Monday, May 16, 2011

မြန်မာ အပါအ၀င် အာဆီယံ နိုင်ငံများ၌ Ecotourism မြှင့်တင်ရန် အိန္ဒိယ ကူညီမည်

မြန်မာ အပါအ၀င် အာဆီယံ နိုင်ငံများ၌ ecotourism မြှင့်တင်ခြင်းဖြင့် ခရီးသွား လုပ်ငန်းမှ ၀င်ငွေ ရရှိမှု မြင့်တက်ရန် အိန္ဒိယ နိုင်ငံ က ကူညီမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်အရ ecotourism မြှင့်တင် ရာ တွင် အာဆီယံ ဒေသ အတွင်းရှိ ဖွံ့ဖြိုးဆဲ နိုင်ငံ တစ်ခုဖြစ်သည့် မြန်မာ နိုင်ငံ အတွက် အဓိက ကူညီ ထောက်ပံ့ မည်ဖြစ်ပြီး ရှေး ဟောင်း သုတေသန sites များနှင့် သမိုင်းဝင် သာသနိက အဆောက် အအုံများ၊ ရှေး ဟောင်း အဆောက်အအုံ များ ထိန်းသိမ်းရေး နှင့် ပြုပြင် မွမ်းမံ တည်ဆောက်ရေး လုပ်ငန်းများ တွင် အိန္ဒိယ နိုင်ငံက အဓိက ကူညီမည် ဖြစ်ကြောင်း သိရသည်။

ecotourism မြှင့်တင် ခြင်းဖြင့် မြန်မာနိုင်ငံ ၏ ခရီးသွား လုပ်ငန်း ပိုမို ကောင်းမွန် လာပြီး နိုင်ငံခြားသား ခရီးသည် ၀င်ရောက်မှု သိသိသာသာ မြင့်တက် လာမည်ဖြစ်သည်။ ထို့ပြင် အိန္ဒိယ နိုင်ငံ သည် မြန်မာနိုင်ငံ ၏ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း အလေးထား ကူညီမည် ဖြစ်ကြောင်း သိရသည်။ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ စလုံးရှိ မြစ်များ အတွင်း နေထိုင်သော ရေနေ သတ္တ၀ါများ ထိန်းသိမ်းရေး ကိုလည်း အိန္ဒိယ အစိုးရက ကူညီ မည်ဖြစ်သည်။ ပုဂံ- ညောင်ဦး ဒေသရှိ အာနန္ဒာ ဘုရားပြုပြင် ထိန်းသိမ်းမှု အတွက် အိန္ဒိယ နိုင်ငံက ကူညီမည့် အစီအစဉ်ကို လည်း မကြာ သေးမီက လက်မှတ် ရေးထိုး ခဲ့သည်။

Saturday, May 07, 2011

ပြည်တွင်းခရီးစဉ် အချို့တွင် လက်မှတ်ရရှိရန် ခက်ခဲသော်လည်း ခရီးစဉ်ထွက်ခွာချိန်၌ နေရာလွတ်များရှိနေ၊ လက်မှတ်ဖျက်သိမ်းခြင်းကို ၇၂ နာရီအတွင်း အကြောင်းမကြားပါက အရေးယူသည့်စနစ် လေကြောင်းလိုင်းတစ်ခု စတင်ကျင့်သုံး

ပြည်တွင်းလေကြောင်း ခရီးစဉ် အချို့တွင် လေယာဉ်လက်မှတ်ရရှိရန် ခက်ခဲသော်လည်း အမှန်တကယ် စီးနင်းချိန်၌ ခုံနေရာလွတ်များ ရှိနေသည်ကို ကြုံတွေ့ရကြောင်း ခရီးသွားများနှင့် ပုဂ္ဂလိကလေကြောင်း လိုင်းများထံမှ စုံစမ်းသိရှိရပါသည်။

မြန်မာ့လေကြောင်းလိုင်း တစ်ခုမှလွဲ၍ ပြည်တွင်းခရီးစဉ်များ ပြေးဆွဲနေသော ကျန်ပုဂ္ဂလိက လေကြောင်းလိုင်းများသည် လေယာဉ်လက်မှတ် ရောင်းချခြင်းအား သက်ဆိုင်ရာလေ ယာဉ်လက်မှတ် အရောင်း ကိုယ်စားလှယ်များမှ တစ်ဆင့်ရောင်းချမှု ပြုလုပ်လေ့ရှိရာ အချို့သောလက်မှတ် အရောင်း ကိုယ်စားလှယ်များကြောင့် နစ်နာမှုများ ကြုံတွေ့ရကြောင်း သိရသည်။

ပုဂ္ဂလိက ပြည်တွင်းလေကြောင်း လိုင်းများသည် လက်မှတ်အရောင်း ကိုယ်စားလှယ်မှ ကြိုတင်မှာကြားထားသည့် လက်မှတ်များအား မည်သည့် အချိန်နောက်ဆုံးထား အတည်ပြုပေး ရမည်ဟူသည့် သတ်မှတ်ချက် မရှိခြင်းကြောင့် ထွက်ခွာမည့်ရက်နီးကပ်မှ လက်မှတ်ဖျက်သိမ်းခြင်းများ ရှိကြောင်း၊ ထိုသို့ရက်နီးကပ်မှ လက်မှတ် cancel ပြုလုပ်ခြင်းမှာ ခရီးသည်တစ်ဦးအတွက် ဆိုပါက ပြဿနာမရှိ နိုင်သော်လည်း ခရီးသည်အဖွဲ့လိုက်ဆိုပါက နစ်နာမှုများရှိကြောင်း သိရသည်။

“လေကြောင်းလိုင်းတွေ ဘက်ကလည်း ဘယ်နှရက်အတွင်း confirm လုပ်ရမယ်လို့ အတိအကျမပြော ဘူး။ ဒီတော့ လေကြောင်းလိုင်းရော၊ အမှန်တကယ် ခရီးသွားချင်တဲ့ ခရီးသည်ရော နစ်နာမှုတွေ ရှိနိုင်ပါတယ်”ဟု ခရီးသွားရေးရာ ကျွမ်းကျင်သူတစ်ဦး က ဆိုသည်။

ပြည်တွင်းလေကြောင်းလိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကလည်း “အဖွဲ့ ၂၄ ယောက်ပါတဲ့  group ကိုနီး မှ cancel လုပ်တယ်။ လေယာဉ်လက်မှတ် အခက်အခဲကြောင့် အဆင်ပြေမယ့် လေကြောင်းလိုင်းတွေကို လိုက်ပြီးချိတ်ထားနိုင်တယ် ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် တခြားလေကြောင်းလိုင်းနဲ့ အဆင်ပြေသွားပြီဆိုရင် ဒီဘက်ကို ပြန်အကြောင်းကြား သင့်တယ်။ နီးမှပြောတော့ တကယ် သွားချင်တဲ့ သူတွေလည်း မသွားရဘူး၊ လေကြောင်းလိုင်းတွေကလည်း လက်မှတ်ကုန်အောင် ပြန်ရောင်းဖို့ခက်လို့ နစ်နာပါတယ်” ဟုပြောပြခဲ့သည်။

“လက်မှတ်ခက်လို့ Go Show  ၀ယ် ပြီး လိုက်သွားတဲ့ ခရီးသည်တွေက ဒီကိစ္စတွေကို မသိတော့၊ ငါသွားဝယ်တော့ လေယာဉ် လက်မှတ်မရဘူး ပြောတယ်၊ တကယ်စီးတော့ ခုံနေရာလွတ်တွေ အများကြီးပဲဆိုပြီး စိတ်ဆိုးတတ်ကြပါတယ်။ တမင်သက်သက် မရောင်းတာလားဆိုပြီးတောင် ထင်ကြပါတယ်” ဟု Air Mandalay မှ တာဝန်ရှိသူက ထပ်မံပြောပြခဲ့သည်။

ထိုသို့ခရီးသည်နှင့် လေကြောင်းလိုင်းများဘက်မှ နစ်နာမှုများ ရှိသောကြောင့် ခရီးစဉ်တွင် လိုက်ပါမည်ဖြစ်ကြောင်းကို ၇၂ နာရီ(၃ရက်အတွင်း) confirm  လုပ်ရန်၊ ၇၂ နာရီအတွင်း ဖျက်သိမ်းကြောင်း အကြောင်းမကြားပါက နစ်နာမှုအတွက် အရေးယူသည့် စနစ်ကို Air Mandalay လေကြောင်းလိုင်းမှ စတင်ကျင့်သုံးလျက် ရှိကြောင်း သိရသည်။

“ဒီစနစ်ကို ခရီးသည်တစ်ဦးချင်းထက်၊ group လိုက်ပါမယ့် သူတွေအတွက် ကျင့်သုံးတာပါ” ဟု အဆိုပါတာဝန်ရှိသူက ဆက်လက် ပြောပြခဲ့သည်။

အဆိုပါ အရေးယူသည့် စနစ်တွင် ၇၂နာရီအတွင်း ခရီးစဉ်ဖျက်သိမ်းကြောင်းကို အကြောင်းမကြား ပါက ပြည်တွင်းခရီးသည် ဆိုပါက ငွေကျပ် ၁၀၀၀၀ နှင့် နိုင်ငံခြား ခရီးသည်ဆိုပါက အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာပေးဆောင် ရမည်ဖြစ်ကြောင်း သိရသည်။

Source : News Eleven

Monday, May 02, 2011

အချိန်မှန် သည့် လေကြောင်းလိုင်း အဖြစ် မြန်မာ့ လေကြောင်းကို ရွေးချယ် သတ်မှတ်

အိန္ဒိယနိုင်ငံ အခြေစိုက် PTI သတင်း ဌာန၏ ထုတ်ပြန် ကြေညာချက် များအရ အိန္ဒိယ နိုင်ငံ တွင် ပျံသန်း လျက် ရှိသည့် လေ ကြောင်း လိုင်း ၅၁ ခု၏ ၀န်ဆောင်မှု ဆန်း စစ်ချက် မှတ်တမ်း ကို စာရင်း ကောက်ယူ ခဲ့ ရာတွင် မြန်မာ့ လေကြောင်း ကို အချိန်မှန် သည့် လေကြောင်း လိုင်း အဖြစ် ရွေးချယ် သတ်မှတ် ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်တမ်း ကောက်ယူမှုတွင် ပါဝင်သည့် ပြည်ပ လေကြောင်း လိုင်း ၅၁ ခု အနက် အချိန်မှန် ထွက်ခွာမှု၌ ရာခိုင်နှုန်း ၁၀၀ ဖြင့် အမှတ်ပြည့် ရရှိသည့် လေကြောင်း လိုင်း နှစ်ခု သာရှိပြီး China Southern လေ ကြောင်းလိုင်း နှင့် မြန်မာ့ လေကြောင်းလိုင်း တို့ ဖြစ်ကြောင်း၊ ထိုလေကြောင်း လိုင်းနှစ်ခု ၏ နောက်တွင် အမေရိကန် လေကြောင်း က ဆန္ဒမဲ ၉၆ ဒသမ ၈ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ ကာတာ လေကြောင်းက ဆန္ဒမဲ ၉၆ ဒသမ ၄ ရာခိုင် နှုန်းဖြင့် တတိယ၊ ပင်လယ် ကွေ့ လေကြောင်း (Gulf Air)က ဆန္ဒမဲ ၉၆ ဒသမ ၁ ရာခိုင်နှုန်းဖြင့် စတုတ္ထ နေရာမှ ရပ် တည် လျက်ရှိသည်။

တစ်ချိန်တည်း မှာပင် မြန်မာ့လေ ကြောင်းသည် အချိန်မှန် ရောက်ရှိသည့် လေကြောင်း လိုင်းများ စာရင်းတွင်လည်း အီဂျစ် လေကြောင်း၊ တောင်အာဖရိက လေ ကြောင်း၊ တာမင်နစ် စတန် လေကြောင်း လိုင်းများနှင့် အတူ ရာခိုင်နှုန်း ၁၀၀ အမှတ် ပြည့် ရရှိခဲ့ကြောင်း၊ စင်ကာပူ လေကြောင်း လိုင်းမှာမူ perfect 10 စာရင်းနှင့် လွဲချော် ခဲ့ရကြောင်း သိရသည်။

Monday, April 18, 2011

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသွားများအပေါ်ပြုမူသည့် ပုံစံအချို့ကြောင့် ခရီးသွားပြည်သူအများစု စိတ်အနှောင့်အယှက်ကြုံတွေ့ရ၊

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသွားများအပေါ် ပြုမူလျက်ရှိသည့် ပုံစံအချို့ကြောင့် ခရီးသွားပြည်သူ အများစု စိတ်အနှောင့်အယှက် ကြုံတွေ့ရမှုများရှိနေကြောင်း ခရီးသွားများထံမှ စုံစမ်းသိရှိရပါသည်။

နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ လေကြောင်းဖြင့် ၀င်ရောက်ရာ အဓိကလေဆိပ်ဖြစ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပထွက်ခွာ၊ ဆိုက်ရောက်ခရီးသည်များအား ကျင့်သုံးစစ်ဆေးလျက်ရှိသော အချို့သောစနစ်များမှာ ခရီးသည်များကို စိတ်အနှောင့်အယှက် ဖြစ်ပေါ်မှုရှိကြောင်း ဧပြီလဆန်းက မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ သို့သွားရောက်ခဲ့သည့် ခရီးသွားတစ်ဦးက ပြောပြခဲ့သည်။

''ကျွန်တော်နိုင်ငံပေါင်း တော်တော်များများကို ကြိမ်ဖန်များစွာ သွားလာဖူးပါတယ်။ ဒီတစ်ကြိမ် ကြုံရတာကတော့ တော်တော်ဆိုးပါတယ်။ ကျွန်တော်တန်းစီတဲ့ကောင်တာက စစ်ဆေးတာတစ်ယောက်ကို ငါးမိနစ်ကျော်လောက် ကြာတယ်။ ကျွန်တော့် အလှည့်မှာ ဓာတ်ပုံရိုက်ဖို့ ရပ်ပေးတာကို သုံးခါတိတိသူပြောတဲ့အတိုင်း လိုက်နေပေးရတယ်။ နည်းနည်းစိတ် မရှည်လို့ မပြီးသေးဘူးလားလို့မေးတာကို ခပ်ရိုင်းရိုင်းပြန်ဖြေတယ်။ ဒါ လုံးဝမဖြစ်သင့်ပါဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ အရေးပါတဲ့ ၀င်ထွက်ပေါက်မှာ တာဝန်ထမ်းဆောင်တဲ့သူတွေရဲ့ ဆက်ဆံရေးက ဒီထက်ပြေပြစ်ဖို့ လိုတယ်။  အခုလိုမျိုး ခရီးသွားတွေများတဲ့ အချိန်မှာ ဒါကိုယ့်ရဲ့လုပ်ပိုင်ခွင့်ပဲဆိုပြီး တာဝန်အကြောင်းပြ ရင့်သီးတာတော့ မကောင်းပါဘူး။ နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ပါ ဆိုင်ပါတယ်။ နောက် နိုင်ငံတကာလေဆိပ်အသီးသီးကလိုပဲ မလိုအပ်တဲ့ အဆင့်တွေ၊ ကြိုးနီစနစ်ဆန်ဆန်တွေ မရှိသင့်တော့ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ပြောင်းလဲမှုတွေကို အဆင့်ဆင့် စတင်နေပါပြီ။ နိုင်ငံတကာနဲ့ ဒီထက်ပို ဆက်ဆံရဦးမှာပါ''ဟု Business Class လက်မှတ်ဖြင့် ပြည်ပထွက်ခွာခဲ့သူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ၄င်း၏ ကိုယ်တွေ့အဖြစ်အပျက်ကိုပြန် လည် ပြောပြခဲ့သည်။

ပြည်ပသို့ထွက်ခွာမည့် ခရီးသွားများအနေဖြင့် လေဆိပ်အတွင်းမ၀င်ရောက်မှီ Airport Tax အားစတင်ပေးဆောင်စေပြီး အဆိုပါ လေဆိပ်အခွန်ပေးဆောင်နိုင်ရန် တန်းစီစောင့်ဆိုင်းရသည့် ဖြစ်ရပ်များရှိကြောင်း သိရသည်။ ထို့အပြင် လေဆိပ်အတွင်းသို့ရောက်ရှိပြီး မိမိစီးနင်းမည့် လေကြောင်းလိုင်းတွင် Check-in လုပ်ဆောင်ရာတွင်လည်း လေကြောင်းလိုင်းအလိုက် သတ်မှတ်ထားသည့် ကောင်တာအရေအတွက် နည်းပါးမှုကြောင့် Check-in လုပ်ဆောင်ရာတွင် အခက်အခဲအချို့တွေ့ကြုံရကြောင်း သိရသည်။

''နိုင်ငံတကာမှာ လေဆိပ်အခွန်ဆောင်ဖို့ လေဆိပ်မှာ တန်းစီစောင့်နေရတယ်ဆိုတာ မရှိပါဘူး။ ပြီးတော့ Business Class လိုလက်မှတ်မျိုးက Check-in လုပ်ဖို့အကြာ ကြီးစောင့်နေရတယ်ဆိုတာ မဖြစ်သင့်ဘူး။ ဒီမှာပျံတဲ့လေယာဉ်တွေမှာ Business Class က ၁၀ရာခိုင်နှုန်းလောက်ပဲ ပါတာလေ။ ပိုက်ဆံကတော့ပိုပေးရပြီး ၀န်ဆောင်မှုက ပိုရသင့်တာပေါ့။ Check-in လုပ်ရတဲ့ ကောင်တာကလည်း လေကြောင်းလိုင်းတစ်ခုစီမှာ သုံးခုကနေအများဆုံးလေးခုပဲရှိတော့ ခရီးသည် ပြုံကျလာရင် စိတ်ရှည်ရှည်ထားပြီးတန်း စီနေရတော့တာပဲ'' ဟု ပြည်ပသို့ မကြာခဏခရီးထွက်လေ့ရှိသူ တစ်ဦးက ဆိုသည်။

သက်ဆိုင်ရာလေကြောင်းလိုင်းတွင် Check-in လုပ်ဆောင်ပြီးပါက လူဝင်မှုကြီးကြပ်ရေး ( Immigration)တွင် Scan ဖတ်ခြင်း၊ စာရွက်စာတမ်းများအား စစ်ဆေးခြင်းတို့ကို ပြုလုပ်ရကြောင်း သိရသည်။
''စင်ကာပူနိုင်ငံမှာ ကိုယ့်နိုင်ငံသားတောင် မကဘူး၊ နိုင်ငံခြားသားဖြစ်ဦးတော့ S-Pass၊ Work Permit ရထားရင် ဘာကတ်မှ ဖြည့်စရာမလိုဘူး၊ Scan ဖတ်လိုက်တာနဲ့ Data ရပြီးသား၊ Foreigner Only ပဲဖြည့်ရတယ်။ ဒီမှာကတော့  နိုင်ငံခြားသားက Embarkation ကတ်လို့ခေါ်တဲ့ ကိုယ်သွားမယ့်ခရီးစဉ်၊ ကိုယ့်အကြောင်းတွေကို ဖြည့်ရသလို နိုင်ငံသားလည်း အတူတူ ဖြည့်ရတာပဲ။ ပြီးရင်ဒီကတ်ကို Immegration မှာပြရတယ်။ ဒီမှာ Scan ဖတ်တယ်ဆိုတာက သူများနိုင်ငံတွေလို မျက်စိကိုဖတ်တာ မဟုတ်ဘူး။ ဓာတ်ပုံရိုက်တာဖြစ်တော့ တခါတလေ ကင်မရာတည့်တည့် မရောက်ရင် ခရီးသည်က ဟိုနေရာရွှေ့၊ ဒီနေရာရွှေ့ပေးရတာတို့ လုပ်ပေးရတယ်''ဟုနိုင်ငံတကာ လေကြောင်းလိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ခရီးသွားကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကလည်း'' ဒီနိုင်ငံကနေ ထွက်ခွာမယ့်သူတိုင်း လုပ်နေရတဲ့ D-form ဆိုတာ နိုင်ငံတကာမှာ မရှိတော့ပါဘူး။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကာစမှာ သန်းခေါင်စာရင်းမကောက်သေးတော့ ကိုယ့်နိုင်ငံကနေ ဘယ်လောက်ထွက်ပြီး ဘယ်လောက်ဝင်သလဲ သိရအောင် D-form (ထွက်ခွာခွင့်ပုံစံ) ကို အဲဒီကတည်းက ကောက်ခဲ့တာ။ အဲဒီစနစ်ကြီးက အခုထက်ထိ ကျန်နေသေးတာ'' ဟု ပြောပြခဲ့သည်။

ပြည်ပသို့ သွားရောက်လိုသူများသည် လူဝင်မှုကြီးကြပ်ရေး ကောင်တာတွင် ထိုသို့အဆင့်ဆင့် စစ်ဆေးခံကာ တခါတရံ စာရွက်စာတမ်းများ လိုအပ်မှုကြောင့် လိုအပ်သည့် စာရွက်စာတမ်းနှင့် အတူပြန်လည် အစစ်ဆေးခံရန် တဖန်စောင့်ဆိုင်းတန်းစီရခြင်းများ ရှိကြောင်းလည်း သိရသည်။ စစ်ဆေးသည့် ကောင်တာမှာလည်း နိုင်ငံသားအတွက် လေးခု၊ နိုင်ငံခြားသားအတွက်လေးခု၊ ပေါင်းရှစ်ခုသာရှိပြီး လေယာဉ်များထွက်ခွာချိန်တူညီနေပါက စစ်ဆေးနိုင်သည့် ကောင်တာနှင့် ခရီးသည်ဦးရေ မမျတမှုများ ကြုံတွေ့နေရကြောင်း သိရသည်။

'' Immigration  မှာ ခရီးသည်ကို စစ်တဲ့အချိန်က တစ်ဦးကို နှစ်မိနစ်လောက် ကြာတယ်ထား၊ ကောင်တာတစ်ခုမှာ တစ်နာရီကို အယောက် ၃၀ လောက်ပဲ စစ်နိုင်တယ်။ မနက်ပိုင်းဆို လေယာဉ်တွေက ငါးစင်း၊ ခြောက်စင်းလောက် တပြိုင်နက်တည်း လိုလိုထွက်နေတာ၊ တစ်စင်းမှာ ခရီးသည် ပျမ်းမျ ၁၅၀ လောက်ရှိတယ်။ ဒီတော့ အဆင်မပြေဘူး။ နောက်ပိုင်း ခရီးသွားတွေများပြီး လေယာဉ်တွေ ပိုတိုးဆွဲရင် ဒီထက်ပိုဆိုးနိုင်တယ်''ဟု ခရီးသွားရေးရာ ကျွမ်းကျင်သူတစ်ဦးက ထောက်ပြခဲ့သည်။

''သူများနိုင်ငံတွေမှာလည်း ခရီးသည်များရင် မိနစ်၅၀၊ တစ်နာရီနီးပါးလောက်တော့ အချိန်ပေးရတာပါပဲ။ ဒီမှာက Immigration ကောင်တာနည်းတာရယ်၊   ကိုယ့် နိုင်ငံသားကို တစိမ်းလိုပဲ စစ်ဆေးနေတာ၊ နိုင်ငံခြားသားကို စစ်သလိုပဲ စစ်တာ။ ဒီကလူတွေက ပြည်ပကိုသွားရင်လည်း နိုင်ငံခြားသားလို အစစ်ခံရတယ်။ ကိုယ့်နိုင်ငံမှာလည်း ဦးစားပေး အဆင့်ထဲမှာ မပါဘူး။ စာရွက်စာတမ်းကိစ္စတွေကလည်း များမှများ၊ ကြိုးနီစနစ်တွေကို ဖြေလျော့ပေးသင့်ပါပြီ'' ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

ပြည်ပမှ ရောက်ရှိလာသည့် သူများအနေဖြင့်လည်း Immigration ကောင်တာတွင် အချိန်ပေး စစ်ဆေးခံရခြင်းများ၊ မိမိ၏ အထုတ်အပိုး ပစ္စည်းများ ရွေးယူရာ၌ အချိန်ကြာမြင့်မှုများစသည့် စိတ်အနှောင့်အယှက် ဖြစ်စရာများကို ကြုံတွေ့ရမှုများရှိကြောင်း သိရသည်။

၂၀၀၇ခုနှစ်၊ စက်တင်ဘာလမှစကာ လျော့ကျခဲ့သည့် မြန်မာနိုင်ငံ၏ ခရီးသွားဏ္ဍမှာ ၂၀၁၀ခုနှစ် ပွင့်လင်းရာသီကာလတွင်မူ ခရီးသွားလာမှု မြင့်တက်ခဲ့ပြီး ၂၀၁၁ ခုနှစ် အတွင်းတွင်လည်း ခရီးသွားလာရောက်မှုမှာ ယမန်နှစ်များကထက် ပိုမိုမြင့်တက်နိုင်ပြီး ခရီးသွားကဏ္ဍ ဖွံ့ဖြိုးလာနိုင်သည့် အခြေအနေတွင်ရှိကြောင်း ခရီးသွားရေးရာ ကျွမ်းကျင်သူများက သုံးသပ်ပြောကြားခဲ့သည်။

ထိုသို့ ခရီးသွားလာမှု မြင့်တက်လာမှုနှင့်အတူ နိုင်ငံတစ်နိုင်ငံ၏ အဓိက ပြယုဂ်တစ်ခုဖြစ်သော လေဆိပ်တစ်ခု၏ အခန်းကဏ္ဍမှာ အရေးကြီးလှကြောင်း၊ ခရီးသွားအား ၀န်ဆောင်မှုများ ပိုမိုပေးနိုင်ရန် လိုအပ်ကြောင်းကို ''ဒီနှစ်မှာ ခရီးသွားတွေ အများကြီးဝင်လာတယ်။ ဒီက သွားတဲ့သူတွေလည်း အရမ်းများတယ်။ ဒီလို တိုးတက်လာတာနဲ့ အတူတူ လေဆိပ်နဲ့ လေကြောင်းလိုင်းတွေက ခရီးသွားတွေကို အချိန်ကုန်သက်သာပြီး ကောင်းမွန်တဲ့ ၀န်ဆောင်မှုစနစ်ကို ပေးနိုင်ရပါမယ်။ လေကြောင်းလိုင်းတွေ ဘက်ကလည်း ပြေပြစ်တဲ့ဆက်ဆံရေး၊ ၀န်ဆောင်မှုကောင်းတွေ ဒီထက်ပိုပေးနိုင်ရမယ်။''ဟု ၀ါရင့်လေယာဉ်မှူးကြီးတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

Source : News Eleven

Monday, April 04, 2011

ကျောက်တံခါး ပွင့်ခဲ့မှုကြောင့် အလောင်းတော်ကဿပသို့ ဘုရားဖူး ဧည့်သည်များ လာရောက်မှု ပိုမိုများပြား


တပို့တွဲလပြည့်နေ့တွင် အလောင်းတော်ကဿပ ကျောက်တံခါး ပွင့်ခဲ့သည် ဆိုခြင်းကြောင့် ယခုနှစ် တပေါင်းပွဲတော်သို့ ဘုရားဖူးဧည့်သည်များ ယခင်နှစ်များကထက် ပိုမိုများပြားခဲ့သည်ဟု သိရှိရသည်။

''အလောင်းတော်ကဿပ တပေါင်းပွဲက ယောနယ်၊ တောင်တွင်းချောင်၊ ဆယ်ရွာချောင်နဲ့ ကနီနယ်ဘက်ကလူတွေ ရွာဘက်က ဘုရားဖူးတွေလာတဲ့ ပွဲပါ။ ဒီနှစ်မှာတော့ ကျောက်တံခါးပွင့်တယ် ဆိုတာကြောင့် မြို့ပေါ်က ဧည့်သည်တွေ တော်တော်များများ လာတာ တွေ့ခဲ့ရပါတယ်။ တချို့ဆို အိပ်စရာနေရာ မလောက်တော့ မြေကြီးပေါ်တောင် အိပ်ကြရပါတယ်။ ကားအစီး ၂၀၀ ကျော်လာတယ်လို့ ဂိတ်က စာရင်းတွေအရ သိရှိရပါတယ်။ ဆိုင်ကယ်တွေနဲ့ လာတဲ့သူလည်း များပါတယ်။ ပခုက္ကူနယ်ကဆိုရင် စက်ဘီးနဲ့လာတာ တွေ့တယ်လို့ သိရတယ်။ ဒီနှစ် တပို့တွဲလပြည့်နေ့မှာ ကျောက်တံခါးပွင့်တယ် ဆိုတဲ့ သတင်းကြောင့် ဒီနှစ် လူပိုများတယ်လို့ ထင်ပါတယ်။ အရင်နှစ်တွေနှစ်တွေက ဒီလောက် ဘုရားဖူး မများခဲ့ဘူး''ဟု အကျိုးဆောင် ဆရာတော် ဦးသုမနက မိန့်ကြားခဲ့ပါသည်။

အလောင်းတော်ကဿပ တပို့တွဲလပြည့်နေ့ပွဲသည် ဆရာတော် ဦးသုမနမှ ဦးဆောင်ကျင်းပသောပွဲ ဖြစ်ပြီး ဘုရားဖူး ဧည့်သည်များ လာရောက်လေ့ရှိပြီး တပေါင်းလပြည့်နေ့ပွဲသည် အလောင်းတော် ကဿပ၏ ပုံမှန် ဘုရားပွဲ ကျင်းပသည့်ရက် ဖြစ်ကာ အလောင်းတော်ကဿပ ၀န်းကျင်ဖြစ်သော ယောနယ်၊ တောင်တွင်းချောင်၊ ဆယ်ရွာချောင်၊ ကနီမြို့နယ်၊ ယင်းမာပင်မြို့နယ်များ အတွင်းရှိ ကျေးရွာများမှ ရိုးရာဓလေ့အရ နှစ်စဉ် ပုံမှန် လာရောက်ကြသည်။
Source : News Eleven