Monday, June 10, 2013

ကျိုက္ခမီ-ရန်ကုန် ရာဇာမင်းမှန်လုံယာဉ် ခရီးသည်ဟန်ဆောင် ဓါးပြတိုက်ခံရ

မွန်ပြည်နယ် သထုံမြို့နယ် တောင်စွန်းကျေးရွာ မိုင်တိုင်အမှတ် (၁၅၄/၄) နှင့် (၁၅၄/၅) အကြားတွင် ဇွန် ၈ ရက် ည ၉ နာရီက ကျိုက္ခမီမှ ရန်ကုန်ဘက်သို့ ခရီးသည် ၃ဝ ခန့် လိုက်ပါစီးနင်းလာသည့် ယာဉ်မောင်း ဦးဇော်လင်းထူး (၃၈နှစ်) မောင်းနှင်လာသော ရာဇာမင်း ခရီးသည်တင် မှန်လုံအမြန်ယာဉ် ယာဉ်အမှတ် ၈ဇ/...အား ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် အမည်မသိလူငါးဦးက ပစ္စတိုသေနတ်ထုတ် ပစ်ခတ်ကာ လုယက် ဓားပြတိုက်မှု ဖြစ်ပွားခဲ့သည်။ ''သေနတ်သမားငါးဦးက မျက်နှာကို ဖုံးအုပ်ထားပြီး ကက်ဦးထုပ်တွေ ဆောင်းထားပါတယ်။ ကားကို ဘုရားကုန်း ဘုန်းကြီးကျောင်းကွေ့အနီး အောင်းစိုင်ကျေးရွာ အဝင်လမ်းအတွင်း တစ်ဖာလုံခန့်အထိ မောင်းဝင်ခိုင်းပြီး ယာဉ်ပေါ်ပါ ခရီးသည်အားလုံး အောက်ကို ဆင်းခိုင်းပြီး ကားနဲ့ ဝါးတစ်ပြန်လောက် အကွာမှာ ခေါင်းပေါ်လက်တင်ပြီး မှောက်ခိုင်းထားတယ်။ ကားမီးရှို့မယ်လို့ ခြိမ်းခြောက် ပြောဆိုပြီးတော့ ခရီးသည်များထံမှ ရွှေငွေပစ္စည်းတွေကို လုယူသွားခဲ့ပါတယ်'' ဟု အကူယာဉ်မောင်း တစ်ဦးဖြစ်သူ ဦးညီညီအောင်က ပြောကြားသည်။ အဆိုပါ ပစ်ခတ်လုယက်မှုကြောင့် ယာဉ်နောက်လိုက် တစ်ဦးဖြစ်သူ ဦးနိုင်လင်းထွန်း အသက် (၂၆နှစ်) အဘအမည်နှင့် နေရပ်စိစစ်ဆဲမှာ ဦးခေါင်းဒဏ်ရာရကာ နေရာတွင် သေဆုံးခဲ့ပြီး ယာဉ်မောင်း ဦးဇော်လင်းထူးမှာ ပါးစပ်ဒဏ်ရာရရှိကာ သထုံခရိုင် ပြည်သူ့ဆေးရုံမှ တစ်ဆင့် မော်လမြိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ အတွင်းလူနာအဖြစ် ကုသခဲ့ရာ ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ခရီးသည်ဟန်ဆောင် လူဆိုးငါးဦးက ကားကိုမီးရှို့ရန် ပြုလုပ်ကြသေးသော်လည်း အချိန်မရသည့်အတွက် မရှို့နိုင်တော့ဘဲ ထွက်ပြေးသွားကြကြောင်း သိရသည်။ ယာဉ်ပေါ်ပါ ခရီးသည်များအား သက်ဆိုင်ရာ တာဝန်ရှိသူတို့က နေရပ်အရောက် ပြန်လည်ပို့ဆောင်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။ သထုံမြို့နယ် မြို့မရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၉၆)အရ တရားလိုပြု အမှုဖွင့်အရေးယူကာ ပြစ်မှုကျူးလွန်သူတို့ကို အမြန်ဆုံး ဖမ်းမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.