Saturday, April 05, 2014

ရန်ကုန်နဲ့ အနီးဆုံး အပန်းဖြေကမ်းခြေအတု

ညောင်ချောင်းသာ (ရန်ကင်းသာ ကမ်းခြေ) Photograph by − Lyn Lyn

ဒီတစ်ပတ်အားလပ်ရက်မှာ ရန်ကုန်မြို့ကနေ နာရီပိုင်းလောက်သွားရုံနဲ့ ကမ်းခြေတစ်ခုရဲ့အရသာမျိုးနဲ့ အပန်းဖြေနိုင်တဲ့ နေရာတစ်ခုကို ညွှန်ပြချင်ပါတယ်။

 ဧရာဝတီ တိုင်းဒေသကြီး ညောင်တုန်းမြို့နယ်မှာ ရှိတဲ့ ညောင်ချောင်းသာ(ခေါ်)ရန်ကင်း သာ အပန်းဖြေနေရာလေးပါ။ ရန်ကုန်မြို့နဲ့ သိပ်မဝေးလှဘဲ ထူး ဆန်းပြီးသဘာဝအလျောက်ဖြစ် ပေါ်နေတဲ့ အပန်းဖြေနေရာတစ် ခုကို ခံစားရမှာပါ။

ဧရာဝတီမြစ်ရဲ့ မြစ်လက် တက်တစ်ခုဖြစ်တဲ့ ပန်းလှိုင်မြစ်ထဲ မှာ နွေရာသီရေကျချိန် ပေါ်လာ စမြဲဖြစ်တဲ့ သဲသောင်ပြင်ကြီးကို အပန်းဖြေနေရာ တစ်ခုအနေနဲ့ သတ်မှတ်ထားပြီး အဲဒီနေရာကို လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကစပြီး လာ ရောက်အပန်းဖြေသူများလာခဲ့ပါ တယ်။

ရန်ကုန်မှ သွားမယ်ဆိုရင် သိပ်မဝေးဘဲ ညောင်တုန်းကို ကားနဲ့ နှစ်နာရီခန့်သာမောင်းရပါ တယ်။ ညောင်တုန်းရောက်ပြီဆို တာနဲ့ ညောင်ချောင်းသာကို မသိ တဲ့လူက ရှားပါတယ်။

ရန်ကုန်ကနေဆိုရင် ညောင် ချောင်းသာအရောက်ကို ၃၅ မိုင် ဝေးတာကြောင့် မနက်စောစော ၆ နာရီလောက်သွားမယ်ဆိုရင် ၈ နာရီလောက်ရောက်နိုင်ပြီး အသွားအပြန် လေးနာရီခန့်သာကြာနိုင်မှာပါ။

ကိုယ်ပိုင်ကားနဲ့ သွားရောက် မယ့်သူတွေအတွက် ရန်ကင်းသာ ကမ်းခြေမှာ ကားပါကင် လုံလုံ လောက်လောက်ကိုလည်း စီမံ ပေးထားပါတယ်။

လိုင်းကားနဲ့ သွားသူတွေ ကတော့ လှိုင်သာယာ ဒဂုံဧရာ အဝေးပြေးဝင်းကနေ ညောင်တုန်း ကိုသွားတဲ့ လိုင်းကားများစွာရှိပြီး ညောင်တုန်းမြို့  ရောက်တာနဲ့ အပန်းဖြေနေရာရှိတဲ့ ရန်ကင်းစံ သာကျေးရွာကိုသွားဖို့ သိပ်မဝေး တော့ပါဘူး။

ညောင်တုန်းမြို့ကို ရောက် တာနဲ့ ညောင်ချောင်းသာကမ်းခြေကိုသွားဖို့ ကားနဲ့ ၁၅ မိနစ် လောက် ဆက်မောင်းရပြီး မြို့ထဲ ကိုဝင်တာနဲ့ ကမ်းခြေရှိတဲ့ နေရာကို ညွှန်ပြထားတဲ့ ဆိုင်းဘုတ် တွေကို နေရာအနှံ့တွေ့ရမှာဖြစ်ပါတယ်။

ရန်ကုန်က သူငယ်ချင်းတွေ၊ မိသားစုတွေ စုပြီးသွားမယ်ဆိုရင် ကားငှားရမ်းခမှာ လိုက်ထရပ်တစ် စီးကို ကျပ်သုံးသောင်းမှ လေး သောင်းခန့်ပေးရပါလိမ့်မယ်။

ညောင်ချောင်းသာကမ်းခြေ ကိုရောက်တာနဲ့ ထူးဆန်းစွာ သဘာဝအလျောက်ဖြစ်ပေါ်နေ တဲ့ သဲသောင်ပြင်ကြီးပေါ်မှာ ထီး အမိုးများ၊ ထိုင်ခုံများနဲ့ လူအများ အပန်းဖြေနေတာကို မြင်တွေ့ရ မှာပါ။

ထီးအမိုးတွေ အောက်မှာ ထိုင်နေသူတွေသာမက ကမ်းခြေ သဖွယ်ဖြစ်နေတဲ့ သောင်ခြေစပ်မှ မြစ်ထဲကိုဆင်းပြီးရေဆော့ကစားနေသူများကို ပျော်ရွှင်ဖွယ်မြင် တွေ့မှာပါ။

ရေကစားနိုင်တဲ့ ကမ်းခြေ အရှည်က မိုင်ဝက်လောက်ရှည် ပြီး ကမ်းခြေမှာတော့ အပေါင်း အသင်း သူငယ်ချင်းတွေစု လာ သူတွေကို အများဆုံးတွေ့ရပြီး မိသားစုလိုက် လာရောက်သူတွေ ကိုလည်း တွေ့ရပါတယ်။

မြစ်ထဲဆင်းပြီးရေကစားနိုင် သလို ရေထဲမှာလည်း လှေစီးတာ၊ ဘောကွင်းစီးတာ၊ ရေလယ်စား သောက်ဆိုင်မှာ အပန်းဖြေစား သောက်နိုင်တဲ့ ဝန်ဆောင်မှုတွေ လည်းရှိပါတယ်။

ဒီနေရာမှာတော့ ရေကစား သူများအတွက် ဘောကွင်းငှား ရမ်းခ ကျပ် ၅၀၀ သတ်မှတ်ထား ပြီး လှေစီးချင်သူများအတွက် လှေတစ်စီးကို ကျပ် ၁,၀၀၀ နှုန်း သတ်မှတ်ထားကာ ကမ်းခြေတစ် ပတ်စီးနိုင်ပါတယ်။

အေးအေးဆေးဆေးနေချင် သူတွေကတော့ ရေလယ်စား သောက်ဆိုင်မှာ အခန်းငှားရမ်းပြီး ဆိုင်မှာရတဲ့  တရုတ်စာ၊  ဗမာ ထမင်းဟင်းနဲ့ သောက်စရာ အဖျော်ယမကာအချို့ကိုလည်း မှာယူသုံးဆောင်နိုင်ပါတယ်။

ရေလယ်စားသောက်ဆိုင်မှ စီစဉ်ပေးသော သီးသန့်ခန်းကို လည်း တစ်နာရီ ကျပ် ၄,၀၀၀ နဲ့ ငှားရမ်းနိုင်ပါတယ်။ ညအိပ် ညနေ နေလိုသူတွေအတွက် ကမ်း ခြေတစ်လျှောက်ရှိ ဆိုင်များမှ အခန်းတွေကို သင့်လျော်သလို ဈေးနှုန်းညှိနှိုင်း ငှားရမ်းနိုင်ပေမယ့် ညအိပ်နေသူရှားပါးတယ်လို့ ဆိုင် ခန်းဖွင့်ထားတဲ့ ဒေသခံတွေက ပြောပါတယ်။

ရေထဲမဆင်းချင်တဲ့သူတွေ အနေနဲ့တော့ သဲသောင်ပြင်ပေါ် မှာဖွင့်ထားတဲ့ ဈေးဆိုင်ခန်းများမှ ဒေသထွက်အစားအသောက်များ၊ အမှတ်တရအင်္ကျီများ၊ လက် ဆောင်ပစ္စည်းအရောင်းဆိုင်များ မှာ လည်ပတ်ပြီး ဝယ်ယူနိုင်ပါ တယ်။

 ညောင်တုန်းမြို့ရဲ့  ဒေသ အစားအသောက်ကတော့ ငှက် ပျောခြောက်ကြော်ပဲဖြစ်ပါတယ်။ ဒါ့အပြင် ဇလွန်မြို့နဲ့လည်း သိပ် မဝေးတာကြောင့် ဇလွန်ဒေသ ထွက် ဂျင်းသုပ်ကောင်းကောင်း ကိုလည်း ဝယ်ယူရရှိနိုင်မှာပါ။

ကမ်းစပ်မှာ ထီးနဲ့ နေရာ ထိုင်ခင်းငှားရမ်းမယ်ဆိုရင် ကျပ် ၂,၀၀၀၊ ၃,၀၀၀ ဝန်းကျင်ပေးရ ပြီး ကမ်းစပ်မှာ အုန်းစိမ်းရည် သောက်၊ အကင်စားပြီး တကယ် ကို ပင်လယ်ကမ်းခြေတစ်ခုရဲ့ အရသာလိုမျိုးခံစားနိုင်မှာပါ။

အုန်စိမ်းရည်ရောင်းချသူ တွေ၊ ငါးကင်၊ ကြက်ကင်၊ ပုစွန် ကင်ရောင်းချသူတွေနဲ့စည်ကား နေတာကြောင့် ငွေဆောင်၊ ချောင်းသာကဲ့သို့ ပင်လယ်ကမ်း ခြေသို့ သွားရောက်လည်ပတ်ရန် အချိန်မပေးနိုင်သူတွေအတွက် ညောင်ချောင်းသာက သွားသင့် တဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် ကမ်းခြေမှာ ကလေးကစားကွင်းငယ်တစ်ခုရှိပြီး ရေစပ်ကိုမဆင်းဘဲ သဲသောင်ပေါ်မှာ ဆော့ကစားချင်တဲ့ ကလေးငယ်တွေအတွက် အထူးအဆင်ပြေလှပါတယ်။

ကလေးကစားကွင်းငယ်မှာ ကလေးငယ်တွေအတွက် စီမံထား တဲ့ ပျော့ပျော့အိအိ ကစားကွင်း ငယ်နဲ့ အပျော်တမ်းသေနတ်ပစ်၊ ပူဖောင်းပစ်၊ အမှတ်တရဓာတ်ပုံ ရိုက်တာတွေ လုပ်နိုင်မှာပါ။

အပန်းဖြေသွားသူများ အတွက် မှာချင်တာကတော့ နွေ ရာသီပူပြင်းတဲ့အချိန်မှာ ရေထဲ ဆင်းပြီးမကစားဖို့ အကြံပြုချင်ပါ တယ်။

မြစ်ရေ ဖြစ်တာကြောင့် ရေထဲကို ဆင်းတဲ့အခါမှာလည်း သတ်မှတ်ထားတဲ့နေရာကိုကျော် ပြီး ဆော့ကစားတာ၊ အရက်သေ စာသောက်စားပြီး ရေကစားတာ တို့ကို ရှောင်ရှားဖို့လည်း အကြံပြု ချင်ပါတယ်။

ခရီးက နေ့ချင်းပြန်ဖြစ်တာ ကြောင့် အနည်းငယ်ပင်ပန်းနိုင် သော်လည်း သွားရောက်သူများ ထူးဆန်းသောဒေသန္တရဗဟုသုတ တစ်ခုရရှိနိုင်မှာဖြစ်လို့ ပိတ်ရက် မှာ မိသားစုလိုက်သော်လည်း ကောင်း၊ အပေါင်းအသင်းများစု ၍သော်လည်းကောင်း အပန်းဖြေ သွားရောက်သင့်တဲ့နေရာကောင်း တစ်ခုဖြစ်ပါတယ်။

Author: ခန့်ထက်၊ ရဲနောင်

Source : 7DAY DAILY

Thursday, March 13, 2014

MH370 မလေးလေယာဉ် ပျောက်ဆုံးမှု ရှာပုံတော် မြန်မာ့လေပိုင်နက် အထိ တိုးချဲ့

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ ပျံသန်းလာသော မလေးရှားလေကြောင်းလိုင်းမှ MH370 လေယာဉ်ပျောက်ဆုံးမှုကို နိုင်ငံတကာက ပူးပေါင်းရှာဖွေလျက်ရှိရာ ယခုအခါ ပျောက်ဆုံးလေယာဉ်ရှာဖွေမှုကို မြန်မာ့လေပိုင်နက်တွင်ပါ တိုးချဲ့ရှာဖွေလျက်ရှိကြောင်း သိရှိရသည်။
ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ်ဝန်ထမ်း ၁၂ ဦး သယ်ဆောင်လာသော မလေးရှားလေကြောင်းလိုင်းမှ MH 370 လေယာဉ်သည် မတ်လ ၈ ရက်နေ့ မနက်ပိုင်းတွင် ကွာလာလမ်ပူလေဆိပ်မှ တရုတ်နိုင်ငံ ဘေဂျင်းမြိ့သို့ ပျံသန်းစဉ် လေဆိပ်မှ ထွက်ခွာပြီး ၁ နာရီခန့် အကြာ၌ ပျောက်ဆုံးမှုသည် ၆  ရက်မြောက်လာသော အချိန်  အထိ လျှို့ဝှက် ဆန်းကြယ်မှုများနှင့် ရှိနေဆဲ ဖြစ်ပြီး ဘိုးအင်း 777 အမျိုးအစား MH 370 နှင့် ပတ်သက်သော သဲလွန်စ အချက် အလက်များ ယခုအချိန်အထိ မတွေ့ရှိရသေးကြောင်း၊ လေယာဉ်ပေါ်တွင် နိုင်ငံ ၁၄ နိုင်ငံမှ ခရီးသည်များ လိုက်ပါသွားပြီး အများစု မှာ တရုတ်နိုင်ငံသား များဖြစ်ကြောင်း၊ နိုင်ငံတကာအစိုးရက လေယာဉ်ပျောက်ဆုံးမှုကို ၀ိုင်းကူညီလျက်ရှိရာ မြန်မာအာဏာပိုင် များကလည်း ပျောက်ဆုံးနေသော MH370 လေယာဉ်ကို မြန်မာ့လေပိုင်နက်တွင် ရှာဖွေခွင့် ပြုလိုက်ကြောင်း သိရှိရသည်။
လေကြောင်းညွှန်ကြားမှု ဦးစီးဌာန (DCA) ၏ ညွှန်ကြားမှူးချုပ် ဦးတင်နိုင်ထွန်း၏အဆိုအရ မလေးရှား အာဏာပိုင်များက ပျောက်ဆုံးနေသော လေယာဉ်ကို  မြန်မာ့ လေပိုင်နက် အတွင်းတွင် ၇ ရက်ကြာရှာဖွေခွင့်ပြုရန် ခွင့်တောင်းခဲ့ပြီး မြန်မာအစိုးရက ခွင့်ပြုချက်ပေးလိုက်ကြောင်း၊ ပျောက်ဆုံး မလေးရှား လေယာဉ်ရှာဖွေမှုကို အကူအညီပေးရန် မြန်မာအစိုးရ က ကယ်ဆယ်ရေးကော်မတီတခု ဖွဲ့စည်းထားသော်လည်း မလေးရှားနိုင်ငံက တရားဝင် အကူအညီတောင်းခံလာမှသာ ရှာဖွေရေးတွင် ပါဝင်ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။
“ပြည်ထောင်စု အဆင့် ကယ်ဆယ်ရေး ကော်မတီဖွဲ့စည်းပြီးပါပြီ။ မလေးရှားအစိုးရက မြန်မာအစိုးရရဲ့ အကူအညီ လိုအပ် လာတဲ့ အချိန်ကျရင် သူတို့တွေနဲ့ ဆက်သွယ်ပြီး အချင်းချင်းပူးပေါင်းဆောင်ရွက်သွားမှာပါ။ ကျနော်တို့ ဌာနက မြန်မာ လေပိုင်နက်ထဲမှာ သူတို့ကို ကူညီပေးသွားမှာဖြစ်ပါတယ်။ ” ဟု ဦးတင်နိုင်ထွန်းကပြောသည်။
ပျောက်ဆုံးလေယာဉ်ရှာဖွေမှုကို မြန်မာ့ရေပိုင်နက် အတွင်း ရှာဖွေရာတွင် ကပ္ပလီပင်လယ်ပြင်အနီး တနင်္သာရီတိုင်း ကော့ သောင်းမြို့ ၀န်းကျင်ဒေသကို အဓိကရှာဖွေမည်ဟု သိရသည်။
မလေးရှား လေယာဉ်ရှာဖွေရေးတွင် အနည်းဆုံး နိုင်ငံ ၁၀ နိုင်ငံ ပူးပေါင်းပါဝင်နေပြီး ရေယာဉ် နှင့်လေယာဉ် ဒါဇင် နှစ်ချီ ၍ အသုံးပြု၍ မလေးရှားနိုင်ငံတ၀ိုက်နှင့် ဗီယက်နမ်တောင်ပိုင်း ပင်လယ်ပြင်တွင် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက် နေကြောင်း သိရှိရသည်။
ယခုအပတ် အစောပိုင်းတွင် မလေးရှားနှင့် ဗီယက်နမ် လေကြောင်း အာဏာပိုင်များက မလေးရှား နိုင်ငံနှင့် ဗီယက်နမ် တောင်ပိုင်းကြားကို အဓိကထား၍ ရှာဖွေခဲ့ကြပြီး ထိုနေရာ၌ သံသယဖြစ်ဖွယ်ရာ အပျက်အစီးများ ရှိနေသည်ကို တရုတ်ဂြိုလ်တုမှ ဓာတ်ပုံများတွင် တွေ့ရှိရသော်လည်း ပျောက်ဆုံးလေယာဉ် နှင့် သက်ဆိုင်သော သဲလွန်စ တခုမျှ မတွေ့ ရှိခဲ့ရဟု သိရှိရသည်။
မတ်လ ၁၂ ရက်နေ့ထုတ် Wall Street ဂျာနယ်၏ သတင်းတပုဒ်တွင် လေယာဉ်သည် အဆက်အသွယ်ပြတ်သွားပြီးနောက် ၄ နာရီခန့် ဆက်လက် ပျံသန်းသွားဖွယ်ရှိကြောင်း ဖော်ပြခဲ့ပြီး လက်ရှိရှာဖွေ နေသည့် နေရာထက် မိုင်ပေါင်းရာနှင့်ချီ၍ ဝေးကွာ သွားနိုင်သည်ဟု ရေးသားထားသည်။
လေယာဉ်ပျောက်ဆုံးမှုကို နိုင်ငံစုံက ကူညီ ရှာဖွေပေးနေရာတွင် အိန္ဒိယ နိုင်ငံလည်းပါဝင်လာပြီး အိန္ဒိယ အစိုးရက ဂြိုလ်တု ဓာတ်ပုံများ၊ ရေဒါ ရလဒ်များ အပြင် ရေယာဉ်များ၊ ရေကြောင်း ကင်းထောက် လေယာဉ်များဖြင့် ကူညီရှာ ဖွေပေးသွား မည်ဟု သိရှိရသည်။

Source : Irrawaddy

Monday, January 27, 2014

ကမ္ဘာလှည့်ခရီးသွားလှေ တိမ်းမှောက်မှု လူ၂၁ယောက်သေဆုံး

အိန္ဒိယ နိုင်ငံရဲ့ ကပ္ပလီ ကျွန်းစုနဲ့ နီကိုဘာ ကျွန်းတွေနားမှာ Aqua Marine ဆိုတဲ့ ကမ္ဘာလှည့် ခရီးသွားတွေ လိုက်ပါလာတဲ့ လှေတစင်း တိမ်းမှောက်သွားတာကြောင့် အနည်းဆုံး လူနှစ်ဆယ့် တစ်ယောက် သေဆုံးသွားပါတယ်။

ကျွန်းတွေရဲ့ မြို့တော်ဖြစ်တဲ့ Port Blair မြို့ ကမ်းရိုးတမ်း အလွန်မှာ လူ၄၅ယောက် တင်ဆောင်လာတဲ့ အဲဒီလှေ နစ်မြုပ်သွားခဲ့တာ ဖြစ်ပြီး လတ်တလော ၁၃ယောက်ကို ကယ်တင်နိုင်ခဲ့ပေမယ့် တချို့တော့ ပျောက်ဆုံး နေစဲဘဲလို့ အရာရှိတွေက ပြောပါတယ်။

လှေပေါ်ပါ ကမ္ဘာလှည့် ခရီးသွား အများစုဟာ အိန္ဒိယ နိုင်ငံ မွန်ဘိုင်းမြို့နဲ့ နိုင်ငံတောင်ပိုင်း တမီးလ် နာဒူ က လာကြတာလို့ ယူဆရပါတယ်။

Aqua Marine လှေဟာ တိမ်းမှောက်သွားချိန်မှာ သတ်မှတ်ချက်ထက် လူအများအပြား တင်ဆောင်ထားတယ်လို့ သတင်းရရှိပါတယ်။

Source : BBC Burmese

Thursday, January 23, 2014

မော်လမြိုင်လေဆိပ်အား ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်များ ငှားရမ်းလုပ်ကိုင်ခွင့်ပြုတော့မည်

မွန်ပြည်နယ်ရှိ မော်လမြိုင်လေဆိပ်ကို အဆင့်မြှင့်တင်ရန်အတွက် ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်များအား ငှားရမ်းအသုံးပြုခွင့် တင်ဒါပေးရေးလုပ်ငန်း ညှိနှိုင်းဆောင်ရွက်ရန် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဇင်ယော်သည် ဇန်န၀ါရီ ၁၆ရက်က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ ဗမာတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးသက်ဝင်း၊ အစိုးရအဖွဲ့ရုံးအတွင်းရေးမှူး ဦးဇော်လင်းထွန်းတို့နှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲတွင် ဒုတိယ၀န်ကြီး ဦးဇင်ယော်က မော်လမြိုင် လေဆိပ်ကို ပြည်တွင်းလုပ်ငန်းရှင်များအား ငှားရမ်းလုပ်ကိုင်ရန် တင်ဒါခေါ်ယူပြီး ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီ များအား လုပ်ကိုင်ခွင့်ပြုတော့မည်ဖြစ်ကြောင်း၊ လေဆိပ်အဆင့်မြှင့်တင်ရန်အတွက် အပန်းဖြေအနားယူ စခန်း၊ စားသောက်ဆိုင်၊ စတိုးဆိုင်များနှင့် နိုင်ငံခြားငွေလွှဲကောင်တာများ ထားရှိသွားမည် ဖြစ်ကြောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်လုပ်ကိုင်ပြီး တင်ဒါပိတ်ရက်ကို ဇန်န၀ါရီ ၃၁ရက် သတ်မှတ်ထားကြောင်း ပြောကြားသည်။ ထို့ပြင် ဒုဝန်ကြီးက ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးနှင့် ပတ်သက်၍ မော်လမြိုင်ရှိ ဆိပ်ကမ်းများသည် ယခင်က နိုင်ငံခြားသင်္ဘောကြီးများ အချိန်မရွေး ဆိုက်ကပ် နိုင်သော်လည်း ယခုအခါ ဆိုက်ကပ်၍ မရတော့ကြောင်း၊ နိုင်ငံခြားသင်္ဘောကြီးများ ပြန်လည် ဆိုက်ကပ်နိုင်ရန် အတွက် ဆိပ်ကမ်းများကို ပြည်နယ်အစိုးရအဖွဲ့သို့ လွဲပြောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမှုံသတင်းစာတွင် ဖော်ပြ ပါရှိပါသည်။

အောင်နေမင်း

Thursday, January 16, 2014

ထိုင်း-မြန်မာ ဗီဇာကင်းလွတ်ခွင့်ရရန် တချက်တည်း ကွဲလွဲ

သာမန် မြန်မာနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသူတွေ ဗီဇာလျှောက်ထား စရာမလိုဘဲ ထိုင်းနိုင်ငံကို သွားရောက်နိုင်ဖို့ နှစ်နိုင်ငံ သဘောကွဲလွဲမှု တချက်ပဲ ရှိနေတယ်လို့ မြန်မာ နိုင်ငံခြားရေးဌာန အဆင့်မြင့်အရာရှိကြီးတဦးက ပြောပါတယ်။

ထိုင်းနိုင်ငံဘက်က ထိုင်းနိုင်ငံဘက်ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေကတဆင့် လာရောက် လည်ပတ်မယ့် မြန်မာနိုင်ငံသားတွေကို ဗီဇာလျှောက်ထားစရာမလိုဘဲ ခွင့်ပြုမယ်လို့ သဘောတူညီထားပြီးပေမယ့် မြန်မာဘက်ကတော့ အဲဒီလေဆိပ်တွေအပြင် နယ်စပ် ၀င်ပေါက်တွေကနေပါ ဗီဇာမလိုဘဲ ခွင့်ပြုဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

အခု ၂၀၁၄ ခုနှစ်ထဲ ထိုင်းနဲ့ မြန်မာ ဗီဇာ မလိုဘဲ သွားရောက်လည်ပတ်နိုင်ဖို့ နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးနိုင်မလားလို့ မေးကြည့်တော့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာ ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်ဦးက အခုလိုပြောပါတယ်။

“တခုတော့ ရှိတယ်။ ကျနော်တို့က လိုက်လျောဖို့ လိုတာပေါ့။ အဲဒီကနေသွားတဲ့ တရားဝင်ပတ်စ်ပို့တွေကို နယ်စပ်ပေါက်တွေကနေ ဗီဇာ တိုးဖို့မလိုဘဲနဲ့ သူတို့အဆိုပြုချက်အတိုင်း လေယာဉ်နဲ့ သွားမယ်ဆိုတာကို ကျနော်တို့က သဘောတူလိုက်ရင် လက်မှတ်ထိုးဖြစ်မှာပါခင်ဗျ။ ကုန်းလမ်းက ၀င်တာကိုပါ ကျနော်တို့က တောင်းဆိုထားတယ်။ သူတို့ ကုန်းလမ်းကိုတော့ ခွင့်မပြုဘူး။ အဲဒီဟာလေး အဆင်ပြေရင် ထိုးဖြစ်မှာပါခင်ဗျ။”

မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းက အတွင်းရေးမှူး ဦးနောင်နောင်းဟန်ကတော့ ထိုင်းခရီးသွားတွေ မြန်မာပြည် လာလည်ကြတာများနေတဲ့ အချိန်ဖြစ်လို့ လေဆိပ်က ဗီဇာမလိုဘဲ လာရောက်လည်ပတ်ခွင့်ပြုဖို့ ကောင်းပြီလို့ ပြောပါတယ်။

“ဘယ်လို အတားအဆီးတွေ ရှိသေးလို့ ခွင့်မပြုသလဲဆိုတာ ကျနော်နားမလည်ဘူး။ ဒီလိုမျိုး လေဆိပ်ကနေ ၀င်လာတာကို သူတို့ နိုင်ငံကလည်း ခွင့်ပြုမယ်လို့ ပြောတဲ့အတွက် အမြန်ဆုံး ခွင့်ပြုသင့်နေပြီလို့ ကျနော်ထင်တယ်။ အခြားက နယ်စပ်ကနေ၀င်ရင် ဗီဇာကြေးတွေ ကောက်ခံဖို့ အခက်အခဲ ရှိနေတယ်လို့ ကျနော်တို့ သိထားတယ်။ ဒါပေမယ့် အခုဟာက ဗီဇာမလိုပဲနဲ့ ၀င်လို့ရမယ်ဆိုတော့ အဲဒီကိစ္စတွေလည်း မရှိတော့ဘူး။ အတားအဆီးကတော့ ရှိပါဘူး။ ခွင့်ပြုပေးမယ်ဆိုရင် မူဝါဒပိုင်းအရပဲ နည်းနည်းပြုပြင်ဖို့လိုမယ် ထင်ပါတယ်။”

လောလောဆယ် သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတွေ ဗီဇာမလိုဘဲ ၁၄ ရက်တိုင် သွားရောက်လည်ပတ်နိုင်တဲ့ နိုင်ငံတွေကတော့ ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတို့ ဖြစ်ပါတယ်။ ဒီ လေးနိုင်ငံကိုလည်း လေဆိပ်တွေကတဆင့် သွားရောက်လည်ပတ်မှ ဗီဇာ မလိုတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းနိုင်ငံတွေ အားလုံးကို ဗီဇာ မလိုဘဲ သွားရောက်လည်ပတ်နိုင်ဖို့ ကမ်းလှမ်းထားပြီး တချို့နိုင်ငံတွေကတော့ အခုထိ အကြောင်းမပြန်ကြသေးဘူးလို့ သိရပါတယ်။

မြန်မာအစိုးရအနေနဲ့တော့ ဆက်လက် ကမ်းလှမ်းပြီး ညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

သံတမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေနဲ့ ၀န်ထမ်းနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေကတော့ ဒေသတွင်းနိုင်ငံအားလုံးကို ဗီဇာလျှောက်စရာမလိုဘဲ သွားလာနိုင်နေကြပြီဖြစ်ပြီး သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေပဲ ဗီဇာကင်းလွတ်ခွင့် မရကြသေးတာ ဖြစ်ပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)