Monday, May 07, 2012

ဒေါ်လာ အနွမ်းနဲ. မြန်မာ ဇာတ်လမ်း

မနေ. က ရန်ကုန်လေဆိပ်  နိုင်ငံတကာ ဆိုက်ရောက် ခန်းမရှိ  KBZ ဘဏ် Currency Exchange ကောင်တာတွင် ဒေါ်လာ ၁၀၀ တန် ၂ ရွက် ကို  သွားရောင်းရာ ( ထုံးစံအတိုင်း ) ငွေစက္ကူ က ခါက်ရိုးကျိုး နေလို.ဆိုပြီး မယူပါ ။

 " ဒေါ်လာအစစ်တွေပါ ၊ မယုံရင်စက်နဲ.စမ်းကြည်.ပါ ... ဂိုဒ်တွေဆိုတာ ဧည်.သည်က သဒ္ဒါကြေးပေး လို.ရ တဲ.ငွေကို နွမ်းတယ်ဆိုပြီး ပြန်လဲခိုင်းလို.မရလို.  ယူပါ  " လို. တောင်းပန်တိုးလျှိုးသော် ငြားလည်း

  " ကျွန်တော် တို. KBZ  ဘဏ်က မယူဘူးလို.မမှတ်ပါနဲ.  ၊ ဒီငွေတွေကို ဗဟိုဘဏ် ကို အပ်တော့ ဗဟိုဘဏ်ကလက်မခံလို.  မယူ ရဲတာပါ "  လို. ၀န်ထမ်းတစ်ဦးက ခြေခြေ ငံငံ ရှင်းပြပါတယ် ။ ဒါဆိုရင်တော. ဒေါ်လာ အနွမ်း ကိစ္စ ဟာ ဘယ် သူ.ကြောင်. ခုထိ ပြ သနာ တစ်ရပ်လိုဖြစ်နေတယ် ဆိုတာသိသာလောက်ပါပြီ ။ ဒီပြသနာဟာ မြန်မာနိုင်ငံ အာဆီယံ ဥက္ကဌ လုပ်တဲ.အချိန်အထိ ရှိနေရင်တော့


"  မြန်မာ.အရှက် ကမ္ဘာ မှာ ကွဲနေဦးမှာပါပဲ ခင်ဗျာ ...."

မြန်မာနိုင်ငံကို အစည်းအဝေးလာတက်မယ်. ကမ္ဘာ.ခေါ င်းဆောင်များလဲ ...ထောင်မလဲ သဲကော် ဒေါ်လာ အသစ်စက်စက်များကိုယူလာကြဖို. လို မှာ ဖြစ်ကြောင်း MTRV 3  ၊. ကြေးမုံ၊ မြန်မာ.အလင်း ၊ New Light of Myanmar တို.ကနေ ကြိုတင်သတင်းထုတ်ပြန်ထားသင်.ပါတယ် ။

ကိုညီ ( သရ၀ဏ်)

ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်နိုင်ရန် ကန့်သတ်နယ်မြေ ခရီးစဉ်များကို ပြန်လည်ခွင့်ပြုပေးမည်ဟု သိရ

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်လာသောကြောင့် ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်နိုင်ရန် ကန့်သတ်ထားသည့် နယ်မြေခရီးစဉ်များကို ပြန်လည်ခွင့်ပြုပေးမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရှိရသည်။ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်လာသည်နှင့်အမျှ သွားရောက် လည်ပတ်နိုင်သည့် ခရီးစဉ်ဒေသသစ်များ ပိုမိုလိုအပ်သဖြင့် ယခင်ပြည်ထဲရေးဝန်ကြီးဌာန၏ နယ်မြေကန့်သတ်ချက်တွင် ဖော်ပြထားခြင်းမရှိသော ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ နယ်မြေအချို့အား ခရီးစဉ်သစ်များအဖြစ် ကြိုတင်ခွင့်ပြုချက်ဖြင့် သွားလာပေးလျက် ရှိကြောင်းလည်း သိရှိရသည်။ “ကမ္ဘာလှည့်ခရီးသွားတွေ ပိုမိုဝင်ရောက်လာတဲ့အတွက် အရင်က ကမ္ဘာလှည့် ခရီးသည်တွေအတွက် ကန့်သတ်ထားတဲ့ နယ်မြေတွေကို ပြန်ပြီး ခွင့်ပြုတော့မယ်လို့ သိရတယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာ နိုင်ငံရေး အလှည့်အပြောင်းကြောင့် နိုင်ငံတကာက ခေါင်းဆောင်တွေ လာတယ်။ ဧည့်သည်တွေ လာတယ်။ ဒီအချိန်မှာ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း မြင့်တက်ဖို့အတွက် အထူးတလည် promotion လုပ်နေစရာ မလိုတဲ့အချိန် ဖြစ်နေတယ်။ ဒီလိုအချိန်မှာ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်သင့်တယ်” ဟုလည်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ အငြိမ်းစား ၀န်ထမ်းတစ်ဦးက ပြောကြားခဲ့ပါသည်။ လက်ရှိကာလတွင် ခွင့်ပြုဒေသများထက် ကျော်လွန်သွားရောက်လိုသော နိုင်ငံခြားသား ခရီးသွားဧည့်သည် (Package Tour Group & F.I.T) များအတွက် ခရီးသွားလိုင်စင် ရယူထားသော ခရီးသွားကုမ္ပဏီများမှ တစ်ဆင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသို့ တင်ပြလျှောက်ထားရမည်ဖြစ်ပြီး စာရွက်စာတမ်းများ ပြည့်စုံပါက ငါးရက်မှ ခုနှစ်ရက်အတွင်း ခရီးစဉ်ခွင့်ပြုမိန့်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။ အဆိုပါခရီးစဉ် ခွင့်ပြုမိန့်ရရှိသည်နှင့် တပြိုင်နက် တယ်လီဖုန်းဖြင့်သော် လည်းကောင်း၊ ဖက်စ်ဖြင့်သော် လည်းကောင်း၊ လူဖြင့်လည်းကောင်း၊ ချောလမ်းကြောင်းဖြင့် လည်းကောင်း ပေးပို့ပေးမည် ဖြစ်ကြောင်းလည်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သော နိုင်ငံခြားသားများ၏ လုံခြုံရေးအတွက်ဟုဆိုကာ ကန့်သတ်နယ်မြေများကို ပြည်ထဲရေးဝန်ကြီးဌာနမှ ၁၉၉၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် ထပ်မံပြင်ဆင် ဖြည့်စွက် သတ်မှတ်ခဲ့ကြောင်းလည်း သိရှိရသည်။ ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ မိုးကုတ်၊ ဖားကန့်၊ နေပြည်တော်(ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း)ဒေသများသို့ ကမ္ဘာလှည့်ခရီးသည်များ သွားလာခွင့်မပြုကြောင်း ၂၀၁၂ ခုနှစ် မေလ ၉ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

အာရှတိုက်က ရှားပါးသမိုင်းဝင်ယဉ်ကျေးမှုဒေသအဖြစ် ရခိုင်ပြည်နယ်မြောက်ဦးကို သတ်မှတ်


အာရှတိုက်မှ စောင့်ရှောက်ထိန်းသိမ်းရမည့် ရှားပါးသမိုင်းဝင်ယဉ်ကျေးမှုဒေသ ဆယ်ခုအနက်က တခုအဖြစ် မြန်မာနိုင်ငံရှိ
ရခိုင်ပြည်နယ်မြောက်ဦးမြို့ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ရန်ပုံငွေအဖွဲ့ Global Heirtage Fund က မေလ လေးရက်နေ့က သတ်မှတ်ကြေငြာလိုက်ပါသညိ။

ရခိုင်ပြည်နယ် မြောက်ဦးဒေသကို ထိုင်းနိုင်ငံရှိ အယုဒ္ဓယ၊ ပါကစ္စတန်နိုင်ငံရှိ တက္ကသီလာ ဗုဒ္ဓနယ်မြေတို့နှင့်အတူ ယခုကဲ့သို့
သတ်မှတ်လိုက်ခြင်း ဖြစ်သည်။ အသေးစိတ်မထုတ်ပြန်သေးသော်လည်း မြောက်ဦးမြို့နယ်ရှိ ရှေးဟောင်းစေတီပုထိုးများကို Global Heirtage Fund ကကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်ဖွယ် ရှိသည်ဟု ရခိုင်ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက ဆိုသည်။

“အရင်စစ်အစိုးရတုန်းက အဲဒီဒေသကဘုရားတွေကိုဖျက်ပြီး ရထားလမ်းဖောက်ဖို့လုပ်သေးတယ်။ မြို့ခံတွေကသက်ဆိုင်ရာကို တင်ပြတောင်းဆိုလို့ ရပ်သွားတယ်။ အခုလို စနစ်တကျစောင့်ရှောက်ခံရမယ်ဆိုတော့ အားတက်မိတယ်” ဟု ဆက်လက်ပြောသည်။

မြောက်ဦးမြို့ သည် ၁၇ ရာစုနှစ်မှာ ထင်ရှားကျော်ကြားခဲ့သော “ရခိုင်ရှေးမြို့ ဟောင်း” ဖြစ်ပြီး လက်ရာမြောက်လှသော ရှေးဟောင်းဘုရားများကြောင့် ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်စားသောခရီးသွားဒေသတစ်ခု ဖြစ်ပါသည်.။ သို့သော်လည်း ရန်ကုန်မှစစ်တွေသို့ကားဖြင့်တိုက်ရိုက်သွားနိုင်ပြီး အခြားနည်းလမ်းအနေဖြင့် ရန်ကုန်မှသံတွဲသို့ လေယာဉ်ဖြင့် သွားရောက်ကာ ထိုမှတစ်ဆင့် သင်္ဘောပြန်စီးပြီးမှ သွားရသောကြောင့် ခရီးသွားလုပ်ငန်းမှာ ထင်သလောက် တိုးတက်မှုမရှိဟု ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ဒေါ်ချောချောကြေးမုံက ပြောကြားသည်။

ရန်ကုန် မှ စစ်တွေ ကို ရန်ကုန်- သံတွဲ လေယာဉ် စီးပြီးမှ စစ်တွေဆိပ်ကမ်းမှ မြောက်ဦး မြို့ ကို ၅ နာရီ ခန့် မော်တော် အသေးစားလေး များစီးရပါသည်။ မြောက်ဦး မြို့ သည် မီး မှန်မှန် မလာသော မြို့ ဖြစ်ပါသည်။

 ချောချောကြေးမုံ

Monday, April 30, 2012

မြန်မာ့ခရီးသွားလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် ပြည်ပနိုင်ငံများစွာ လုပ်ကိုင်ခွင့်လျှောက်ထား

မြန်မာ့ခရီးသွား ကဏ္ဍသို့ အနောက်ဥရောပ နိုင်ငံများအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစွာ ဝင်ရောက်လာဖွယ်ရှိပြီး ရင်းနှီးမြှုပ်နှံရန် Proposal တင်ထားသည့် နိုင်ငံခြားစီးပွားရေး အဖွဲ့အစည်းများစွာ ရှိနေကြောင်း မြန်မာဟိုတယ်/ခရီးညွှန်ကြားမှု ဦးစီးဌာန၊ သတင်းအချက်အလက်နှင့် မှတ်တမ်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “မြန်မာဟိုတယ်/ခရီးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံလိုတဲ့ နိုင်ငံခြားစီးပွားရေး လုပ်ငန်းရှင်တွေက အများကြီး ရှိပါတယ်။ နိုင်ငံအစုံကပဲ။ တင်ထားတဲ့ Proposal တွေအားလုံးကို ပြန်လည်စိစစ်နေပါတယ်” ဟု အဆို ပါတာဝန်ရှိသူက ပြောသည်။ လက်ရှိတွင်လည်း လာမည့် မေ ၁၀ ရက်တွင် စင်ကာပူနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် ၁၆ ဦးနှင့် ဟိုတယ်/ခရီး ဝန်ကြီးတို့ နေပြည်တော်ရှိ ယင်းဝန်ကြီးရုံးတွင် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။ “ဒီလိုမျိုး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေက ဆက်တိုက်ကို လာနေကြတာ။ နိုင်ငံခြားစီးပွားရေး လုပ်ငန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုများလာမှာပေါ့။ အဲဒီအခါမျိုးကျရင် မြန်မာနိုင်ငံက ဒေသတွင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ဘက်က လိုအပ်ချက်တွေ၊ အားနည်းချက်တွေကို ပြင်ဆင်ရမှာ။ မဟုတ်ရင်တော့ တိုရစ်ဇင်ကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ မလွယ်နိုင်ဘူး” ဟု မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်မှ အတွင်းရေးမှူး ဦးတင်ထွန်းအောင်က ဆိုသည်။ လက်ရှိ မြန်မာတိုရစ်ဇင်ကဏ္ဍကိုကြည့်လျှင် ဧည့်သည်ဝင်ရောက်မှု တိုးတက်လျက်ရှိသော်လည်း ယင်းသို့ ဧည့်သည်တိုးတက်သည်ကို အကြောင်းပြု၍ ဟိုတယ်၊ သယ်ယူပို့ဆောင်ရေး၊ အစရှိသည့် စရိတ်စကများမှာ မြင့်တက်လျက်ရှိကြောင်း၊ ယင်းကဲ့သို့သော အချက်မျိုးမှာ မြန်မာတိုရစ်ဇင်ကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အားနည်းချက်တစ်ခုပင်ဖြစ်ကြောင်း ယင်းကဆိုသည်။ “အခုက အရှိန်လေးရှိနေတဲ့အတွက် အရှိန်နဲ့တော့ သွားနေမှာပဲ။ ခရီးသွားက လျော့မှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီလိုပဲ စရိတ်စကတွေသာကြီးပြီး ဝန်ဆောင်မှု အရည်အသွေးတွေက မြင့်မလာဘူးဆိုရင် တကယ့်တကယ် ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်တဲ့အခါမှာ သူတို့နိုင်ငံကိုဝင်တဲ့ ဧည့်သည်အရေအတွက်ကို မီမှာမဟုတ်ဘူး။ ဒါကြောင့် အခုလို ဧည့်သည်အရေအတွက်လဲ တိုးတက်များပြားနေတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလဲ များနေတဲ့အချိန်မှာ ဒီလိုအားနည်းချက်တွေကို ပြင်ဆင်ကြရမှာပါ” ဟု ဦးတင်ထွန်းအောင်က ထောက်ပြပြောသည်။ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်းက လေဆိပ်များနှင့် နယ်စပ်ဝင်ပေါက် များမှ ဧည့်သည်စုစုပေါင်း ၈၁၆၃၆၉ ဦးဝင်ရောက်ခဲ့ကာ ယင်းကဏ္ဍမှ ဝင်ငွေကန်ဒေါ်လာ ၃၁၉ သန်းရရှိခဲ့သည်။ လက်ရှိတွင် မြန်မာ့ဟိုတယ်လုပ်ငန်းကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနေဖြင့် ကန်ဒေါ်လာ ၁၁၄၄ ဒသမ ၄၁၉ ရှိကြောင်း၊ ယင်းနိုင်ငံများတွင် စင်ကာပူ၊ ထိုင်း၊ ဂျပန်၊ ဟောင်ကောင်၊ မလေးရှားနှင့် ဗြိတိန်နိုင်ငံများပါဝင်ကာ ဟိုတယ်ပေါင်း ၃၆ လုံးတွင် ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံအနေဖြင့် စင်ကာပူ နိုင်ငံမှ ဖြစ်ကာ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးအနေဖြင့် ကန်ဒေါ်လာ ၅၉၇ဒသမ ၇၅၆ သန်းရှိကြောင်း ၂၀၁၂ ခုနှစ် မေလ ၁ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ အလယ်ပိုင်းမှ နိုင်ငံတကာ လေဆိပ် နှစ်ခုအတွက် ကိုရီးယားကို ဖိတ်ခေါ်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံ အလယ်ပိုင်းတွင် တည်ရှိသော နိုင်ငံတကာ လေဆိပ်ကြီးနှစ်ခုကို တောင်ကိုရီးယား လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းပြောကြားလိုက်ပြီး ဂျပန်ကလည်း ယင်းကို စိတ်ဝင်စားနေကြောင်း သိရသည်။ လေကြောင်းလိုင်း ပျံသန်းမှု ထိန်းချုပ်စနစ် အပါအဝင် လေဆိပ်တစ်ခုလုံးကို ရင်းနှီးမြှုပ်နှံသွားရန် ဂျပန်နိုင်ငံက လေ့လာမှုများ ပြုလုပ်နေပြီဖြစ်ကာ ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် ဂျပန်နိုင်ငံနှင့် ယှဉ်ပြိုင်လုပ်ကိုင်ရန် အလားအလာများရှိကြောင်း သမ္မတကြီးက ပြောကြားသည်။ “မြန်မာနိုင်ငံ အလယ်ပိုင်းမှာ နိုင်ငံတကာလေယာဉ် ဆင်းသက်နိုင်တဲ့ လေဆိပ်ကြီးနှစ်ခု ရှိပါတယ်။ ပြီးပြည့်စုံပြီလို့တော့ ပြောလို့မရသေးပါဘူး။ တောင်ကိုရီးယားအနေနဲ့ ဥရောပဘက်ကို သွားမယ်ဆိုရင် မြန်မာနိုင်ငံက အဲဒီလေဆိပ်တွေကို ဝင်ရောက်ဆင်းသက်နိုင်ပါတယ်။ စင်ကာပူ-ဘန်ကောက်ကို ဆင်းပြီး ပတ်နေရတာထက်ပိုပြီး အဆင်ပြေစေပါတယ်” ဟု သမ္မတကြီးဦးသိန်းစိန်က ပြောကြားသည်။ “ဒီလေဆိပ်တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လိုနည်းလမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လို့ ရမလဲဆိုတာ စဉ်းစားစေလိုပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။ “ဂျပန်ကတော့ တော်တော်စိတ်ဝင်စားနေတယ်။ ကိုရီးယားအနေနဲ့ကလည်း ဝင်ရောက်လုပ်ကိုင်သွားဖို့ စဉ်းစားနိုင်ပါတယ်” ဟု သမ္မတကြီးက နေပြည်တော်တွင် ပြောကြားခဲ့သည်။ လက်ရှိတွင် နေပြည်တော်လေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးတွင် နိုင်ငံတကာ လေကြောင်းလိုင်းများ ဆင်းသက်နိုင်သော်လည်း လက်ရှိကာလအထိ ပျံသန်းဆင်းသက်ကြခြင်း အားနည်းနေသေးကြောင်း ၂၀၁၂ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။