Aichi စီရင်စု၊ Gamagori မြို့ကို ရောက်တဲ့အခါ ကျွန်တော် မဖြစ်မနေ သွားကြည့်ချင်ခဲ့တဲ့နေရာတွေထဲမှာ Takeshima Island (竹島) နဲ့ အဲဒီကျွန်းပေါ်က Yaotomi Shrine (八百富神社) လည်း ပါပါတယ်။ Mikawa Bay ထဲရှိ Takeshima (竹島) ကျွန်းပေါ်တွင် တည်ရှိပြီး ဂျပန်နိုင်ငံရဲ့ နာမည်ကြီး Benten ကျောင်းတော် ၇ ခုထဲက တစ်ခုလည်းဖြစ်ပါတယ်။
မြို့ထဲကနေ ပင်လယ်ဘက်ကို လှမ်းကြည့်လိုက်ရင် ရေပြင်ထဲမှာ သစ်ပင်စိမ်းစိမ်းတွေနဲ့ ကျွန်းငယ်လေးတစ်ကျွန်းကို မြင်ရပါတယ်။ အဲဒီကျွန်းက Takeshima ပါ။ ကုန်းမကြီးနဲ့ ကျွန်းကို ၃၈၇ မီတာရှည်တဲ့ လူသွားတံတားတစ်စင်းနဲ့ ဆက်သွယ်ထားသော်လည်း ကားစီးပြီးသွားရတဲ့နေရာ မဟုတ်ဘဲ လမ်းလျှောက်ပြီး ပင်လယ်ထဲကို တဖြည်းဖြည်း ဝင်သွားရသလို ခံစားရပါတယ်။
တံတားပေါ်ကို လျှောက်လာရင်း နောက်ဘက်ကို လှည့်ကြည့်လိုက်တော့ Gamagori ကမ်းခြေဘက်က မြင်ကွင်းနဲ့ ရှေ့မှာ တဖြည်းဖြည်းနီးလာတဲ့ သစ်ပင်စိမ်းစိမ်းတွေကို တစ်ချိန်တည်းမှာ မြင်နေရပါတယ်။ တံတားက ရိုးရိုးကျွန်းကူးတံတားတစ်စင်းလိုပဲ ထင်ရပေမယ့် Takeshima ကျွန်းကို ရောက်ခါနီးလာလေလေ နေရာရဲ့အငွေ့အသက်က တဖြည်းဖြည်းပြောင်းသွားတာကို သတိထားမိပါတယ်။
ကျွန်းပေါ်ရောက်တော့ ပထမဆုံး သတိထားမိတာက သစ်ပင်တွေရဲ့ အရိပ်နဲ့ တိတ်ဆိတ်မှုပါ။ Takeshima တစ်ကျွန်းလုံးကို Yaotomi Shrine ရဲ့ ဘုရားဝင်းအဖြစ် သတ်မှတ်ထားပြီး ကျွန်းပေါ်မှာ အဓိက shrine အပြင် Uga Shrine၊ Daikoku Shrine၊ Chitose Shrine နဲ့ Hachidairyujin Shrine ဆိုတဲ့ အခြား shrine လေးခုလည်း ရှိပါတယ်။
ကျွန်တော်ကတော့ Torii ဂိတ်တံခါးကို ဖြတ်ခဲ့ပြီး တောင်ပေါ်တက်တဲ့ ကျောက်လှေခါးလေးအတိုင်း တဖြည်းဖြည်း လျှောက်တက်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ဒီနေရာဟာ သာမန်ခရီးသွားနေရာတစ်ခုထက် ပိုပြီး တိတ်တိတ်ဆိတ်ဆိတ်နဲ့ သမိုင်းအငွေ့အသက်ရှိတဲ့နေရာ တစ်ခုဆိုတာ သိသာလာပါတယ်။
Yaotomi Shrine ရဲ့ သမိုင်းဟာ ၁၂ရာစု နှစ်ပေါင်း ၈၀၀ ကျော် ရှည်လျားတဲ့ သမိုင်းရှိခဲ့ပါတယ်။ ဒေသခံမှတ်တမ်းနဲ့ Shrine ရဲ့ ရိုးရာမှတ်တမ်းများအရ ၁၁၈၁ ခုနှစ် (Heian ခေတ်) ကတည်းက တည်ထောင်ခဲ့သည့် သမိုင်းဝင် ကျောင်းတော်တစ်ခုဖြစ်ပြီး Fujiwara no Shunzei (藤原俊成) က Biwa Lake ထဲက Chikubushima (竹生島) မှ Benzaiten ရဲ့ ဝိညာဉ်တော်ကို ပင့်ဖိတ်ပြီး ဒီနေရာမှာ Yaotomi Shrine ကို တည်ထောင်ခဲ့တယ်လို့ ဆိုပါတယ်။
Benzaiten ဆိုတာ ရေနဲ့ ဆက်နွယ်တဲ့ နတ်ဘုရားမဖြစ်ပြီး အနုပညာနဲ့ ယဉ်ကျေးမှုကို ကာကွယ်ပေးတဲ့ နတ်ဘုရားအဖြစ်လည်း ယုံကြည်ကြပါတယ်။ ဒါကြောင့် Yaotomi Shrine ဟာ ယနေ့အချိန်အထိ ကံကောင်းခြင်း၊ အိမ်ထောင်ရေးအဆင်ပြေခြင်းနဲ့ ကလေးမွေးဖွားခြင်း စတဲ့ ဆုတောင်းမှုတွေအတွက် လူသိများတဲ့နေရာတစ်ခု ဖြစ်နေပါတယ်။ စိတ်ဝင်စားစရာကောင်းတာတစ်ခုကတော့ “Takeshima” ဆိုတဲ့ ကျွန်းနာမည်နဲ့ ပတ်သက်တဲ့ အဆိုပါပဲ။ Shunzei က Chikubushima ကနေ ဝါးပင်နှစ်ပင်ကို ယူလာပြီး ဒီကျွန်းမှာ စိုက်ခဲ့တယ်ဆိုတဲ့ ဒဏ္ဍာရီရှိတာကြောင့် “Bamboo Island” ဆိုတဲ့ အဓိပ္ပါယ်နဲ့ Takeshima လို့ ခေါ်လာတယ်လို့ ယူဆကြပါတယ်။
Yaotomi Shrine ကို ရောက်တဲ့အခါ ကျွန်တော် သတိထားမိတာက ဘုရားကျောင်းအဆောက်အအုံတစ်ခုတည်းကို လာရောက်ဖူးမြော်ရတာ မဟုတ်ဘူးဆိုတာပါ။ ကျွန်းရဲ့ လမ်းကြောင်းအတိုင်း ဆက်လျှောက်သွားရင် တခြား shrine လေးခုကိုလည်း တွေ့ရပါတယ်။ Uga Shrine က စီးပွားရေးနဲ့ အစားအစာဆိုင်ရာ ကောင်းကျိုးအတွက် ဆုတောင်းကြတဲ့နေရာ၊ Daikoku Shrine က စည်းစိမ်ချမ်းသာမှုနဲ့ ဆက်နွယ်တဲ့နေရာ၊ Chitose Shrine မှာတော့ Yaotomi Shrine တည်ထောင်သူ Fujiwara no Shunzei ကို ပူဇော်ထားပါတယ်။
Hachidairyujin Shrine ကတော့ ပင်လယ်နဲ့ ဆက်နွယ်တဲ့ နတ်ဘုရားကို ပူဇော်ထားတာဖြစ်ပြီး Takeshima ရဲ့ ရှေးအကျဆုံး ယုံကြည်မှုတွေနဲ့ ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် Hachidairyujin Shrine နဲ့ Yaotomi Shrine နှစ်ခုစလုံးက မြောက်ဘက်ကို မျက်နှာမူထားတာက စိတ်ဝင်စားစရာပါ။ ပုံမှန်အားဖြင့် ဂျပန် Shrine တွေဟာ တောင်ဘက်ကို မျက်နှာမူတာများပေမယ့် ဒီနေရာမှာတော့ ကုန်းမကြီးဘက်က လူတွေနဲ့ မြို့ကို စောင့်ကြည့်ပေးနေသလို ဖြစ်နေတာကို ဒေသခံတွေရဲ့ ရှင်းပြချက်တွေမှာ တွေ့ရပါတယ်။
Takeshima ကို သွားတဲ့အခါ Shrine ကိုသွားရောက်ဆုတောင်းရုံတင်မဟုတ်ပဲ ဒီနေရာက သဘာဝကလည်း အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ သဘာဝအလှ ရှုခင်းတွေကိုလည်း ခံစားနိုင်ပါတယ်။ ကျွန်းတစ်ကျွန်းလုံးမှာ ရှေးကတည်းက ထိန်းသိမ်းထားခဲ့တဲ့ သဘာဝတောအုပ်ရှိပြီး အပင်မျိုးစိတ် ၂၃၀ ကျော် ရှိပါတယ်။ Tabunoki လို့ခေါ်တဲ့ အမြဲစိမ်းသစ်ပင်ကြီးတွေ၊ Yabunikkei နဲ့ အခြားအပင်ငယ်တွေ၊ နွယ်ပင်တွေ၊ ဖန်းပင်တွေက ကျွန်းရဲ့ သဘာဝအလှကို ပိုပြီးထင်ရှားစေပါတယ်။ ဒီသဘာဝပတ်ဝန်းကျင်ကြောင့် Takeshima ဟာ အမျိုးသားသဘာဝအထိမ်းအမှတ်နေရာအဖြစ်လည်း သတ်မှတ်ထားပါတယ်။
ကျွန်တော်အတွက်တော့ ဒီနေရာရဲ့ အလှဆုံးအပိုင်းက Shrine အဆောက်အအုံတွေထက် သစ်ပင်တွေအကြားက ကျောက်လမ်းလေးတွေနဲ့ ပင်လယ်ဘက်က တစ်ခါတစ်ရံ လှမ်းမြင်ရတဲ့ အပြာရောင်ရေပြင်ပါပဲ။ တစ်နေရာကနေ တစ်နေရာကို လျှောက်သွားရင်း သမိုင်း၊ ဘာသာရေးနဲ့ သဘာဝဟာ သီးခြားစီမဟုတ်ဘဲ တစ်နေရာတည်းမှာ အတူတကွ ရှိနေတာကို ခံစားရပါတယ်။
Yaotomi Shrine ဟာ Japan ရဲ့ “Seven Benten” လို့ လူသိများတဲ့ Benzaiten ဆိုင်ရာ ထင်ရှားတဲ့နေရာတွေထဲက တစ်ခုအဖြစ်လည်း ဖော်ပြခံရပါတယ်။ Shrine မှာ ကံကောင်းခြင်း၊ စီးပွားရေး၊ ချမ်းသာခြင်း၊ အသက်ရှည်ခြင်းနဲ့ အိမ်ထောင်ရေးကောင်းမွန်ခြင်း စတဲ့ ဆုတောင်းမှုအမျိုးမျိုးနဲ့ လာရောက်သူတွေကို တွေ့ရပါတယ်။ တောင်ထိပ်မှာ အလှုငွေ ထည့်ဝင်လိုသူများအတွက် လက်ခံဆောင်ရွက်ပေးနေတဲ့ နေရာတွေ့ရပြီး မိမိတို့ရဲ့ ဆုတောင်းစာများကို စာရွက် သို့မဟုတ် ဝါးပြားလေးတွေပေါ်မှာရေးထွင်းထားပြီး ဆုတောင်း ချိတ်ဆွဲထားကြတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
တချို့နေရာတွေမှာ ခရီးသွားရတာက “နေရာဒေသတခုကို ခံစားတွေ့မြင်ရန်” အတွက် ဖြစ်ပါတယ်။ ဒါပေမယ့် Takeshima ကျွန်းကတော့ “ခံစားရတာ” အတွက် ပိုသင့်တော်တဲ့နေရာတစ်ခုလို့ ကျွန်တော်ထင်မိပါတယ်။ ပင်လယ်ထဲကို ဆက်သွယ်ထားတဲ့ ရှည်လျားတဲ့တံတား၊ ကျွန်းပေါ်က အစိမ်းရောင်တောအုပ်၊ ကျောက်တုံးတွေနဲ့ တိတ်ဆိတ်တဲ့ shrine လမ်းကြောင်းတွေ၊ ရာစုနှစ်များစွာ ရှည်လျားခဲ့တဲ့ လူတွေရဲ့ ယုံကြည်မှုတွေ၊ အရာအားလုံးက တစ်နေရာတည်းမှာ ဆုံနေပါတယ်။ ဒါကြောင့်လည်း ဒီနေရာကို ဒေသခံ ဂျပန်လူမျိုးတွေသာမက တခြားသောကျွန်တော်အပါအဝင် ခရီးသွားဧည့်သည်တချို့တွေပါ လာရောက်လည်ပတ်ကြတာပါ။
ကျွန်တော် ကျွန်းရဲ့အနောက်ဘက် ဆင်းလမ်းကနေ ကျွန်းဘေးပတ်လမ်းအတိုင်း ပြန်ထွက်လာတဲ့ အချိန်မှာတော့ Takeshima ကို ရိုးရိုး “လည်ပတ်စရာကျွန်းငယ်လေး” တစ်ခုအနေနဲ့ မမြင်တော့ပါဘူး။ ပင်လယ်ပြင်အလယ်မှာ ရာစုနှစ်ပေါင်းများစွာ လူတွေက ဆုတောင်းခဲ့ကြ၊ ယုံကြည်ခဲ့ကြပြီး သဘာဝကိုလည်း အတတ်နိုင်ဆုံး ထိန်းသိမ်းထားခဲ့တဲ့ နေရာတစ်ခုအဖြစ် မြင်မိပါတယ်။
အကယ်၍များ Gamagori ကို ရောက်ဖြစ်ရင် Takeshima ကို အချိန်နည်းနည်းပေးပြီး လမ်းလျှောက်ကြည့်ဖို့ ကျွန်တော် အကြံပြုချင်ပါတယ်။ တံတားပေါ်မှာ ခဏရပ်ပြီး ပင်လယ်ကိုကြည့်ပါ။ Torii အောက်ကနေ တဖြည်းဖြည်း လျှောက်ဝင်ကြည့်ပါ။ သစ်ပင်တွေအကြားက လမ်းလေးအတိုင်း ဆက်လျှောက်ကြည့်ပါ။ အဲဒီအခါမှာတော့ Yaotomi Shrine ကို ဘာကြောင့် နှစ်ပေါင်းရာနဲ့ချီပြီး လူတွေက ယုံကြည်မြတ်နိုးခဲ့ကြသလဲဆိုတာကို နားလည်လာနိုင်ပါလိမ့်မယ်။
*မှတ်ချက် — Shrine ရဲ့ သမိုင်းနဲ့ ဒဏ္ဍာရီဆိုင်ရာ အချက်အလက်တွေမှာ “伝承 (ဒေသခံရိုးရာအဆို/အစဉ်အလာ)” အဖြစ် ဖော်ပြထားတဲ့အချက်တွေ ပါဝင်တဲ့အတွက် အတည်ပြုနိုင်တဲ့ သမိုင်းမှတ်တမ်းနဲ့ ဒဏ္ဍာရီကို ခွဲခြားဖော်ပြထားပါတယ်။*
**Yaotomi Shrine (八百富神社)**
**Takeshima Island (竹島), Gamagori City, Aichi Prefecture, Japan**

No comments:
Post a Comment
Thank you for your comment on my blog, Anythig you can suggesting and discuss to me.