Saturday, August 27, 2011

တောက်တဲ့နှင့် ကြက်တူရွေး ရှာဖွေသူ မြွေကိုက်သေဆုံး

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်တွင် တောက်တဲ့နှင့် ကြက်တူရွေး သားပေါက် ရှာဖွေသူ တဦးမှာ သြဂတ်စ်လ ၂၃ ရက်နေ့က မြွေကိုက်ခံရပြီး သေဆုံးသွားသည်ဟု သတင်းရရှိသည်။

သေဆုံးသွားသူမှာ မောင်တောမြို့နယ် မီးတိုက်ကျေးရွာမှ ဦးထွန်းဦး၏သား အသက် ၃၅နှစ်ရှိ ဦးမောင်ဒေါင်းချေဖစ်သည်။ သေဆုံးသွားသူနှင့်အတူ တောက်တဲ့ရှာဖွေရာတွင် ပါဝင်သူတဦးက သူသေဆုံးရခြင်းနှင့် ပတ်သက်ပြီး နိရဉ္စရာသို့ ယခုကဲ့သို့ပြောသည်။ 

“သူနဲ့အတူ ကျွန်တော်တို့ လူ ၃ယောက်ပါ။ တောက်တဲ့နဲ့ ကြက်တူရွေးတွေက သစ်ပင်ခေါင်းမှာနေတဲ့ သတ္တ၀ါတွေဆိုတော့ သစ်ခေါင်းတွေမှာ လိုက်ရှာရပါတယ်။ အဲဒီမှာ မောင်ဒေါင်းချေက သစ်ပင်ပေါ်တက်ပြီး သစ်ခေါင်းကို နှိပ်လိုက်တဲ့အခါမှာ သစ်ပင်ခေါင်းမှာရှိနေတဲ့ မြွေဟောက်က ကိုက်လိုက်တာ ဖြစ်ပါတယ်။ မြွေကိုက်တယ်လို့ သိလိုက်ရတာနဲ့ သစ်ပင်ပေါ်ကဆင်းပြီး ရွာကိုယူလာတဲ့အခါ ရွာကိုတောင် မရောက်ပါဘူး။ လမ်းမှာပဲ အသက်ဆုံးရှုံးသွားတာ ဖြစ်ပါတယ်။” 

ယခုအခါ နယ်စပ်ရှိ ကြက်တူရွေးသားပေါက်ဈေးနှင့် တောက်တဲ့ဈေးမှာ ယခင်နှစ်ကထက် ဈေးကောင်း ပေးပြီး ၀ယ်ယူနေကြသဖြင့် ကြက်တူရွေး သားပေါက်နှင့် တောက်တဲ့ ရှာဖွေသူ များပြားလာသည်ဟု သိရသည်။ 

“ လူတွေက အလုပ်အကိုင်ရှားတော့ ငွေရလွယ်တဲ့ တောက်တဲ့နဲ့ ကြက်တူးရွေး သားပေါက်တွေကို ရှာဖွေပြီး ရုန်းကန်နေကြရပါတယ်။ တောက်တဲ့ရော၊ ကြက်တူးရွေးသားပေါက်ရော သစ်ခေါင်းထဲမှာနေတာမို့ သစ်ခေါင်းတွေကို လက်နဲ့နှိုက်တဲ့အခါ အထူးသတိထားရပါတယ်။ သတိမထားရင် ခုလို ကိုမောင်ဒေါင်းချေလိုဘဲ မမျှော်လင့်ဘဲ မြွေနဲ့တိုးပြီး သေဆုံးရတတ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ကြက်တူးရွေးနှင့် တောက်တဲ့မှာ ဈေးကောင်းကောင်းရနေပြီး လက်ရှိ တောက်တဲ့တကောင်၏ ဈေးကို ရောင်းဝယ်နေသူတဦးက ယခုလိုပြောပာသည်။

“တောက်တဲ့ကို ၀ယ်တဲ့အခါမှာ နှစ်မျိုးခွဲပြီးတော့ ၀ယ်ပါတယ်။ ၃၀ ကျပ်သားအရွယ်တကောင်ကို ဘင်္ဂလာမှာဆိုရင် တာကာငွေ ၅သိန်းထိပေးပြီးတော့၊ ၂၀ ကျပ်သားအရွယ်ဆိုရင် တာကာငွေ ၃သိန်းအထိ ပေးပြီးဝယ်ပါတယ်။ ကြက်တူရွေး သားပေါက်တွေကိုတော့ ရက်သားအလိုက် ၀ယ်ပါတယ်။” 

မြန်မာအိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့တွင် တောက်တဲ့ အရောင်းဝယ်သူ လုပ်သူများအား ဖမ်းဆီးနေပြီး လွန်ခဲ့သောလ နောက်ဆုံးအပတ်ကလည်း ခါကာဆိုရီခရိုင် ဒက်ခီနာလာမှ တောက်တဲ့ဝယ်ယူသူ တစ်ဦးကို တောက်တဲ့ နှစ်ကောင်နှင့်အတူ ရဲကဖမ်းဆီးခဲ့သည်။ 

ယခင်နှစ်က မောင်တောမြို့နယ်တွင် ကြက်တူရွေးသားပေါက် ၁၀ ရက် ၊ ၁၅ ရက်သား တကောင်ကို ကျပ်ငွေ ၁၀၀၀မှ ၁၅၀၀ ကျပ်အကြားတွင်ရှိပြီး ၂၀ ရက်သား အတောင်စုံ အပျံသင်ကြက်တူရွေး တကောင်ကို ၂၀၀၀ ကျပ်ဈေးရှိခဲ့သည်။ ယခုနှစ်တွင် ၁၀ ရက်၊ ၁၅ ရက်သား ကြက်တူးရွေး တကောင်ကို ကျပ်ငွေ ၅၅၀၀ ကျပ်နှင့် ၂၀ ရက်သား အတောင်စုံ အပျံသင် ကြက်တူရွေးတကောင်ကို ၇၅၀၀ ကျပ်ထိ ဈေးပေးပြီး ၀ယ်ယူနေသည်ဟု သိရသည်။

ဝယ်ယူရရှိသော တောက်တဲ့များကို တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံများသို့တင်ပို့ကြပြီး ကြက်တူရွေး သားပေါက်များက ဘင်္ဂလာဒေ့ခ်ျတွင် အိမ်မွေးအဖြစ် အသုံးပြုသကဲ့သို့ ဘင်္ဂလာဒေ့ခ်ျမှတဆင့် နိုင်ငံခြားသို့ တင်ပို့ ရောင်းချနေကြသည်ဟု သတင်းရရှိသည်။ 

ယခုကဲ့သို့ တောက်တဲ့နှင့် ကြက်တူရွေးသားပေါက်များကို ဈေးကောင်းပေးပြီး ၀ယ်ယူနေသောကြောင့် မယူ တောင်တန်းအနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများဖြစ်သော ဂေါ်ဒူလာ၊ ဗန္ဓုလ၊ တောင်ပြို၊ အောင်သဖြေ၊ မီးတိုက်၊ ခမောင်းဆိပ်ဒေသများတွင် စီးပွားဖြစ် ရှာဖွေနေကြသည်ဟု သိရသည်။ 

Source : Narinjara

Friday, August 26, 2011

ချင်းမိုင်ဟိုတယ်တစ်ခုပေါ်တွင် ကမ္ဘာလှည့်ခရီးသည် ၆ဦး ထူးဆန်းစွာ သေဆုံးခဲ့ရသည့်ဖြစ်ရပ် ခြေရာကောက်နိုင်ပြီ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Downtown ဟိုတယ်တွင် ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့ တွင်တည်းခိုနေကြသော အသက် ၇ဝ နှစ်နီးပါးခန့်ရှိ ဗြိတိသျှ ဇနီးမောင်နှံ Eileen နှင့်  George Everitt တို့သည် အခန်းအတွင်း နှစ်ဦးလုံးတစ်ပြိုင်တည်း သေဆုံးနေကြကြောင်း  တွေ့ရှိရသည်။ အမေရိကန် ကမ္ဘာလှည့် အမျိုးသမီးငယ် Pandola အသက် ၃၃ နှစ်သည်လည်း ဇန်နဝါရီလအတွင်းက သေဆုံးသွားခဲ့ဖူးသည်။ ဟိုတယ်တွင်းရှိရေကူးကန်မှ ရေကူးပြီးပြန်လာချိန်တွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဖေဖော်ဝါရီ ၂ ရက်န့တွင်လည်း နယူးဇီလန်နိုင်ငံသား Sarah Carter အသက် ၂၃ နှစ်သည် ထိုင်းဧည့်ကြိုတစ်ဦးတို့နှင့်အတူ ထူးဆန်းစွာ သေဆုံးသွားခဲ့ကြသည်။ ၂ဝ၁၁ ခုနှစ် နှစ်ဦးပိုင်း ဇန်နဝါရီ ၂၆ ရက်နေ့တွင် ကနေဒါနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် Bill Mah သည် ထို Dwontown ဟိုတယ် ပေါ်တွင်ပင် ထူးဆန်းစွာ သေဆုံးခဲ့သောကြောင့် အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ခုဖွဲ့၍ လူ၆ ဦး သေဆုံးခဲ့ရခြင်းကို စစ်ဆေးခဲ့သည်။ ထိုဟိုတယ်ကိုလည်း ပိတ်ထားခဲ့ကြသည်။ ၅ လခန့်ကြာအထိ စစ်ဆေး ပြီးနောက် WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ အစီရင်ခံစာအရ ထိုင်းင်ငံရောဂါထိန်းချုပ်ရေးအဖွဲ့မှ အသိပေးထုတ်ပြန်ခဲ့သည်မှာ ၄င်းတို့သည် အမည်ဖော်မပြနိုင်သော အဆိပ်တစ်မျိုးကြောင့်   သေဆုံး သွားခဲ့ကြကြောင်း ဖော်ပြထားသည်။ နယူးဇီလန်နိုင်ငံတီဗီများမှ ဖော်ပြချက်မှာ ၄င်းအဆိပ်မှာ ကြမ်းပိုး သတ်ဆေး Chlorpyrifos ဖြစ်ကြောင်း ပါရှိသည်။ ၄င်းတို့တည်း ခိုနေသော အခန်းထဲတွင် ထိုပိုးသတ်ဆေး သုံးထားသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။ ထို့ကြောင့် အစိုးရများအနေဖြင့် ဟိုတယ်များတွင် သုံးသည့် အင်းဆက်သတ်ဆေးများကို စနစ်တကျစစ်ဆေးမှု အထူးပင်လိုအပ်ကြောင်း အကြံပြုထားသည်။

Thursday, August 25, 2011

မဟာမဲခေါင်မြစ်ဝှမ်းဒေသ စုပေါင်းဗီဇာတစ်ခုစနစ် စတင်နိုင်ရန် သက်ဆိုင်ရာအစိုးရများအပေါ်တွင် မူတည်နေ

မဟာမဲခေါင် မြစ်ဝှမ်းဒေသ ခြောက်နိုင်ငံဖြစ်သည့် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအိုနိုင်ငံတို့နှင့် တရုတ်နိုင်ငံတို့ ပူးပေါင်းကာ ဗီဇာတစ်ခုစနစ်ကျင့်သုံးရန် စီစဉ်နေရာ လာမည့်နိုဝင်ဘာလတွင် ပုဂံမြို့၌ကျင်းပမည့် မဟာမဲခေါင်မြစ်ဝှမ်း ခြောက်နိုင်ငံခရီးသွားလုပ်ငန်း အစည်းအဝေးနှင့်ပြပွဲတွင် သက်ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများမှ ဆွေးနွေးဖွယ်ရှိကြောင်း သိရှိရသည်။

"မဟာမဲခေါင် ခြောက်နိုင်ငံပေါင်း ဗီဇာတစ်ခုတည်းစနစ်က မဟာမဲခေါင် ခရီးသွားလုပ်ငန်းအဖွဲ့အစည်းရဲ့ လုပ်ဆောင်ဖို့ ရည်ရွယ်ထားတဲ့ လုပ်ငန်းစဉ်တွေထဲက တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ဒါက ရေရှည်လုပ်ငန်းစဉ် တစ်ခုလည်းဖြစ်ပါတယ်။ အခြေခံသဘောအားဖြင့်တော့ အဖွဲ့ဝင်နိုင်ငံတွေ၊  ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနတွေက အကောင်အထည်ဖော် ဆောင်ရွက်ချင်ကြပါတယ်။ ဒါပေမယ့် တကယ်စတင် အကောင်အထည်ဖော်ဖို့က အဖွဲ့ဝင်နိုင်ငံတွေက အစိုးရခေါင်းဆောင်ပိုင်းတွေရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်"ဟု မဟာမဲခေါင်ဒေသ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံရှိ နာမည်ကျော်ကွေးမြစ်ကူးတံတားအနီးတွင် တွေ့ရ သည့် နိုင်ငံတကာခရီးသွားများ။

ဓာတ်ပုံ - လွင်မောင်မောင်


ပုဂံမြို့တွင်ကျင်းပမည့် မဲခေါင်ဒေသ ခရီးသွားလုပ်ငန်း အစည်းအဝေးနှင့် ပြပွဲတွင် ယင်းကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးဖွယ်ရှိသော်လည်း အတိအကျ မပြောနိုင်သေးကြောင်း ၎င်းကပြောသည်။ "ပုဂံမြို့မှာလုပ်မယ့် အစည်းအဝေးနဲ့ ခရီးသွားပြပွဲကာလအတွင်း ဒီကိစ္စ ဆွေးနွေးဖြစ်မဖြစ်ကို အတိအကျ မပြောနိုင်သေးပါဘူး။ နိုဝင်ဘာလမှဆိုတော့ အစည်းအဝေးအစီအစဉ် အဆင်သင့် မဖြစ်သေးလို့ပါ" ဟု ၎င်းကဆိုသည်။ ထို့ပြင် လက်ရှိမဲခေါင်ဒေသ ခရီးသွားလုပ်ငန်းအခြေအနေမှာ နှစ်စဉ်တိုးတက်ကောင်းမွန်နေရာ ယခု ဗီဇာတစ်ခုစနစ် ပေါ်ပေါက်လာပါက ဒေသတွင်းခရီးသွားလုပ်ငန်းမှာ ယခုထက် ပိုမိုတိုးတက်လာမည်ဟု ၎င်းက ပြောသည်။ "ကျွန်မအမြင်ကတော့ ခရီးသွားဧည့်သည် အ၀င်များလာတာထက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်လိုမြှင့်တင်မလဲဆိုတာက ပိုပြီးအဓိကကျတယ်လို့ ထင်ပါတယ်။ နောက် ခရီးသည်တွေအဆင်ပြေမယ့် မူဝါဒပိုင်းတွေကလည်း ခရီးသွားလုပ်ငန်းအတွက် များစွာအကျိုးဖြစ်ပါတယ်။ အဓိကကတော့ ခရီးသွားလုပ်ငန်းက ဒေသတစ်ခုနဲ့ အဲဒီဒေသခံလူတွေရဲ့ စီးပွားရေးကို ဘယ်လို တစ်ဖက်တစ်လမ်းက အထောက် အကူပြုသလဲဆိုတာက ပိုအရေးကြီးပါတယ်" ဟု ၎င်းကပြောသည်။

ခရီးသွားလုပ်ငန်းသည် လူသားနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်ကောင်းမွန်သော စီးပွားရေးလုပ်ငန်း ဖြစ်သောကြောင့် အများအကျိုးပြု စီးပွားရေးလုပ်ငန်းအသွင်ဖြင့် ပြောင်းလဲ ဆောင်ရွက်ခြင်းဖြင့် ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့စေနိုင်မည်ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ပြုစုထားသော စာရင်းအရ ယခုနှစ် ပထမခြောက်လအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည် ၁၇၂,၂၄၄ ဦး ၀င်ရောက်ခဲ့ပြီး လွန်ခဲ့သောနှစ် ပထမခြောက်လအ၀င်နှင့် နှိုင်းယှဉ်ပါက ၂၂ ဒသမ ၈၃ ရာခိုင်နှုန်း အထိ မြင့်တက်သွားသည်။ ဧည့်သည်အများစုမှာ အာရှတိုက်နိုင်ငံများမှဖြစ်ပြီး အများဆုံးမှာ ထိုင်းမှ ၃၅,၄၅၉ ဦး၊ တရုတ်မှ ၁၇,၉၄၄ ဦးနှင့် တောင်ကိုရီးယားမှ ၁၁,၀၀၃ ဦးတို့ဖြစ်သည်။ ဥရောပတိုက်နိုင်ငံများမှ ၃၉,၇၃၄ ဦး ၀င်ရောက်လာခဲ့ရာ ခြောက်လအတွင်း စုစုပေါင်း ဧည့်သည်အ၀င်၏ ၂၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်သွားသည်။ အများစုမှာ ပြင်သစ်မှ ၉,၄၃၅ ဦးနှင့် ဒုတိယအများဆုံးမှာ ဂျာမနီမှ ၆,၁၁၉ ဦး ၀င်ရောက်ခဲ့သည်။ 

Source : Myanmar Times

Wednesday, August 24, 2011

MAI က Online Ticket စနစ်ဖြင့် ပထမဆုံးအကြိမ် လေယာဉ်လက်မှတ် စမ်းသပ်ရောင်းချ

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း MAI သည် နိုင်ငံတကာ လေကြောင်းလိုင်းများတွင် ကျင့်သုံးနေသည့် အွန်လိုင်းမှတစ်ဆင့် လေယာဉ်လက်မှတ် ရောင်းချသည့် Online Ticket စနစ်ကို အများပြည်သူသို့ စမ်းသပ်ရောင်းချပေးခဲ့ကြောင်း ၁၇-၈-၂၀၁၁ ရက်က သိရသည်။ ထိုသို့ စမ်းသပ်ရောင်းချခြင်းကို ၁၅-၈-၂၀၁၁ ရက် တစ်ရက်တည်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဈေးနှုန်းများကို လျှော့ချပေးထားကြောင်း သိရသည်။ တစ်ရက်တည်း စမ်းသပ်ဆောင်ရွက်ခဲ့တာပါ။ သွားဖို့လာဖို့ရှိပြီး သိလိုက်တဲ့သူတွေက ဝယ်ကြတယ်လို့ သိရတယ်ဟု Nice Fare မှ တာဝန်ရှိသူက ပြောကြားသည်။ 

MAI လေကြောင်းလိုင်းအနေဖြင့် ယခုကဲ့သို့ Online Ticket စနစ်ကို အများပြည်သူသို့ စမ်းသပ်ရောင်းချခြင်းကို ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး ရန်ကုန်-ဘန်ကောက်အတွက် အမေရိကန်ဒေါ်လာ ၈၁ ဒေါ်လာ၊ ဘန်ကောက်-ရန်ကုန်အတွက် ၉၄ ဒေါ်လာ၊ ရန်ကုန်-ဘန်ကောက်-ရန်ကုန်နှင့် ဘန်ကောက်-ရန်ကုန်-ဘန်ကောက်အတွက် ဒေါ်လာ ၁၅၀၊ ရန်ကုန်-စင်ကာပူ-ရန်ကုန်အတွက် ၁၉၈ ဒေါ်လာ၊ စင်ကာပူ-ရန်ကုန်- စင်ကာပူအတွက် ၁၆၈ ဒေါ်လာ၊ ရန်ကုန်-ကွာလာလမ်ပူ-ရန်ကုန်အတွက် ၁၇၄ ဒေါ်လာ၊ ကွာလာလမ်ပူ-ရန်ကုန်-ကွာလာလမ်ပူအတွက် ၁၂၄ ဒေါ်လာ၊ ရန်ကုန်-ကွမ်ကျိုးအတွက် ၂၃၉ ဒေါ်လာစီ၊ ရန်ကုန်- စီယမ်ရိ-ရန်ကုန်အတွက် ဒေါ်လာ ၁၆၀၊ စီယမ်ရိ-ရန်ကုန်-စီယမ်ရိအတွက် ဒေါ်လာ ၁၃၀ လျှော့ချ၍ ရောင်းချပေးခဲ့ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံရှိ ဘဏ်များတွင် အကြွေးဝယ်ကတ်စနစ် မရှိသော်လည်း လေကြောင်းလိုင်း သတ်မှတ်သည့် အာဆီယံဒေသတွင်း နိုင်ငံများရှိ ဘဏ်များမှ အကြွေးဝယ်ကတ် ကိုင်ဆောင်ထားသူများ ရှိကြောင်း၊ MAI လေကြောင်းလိုင်း အနေဖြင့် Online Ticket စနစ်ဖြင့် ရောင်းချနိုင်ရေး ပြင်ဆင် ဆောင်ရွက်နေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ယခုမှ စတင်စမ်းသပ်ခြင်းဖြစ်ကြောင်း၊ ထိုသို့ စမ်းသပ်မှုအရ အောင်မြင်မှုရရှိပါက ပြည်တွင်း၌ ရောင်းချရန် အဆင်မပြေနိုင်သေးသော်လည်း ပြည်ပတွင် ရောင်းချနိုင်မည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

ဧရာဝတီလင်းပိုင်တို့၏ နေထိုင်ကျက်စားမှုပုံစံများအား စောင့်ကြည့်လေ့လာခြင်း၊ ကာကွယ်ထိန်းသိမ်းခြင်း၊ အသိပညာပေးခြင်း လုပ်ငန်းစဉ်များ စက်တင်ဘာလမှစတင်၍ တစ်လလျှင် နှစ်ကြိမ်ဆောင်ရွက်မည်

ဧရာဝတီလင်းပိုင်တို့၏ နေထိုင်ကျက်စားမှုပုံစံများအား စောင့်ကြည့်လေ့လာခြင်း၊ ကာကွယ်ထိန်းသိမ်းခြင်း၊ ရပ်ရွာများအား အသိပညာပေးခြင်း လုပ်ငန်းစဉ်များကို စက်တင်ဘာလမှ စတင်၍ တစ်လလျှင် နှစ်ကြိမ်ခန့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းလုပ်ငန်းစဉ်များကို ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေး အဖွဲ့(WCS)တို့ ပူးပေါင်းစီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရသည်။

ကျွန်တော်တို့ နှစ်စဉ် စက်တင်ဘာလကစပြီး ဇန်န၀ါရီလအထိကို ဧရာဝတီလင်းပိုင် ကွင်းဆင်း စောင့်ကြည့်တဲ့ လုပ်ငန်းစဉ် လုပ်ပါတယ်။  ဧရာဝတီလင်းပိုင် အရေအတွက် သတ်မှတ်တာ၊ တစ်ကောင်ချင်းကို စောင့်ကြည့် လေ့လာတာ၊ သူတို့ရဲ့ နေထိုင်ကျက်စားမှုပုံစံတွေ လေ့လာတာ၊ ဧရာဝတီမြစ်ရဲ့ အပြောင်းအလဲနဲ့အတူ သူတို့အပေါ်ဘာတွေ ထိခိုက်နိုင်လဲဆိုတာ လေ့လာတာ၊ အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေတွေကို သုံးသပ်တာ၊ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနယ်မြေအတွင်းမှာ ရှိနေတဲ့ရွာတွေကို အသိပညာပေးတွေ လိုက်လံ ပြောပြတာတွေ အဓိကလုပ်ဖြစ်ပါတယ် ဟု သားငှက်ထိန်းသိမ်းရေး အဖွဲ့(WCS) မှ ဦးအောင်မျိုးချစ်က ရှင်းပြခဲ့သည်။

ထို့အပြင် ဧရာဝတီလင်းပိုင်များနှင့် ပတ်သက်၍ အသိပညာရရှိမှုအပိုင်းနှင့် ပတ်သက်ပြီး အခုဆို ဧရာဝတီလင်းပိုင်နဲ့ပတ်သက်လို့ တော်တော်လေးကို သိလာကြပြီလို့ ဆိုလို့ရပါတယ်။ ရေလုပ်သားတွေ အနေနဲ့ ဘယ်လိုအရာတွေက ဧရာဝတီလင်းပိုင်တွေကို အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာ သိမြင်လာပြီး ဆင်ခြင်လာကြသလို ဧရာဝတီလင်းပိုင်တစ်ကောင် သေဆုံးတာမျိုးကအစ ကျွန်တော်တို့ကို အကြောင်းကြား ပေးတာမျိုးထိ ဆောင်ရွက်လာကြတာကို တွေ့ရပါတယ်။ ဒါကကောင်းတဲ့လက္ခဏာပါ ဟု ဆက်လက် သုံးသပ်ခဲ့သည်။

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနယ်မြေအား စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအကြား၊ မင်းကွန်းနှင့် ကျောက်မြောင်းမြို့အကြား ၇၄ ကီလိုမီတာ အကွာအဝေးကို သတ်မှတ်ထားပြီး ယခင်နှစ် လေ့လာထားချက် အရ ဧရာဝတီလင်းပိုင် ၂၁ ကောင် နေထိုင်လျက်ရှိသည်ဟု သိရှိရသည်။  ဧရာဝတီလင်းပိုင်များသည် သြစတြေးလျတိုက် မြောက်ပိုင်း၊ နယူးဂီနီနှင့် အရှေ့ဘက်တွင် ဖိလစ်ပိုင်နိုင်ငံ၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ အိန္ဒိယ အရှေ့မြောက်ဒေသ၊ အင်ဒိုနီးရှား မဟာခမ်မြစ်၊ အိန္ဒိယနိုင်ငံ ဂင်္ဂါမြစ်၊ ဘင်္ဂလားဒေ့ရှ့်နိုင်ငံ ဗြဟ္မပုတ္တရမြစ်၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့ရှိ မဲခေါင်မြစ်ကြောင်း တစ်လျှောက်နှင့် မြန်မာနိုင်ငံ ဧရာဝတီမြစ်၊ ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသနှင့် မြိတ်ကျွန်းစုတို့တွင် တွေ့ရှိရသည်။ ဧရာဝတီလင်းပိုင်များနှင့် ရေလုပ်သားများ ပူးပေါင်းငါးဖမ်းသည့် အလေ့အထမှာမူ မြန်မာနိုင်ငံတွင်သာ တွေ့ရှိရခြင်းဖြစ်သည်။

Source : News-Eleven