မန္တလေး- မြစ်ကြီးနား လမ်းပိုင်းတွင် ဇူလိုင် ၂ ရက်မှ စတင်၍ အထက်တန်း အိပ်စင်သီးသန့်ဖြစ်သော အထူးရထား အမှတ် ၃၃ အဆန်နှင့် အမှတ် ၃၄ အစုန်တို့ကို ပြေးဆွဲနေပြီဖြစ်သည်။ အမှတ် ၃၃ အဆန်ရထားသည် မန္တလေးဘူတာကြီးမှ မွန်းလွဲ ၁ နာရီတွင် စတင်ထွက်ခွာပြီး မြစ်ကြီးနား ဘူတာသို့ နောက်နေ့ နံနက် ၅ နာရီတွင် ဆိုက်ရောက်သည်။ ထို့အတူ အမှတ် ၃၄ အစုန်ရထားသည် မြစ်ကြီးနား ဘူတာမှ မွန်းလွဲ ၁ နာရီ မိနစ် ၅၀ တွင်စတင် ထွက်ခွာပြီး မန္တလေးဘူတာကြီးသို့ နောက်နေ့ နံက် ၆ နာရီတွင် ဆိုက်ရောက်မည်ဖြစ်သည်။
အဆိုပါ ရထားများကို နေ့စဉ်ပြေးဆွဲနေခြင်း မဟုတ်ဘဲ အမှတ် ၃၃ အဆန်ရထားသည် မန္တလေး ဘူတာကြီးမှ စနေ၊ အင်္ဂါ၊ ကြာသပတေးနေ့များ တွင်လည်းကောင်း၊ အမှတ် ၃၄ အစုန်ရထားသည် မြစ်ကြီးနားဘူတာမှ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင်လည်းကောင်း ရက်ခြားပြေးဆွဲပေးနေပြီး ရွှေဘို၊ ကောလင်း၊ မိုး ညှင်းနှင့် မိုးကောင်းဘူတာများတွင် ရပ်တန့်မည်ဖြစ်ကြောင်း သိရသည်။ လက်မှတ်ခများမှာ မန္တလေးမှ မြစ်ကြီးနားအထိ အိပ်စင်လက်မှတ် တစ်စောင်လျှင် ကျပ် ၁၅,၀၀၀၊ မန္တလေးမှ မိုးကောင်း အထိ ကျပ် ၁၃,၄၀၀၊ မန္တလေးမှမိုးညှင်း အထိ ကျပ် ၁၁,၂၀၀၊ မန္တလေးမှ ကောလင်း အထိ ကျပ် ၆,၉၀၀၊ မန္တလေးမှ ရွှေဘိုအထိ ကျပ် ၂,၉၀၀ သတ်မှတ် ထားသည်။
Source : The Myanmar Post