင်ပေးသွင်းရသည့်နှုန်းထက် ပိုမိုပေးသွင်းရသည်ဟု ပြောဆိုမှုများကိုလည်း    နိုင်ငံကူးလက်မှတ် လျောက်ထားသူများ အနေဖြင့် သတိထားရန်လိုအပ်ပြီး     နိုင်ငံကူးလက်မှတ် လုပ်ဆောင်ရာတွင် လိုအပ်သည့်အချက်များ၊ ပေးသွင်းရသည့် ငွေကြေးကုန်ကျမှုများကိုလည်း အများပြည်သူများ သိရှိနိုင်ရန် ဆောင်ရွက်ပေးထားသည်ဟု သိရှိရသည်။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ  ဇူလိုင်လကုန်အထိ ခုနစ်လတာကာလအတွင်း နိုင်ငံကူးလက်မှတ် တစ်သိန်း နှစ်သောင်းကျော် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

Source : News Eleven

Wednesday, October 31, 2012

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနပိုင် ဟိုတယ်အားလုံး ပုဂ္ဂလိကသို့ လွှဲပြောင်းတော့မည်

မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၏ ဟိုတယ်ရာခိုင်နှုန်း ၈၀ ကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုပြီးဖြစ်ကာ မကြာမီတွင် ကျန်ရာခိုင်နှုန်း ၂၀ ကိုပါ လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ လုပ်ကိုင်ခွင့်ပေးပြီး ဟိုတယ်/ခရီးသွားကဏ္ဍတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များကို လွတ်လပ်စွာ ယှဉ်ပြိုင်လုပ်ကိုင်စေလိုကြောင်း ဟိုတယ်/ခရီး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောသည်။ ဆွီဒင်နိုင်ငံ Sweden International Development Agency (SIDA) မှ ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်း လုပ်ငန်းကျွမ်းကျင်သူ Ms Barbara Ericsson က ယခုလအတွင်း ပြည်ထောင်စုဝန်ကြီးနှင့် လာရောက်တွေ့ဆုံစဉ် ဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “လက်ရှိ ပုဂ္ဂလိက ငှားရမ်းလုပ်ကိုင်ခွင့် ပေးထားတဲ့ ဟိုတယ်က တစ်နိုင်ငံလုံးမှာ အလုံးရေ ၅၀ ကျော်လောက်တော့ ရှိပါတယ်” ဟု အဆိုပါ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မကြာသေးမီကလည်း အဆိုပါ ဝန်ကြီးဌာနမှ ဝန်ဇင်းဟိုတယ်၊ ကလောဟိုတယ်၊ ကော့သောင်းမိုတယ်၊ ပင်းတယဟိုတယ်၊ လက်ခုပ်ကုန်းဟိုတယ်၊ Imperial Jade ဟိုတယ်နှင့် ကျိုက်ထိုဟိုတယ်များကို ပုဂ္ဂလိကကုမ္ပဏီများသို့ ငှားရမ်းလုပ်ကိုင်ခွင့်ပေးခဲ့ပြီး ဖြစ်သည်။ “ဝန်ကြီးက ကျန်တဲ့ ရာခိုင်နှုန်း ၂၀ ကို လွှဲပေးဖို့ ရှိတယ်လို့တော့ ကြားတယ်။ အဲဒီလို အစိုးရပိုင်လုပ်ငန်းတွေ ပုဂ္ဂလိကပေးတဲ့အတွက် ကောင်းကွက်တွေ အများကြီး ရှိပါတယ်။ ပထမဆုံးအချက်အနေနဲ့က ဝန်ဆောင်မှုအပိုင်းတွေ ပိုကောင်းလာမယ်။ အစိုးရဌာနကပဲ လုပ်ခဲ့တဲ့ အချိန်တုန်းကတော့ အမြတ်ဘယ်လောက်ရှိ၊ မရှိလဲ မသိရဘူး။ အပြိုင်အဆိုင်လဲ မရှိဘူးပေါ့။ ခုလို ပုဂ္ဂလိကပိုင်းက ပါဝင်လာမယ်ဆိုရင်တော့ အပြိုင်အဆိုင်လဲ ဖြစ်လာမယ်။ အကျိုးအမြတ် ကောင်းကောင်းရဖို့လဲ လုပ်ကြမှာဆိုတော့ နိုင်ငံအတွက်လဲ ဝင်ငွေတိုးမယ်။ ခရီးသွားလုပ်ငန်း တိုးတက်ဖို့အတွက်လဲ အထောက်အကူ ဖြစ်နိုင်ပါတယ်” ဟု မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးကျော်ထွန်းက ပြောပြခဲ့သည်။ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး၌ ဟိုတယ်နှင့် မိုတယ် ၇၃၁ လုံး၊ အခန်းပေါင်း ၂၅၀၀၂ ခန်းရှိကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge