Thursday, December 12, 2013

ထိုင်းနိုင်ငံ အတွင်း မငြိမ်သက်မှုများကြောင့် မြန်မာ့ ခရီးသွားလုပ်ငန်း ထိခိုက်လာမည်ကို စိုးရိမ်နေကြ

ရန်ကုန် ဒီဇင်ဘာ ၁ဝ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး
မြန်မာနိုင်ငံသို့ လာရောက်ကြသော ကမ္ဘာလှည့် နိုင်ငံခြားသား ခရီးသွားဧည့်သည် တချို့သည် ထိုင်းနိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက် လာတတ်ကြသည်။
ထို့အပြင် ၎င်း နိုင်ငံအတွင်းမှ ခရီးသွားဧည့်သည် အများစုမှာလည်း ခရီးသွား ရာသီသို့ ရောက်လာသောအခါ မြန်မာနိုင်ငံသို့ အများအပြား လာရောက် လည်ပတ်လေ့ ရှိကြသည်။ ယခုအခါ ထိုင်းနိုင်ငံ အတွင်း၌ နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပွားလျက်ရှိရာ အဆိုပါ မတည်ငြိမ်မှု များကြောင့် မြန်မာ့ ခရီးသွား လုပ်ငန်းအပေါ် အကျိုး သက်ရောက်မှုများ ရှိလာနိုင်ပြီး ယခုနှစ် ခရီးသွား ရာသီတွင် နိုင်ငံခြားသား ခရီးသွားဦးရေ ဝင်ရောက် မှုလျော့ကျသွားမည်ကို မြန်မာနိုင်ငံမှ ခရီးသွား လုပ်ငန်းရှင်တချို့က စိုးရိမ်လျက် ရှိကြသည်။
ထိုသို့ စိုးရိမ်ပူပန်မှုများ ရှိကြသော်လည်း လက်ရှိ အနေအထား အရ မြန်မာနိုင်ငံတွင် ခရီးသွား ရာသီ၌ ပုံမှန် ဝင်ရောက်လေ့ရှိသော နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ၏ အရေအတွက်သည် ယခုနှစ်တွင်လည်း လျော့ကျသွားခြင်း မရှိ သည့်အပြင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ လာရောက်ကြသော နိုင်ငံခြား သားများစွာပင် ယခုရက်ပိုင်း၌ အဆက်မပြတ် ဝင်ရောက်လာလျက် ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် လက်ရှိ ဖြစ်ပွားနေသော နိုင်ငံရေး မတည်ငြိမ်မှုများ၊ ဆန္ဒပြမှုများသည် လအတန်ငယ် ကြာလာပြီ ဖြစ်သော်လည်း ယင်း အဖြစ်အပျက်များကြောင့် ယခုအချိန်အထိ မြန်မာ့ခရီးသွား လုပ်ငန်းအပေါ် များစွာ ထိခိုက်မှု မရှိသေးကြောင်း၊ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ကြသော နိုင်ငံခြားသား ခရီးသွား ဧည့်သည်များတွင် ထိုင်းနိုင်ငံမှ တစ်ဆင့် ဝင်ရောက်လာသူများမှာ အများဆုံး ဖြစ်ကြောင်းနှင့် ယခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံခြားသား ခရီးသွားများ အရေအတွက်ကို ၂ ဒသမ ၃ သန်းခန့် အထိ ခန့်မှန်း ထားကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။
ဆောင်းဦး
Source : Myawady

Wednesday, December 11, 2013

မြန်မာ့ပင်မ ခရီးသွား စီမံကိန်းကို အာရှဖွံ့ ဖြိုးရေး ဘဏ်နှင့် နော်ဝေ အစိုးရတို့ ကူညီမည်

ရန်ကုန် ဒီဇင်ဘာ ၉ မြန်မာနိုင်ငံ အတွင်း၌ ဖော်ဆောင်မည့် ပင်မခရီးသွား စီမံကိန်းကို အာရှဖွံ့ဖြိုးရေး ဘဏ်နှင့် နော်ဝေ အစိုးရတို့က ထောက်ပံ့ကူညီ သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။
အဆိုပါ စီမံကိန်း ဖော်ဆောင်ရာတွင် မြန်မာနိုင်ငံအား ကမ္ဘာပေါ်၌ ထင်ရှားသော ခရီးသွား နေရာသစ် တစ်ခုအဖြစ် မြှင့်တင်ခြင်း၊ နိုင်ငံသားများ အတွက် အခြေခံ အဆောက်အအုံ တိုးတက်လာစေရန်၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်၊ အဆင့်အတန်းနှင့် အရည်အသွေး မြင့်သော ခရီးစဉ် ဒေသများ တိုးပွားလာစေရန်နှင့် အဖွဲ့အစည်းများ အင်အား တောင့်တင်းရန်၊ စီမံခန့်ခွဲမှုနှင့် စီမံကိန်းများ ရေးဆွဲရန်တို့ ပါဝင်ကြောင်း သိရသည်။ ယင်းအတွက် နိုင်ငံတကာမှ အကူအညီများ ရယူပြီး ဖော်ဆောင်သွား မည် ဖြစ်ကြောင်း သိရသည်။
''မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်း ဖော်ဆောင်လို့ ရတဲ့နေရာတွေ အများကြီး ရှိပါတယ်။ အရင်ကလုပ်ဖို့ ကြိုးပမ်းခဲ့တာ မအောင်မြင် ခဲ့ပါဘူး။ အခုအကောင်အထည် ဖော်နိုင်တော့ မှာပါ။ ဒေသတွင်း ပြည်သူတွေ အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးလာစေမှာ ဖြစ်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။
ထို့အပြင် မြိတ်ကျွန်းစုဒေသ၊ ပူတာအိုဒေသ၊ မောတောင်ဒေသ၊ လွိုင်ကော် ဒေသနှင့် နာဂ လမ်းများကို ယခင်ကထက် ပိုမိုသွားလာရ အဆင်ပြေစေရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ခရီးသွား လုပ်ငန်း တိုးမြှင့်ရေး ပြုလုပ်မည့် ဇုန်ဒေသများကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် လူဇင်ဘတ်နိုင်ငံမှ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးတို့ ပူးပေါင်းပြီး ဒေသခံများနှင့် ဆွေးနွေးမှုများ အပြင် အချက်အလက် ကောက်ခံမှု များလည်း စတင်ပြုလုပ်လျက် ရှိကြောင်း သိရသည်။
အဆိုပါ ပင်မခရီးသွား စီမံကိန်း အကောင်အထည် ဖော်ရာတွင် စီမံကိန်း ပရောဂျက် ၃၈ ခုရှိပြီး ကုန်ကျစရိတ် အနေဖြင့် အမေရိကန် ဒေါ်လာ သန်း ၅ဝဝ ရှိမည်ဖြစ်ပြီး လက်ရှိလုပ်ကိုင်မည့် စီမံကိန်း ပရောဂျက် ၂၁ ခုအတွက် အမေရိကန် ဒေါ်လာ ၂၁၅ ဒသမ ၆သန်း ရရှိထားကြောင်း သိရသည်။
စိုးမိုး
Source : Myawady

Thursday, December 05, 2013

မြန်မာ-ဖိလစ်ပိုင် ဗီဇာကင်းလွတ်ခွင့် လက်မှတ်ရေးထိုးမည်

မြန်မာနဲ့ ဖိလစ်ပိုင် နိုင်ငံအကြား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ရေး သဘောတူစာချုပ်ကို မနက်ဖြန်မှာ သဘောတူလက်မှတ်ရေးမယ်လို့ ဖိလစ်ပိုင်အစိုးရက ဒီကနေ့ကြေညာပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မြန်မာ၊ ဖိလစ်ပိုင် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဒီကနေ့မှာ ဖိလစ်ပိုင်နိုင်ငံကိုရောက်ရှိခဲ့ပြီး မနက်ဖြန်မှာ ဒီသဘောတူစာချုပ် လက်မှတ်ထိုးပွဲကို တက်ရောက်မယ်လို့ ဖိလစ်ပိုင်သမ္မတ ပြန်ကြားရေးအတွင်းဝန် ဆန်နီကိုလိုမာက ပြောပါတယ်။

ဦးသိန်းစိန်ရဲ့ ၂ ရက်ကြာ ဖိလစ်ပိုင်ခရီးစဉ်ဟာ သမ္မတဖြစ်အပြီး ပထမဆုံး ဖိလစ်ပိုင်ခရီးစဉ်ဖြစ်သလို နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှုကိစ္စရပ်တွေကို ဆွေးနွေးမယ်လို့ သိရပါတယ်။ သမ္မတဦးသိန်းစိန်ဟာ မနက်ဖြန်မနက်မှာ ဖိလစ်ပိုင် လွတ်လပ်ရေးခေါင်းဆောင် ဟိုဆေးရီဇော် အမှတ်တရရုပ်တုမှာ သွားရောက်အလေးပြုဖို့ရှိပြီး နေ့ခင်းမှာ ဖိလစ်ပိုင်သမ္မတက နေ့လည်စာ တည်ခင်းဧည့်ခံဖို့ရှိတယ်လို့ သိရပါတယ်။

ဒီခရီးစဉ်အတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ခတ်ခဲ့တဲ့ ယိုလန်ဒါ တိုင်ဖွန်းမုန်တိုင်းနဲ့ ငလျင်ဒဏ်ခံခဲ့ရတဲ့ ဖိလစ်ပိုင်ပြည်သူတွေအတွက် မြန်မာနိုင်ငံကအလှူကို ပေးအပ်လှူဒါန်းမယ်လို့လည်း ဖိလစ်ပိုင်သမ္မတနန်းတော်က သတင်းထုတ်ပြန်ပါတယ်။

Source : RFA Burmese

Wednesday, October 02, 2013

ဆီးဂိမ်းအတွက် ဗီဇာမလိုပဲ မြန်မာပြည် လာနိုင်

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပြိုင်ပွဲ အိမ်ရှင်အဖြစ်ကျင်းပမြန်မာနိုင်ငံက အားကစား တာဝန်ရှိသူ တွေ၊ နည်းပြတွေနဲ့ အားကစားသမားတွေအနေနဲ့ ဗီဇာ မလိုပဲ လာရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ 
အားကစား ၀န်ကြီးဌာန တာဝန်ရှိသူတဦးကို ကိုးကားပြီး ပြန်ကြားရေး ၀က်ဆိုက်မှာ ဗီဇာ မလိုပဲ လာနိုင် တာကို ဖော်ပြ ထားပါတယ်။ 

ဒီဇင်ဘာလ ဆီးဂိမ်းပြိုင်ပွဲမှာ ဆီးဂိမ်းပြိုင်ပွဲဝင် အဖွဲ့ဝင်နိုင်ငံများမှ အားကစား တာဝန်ရှိသူများ၊ နည်းပြ များနှင့် အားကစား သမားတွေအနေ နဲ့ ဗီဇာမလိုဘဲ လာရောက်နိုင်မှာ ဖြစ်ပါတယ်။ ဗီဇာအစား အသိ အမှတ်ပြု ကတ်ပြား (Accreditation Card) တွေနဲ့ ဝင်ရောက်ခွင့်ပြုမှာ ဖြစ်ပါတယ်”လို့ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ နိုင်ငံတကာဆက်ဆံရေး အတွင်းရေး မှူး ဒေါက်တာမြတ်သူရစိုးက ပြောထားပါတယ်။ 

အဲဒီလို ကတ်ပြားတွေနဲ့ လူပေါင်း ၁ သောင်းကျော်လာမှာဖြစ်ပြီး (Accreditation Card) ကတ်ပြားတွေကို အရောင် ၁၁ မျိုး နဲ့ သတ်မှတ်ထားပြီး မီဒီယာသမားတွေလည်း ဗီဇာ မလိုတဲ့ အထဲ ပါဝင်တယ် လို့ ပြန်ကြားရေး ၀က်ဆိုက်က ဖော်ပြထားပါတယ်။ 

“နိုင်ငံ့ အကြီးအကဲများ၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် နိုင်ငံများ မှ နည်းပြနှင့် တာဝန်ရှိသူများ၊ အားကစားသမားများ၊ မီဒီယာ အဖွဲ့များ ပါဝင်ကြောင်း၊ ယင်းတို့သည် ဗီဇာမလိုဘဲ ကတ်ပြားများဖြင့် မြန်မာနိုင်ငံသို့ လာရောက် ကြမည်ဖြစ်ကြောင်း သိရသည်” လို့ ပြန်ကြားရေး ၀က်ဆိုက်က ဆိုပါတယ်။ 

ဆီးဂိမ်းအတွက် လာရောက်ကြမယ့်သူတွေဟာ လာမယ့် နိုဝင်ဘာလ ၂၄ ရက်က စပြီး လာရောက်ကြ မှာ ဖြစ် သလို မြန်မာဘက်ကတော့ အားကစားကွင်းတွေ၊ တည်းခိုမယ့် အားကစားရွာတွေလည်း အဆင်သင့် ဖြစ်နေပြီ ဖြစ်လို့ မကြာခင် ဖွင့်လှစ်တော့မယ်လို့ ဆိုပါတယ်။ 

အိမ့်သံစဉ်~
Source : The Irrawaddy

Monday, September 30, 2013

မြန်မာ- ဗီယက်နမ် ၂ နိုင်ငံဗီဇာကင်းလွတ်ခွင့်စာချုပ် လက်မှတ်ထိုး

မြန်မာနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ ဗီဇာ ကင်းလွတ်ခွင့် သဘောတူ စာချုပ်ကို ၂ နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးတွေက လက်မှတ်ရေးထိုးလိုက်ကြပါပြီ။

“နှစ်နိုင်ငံ အစိုးရတို့အကြား သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအား ဗီဇာ ကင်းလွတ်ခွင့် ပြုရေး ဆိုင်ရာ သဘောတူ စာချုပ် ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေး ဝန်ကြီးဌာန 
ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံတော် နိုင်ငံခြားရေး ဝန်ကြီး H.E. Pham Binh Minh တို့က စက်တင်ဘာ ၂၆ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့၌ လက်မှတ်ရေးထိုး၍ ချုပ်ဆိုခဲ့ကြောင်း” လို့ ပြန်ကြားရေး ၀က်ဆိုက်မှာ ဖော်ပြထားပါတယ်။ 

အခုလို မြန်မာ - ဗီယက်နမ် ၂ နိုင်ငံ ဗီဇာ ကင်းလွတ်ခွင့်ရှိလာတာကြောင့် ၂ နိုင်ငံ နိုင်ငံသားတွေဟာ သက်ဆိုင်ရာ သံရုံးမှာ ဗီဇာ လျှောက်ထားစရာမလိုပဲ အပြန်အလှန် လွတ်လပ်စွာ ခရီးသွားနိုင်တော့မှာ ဖြစ်ပါတယ်။ 

အခုလို ပွင့်လင်း လွတ်လပ်စ ပြုလာတဲ့ မြန်မာနိုင်ငံမှာလည်း ဗီယက်နမ် ကုမ္ပဏီတွေက လာရောက် ရင်းနှီးမြှုပ်နှံတာတွေလည်း လုပ်နေသလို တချို့လည်း လာဖို့ ပြင်ဆင်နေတာတွေလည်း ရှိတယ်လို့ သတင်းတွေက ဆိုကြပါတယ်။ 

အာဆီယမ်အဖွဲ့ဝင်နိုင်ငံတွေအချင်းချင်း ဗီဇာ ကင်းလွတ်ခွင့်ရည်မှန်းချက် ထားလုပ်ဆောင်နေတာလည်း ရှိပြီး ဒါကတော့ တနိုင်ငံချင်းစီအလိုက် ဗီဇာ ကင်းလွတ်ခွင့် သဘောတူစာချုပ် ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။ 

အိမ့်သံစဉ် ~ 
Source : The Irrawaddy