Thursday, December 05, 2013

မြန်မာ-ဖိလစ်ပိုင် ဗီဇာကင်းလွတ်ခွင့် လက်မှတ်ရေးထိုးမည်

မြန်မာနဲ့ ဖိလစ်ပိုင် နိုင်ငံအကြား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ရေး သဘောတူစာချုပ်ကို မနက်ဖြန်မှာ သဘောတူလက်မှတ်ရေးမယ်လို့ ဖိလစ်ပိုင်အစိုးရက ဒီကနေ့ကြေညာပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မြန်မာ၊ ဖိလစ်ပိုင် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဒီကနေ့မှာ ဖိလစ်ပိုင်နိုင်ငံကိုရောက်ရှိခဲ့ပြီး မနက်ဖြန်မှာ ဒီသဘောတူစာချုပ် လက်မှတ်ထိုးပွဲကို တက်ရောက်မယ်လို့ ဖိလစ်ပိုင်သမ္မတ ပြန်ကြားရေးအတွင်းဝန် ဆန်နီကိုလိုမာက ပြောပါတယ်။

ဦးသိန်းစိန်ရဲ့ ၂ ရက်ကြာ ဖိလစ်ပိုင်ခရီးစဉ်ဟာ သမ္မတဖြစ်အပြီး ပထမဆုံး ဖိလစ်ပိုင်ခရီးစဉ်ဖြစ်သလို နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှုကိစ္စရပ်တွေကို ဆွေးနွေးမယ်လို့ သိရပါတယ်။ သမ္မတဦးသိန်းစိန်ဟာ မနက်ဖြန်မနက်မှာ ဖိလစ်ပိုင် လွတ်လပ်ရေးခေါင်းဆောင် ဟိုဆေးရီဇော် အမှတ်တရရုပ်တုမှာ သွားရောက်အလေးပြုဖို့ရှိပြီး နေ့ခင်းမှာ ဖိလစ်ပိုင်သမ္မတက နေ့လည်စာ တည်ခင်းဧည့်ခံဖို့ရှိတယ်လို့ သိရပါတယ်။

ဒီခရီးစဉ်အတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ခတ်ခဲ့တဲ့ ယိုလန်ဒါ တိုင်ဖွန်းမုန်တိုင်းနဲ့ ငလျင်ဒဏ်ခံခဲ့ရတဲ့ ဖိလစ်ပိုင်ပြည်သူတွေအတွက် မြန်မာနိုင်ငံကအလှူကို ပေးအပ်လှူဒါန်းမယ်လို့လည်း ဖိလစ်ပိုင်သမ္မတနန်းတော်က သတင်းထုတ်ပြန်ပါတယ်။

Source : RFA Burmese

Wednesday, October 02, 2013

ဆီးဂိမ်းအတွက် ဗီဇာမလိုပဲ မြန်မာပြည် လာနိုင်

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပြိုင်ပွဲ အိမ်ရှင်အဖြစ်ကျင်းပမြန်မာနိုင်ငံက အားကစား တာဝန်ရှိသူ တွေ၊ နည်းပြတွေနဲ့ အားကစားသမားတွေအနေနဲ့ ဗီဇာ မလိုပဲ လာရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ 
အားကစား ၀န်ကြီးဌာန တာဝန်ရှိသူတဦးကို ကိုးကားပြီး ပြန်ကြားရေး ၀က်ဆိုက်မှာ ဗီဇာ မလိုပဲ လာနိုင် တာကို ဖော်ပြ ထားပါတယ်။ 

ဒီဇင်ဘာလ ဆီးဂိမ်းပြိုင်ပွဲမှာ ဆီးဂိမ်းပြိုင်ပွဲဝင် အဖွဲ့ဝင်နိုင်ငံများမှ အားကစား တာဝန်ရှိသူများ၊ နည်းပြ များနှင့် အားကစား သမားတွေအနေ နဲ့ ဗီဇာမလိုဘဲ လာရောက်နိုင်မှာ ဖြစ်ပါတယ်။ ဗီဇာအစား အသိ အမှတ်ပြု ကတ်ပြား (Accreditation Card) တွေနဲ့ ဝင်ရောက်ခွင့်ပြုမှာ ဖြစ်ပါတယ်”လို့ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ နိုင်ငံတကာဆက်ဆံရေး အတွင်းရေး မှူး ဒေါက်တာမြတ်သူရစိုးက ပြောထားပါတယ်။ 

အဲဒီလို ကတ်ပြားတွေနဲ့ လူပေါင်း ၁ သောင်းကျော်လာမှာဖြစ်ပြီး (Accreditation Card) ကတ်ပြားတွေကို အရောင် ၁၁ မျိုး နဲ့ သတ်မှတ်ထားပြီး မီဒီယာသမားတွေလည်း ဗီဇာ မလိုတဲ့ အထဲ ပါဝင်တယ် လို့ ပြန်ကြားရေး ၀က်ဆိုက်က ဖော်ပြထားပါတယ်။ 

“နိုင်ငံ့ အကြီးအကဲများ၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် နိုင်ငံများ မှ နည်းပြနှင့် တာဝန်ရှိသူများ၊ အားကစားသမားများ၊ မီဒီယာ အဖွဲ့များ ပါဝင်ကြောင်း၊ ယင်းတို့သည် ဗီဇာမလိုဘဲ ကတ်ပြားများဖြင့် မြန်မာနိုင်ငံသို့ လာရောက် ကြမည်ဖြစ်ကြောင်း သိရသည်” လို့ ပြန်ကြားရေး ၀က်ဆိုက်က ဆိုပါတယ်။ 

ဆီးဂိမ်းအတွက် လာရောက်ကြမယ့်သူတွေဟာ လာမယ့် နိုဝင်ဘာလ ၂၄ ရက်က စပြီး လာရောက်ကြ မှာ ဖြစ် သလို မြန်မာဘက်ကတော့ အားကစားကွင်းတွေ၊ တည်းခိုမယ့် အားကစားရွာတွေလည်း အဆင်သင့် ဖြစ်နေပြီ ဖြစ်လို့ မကြာခင် ဖွင့်လှစ်တော့မယ်လို့ ဆိုပါတယ်။ 

အိမ့်သံစဉ်~
Source : The Irrawaddy

Monday, September 30, 2013

မြန်မာ- ဗီယက်နမ် ၂ နိုင်ငံဗီဇာကင်းလွတ်ခွင့်စာချုပ် လက်မှတ်ထိုး

မြန်မာနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ ဗီဇာ ကင်းလွတ်ခွင့် သဘောတူ စာချုပ်ကို ၂ နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးတွေက လက်မှတ်ရေးထိုးလိုက်ကြပါပြီ။

“နှစ်နိုင်ငံ အစိုးရတို့အကြား သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအား ဗီဇာ ကင်းလွတ်ခွင့် ပြုရေး ဆိုင်ရာ သဘောတူ စာချုပ် ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေး ဝန်ကြီးဌာန 
ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံတော် နိုင်ငံခြားရေး ဝန်ကြီး H.E. Pham Binh Minh တို့က စက်တင်ဘာ ၂၆ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့၌ လက်မှတ်ရေးထိုး၍ ချုပ်ဆိုခဲ့ကြောင်း” လို့ ပြန်ကြားရေး ၀က်ဆိုက်မှာ ဖော်ပြထားပါတယ်။ 

အခုလို မြန်မာ - ဗီယက်နမ် ၂ နိုင်ငံ ဗီဇာ ကင်းလွတ်ခွင့်ရှိလာတာကြောင့် ၂ နိုင်ငံ နိုင်ငံသားတွေဟာ သက်ဆိုင်ရာ သံရုံးမှာ ဗီဇာ လျှောက်ထားစရာမလိုပဲ အပြန်အလှန် လွတ်လပ်စွာ ခရီးသွားနိုင်တော့မှာ ဖြစ်ပါတယ်။ 

အခုလို ပွင့်လင်း လွတ်လပ်စ ပြုလာတဲ့ မြန်မာနိုင်ငံမှာလည်း ဗီယက်နမ် ကုမ္ပဏီတွေက လာရောက် ရင်းနှီးမြှုပ်နှံတာတွေလည်း လုပ်နေသလို တချို့လည်း လာဖို့ ပြင်ဆင်နေတာတွေလည်း ရှိတယ်လို့ သတင်းတွေက ဆိုကြပါတယ်။ 

အာဆီယမ်အဖွဲ့ဝင်နိုင်ငံတွေအချင်းချင်း ဗီဇာ ကင်းလွတ်ခွင့်ရည်မှန်းချက် ထားလုပ်ဆောင်နေတာလည်း ရှိပြီး ဒါကတော့ တနိုင်ငံချင်းစီအလိုက် ဗီဇာ ကင်းလွတ်ခွင့် သဘောတူစာချုပ် ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။ 

အိမ့်သံစဉ် ~ 
Source : The Irrawaddy

Sunday, September 29, 2013

ဆီဒိုးနား ဟိုတယ်၌ ရုပ်သေးကြိုးဆွဲ ပညာရှင်တစ်ဦး ရုတ်တရက်သေဆုံး

ရန်ကုန် စက်တင်ဘာ ၂၈ ရန်ကုန်တိုင်း ဒေသကြီး ရန်ကင်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်းရှိ ဆီးဒိုးနား ဟိုတယ် ပထမထပ် မင်းတုန်းခန်းမ၌ စက်တင်ဘာ ၂၇ ရက် ညပိုင်းက ရုပ်သေးကြိုးဆွဲ ပညာရှင် တစ်ဦးသေဆုံး ခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ ဦးကြည်မြင့် ၆၉ နှစ် ရုပ်သေးကြိုးဆွဲ ပညာရှင် ဇေယျသုခလမ်း  မေတ္တာညွန့် ရပ်ကွက်  တာမွေမြို့ နယ်နေသူ ဖြစ်ပြီး ၎င်းသည် ယင်းနေ့ည ၇ နာရီမှ ၇ နာရီခွဲ အထိ ဆီဒိုးနားဟိုတယ် မင်းတုန်းခန်းမ၌ ပြုလုပ်သည့် ထိုင်း-မြန်မာ ခရီးသွားလာရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး တွေ့ဆုံပွဲတွင် ''ထွေးဦး'' မြန်မာ့ရုပ်သေး အဖွဲ့နှင့်အတူ ကပြ ဖျော်ဖြေပြီး၍ ပစ္စည်းများ သိမ်းဆည်းနေစဉ်  ခေါင်းမူး၍  ရင်ဘတ်အောင့်နေကြောင်း ပြောကာ လဲကျသေ ဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။
သေဆုံးသူ ဦးကြည်မြင့်တွင် ပြင်ပ ဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိဘဲ ၎င်းသည် နှလုံးရောဂါ၊ သွေးတိုးရောဂါများ ခံစား နေရသူဖြစ်ကြောင်း သိရသည်။

Source : Myawaddy News

Saturday, September 28, 2013

ပဲခူး ရွှေမောဓော စေတီတော်မြတ်ကြီးသို့ ပြည်ပ ခရီးသွားများ ပိုမိုလာရောက်

ပဲခူး  စက်တင်ဘာ ၂၆ နိုင်ငံတော်တွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာသည်နှင့် အမျှ သမိုင်းဝင် ပဲခူး ရွှေမောဓော စေတီတော်မြတ်ကြီးသို့ ပြည်ပ ခရီးသွားများ လာရောက်မှုသည် ယခင်နှစ်များကထက် ပိုမိုများပြားလာကြောင်း သိရသည်။ ဘုရားဖူးများတွင် ဗုဒ္ဓဘာသာဝင် ထိုင်း၊ တရုတ်နှင့် ကိုရီးယားများ အများဆုံး လာရောက်လေ့ ရှိရာ အထူးသဖြင့် ယခု ရက်ပိုင်းအတွင်း ကိုရီးယား လူမျိုးများ မပြတ် လာရောက်လျက်ရှိသည်။ ပြည်ပဘုရားဖူး အများစုသည် စေတီတော် ရင်ပြင် အရှေ့ဘက်မုခ် အနီးရှိ ၁၉၁၇ ခုနှစ် မြေငလျင်တွင် မြေခခဲ့သော ငှက်ပျောဖူးတော်ပေါ်တွင် ပြန်လည်တည်ထားသည့် စေတီတော်ကို စိတ်ဝင်စားကြောင်း သိရသည်။

Source : Myawaddy News