Thursday, November 08, 2012

မြန်မာ့ ခရီးသွား လုပ်ငန်း ထာဝစဉ် ရှင်သန် ဖွံ့ဖြိုး တိုးတက်ရေး (ဆောင်းပါး)

ကမ္ဘာ့ ခရီးသွား လုပ်ငန်း အဖွဲ့အစည်း (World Tourism Organization- W.T.O) ၏ စစ်တမ်း ကောက်ယူ ထားချက်အရ ၂ဝ၁၁ ခုနှစ်တွင် တစ်ကမ္ဘာလုံး ခရီးသွားလာသူ ဦးရေ သန်း ၉၈ဝ ရှိပြီး ၂ဝ၃ဝ ပြည့်နှစ်တွင် ခရီးသွားလာသူ ဦးရေသန်း ၁၈ဝဝ ဖြစ်မည်ဟု မျှော်မှန်း ထားကြောင်း သိရသည်။ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းမှ ရရှိခဲ့သော ဝင်ငွေ ပမာဏမှာ အမေရိကန် ဒေါ်လာ ဘီလီယံ ၇ဝဝ ကျော်အထိ ရရှိခဲ့ကြောင်း ကိုလည်း အဆိုပါ ကမ္ဘာ့ ခရီးသွားလုပ်ငန်း အဖွဲ့အစည်းက ထုတ်ပြန်ထားသည်။ အထူးသဖြင့် ကမ္ဘာ့ ခရီးသွား လုပ်ငန်းကြောင့် အလုပ်အကိုင်ပေါင်း ၂၃၅သန်း ရရှိ ခဲ့သည်။ ကမ္ဘာ့ ခရီးသွားလုပ်ငန်းသည် တစ် ကမ္ဘာလုံး ဂျီဒီပီ၌ ၅ ရာခိုင်နှုန်း ပါဝင် ခဲ့ သည့် အပြင် ဝန်ဆောင်မှု ကဏ္ဍ ပြည်ပ ပို့ကုန် တန်ဖိုး၏ ၃ဝ ရာခိုင် နှုန်းရှိနေသောကြောင့် ကမ္ဘာ့ခရီးသွား လုပ်ငန်းမှာ စီးပွားရေးကဏ္ဍ၌ အကြီးမားဆုံးနှင့် အရှိန်အဟုန် မြင့်မားစွာဖြင့် တိုးတက် ဖွံ့ဖြိုး နေသော လုပ်ငန်း တစ်ရပ်ဖြစ်နေသည်။
ထို့ကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့ ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ ကြီး၏ အတွင်း ရေးမှူးချုပ် မစ္စတာ တီလတ်ရီ ဖာအီ Dr. Taleb Rifai ၏ ခရီးစဉ်က ရရှိခဲ့သည့် အကျိုးရလဒ် အဖြစ် ယခုနှစ် ဇွန်လတွင် ကုလ သမဂ္ဂ ကမ္ဘာ့ ခရီးသွား လုပ်ငန်း အဖွဲ့သို့ ဝင်ရောက် ခဲ့ခြင်း ဖြစ်သည်။ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတကြီးအား ကမ္ဘာ့ ခရီးသွားလုပ်ငန်း အဖွဲ့ကြီး၏ အတွင်းရေး မှူးချုပ်က ၎င်း၏ ခရီးစဉ်တွင် တွေ့ဆုံ ဂါရဝပြု ခဲ့ရာ၌ မြန်မာ နိုင်ငံ၏ ခရီးသွားလုပ်ငန်း အလားအလာ များသည် အားသာ ချက်များနှင့် ပြီးစုံနေသည်  ကို ထောက်ခံပြောဆိုခဲ့သည်။
ကမ္ဘာပေါ်တွင် ခရီးသွား လုပ်ငန်း Tourism သည် လျင်မြန်စွာ တိုးတက်နေသည့် စီးပွားရေး လုပ်ငန်း များထဲမှ တစ်ခု အပါအဝင် ဖြစ်သည့်အပြင် အကျိုး သက်ရောက် မှုများပြားစွာ ရရှိ နေသဖြင့် ဆင်းရဲ နွမ်းပါးမှု များကို လျှော့ချ နိုင်သည့် အပြင် အလုပ်အကိုင် အခွင့် အလမ်း များကို တိုးတက်စေသည် သာမက နိုင်ငံခြား ဝင်ငွေများ ပိုမိုရရှိ နိုင်ရန် နည်းလမ်း များရှာဖွေနေသည့် ဖွံ့ဖြိုးဆဲ နိုင်ငံ များအတွက် အလွန် အရေးပါလျက် ရှိသည်။ ထို့ကြောင့် ခရီးသွား လုပ်ငန်းကို မီးခိုးမထွက်သော စက်ရုံဟု တင်စား ထားသည့် အပြင် ယင်းလုပ်ငန်းသည် သဘာဝ အရင်းအမြစ်များကို ထုတ်ယူ သုံးစွဲခြင်း မပြုဘဲ နိုင်ငံသူ၊ နိုင်ငံ သားတို့၏ ဝင်ငွေကို တိုက်ရိုက် သာမက သွယ်ဝိုက်၍ တိုးတက် စေသည်။ မြန်မာ နိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများ ဖြစ်ကြသော ထိုင်း နိုင်ငံသည် တစ်နှစ် ပျမ်းမျှ ကမ္ဘာလှည့် ခရီးသည် ၁၂ သန်း၊ စင်ကာပူနိင်ငံသည် နှစ်စဉ် ပျမ်းမျှ ကမ္ဘာလှည့် ခရီးသည် ၅ သန်းနှင့် မလေး ရှား နိုင်ငံသည် နှစ်စဉ် ပျမ်းမျှ ကမ္ဘာလှည့် ခရီးသည် ၃ သန်း အသီးသီး ရရှိခဲ့ မှုကြောင့် နိုင်ငံခြား ဝင်ငွေ တိုးတက် ရရှိနေသည်။
ခရီးသွား လုပ်ငန်း Tourism သည် ဝန်ဆောင်မှု Service ပေးရသော လုပ်ငန်း ဖြစ်သည့် အလျောက် အခြား လုပ်ငန်း ဌာနများ နှင့်ပါ ပူးပေါင်း ဆောင်ရွက် ရသော လုပ်ငန်း ဖြစ်သည်။ အထူး သဖြင့် ခရီးသွား လုပ်ငန်းမှ ရရှိနေသော ဝင်ငွေသည်ပင်လျှင် ဟိုတယ်၊ မိုတယ်၊ ပို့ဆောင်ရေး၊ ဧည့်လမ်းညွှန်၊ အစားအသောက်နှင့် အဖျော် ယမကာ၊ ရိုးရာ အက၊ တေးဂီတ ဖျော်ဖြေ တင်ဆက်မှု၊ ဒေသ ထွက်ကုန် ပစ္စည်း အမှတ်တရ အရောင်းဆိုင်၊ ဒေသထွက် ရိုးရာ အစားအစာ အစရှိသည့် ဆက်စပ် လုပ်ငန်းများမှ ရရှိခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက် လာပါက ဒေသခံ လုပ်သား ပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမည် ဖြစ်သည်။
ထို့ကြောင့် နိုင်ငံတော် အစိုးရသည် မြန်မာနိုင်ငံ၌ ခရီးသွား လုပ်ငန်း တိုးတက်စေရန် ၁၉၉ဝ ပြည့်နှစ် က လည်း ဆောင်ရွက် ခဲ့သည့်အပြင် ၁၉၉၂ ခုနှစ်တွင် ခရီးသွား လုပ်ငန်း၌ ပုဂ္ဂလိက ကဏ္ဍ ပါဝင် လာခဲ့မှု အပေါ်တွင် လည်း နိုင်ငံတော် အစိုးရက တွန်းအား ပေးခဲ့သည်။ ထို့နောက် မြန်မာ နိုင်ငံတွင် ၁၉၉၆ ခုနှစ်ကို မြန်မာ့ ခရီးသွားနှစ် အဖြစ် သတ်မှတ်၍ ဟိုတယ်နှင့် ခရီးသွား ဆိုင်ရာ မြှင့်တင်ရေး လုပ်ငန်း အစီအစဉ် များကို ဆောင်ရွက် ခဲ့ သဖြင့် မြန်မာ နိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည်များ ဝင်ရောက်ခဲ့ရာ နှစ်စဉ် နိုင်ငံခြား ဝင်ငွေ ရရှိခဲ့သည်။ မြန် မာ နိုင်ငံသို့ ၂ဝဝဝ ပြည့်နှစ်တွင် ကမ္ဘာလှည့် ခရီးသည် ဦးရေ ၄၁၆၃၄၄ ရှိခဲ့ပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ အမေ ရိကန် ဒေါ်လာ ၈၄ သန်း ရရှိခဲ့ရာမှ ၂ဝ၁ဝ ပြည့်နှစ်၌ ကမ္ဘာ လှည့် ခရီးသည် ဦးရေ ၇၉၁၅ဝ၅ ထိ လာရောက် ကြသဖြင့် ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီး ဌာန အနေဖြင့် အမေ ရိကန် ဒေါ်လာ ၂၅၄ သန်း ရရှိခဲ့သည်။ ယခင်နှစ် ၂ဝ၁၁ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသည် ဦးရေ ၈၁၆၃၆၉ လာရောက် ခဲ့၍ အမေရိကန် ဒေါ်လာ ၃၁၉ သန်း ဝင်ငွေ ရရှိခဲ့သည်။
ယနေ့ ကမ္ဘာပေါ်တွင် မီးခိုး မထွက်သော စက်ရုံဟု တင်စား ထားသော ခရီးသွား လုပ်ငန်းသည် စဉ်ဆက် မပြတ် စွမ်းအင်၏ လုပ်ဆောင်မှုများ အများဆုံးထဲက အရေးပါသည့် နည်းလမ်းတစ်ခု ဖြစ်လာ ခဲ့မှုကြောင့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ တော်သို့ ကမ္ဘာ လှည့်ခရီး သည်များ ဝင်ရောက် လာမှု ပိုမို တိုးမြင့် လာစေ ရန်နှင့် မြန်မာ နိုင်ငံ အတွင်း  ခရီးသွား လာလည် ပတ်မှု ပိုမို အဆင်ပြေ ချောမွေ့ စေရန် တို့ကို ရည်ရွယ်ပြီး ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီး ဌာနက ဦးဆောင်၍ သက်ဆိုင်ရာ ဝန်ကြီးဌာန များက ခရီးသွား လုပ်ငန်း ဆိုင်ရာ မူဝါဒ များကို ညှိနှိုင်း ပြင်ဆင် ပြဋ္ဌာန်းပေးရန် ကိစ္စနှင့် စပ်လျဉ်း၍ ဝန်ကြီး ဌာန ၁၃ခု၊ တိုင်း ဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့များမှ ကိုယ်စား လှယ်များ ပါဝင်သော နိုင်ငံခြား ဧည့်သည် ဝင်ရောက်မှု အဆင်ပြေ လွယ်ကူရေး ကော်မတီကို ၂ဝ၁၁ ခုနှစ် စက်တင်ဘာ ၁၅ ရက်၌ ပြည်ထောင်စု အစိုးရ အဖွဲ့၏ အမိန့် ကြော်ငြာစာ အမှတ် ၃၇/ ၂ဝ၁၁ ဖြင့် ဖွဲ့စည်း တာဝန် ပေးခဲ့သည်။ မြန်မာ နိုင်ငံတွင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ ဆောင်ရွက် ရာ၌ ၁၉၉ဝ- ၉၁ ခုနှစ်နှင့် ၁၉၉၃ ခုနှစ်က ပြဋ္ဌာန်းချက်များ အတိုင်း လက်ရှိ ကျင့်သုံး ဆောင်ရွက် လျက်ရှိ၍ ဟိုတယ်နှင့် ခရီးသွား လာရေး လုပ်ငန်း ဝန်ကြီး ဌာနသည် ပြောင်းလဲ တိုးတက်လာ သော အခြေ အနေများနှင့် အညီ ပြဋ္ဌာန်းချက် များကို ပြင်ဆင်ရန် ကြိုးပမ်းလျက် ရှိသည်။
မြန်မာ့ ခရီးသွား လုပ်ငန်း ထာဝစဉ် ရှင်သန်ဖွံ့ဖြိုး တိုးတက် စေရန် ခရီးသွား လုပ်ငန်းကို ပြည်ထောင်စု သမ္မတ မြန် မာ နိုင်ငံတော် တစ်ဝန်းရှိ တော၊ တောင်၊ ရေ၊ မြေ သဘာဝ အလှ အပများ၊ သမိုင်း ယဉ်ကျေးမှု အမွေ အနှစ် များ၊ ဖော်ရွေ ပျူငှာ ရိုးသားသော တိုင်းရင်းသား လူမျိုးများ၏ ရိုးရာ ယဉ်ကျေးမှု၊ အလုပ်အကိုင်များကို စနစ်တကျ စီမံ အသုံးပြု သင့်သည်။ တိုင်းရင်းသား လူမျိုး အသီးသီး၏ ဝတ်စားဆင် ယင်မှု၊ အသုံးအဆောင် ပစ္စည်း များ၊ ဒေသထွက် သဘာဝ အသီးအရွက် အမြစ် အပွင့် ဆေးဖက်ဝင် ပစ္စည်းများ၊ ဥပမာ အားဖြင့် ကချင် ပြည်နယ်မှ မရှော့ရွက်၊ ရှီးဗရီး စသည်များ၊ ကရင်ပြည်နယ် သံတောင်ကြီး ဒေသမှ ပန်းခါးပင်ကဲ့သို့ တိုင်း ရင်းဆေး များ၊ အလားတူ တိုင်းဒေသ ကြီးနှင့် ပြည်နယ် အသီးသီးရှိ တော တောင်များမှ ရရှိသော ဆေးဖက်ဝင် ပစ္စည်း များသည် ကမ္ဘာလှည့် ခရီးသည် များကို ဆွဲဆောင်နိုင်သည်။ လက်ရှိ ကမ္ဘာလှည့် ခရီးသွားများ သွားရောက် လေ့လာ လည်ပတ် လျက်ရှိ သော ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွင် ဟိုတယ် လုပ်ငန်းရှင်များသည် တိုးတက် လာ ရောက်လည်ပတ် လေ့လာမည့် ကမ္ဘာလှည့် ခရီးသည် များအတွက် ဟိုတယ် များကို အပြိုင် အဆိုင် အခန်းများ တိုးချဲ့ကြခြင်း၊ ပြန်လည် တည်ဆောက် ခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာနမှလည်း ပုဂံဇုန် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း၏ ဦးဆောင်မှုဖြင့် ဟိုတယ် ဝန်ဆောင်မှု သင်တန်း အမှတ်စဉ် (၂/ ၂ဝ၁၂)ကို ပုဂံရှိ ဧရာ ဟိုတယ်၌ ဖွင့်လှစ်ပြီး Waiter သင်တန်း၊ အစား အသောက်နှင့် အဖျော်ယမကာ သင်တန်း၊ အိပ်ခန်းဆောင် ထိန်းသိမ်းရေး သင်တန်း၊ ဧည့်ကြို သင်တန်းများ တစ်လကြာ ဖွင့်လှစ် ပို့ချခဲ့ရာ ယင်း သင်တန်းသို့ သင်တန်းသား၊ သင်တန်း သူပေါင်း ၂၂ဝ ကျော် တက်ရောက် ခဲ့သည်။ ထို့အတူ မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင် မြို့၌ ပြင်ဦးလွင် ဒေသ ဟိုတယ် ဆိုင်ရာ ဧည့်ဝန် ဆောင်မှုသင်တန်း အမှတ်စဉ် (၁)ကို ဆုလာဘ် သခင် ဟိုတယ်၌ ဖွင့်လှစ်ခဲ့ရာ ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင် ကိုယ်တိုင် တက်ရောက် အမှာစကား ပြောကြား ခဲ့သည်။ ယင်းသင်တန်းတွင် ဧည့်ကြို သင်တန်း၊ အိပ်ခန်းဆောင် ထိန်းသိမ်းခြင်း သင်တန်း၊ အစား အစာနှင့် အဖျော် ယမကာ ထုတ်လုပ်မှု သင်တန်း၊ အစားအစာနှင့် အဖျော်ယမကာ ဧည့်ခံ ကျွေးမွေးမှုသင်တန်းများကို အဓိကထား သင်ကြား ပေးခဲ့ပြီး ယင်းသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၂၃၂ ဦး တက်ရောက် ခဲ့ကြသည်။
မြန်မာ့ခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက် လာသည်နှင့် အမျှ ဟိုတယ်အခန်း လိုအပ်ချက်များ  ပြည့်စုံရန် လိုအပ်သည်။ ပုဂံ ဒေသတွင် ဟိုတယ် အဆင့် မြှင့်တင်မှု ဆောင်ရွက်သည့် နည်းတူ ဟိုတယ်ဇုန် အသစ်များ ထပ်မံ ဖော်ထုတ် ရမည် ဖြစ်သည်။ ရှမ်းပြည်နယ် အစိုးရ အဖွဲ့က ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီး ဌာန၏ လုပ်ထုံး လုပ်နည်းများနှင့် အညီ ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေးကန်၏ အရှေ့ တောင်ဘက် ခြမ်း၌ တည် ရှိသော အင်ကြင်း ကုန်းကို ဟိုတယ်ဇုန် အဖြစ် ဆောင်ရွက် သွားမည် ဖြစ်ပြီး ယင်း အင်းလေးတွင် အသစ်ဖော် ထုတ် မည့် ဟိုတယ် ဇုန်ကို ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သစ်တော ရေးရာ ဝန်ကြီးဌာနက မြေငှားစနစ် ဖြင့် နှစ် ၆ဝ ငှားရမ်း လုပ်ကိုင်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။
ယခုအခါ မြန်မာ့ ခရီးသွား လုပ်ငန်း ထာဝစဉ် ရှင်သန်ဖွံ့ဖြိုး တိုးတက်ရေး အတွက် ယခုနှစ် စက်တင်ဘာ ၂၇ ရက် က နေပြည်တော်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟို ဌာန MICC တွင် ၂ဝ၁၂ ခုနှစ် ကမ္ဘာ့ ခရီးသွား လုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်း အနားကို ''ရေရှည် ဖွံ့ဖြိုးမှု မြှင့်တင်ဖို့၊ ခရီးသွားနှင့် စဉ်ဆက်မပြတ် စွမ်းအင် ကဏ္ဍ ပေါင်းစည်းစို့'' Tourism of Sustainable Energy Powering Sustainable Development ဟူသော ဆောင် ပုဒ်ဖြင့် ကျင်းပပြုလုပ် ခဲ့သည်။ ယင်းအခမ်း အနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက တက်ရောက် အမှာစကား ပြောကြား ခဲ့ရာတွင် များပြားလှသည့် ကြွယ်ဝမှုများ၊ ယဉ်ကျေးမှုနှင့် သဘာဝ အမွေ အနှစ်များ၊ စစ်မှန်သည့် ဧည့်ဝတ်ကျေပွန်မှု များနှင့် စိတ်ပိုင်း ဆိုင်ရာ တန်ဖိုးထားမှု များကို ထိတွေ့ မြည်းစမ်းရန် မြန်မာနိုင်ငံသည် ကမ္ဘာလှည့် ခရီးသွားများအတွက် စိတ်ဝင်စားစရာ ကောင်းသည့် နေရာ တစ်ခုပင် ဖြစ်ကြောင်းကို ထည့်သွင်း ပြောကြားခဲ့သည်။
ထို့ကြောင့် မြန်မာ့ ခရီးသွား လုပ်ငန်း ထာဝစဉ် ရှင်သန် ဖွံ့ဖြိုး တိုးတက်ရေး အတွက် လက်ရှိ အခြေအနေ များနှင့် လိုက်လျော ညီထွေ ဖြစ်စေမည့် ဟိုတယ်နှင့် ခရီးသွား ဆိုင်ရာ မူဝါဒများ၊ ပြဋ္ဌာန်း ချက်များကို တိုးမြှင့် သတ် မှတ် ပေးပြီး ပုဂံဒေသရှိ ဟိုတယ် ဇုန်များ၊  ပြင်ဦးလွင် ဒေသများကို အဆင့်မြှင့်တင် ပေးခြင်းအပြင် အင်းလေးဒေသ ဟိုတယ်ဇုန် အသစ်နေရာ၊ ပုပ္ပါးဒေသ ဟိုတယ်ဇုန် အသစ်နေရာ များကို အမြန်ဆုံး အကောင် အထည် ဖော်ရန် လိုအပ်သကဲ့သို့ ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ တောင်ငူခရိုင် တောင်ငူ မြို့သည် ကရင်ပြည်နယ် သံတောင်ကြီး မြို့နှင့် မိုင် ၃ဝ ခန့် ကွာဝေးသဖြင့် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များကို ကရင်ပြည်နယ်၏ သဘာဝ အလှအပများ ပေါကြွယ်ဝသော သံတောင်ကြီး မြို့နယ်သို့ ပို့ပေးနိုင်ရန် တောင်ငူဒေသ ဟိုတယ်ဇုန် အသစ် တိုးမြှင့် ဖော်ထုတ်ခြင်း စသည်တို့ကို ဆောင်ရွက် သင့်ပါကြောင်း တိုက်တွန်း ရေးသား ဖော်ပြအပ်ပါသည်။
ဆောင်းပါးရှင်- တက္ကသိုလ် ပွင့်သူအောင်
Source : Myawady

မြန်မာပိုင် Rv Thurgau Exotic အပျော်စီးသင်္ဘော ရန်ကုန်-ပုဂံ-မန္တလေး ပထမဆုံခရီးစဉ်စတင်ပြေးဆွဲမည်

ရန်ကုန်-ပုဂံ-မန္တလးခရီးစဉ်သို့ နိုင်ငံခြားသားခရီးသွားများ သီးသန့် ပို့ဆောင်ပေးရန် အတွက် မြန်မာနိုင်ငံကုမ္ပဏီတစ်ခုဖြစ်သော Upland Travels & Tour Co. Ltd မှ တည်ဆောက်ခဲ့သော Rv Thurgau Exotic အပျော်စီးသင်္ဘောကြီးမှာ နိုဝင်ဘာ (၇)  ရက်နေ့မှစတင်၍ ရန်ကုန်မြို့ ဗိုလ်တထောင် ဆိပ်ကမ်းမှ ပထမဦးဆုံးခရီးစဉ် အဖြစ်စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါခရီးစဉ်၌ ရန်ကုန်- ပုဂံ-မန္တလေးမြို့များအပြင်အခြား မြို့ဆိပ်ကမ်းသို့လည်း ဆိုက်ကပ်၍ ခရီးသည်များ ၀င်ရောက်လေ့လာနိုင်ရန် စီစဉ်ပေးထားသည့်ပြင် ရေလမ်းကြောင်း ကျွမ်းကျင်သော အငြိမ်းစား ရေယာဉ်မှူးကြီးများ ကိုယ်တိုင်မောင်းနှင့်သွားမည်ဖြစ်ကြောင်း၊ ဆွစ်ဇာလန်နိုင်ငံThur gau Travel A အဖွဲ့နှင့် ချိတ်ဆက် ပြီး ဂျာမန်ခရီးသည်အများစုပါဝင် မှာဖြစ်ကြောင်း၊ ခရီးစဉ်၌ခရီးသည်   (၂၈) ဦးပါဝင်ကာသင်္ဘောတွင် အိပ်ခန်း (၁၅) ခန်းပါဝင်ကြောင်း နှင့် အသွား (၁၅) ရက်၊ အပြန် (၁၅) ရက် စုစုပေါင်းရက်ပေါင်း (၃၀) ကြာမှာဖြစ်ပြီး ခရီးသွားများသင်္ဘောပေါ်တွင် စားသောက်  နေထိုင်ရေးနှင့် ရောက်ရှိသော မြို့ကြီးများတွင် တည်းခိုးရေး၊ ပို့ဆောင်ရေးကိစ္စများအတွက် Thurgau Travel A အဖွဲ့မှ စီစဉ် ပေးသွားမှာဖြစ်ကြောင်း နိုင်ငံခြား သားခရီးသည်များကိုသာ စီးနင်း ခွင့်ပြုမည်ဖြစ်ရာလိုက်ပါလိုသော နိုင်ငံခြားသားခရီးသွားများအနေ  ဖြင့် ဆွစ်ဇာလန်နိုင်ငံရှိ Thurgau Travel A သို့ www.Thurgautra velch နှင့် Email- Uplandtours @wimaxmail.net.mm သို့မဟုတ်Tel + ၄၁ (0) ၇၁၆၂၆၅၅၀၀ သို့ ဆက်သွယ်နိုင်ကြောင့်း Upland Travels & Tours Co.Ltd မှ ဒါရိုက်တာဦးမျိုးအောင်ထံမှ သိရှိ ရသည်။

ရွှေတိဂုံ စေတီတော်၌ နိုင်ငံခြားသား ဧည့်သည်များ အပြင် ပြည်တွင်း ဘုရားဖူး များပါ ဝိုင်ဖိုင် အခမဲ့ အသုံးပြု နိုင်ရန် ညှိနှိုင်း ဆောင်ရွက်မည်

ရွှေတိဂုံ စေတီတော်တွင် သြဂုတ် ၁၅ ရက်မှစ၍ ဘုရားဖူး လာရင်း အင်တာနက် အသုံးပြုလိုသည့် နိုင်ငံခြားသား များ အတွက် အသုံးပြု နိုင်အောင် ဝါယာလက် ဝိုင်ဖိုင် အင်တာနက် တပ်ဆင် ဆောင်ရွက်ပေးထားကြောင်း သိရသည်။ အဆိုပါ ဆောင်ရွက်ချက်သည် နိုင်ငံခြားသားများအတွက် ဝန်ဆောင်မှုအသစ်ဖြစ်ကာ အခမဲ့ အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးထားခြင်းမျိုး ဖြစ်သည်။ အခမဲ့ အသုံးပြုခွင့် ပေးသည် ဆိုသော်လည်း ကန့်သတ် ချက် အနေဖြင့် နာရီဝက်သာ အသုံးပြုခွင့် ရမည်ဖြစ်ပြီး နာရီဝက်ပြည့်လျှင် အော်တို ရပ်ဆိုင်း သွားရန် စီမံ ဆောင်ရွက် ထားသည်။ ယင်းကန့်သတ်ချက်သည် အစပိုင်း ဖြစ်၍ စမ်းသပ်သည့် သဘော ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဝါယာလက် ဝိုင်ဖိုင်အား Crystal Shine ကုမ္ပဏီက လှူဒါန်းခြင်း ဖြစ်ပြီး Acer Product ကွန် ပျူတာ များကို ရွှေလမင်း နဂါး ကုမ္ပဏီက လှူဒါန်းခြင်း ဖြစ်သည်။ ဘုရား တံခါးဖွင့်ချိန်မှ ပိတ်ချိန် အထိ သုံး စွဲနိုင်အောင် တောင်ဘက်မုခ်တွင် ပထမ ဦးစွာ တပ်ဆင် ထားပေးသည်။ တပ်ဆင်ခြင်းကြောင့် ပေါ်ပေါက် လာသော အကျိုးအပြစ်များ အပေါ် မူတည်ပြီး ဘုရားဖူးလာ တိုင်းရင်းသား ပြည်သူများ သုံး စွဲ နိုင်အောင်ပါ ဆောင်ရွက်လျက် ရှိကြောင်း ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်း ပြော ကြားသည်။

Wednesday, November 07, 2012

အောက်တိုဘာလ အတွင်း ရန်ကုန် လေဆိပ်မှ ပြည်ပ ခရီးသွား နှစ်သောင်း နီးပါး ပိုမိုဝင်ရောက်ခဲ့

အောက်တိုဘာ လအတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်ပခရီးသွား ၀င်ရောက်ခဲ့ မှုဟာ ပြီးခဲ့တဲ့ စက်တင်ဘာလထက် လူဦးရေ နှစ်သောင်းနီးပါး ပိုမိုများပြား လာတယ်လို့ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ပြီးခဲ့တဲ့ စက်တင်ဘာ လအတွင်း ပြည်ပခရီးသွား လူဦးရေ သုံးသောင်း ရှစ်ထောင် ကျော်သာ ၀င်ရောက်ခဲ့ပြီး အောက်တိုဘာလမှာတော့ ပြည်ပခရီးသွား ငါးသောင်း ခုနှစ်ထောင် ကျော်အထိ တိုးတက်ဝင်ရောက်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ၀င်ရောက်ခဲ့တဲ့ ပြည်ပခရီးသွားများတွေထဲမှာ ထိုင်းနိုင်ငံမှ ခရီးသွားများဟာ အများဆုံး ဖြစ်ပြီး လူဦးရေ တစ်သောင်းကျော်အထိ ၀င်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယ ၀င်ရောက်မှု အများဆုံးကတော့ ဂျပန်နိုင်ငံမှ ခရီးသွားများဖြစ်ပြီး ခရီးသွား လေးထောင့် သုံးရာ ကိုးဆယ့်ခြောက် ဦးရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် အာရှနိုင်ငံများဖြစ်တဲ့ တရုတ်၊ ကိုရီးယား၊ မလေး၊ စင်္ကာပူ အစရှိတဲ့ နိုင်ငံများမှလည်း ခရီးသွားဝင်ရောက်မှုများ ရှိဖြစ်ပါတယ်။

ဒါ့အပြင် အနောက်ဥရောပ နိုင်ငံများက ခရီးသွားဝင်ရောက်မှုမှာတော့ အမေရိကန် နိုင်ငံမှ အများဆုံး ဖြစ်ပြီး သုံးထောင့် ရှစ်ရာ သုံးဆယ့် ခုနှစ်ဦးနဲ့ အခြားနိုင်ငံ တွေဖြစ်တဲ့ ယူကေ၊ ဂျာမနီ၊ ပြင်သစ်၊ စပိန် အစရှိတဲ့ နိုင်ငံများမှလည်း ခရီးသွား ၀င်ရောက်မှုများ ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုလို ပြည်ပ ခရီးသွား ၀င်ရောက်မှု တွေမှာ ကမ္ဘာလှည့် ဗီဇာနဲ့ လာရောက်သူ သုံးသောင်း ခုနှစ်ထောင့် လေးရာကျော် ရှိပြီး ကျန်တဲ့လူဦးရေ ကတော့ အခြားဗီဇာများနဲ့ လာရောက်သူများ ဖြစ်တယ်လို့ သိရပါတယ်။

Source : MRTV4

Thursday, November 01, 2012

မြန်မာနိုင်ငံကူးလက်မှတ် အမျိုးအစားခုနစ်မျိုးကို သက်တမ်းသုံးနှစ်မှ ငါးနှစ်အထိတိုးမြှင့်

မြန်မာနိုင်ငံကူးလက်မှတ် အမျိုးအစားခုနစ်မျိုးကို ယခင်သက်တမ်းသုံးနှစ်သာပေးရာမှ ယခုအခါတွင် ငါးနှစ်အထိတိုးမြှင့်ပြီး နိုဝင်ဘာလ ၁ ရက်နေ့လျှောက်ထားသူများမှစ၍ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေး ရေးရုံး(ရန်ကုန်)မှ ဌာနခွဲမှူး ရဲမှူး စိုးထွန်းအောင်ထံမှ သိရှိရသည်။ ''ကျွန်တော်တို့ကတော့ သာမန်နိုင်ငံကူးလက်မှတ်ထုတ်ပေးပါတယ်။ အဲဒီမှာ သင်္ဘောသား၊ အလုပ်၊စီးပွားရေး၊ ကျောင်းသား၊ ဘာသာရေး၊ အလည်နဲ့ မှီခိုဆိုပြီး အမျိုးအစားခုနစ်မျိုး ထုတ်ပေးပါတယ်။ အဲဒီခုနစ်မျိုးစလုံးကို အရင်သုံးနှစ်သက်တမ်းပေးရာကနေ အခုငါးနှစ်သက်တမ်း တိုးပေးသွားမှာဖြစ်ပါတယ်။ နိုဝင်ဘာလ ၁ ရက်နေ့မှာ လာလျှောက်တဲ့သူတွေကစပြီး ငါးနှစ်သက်တမ်းရှိတဲ့  နိုင်ငံကူးလက်မှတ်ကို ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။အရင်ကတော့ သင်္ဘောသားပတ်စပို့ကိုပဲ ငါးနှစ်သက်တမ်းပေးခဲ့တာဖြစ်ပါတယ်'' ဟု ရဲမှူးစိုးထွန်းအောင်က ပြောကြားခဲ့သည်။ နိုင်င်ငံကူးလက်မှတ် သက်တမ်းကို ငါးနှစ်တိုးမြှင့်ပေးသော်လည်း   နိုင်ငံကူးလက်မှတ်လုပ်ထုံးလုပ်နည်းများ ပြောင်းလဲခြင်း၊ ငွေကြေးပေးသွင်းမှုများ ပြောင်းလဲခြင်းများမရှိဘဲ ယခင်နှုန်းအတိုင်းသာ ကျသင့်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။ ''သက်တမ်းကို ငါးနှစ်တိုးပေးပေမယ့် အရင်အတိုင်းပဲ ကုန်ကျမှာ ဖြစ်ပါတယ်။ စာအုပ်သက်တမ်းတိုးလို့ ကျန်တာဘာမှတိုးတောင်းတာ မရှိပါဘူး။ စာအုပ်ဖိုးလည်း အရင်အတိုင်းပါပဲ '' ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။

ယခုကဲ့သို့ နိုင်ငံကူးလက်မှတ် တိုးမြှင့်ပေးရခြင်းမှာ ပြည်သူများ အဆင်ပြေစေရန်အတွက် ဖြစ်ကြာင်းကိုလည်း '' ဒီလိုသက်တမ်းတိုးမြှင့်ပေးရတာက ပြည်သူတွေအဆင်ပြေအောင်ဖြစ်ပါတယ်။ အရင်က သုံးနှစ်ပေးတယ်။ ဒါပေမယ့် ဗီဇာလျှောက်ရင် ခြောက်လ သက်တမ်းရှိရမယ်ဆိုလို့ လက်ထဲမှာ  နှစ်နှစ်ခွဲပဲကိုင်ရမယ်။ အခုလက်ထဲမှာ လေးနှစ်ခွဲကိုင်လို့ရတယ်ဆိုတော့ ပိုအဆင်ပြေမှာဖြစ်ပါတယ်'' ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။
ယခုကဲ့သို့ နိုင်ငံကူးလက်မှတ် သက်တမ်းကို ငါးနှစ်သို့ တိုးမြှင့်ပေးခြင်းကိုအကြောင်းပြု၍ ကြားခံ ဆောင်ရွက်ပေးသူများက အခြားလုပ်ဆောင်ရမည့်အချက်များ၊ စာအုပ်ဖိုးပေးသွင်းရာတွင် ယခင်ပေးသွင်းရသည့်နှုန်းထက် ပိုမိုပေးသွင်းရသည်ဟု ပြောဆိုမှုများကိုလည်း    နိုင်ငံကူးလက်မှတ် လျောက်ထားသူများ အနေဖြင့် သတိထားရန်လိုအပ်ပြီး     နိုင်ငံကူးလက်မှတ် လုပ်ဆောင်ရာတွင် လိုအပ်သည့်အချက်များ၊ ပေးသွင်းရသည့် ငွေကြေးကုန်ကျမှုများကိုလည်း အများပြည်သူများ သိရှိနိုင်ရန် ဆောင်ရွက်ပေးထားသည်ဟု သိရှိရသည်။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ  ဇူလိုင်လကုန်အထိ ခုနစ်လတာကာလအတွင်း နိုင်ငံကူးလက်မှတ် တစ်သိန်း နှစ်သောင်းကျော် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

Source : News Eleven