မြန်မာနိုင်ငံအနှံ့အပြားတွင်ရှိသော
မြန်မာအစိမ်းရောင်ကွန်ရက်အဖွဲ့ဝင်များ နိုဝင်ဘာလနောက်ဆုံးပတ်တွင်
ပုပ္ပားတောင်ဒေသ၌ တွေ့ဆုံကြမည် ဖြစ်ကြောင်း သိရသည်။ မြန်မာအစိမ်းရောင်ကွန်ရက် အဖွဲ့ဝင်များတွေ့ဆုံမှုကို နိုဝင်ဘာလ ၂၄ ရက်မှ ၂၆ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုး တိုးတက်မှု
စီမံကိန်းများနှင့် ပတ်သက်ပြီး ဖြစ်ပေါ်လာမည့် သဘာဝပတ်ဝန်းကျင်
ထိခိုက်မှုများမည်ကဲ့သို့ ဆက်လက်ဆောင်ရွက်သွားရန်နှင့် အဖွဲ့၏
ရှေ့ဆက်ရမည့်လုပ် ငန်းစဉ်များအား ဆွေးနွေးတိုင်ပင် သွားကြမည်ဖြစ်ကြောင်း၊
ထို့အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အမှန်တကယ်လုပ်ဆောင်
နေသူများကိုလည်းစိစစ်၍ အဖွဲ့ဝင် အဖြစ် လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
”နိုဝင်ဘာ ၂၄ ရက်၊ ၂၅ ရက်မှာ မြန်မာအစိမ်းရောင်ကွန်ရက်က ပညာရှင်တွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက မြန်မာ နိုင်ငံရဲ့ ရှေ့ဆက်ဖြစ်လာမယ့် သဘာဝပတ်ဝန်းကျင် အခြေအနေနဲ့ လက်ရှိဖြစ်နေတဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေတွေကို လေ့လာဆန်းစစ်ထားတဲ့ အချက်အလက်တွေနဲ့ အပြန်အလှန် ဆွေးနွေး ကြမယ်” ဟု မြန်မာအစိမ်း ရောင်ကွန်ရက် အဖွဲ့ဝင်တစ်ဦးက ပြောသည်။ ထို့အပြင် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ကွင်းဆင်းလေ့လာမှုအဖြစ် ပုပ္ပားတောင်၏ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နေသော ပိုဇိုလန်ဘိလပ်မြေ အစားထိုးအမှုန့် စက်ရုံနှင့် လက်ဖက်စိုက်ခင်းများ၊ ဇီဝမျိုးစုံ မျိုးကွဲ အခြေအနေများ၊ သစ်တောနှင့်ရေထွက်များကို လက်တွေ့လေ့လာဆန်းစစ်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ မြန်မာအစိမ်းရောင်ကွန်ရက် အဖွဲ့ဝင်များတွေ့ဆုံမှုနှင့် ပတ်သက် ၍ ယင်းအဖွဲ့မှ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က " အဖွဲ့တွေများတာ၊ နည်းတာ ကိစ္စ မရှိပါဘူး။ အရေးကြီးတာက ထိ ရောက်ဖို့ပဲ။ ဘာဖြစ်လို့လဲဆိုရင် မြန်မာနိုင်ငံကို ရေရှည်မှာဒုက္ခတွင်း ထဲ ပို့နိုင်တဲ့ အလုပ်တွေအများကြီး ရှိနေတယ်။ ဒါကို အားလုံးက ဝိုင်း လုပ်ဖို့၊ ကာကွယ်ဖို့ လိုပါတယ်”ဟု ပြောသည်။
မြန်မာအစိမ်းရောင်ကွန်ရက် သည် ၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ပြင်ဦးလွင်မြို့တွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံအနှံ့အပြားရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များ တွေ့ဆုံပွဲအပြီးတွင် ယင်းပွဲသို့တက်ရောက်ခဲ့သော ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ၅၃ ဖွဲ့မှ ကိုယ်စားလှယ်များ၏ သဘောတူထောက်ခံမှုဖြင့် ပေါ်ပေါက် လာခြင်းဖြစ်သည်။ ယင်းကွန်ရက်တွင် နိုင်ငံအနှံ့အပြားမှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးများအဖွဲ့အပြင် သစ်တောပညာရှင်၊ ဆည်မြောင်းပညာရှင်၊ မိုးလေဝသပညာရှင်၊ စိုက်ပျိုးရေး ပညာရှင်၊ ရေပညာရှင်၊ ဘူမိဗေဒ ပညာရှင်၊ အင်ဂျင်နီယာပညာရှင်၊ ဥပဒေပညာရှင်၊ ဓာတုဗေဒပညာ ရှင်၊ ဇီဝမျိုးစုံမျိုးကွဲပညာရှင်၊ ကျန်းမာရေးဆိုင်ရာပညာရှင်၊ စွမ်းအင် ဆိုင်ရာပညာရှင် စသဖြင့် ကဏ္ဍအသီးသီးမှ ပညာရှင်များပါဝင်ပြီး လက်ပံတောင်းတောင် ကြေးနီ သတ္တုစီမံကိန်းနှင့် ပတ်သက်သော သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ လူ မှုရေး ထိခိုက်မှု၊ ကျန်းမာရေးထိခိုက် မှုများအပြင် အခြား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းချစ်နိုင်
Soruce : Popular Myanmar

