ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့ ရှင်စောပုရပ်ကွက် ဆိုရှယ်လစ် (၁) လမ်း ကသစ်မြောင်း ချောင်းရိုးဘေး
ကာလီမာ ဘုရားကျောင်းဝင်း အတွင်း၌ ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် မုတ္တမတောင်တန်း မီးဆိုင်းတောင် ဆရာတော် ဘဒ္ဒန္တသုနန္ဒ၏ လမ်းညွှန်ချက်ဖြင့် တော်ဝင်ရဲထွဋ် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးရဲထွဋ်လင်း၊ ဦးမောင်မောင်သက်စိုး၊ ဦးကျော်လင်းဦးတို့ ဦးဆောင်ကာ ရှေးဟောင်း ခေါင်းလောင်းတော်ကြီး တူးဖော်မည့် မြေနေရာကို ကွင်းဆင်းစမ်းသပ် တိုင်းတာ ခဲ့ကြောင်း သိရသည်။
အဆိုပါ ခေါင်းလောင်းတော်ကြီးသည် ဘုရင်မကြီး ရှင်စောပု လက်ထက်တွင် သွန်းလုပ်သည်ဟု ယူဆ ရသော အချင်း ၁၅ ပေခန့်၊ ထုတစ်တောင်ခန့်ရှိ ရှေးဟောင်း ကြေးခေါင်းလောင်းတော်ကြီး တည်ရှိနိုင်သည့် နေရာကို ဒီဇင်ဘာ ၁၆ ရက်မှ စတင်စမ်းသပ် တိုင်းတာ တူးဖော်ရာ ဒီဇင်ဘာ ၁၇ ရက်တွင် ကာလီမာဘုရား ကျောင်းအောက် အနက် ပေ ၂ဝ ၌ သတ္တုဟု ယူဆရသော ပစ္စည်းအချို့ စမ်းသပ် တွေ့ရှိသည်။
ရှေးဟောင်း ခေါင်းလောင်းတော်ကြီး တူးဖော်ရာတွင် ဦးရဲထွဋ်လင်းနှင့် အဖွဲ့သည် မိမိတို့စရိတ်ဖြင့် တူးဖော် ကြမည် ဖြစ်ပြီး ခေါင်းလောင်းတော်ကြီး ရရှိပါက နိုင်ငံတော် အကြီးအကဲများထံ တင်ပြ၍ နိုင်ငံတော်သို့ လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။