Wednesday, February 12, 2020

ဘုရားတောင် (သို့) မျှော်တော်ဦးစေတီ

မျှော်တော်ဦးစေတီရှိရာ ကမ်းခြေမြင်ကွင်းအချို့
ယနေ့ ရုံးပိတ်ရတ်မှာ ဝေးဝေးလံလံလံမဟုတ်ဘဲ ဘုရားလဲဖူးရင်း သာယာလှပတဲ့ ရှုမျှော်ခင်းတွေ ရှိမယ့် အနီးအနားက နေရာတစ်ခုကို စက်ဘီးစီးခရီး လမ်း‌ကြောင်းတို‌လေး သွားဖြစ်ခဲ့ပါတယ်။ အနီးအနားဆိုပေမယ့် တစ်ခါမှမရောက်သေးလို့ နီးလျက်နဲ့ဝေးနေတာပါ။ ဒီလမ်းကြောင်းကို အစက သုံးယောက်အတူစီးဖို့ စီစဉ်ထားပေမယ့်လည်း တစ်ယောက်မအားတာကြောင့် ၂ ဦးတည်းစီးဖြစ်ခဲ့ပါတယ်။
မနက်စောစော ၆ နာရီခွဲမှစထွက်ပေမယ့် ဆောင်းတွင်းလက်ကျန်‌အ‌အေးဓတ် ရှိနေတုန်းဖြစ်လို့ အအေးဒဏ်ကိုကိုအံတုရင်း ကြွေချိုင်က Teashop မှာမနက်စာစားပြီးမှ နှစ်ဦးသား စထွက်ဖြစ်ပါတယ်။ နှစ်ဦးသားစကားတပြောပြောနဲ့စီးလာရင်း လမ်းမပေါ်ကနေ ကျွန်တော်တို့သွားမယ့် လမ်းကြောင်းပေါ်က တောင်ကုန်းတွေကို အဝေးကနေလှမ်းမြင်နေရပါပြီ။ ဟိုင်းဝေးလမ်း‌ပေါ် ကနေ ရွာချင်းဆက်လမ်းကို ချိုးဝင်လိုက်တာနဲ့ ကျောက်ခင်းလမ်းကြမ်းက စပြီးကြိုဆိုနေပါတော့တယ်။ အဝင်လမ်းကစလို့ ဘုရားတောင်အနီးက ကူးတို့လေးရွာတွင်းလမ်းအထိကို တောက်လျှောက် ကျောက်ခင်းလမ်းကြမ်းချည်းပါပဲ။ လမ်းဘေးဝဲယာတစ်ဘက်တစ်ချက်မှာတော့ စိုက်ခင်းတွေ လယ်ကွင်းတွေကို တမျှော်တခေါ်တွေ့မြင်နေရပါတယ်။ ဒီလိုနဲ့ လမ်းပေါ်ကဆိုင်ကယ်တချို့ကိုရှောင်ကာ လမ်းကြမ်းကြမ်းပေါ်ထိန်းစီးရင်းနဲ့ ကူးတို့လေးရွာအဝင်က တာဘောင်ပေါ်ရောက်တဲ့အခါမှ မြေညက်ညက်ပေါ်ရောက်လို့ ရွာတွင်းကကွန်ကရစ်လမ်းပေါ်အထိ သက်တောင့်သက်သာစီးရပါတော့တယ်။ တာဘောင်ပေါ်ကနေ ဘေးတစ်ဘက်တစ်ချက်မှာတော့ သဘာဝဒီရေတောတွေနဲ့ တောင်ကုန်းတွေဝန်းရံထားတဲ့ စိုက်ခင်းလေးတွေက လှလှပပ ဆီးကြိုနှုတ်ဆက်လို့နေပါပြီ။ ရွာတွင်းမှာတော့ ကမ်းနားတစ်လျှောက် များပြားလှတဲ့ ငါးလှမ်းစင်တွေနှင့် သစ်လွင်နေတဲ့ မူလတန်းကျောင်းသစ်လေးကို တွေ့မြင်ခဲ့ရပါတယ်။


မျှော်တော်ဦးစေတီရင်ပြင်
မှုန်ပြပြရိုးမနောက်ခံနှင့် လှပနေတဲ့ပင်လယ်ပြာကြီး

ကူးတို့လေးရွာတွင်းရောက်တဲ့အခါမှာ ကလေးငယ်တစ်ဦးကို ဘုရားတောင်သွားတဲ့လမ်းမေးကြည့်တဲ့အခါ ရွာလမ်းအတိုင်းသာသွားဖို့ညွှန်ပြပေးပါတယ်။ ရွာလမ်းဆုံးတဲ့အခါမှာတော့ တောင်ကုန်းကြီးတစ်ခုထီးထီးကြီးရှိနေပြီး လူသွားလမ်းကြောင်းလေး နှစ်လမ်းသာရှိပါတော့တယ်။ ညာဘက်လမ်းခွဲလေးကနေပင်လယ်ကမ်းခြေကိုဆင်းတဲ့ လမ်းအတိုင်းဆက်စီးလာရင်း သောင်ပြင်ပေါ်ရောက်လို့ ဒီရေတောပင်တွေပေါက်နေတဲ့ ကျောက်ဆောင် ကျောက်တုံးငယ်တွေကြားကနေ ဘုရားတောင်ရှိရာကို ကွေ့ဝိုက်ပြီးအနည်းငယ်စီးလိုက်တဲ့အခါမှာတော့ ပင်လယ်ပြင်အထက်က တောင်ကုန်းပေါ်မှာရွှေရောင်တောက်ပနေတဲ့ ‌စေတီငယ်တစ်ဆူနှင့် ရှေးဟောင်း မျှော်တော်ဦးစေတီဆိုတဲ့ ရာသီဥတုဒဏ်ခံထားရတဲ့ အနီရောင်ဆိုင်းဘုတ်တစ်ခုကိုလှမ်းမြင်ရပါတော့တယ်။ ဆိုင်းဘုတ်စိုက်ထူထားတဲ့ ကျောက်ဆောင်နားအထိသာ စက်ဘီးစီးလို့တာဖြစ်လို့ စက်ဘီးတွေကို တောင်ခြေနားထားခဲ့ပြီး စေတီ‌တော်ရှိရာတောင်ကုန်းပေါ် ခြေလျှင်ဆက်တက်ဖို့ပြင်ရပါတော့တယ်။ တောင်ခြေကနေဘုရား‌ရှိရာတောင်ကုန်းပေါ်ကို ထိကရုံးဆူးပင်တွေ၊ တောပန်းလေး‌တွေ ပေါက်နေတဲ့ မြေသားလမ်းကျဉ်းလေးအတိုင်းတက်ခဲ့ရပြီး တောင်ပေါ်ရောက်တဲ့အခါမှာတော့ သစ်ပင်သစ်တောတွေအုံ့ဆိုင်းနေတဲ့တောင်‌ပေါ် မြေကွက်လပ်ကနေ စေတီတည်ထားရာကုန်းမြေပါ်ကို အုတ်လှေခါးလမ်းလေးအတိုင်း ဆက်တက်သွားရင်း ရင်ပြင်တော်ပေါ်ရောက်ရှိလာခဲ့ပါတော့တယ်။
ခတ္တအမောဖြေအနားယူ



စေတီတော်ရှိရာ ရင်ပြင်တော်ရောက်တဲ့အခါမှာတော့ ပင်လယ်ပြင်ကတိုက်ခတ်လာတဲ့ လတ်ဆတ်အေးမြတဲ့လေကိုရှူရှိုက်ရင်း စေတီတော်ကိုဦးချကာ ခတ္တအမောဖြေကာအနားယူခဲ့ပါတယ်။ မျှော်တော်ဦးစေတီ ရင်ပြင်ပေါ်က‌နေလှမ်းကြည့်လိုက်ရင် မှုန်ပြပြရိုးမနောက်ခံနှင့် လှပနေတဲ့ပင်လယ်ပြာကြီးကို အပေါ်စီးကနေလှမ်းမြင်နေရပြီး ပင်လယ်ပြင်မှာငါးဖမ်းနေတဲ့ စက်လှေတွေ၊ ဒီရေတောတွေနှင့် ကွေ့ဝိုက်နေတဲ့ကမ်းခြေအလှကိုလည်း လှမ်းမျှော်ကြည့်ရှုခံစားနိုင်ပါတယ်။ ဒါကြောင့်လည်း မျှော်တော်ဦးစေတီရယ်လို့ အမည်ပေးထားတာဖြစ်ပါလိမ့်မယ်။ စေတီတော်ရဲ့ရင်ပြင်တော်အကျယ်အဝန်းက အနည်းငယ်ကျဉ်းမြောင်းလှပါတယ်။ လူသူကင်းရှင်းပြီး‌သစ်ရိပ်ဝါးရိပ်များနှင့်အေးချမ်းကာ လှိုင်းပုတ်သံမှတပါး တိတ်ဆိတ်ငြိမ်သက်လှပါတယ်။ စေတီတော်ရဲ့သမိုင်းကြောင်းကိုတော့ မသိခဲ့ရပါဘူး။ ဒေသခံများရဲ့အဆိုအရ ဘုရားတောင်အနီးမှာ လှိုင်ဂူတစ်ခုရှိပါသေးတယ် ပင့်ကူ၊ လင်းဆွဲတို့လို အကောင်များခိုအောင်းနေတတ်ပြီး လှိုင်ဂူနက်တယ်လို့သိရပါတယ်။ ယခုတခေါက်မှာတော့အချိန်သိပ်မရတာတကြောင်း၊ ဂူနေရာရှာရမှာရယ်ကြောင့် နောက်တစ်ခေါက်မှသာ လှိုင်ဂူထဲဝင်ကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
သစ်ရိပ်ဝါးရိပ်များနှင့်အေးချမ်းသောနေရာ
အပြန်ခရီးမှာတော့ လာခဲ့တဲ့လမ်းအတိုင်းပြန်ခဲ့ရလို့ သဲသောင်ပြင်လမ်းနှင့် ကျောက်ခင်းလမ်းကြမ်းအတိုင်း ထပ်မံဖြတ်သန်းခဲ့ရပါတယ်။ လမ်းကြောင်းအနေအထားအရ သဲသောင်ပြင်ဖြတ်လမ်းမှာ သဲကျွံတတ်ပြီး ကျောက်ခင်းလမ်းကြမ်းရှည်လျားတာကြောင့် စက်ဘီးနှင့်သွားမယ်ဆိုလျင်ဖြင့် Mountain Bike လိုဘီးမျိုးနဲ့ဆို အဆင်ပြေပြေစီးနိုင်မှာပါ။ နောင်တချိန် လမ်းကောင်းလာတဲ့အခါမှာတော့ သွားလာရအဆင်ပြေပြီး အချိန်တိုတိုနဲ့လည်ပတ်လို့ကောင်းမယ့် နေရာလေးတစ်ခု ဖြစ်လာပါလိမ့်မည်ဟု အဆိုပြုရင်း ယခုတစ်‌ခေါက်ခရီးကို ရပ်နားလိုက်ပါတယ်ခင်ဗျား။
စက်ဘီးလမ်းအဆုံး တောင်တက်လမ်းအစ
ကျောက်ခင်းလမ်းကြမ်းကြမ်း

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.