Tuesday, June 28, 2011

နေပြည်တော်တွင် ကျင်းပမည့် ခရီးသွား ပြပွဲတွင် တိုင်းရင်းသား အစားအစာများ ရောင်းချမည်

ဇူလိုင် ၁ ရက်မှ ၁၃ ရက်ထိ နေပြည်တော် ကျောက်မျက်ရတနာ ပြပွဲနှင့် အတူ ကျင်းပမည့် ခရီးသွား ပြပွဲတွင် မြန်မာ နိုင်ငံ စားသောက် ဆိုင်လုပ်ငန်းရှင်များ အသင်းမှ မြန်မာ့ ရိုးရာ အစားအစာများနှင့် တိုင်းရင်း သားရိုးရာ အစားအစာများကို ပြသ ရောင်း ချသွားမည်ဖြစ်ကြောင်း အဆို ပါအသင်းမှ အထွေထွေ အတွင်းရေး မှူး ဦးကျော်ကျော်ထံမှ သိရသည်။

အဆိုပါ ခရီးသွားပြပွဲတွင် မြန် မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်း ရှင်များအသင်းမှ စားသောက်ဆိုင် များ ပါဝင် ရောင်းချနေမှုနှင့် ပတ် သက်၍ အထွေထွေ အတွင်းရေးမှူး ဦးကျော်ကျော်က “အခုပြပွဲမှာ ကျွန် တော်တို့ အသင်းက ဆိုင်ခန်း ၂၄ ခန်း ပြသရောင်းချသွားမယ်။ ဆိုင် ခန်းတွေအားလုံးက ရန်ကုန်ကနေ လာပြ တာပါ။ ဆိုင်ခန်း တွေမှာ မြန် မာ့ရိုးရာ အစားအသောက် တွေနဲ့ တိုင်း  ရင်း သားရိုးရာ အစားအစာ တွေကို ရောင်းချ ပေးမှာပါ။ ဈေးနှုန်း ကတော့  ရန်ကုန် ကဈေးအတိုင်းပဲ ကူပွန်စနစ် နဲ့ ရောင်း သွားမှာပါ။ ရရှိ လာတဲ့ အ ကျိုးအမြတ် အချို့တို့ အသင်း ရန်ပုံ ငွေထဲ အချိုးကျပြန် ထည့်ဖို့ စဉ်းစား ထားတယ်။ ဟိုတယ်နှင့် ခရီးသွားလာ ရေး လုပ်ငန်း ၀န်ကြီးဌာနက အချိန်တို အတွင်း မှာ အဆောက်အအုံ ရော၊ နေရာ ထိုင်ခင်းရော အားလုံးစီစဉ် ပေးတယ်။ ကျွန်တော်တို့ အသင်း တစ်ခုတည်း ဆိုင်ပိုင်ရှင်  နှင့်ဝန်ထမ်း ပါ လူ ၃၀၀ ကျော် လောက်ရှိတယ်။ ကျွန်တော် တို့ရဲ့ အဓိက ရည်ရွယ်ချက် ကတော့ မြန်မာ့ရိုးရာ အစားအစာ၊ တိုင်းရင်းသား ရိုးရာအစားအစာ တွေကို ဘေးအန္တရာယ် ကင်းစွာနဲ့စနစ်တကျ သန့်ရှင်းသပ်ရပ်စွာ စားနိုင် အောင်နဲ့ အစားအသောက် တွေကို ကမ္ဘာက သိအောင် ပြသဖို့ ရည်ရွယ်ထားပါ တယ်” ဟု ဆိုသည်။
အဆိုပါမြန်မာ့ ခရီးသွားပြပွဲကို ဟိုတယ်နှင့် ခရီးသွားလာ ရေးလုပ်ငန်း ၀န်ကြီး ဌာနနှင့် မြန်မာ နိုင်ငံခရီးသွား လုပ်ငန်း အဖွဲ့(MTB)တို့မှ ဦးစီးကျင်း ပခြင်းဖြစ်ပြီး နေပြည်တော် ကျောက် မျက်ရတနာပြပွဲနှင့် ဘေးချင်း ကပ် သပြေကုန်း ကားရပ်နား ၀င်းအတွင်း ကျင်းပ မည်ဖြစ်ပြီး ပြပွဲကာလမှာ ဇူ လိုင် ၁ ရက်မှ ၁၃ ရက် အထိဖြစ် သော်လည်း စားသောက်ဆိုင် များအ နေဖြင့် ဇွန် ၂၆ ရက်မှစ၍ ရောင်းချ ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

Tuesday, June 21, 2011

ချင်းတွင်းမြစ်အတွင်း သဲသောင်ထု ပမာဏ ပိုများလာမှု အကျိုးဆက် အဖြစ် မိုးဦး မြစ်ရေ၀င်ချိန်တွင် ခရီးသွားများ အခက်တွေ့

ချင်းတွင်းမြစ် အတွင်း သဲသောင်ထု ပမာဏ ပိုများလာမှု အကျိုးဆက် အဖြစ် မိုးဦးကာလ ချင်းတွင်းမြစ်ရေ ၀င်ချိန်တွင် ခရီးသွားများ သွားလာရာတွင် အခက်အခဲ တွေ့ရကြောင်း သတင်းရရှိသည်။
''ဒီနှစ် မြစ်ရေ၀င်ချိန်ကတော့ ပုံမှန်ပါပဲ။ အခု နယုန်လဆန်း ၄ ရက် ၅ ရက်မှာ ရေစ၀င်တယ်။ သဲသောင်ထု ပမာဏက တစ်နှစ်ထက်တစ်နှစ် ပိုလာတယ်။ မနှစ်က နွေမှာ သဲသောင်တွေ သိသိသာသာထွန်းလို့ မနှစ်က စပြီး မြစ်ရေ စ၀င်ချိန်မှာ ခရီးသွားတွေ အခက်အခဲ ဖြစ်ရတယ်။ အရင်နှစ်တွေကတော့ သဲသောင်ခုံထုက နည်းတော့စက်လှေတွေက မြစ်ကမ်းနံဘေး အရင်းအထိ ကပ်လို့ရတယ်။ သဲသောင်ခုံရဲ့အထက် နှစ်တောင်ကျော်ရင် စက်လှေကို ကပ်လို့ရတယ်။ အခုတော့ ရေပမာဏ မမြင့်တာရော၊ သောင်ခုံရဲ့ အကျယ်နဲ့ထုက ပိုပိုကြီးလာတော့ စက်လှေနဲ့ရေက မလွတ်ဘူး။ မုံရွာ တစ်ဖက်ကမ်း ညောင်ပင်ကြီး ဆိပ်ကမ်းကို သွားတဲ့ ခရီးသည်တွေဟာ ဆိပ်ကမ်းကနေ သောင်ခုံပမာဏ အတော်များများ လမ်းလျှောက်ရတယ်။ ရေတိုးလာတဲ့ အချိန်အထိ ဒီအတိုင်း စောင့်နေရဦးမှာပါ''ဟု မုံရွာမြို့မှ တစ်ဖက်ကမ်း ညောင်ပင်ကြီး ဆိပ်ကမ်းသို့ နေ့စဉ် ကူးသန်းသွားလာနေသည့် ဈေးသည်တစ်ဦးက ပြောပြခဲ့သည်။
''ညောင်ပင်ကြီး ဆိပ်ကမ်းမှာ ပုံမှန် အသုံးပြုနေကျ ကမ္ဘာအေးကျောင်းတိုက် ဆိပ်ကမ်းက သဲသောင်ပြင်နေရာများတဲ့ သဲကုန်းကြီးပေါ့။ သဲကုန်းက ရေထဲမှာ လမ်းလျှောက်လို့ရတယ်။ နွံကုန်းလိုမျိုး မြေကလျှောက်ရင် ကျွံဝင်သွားတတ်တယ်။ သဲသောင်ပြင် သိပ်မကြီးတဲ့ နွံကုန်းက ညောင်ပင်ကြီး အမှတ်(၃)ရပ်မှာ ပိုများတယ်။ ရေနည်းနည်းတက်ရင် စက်လှေဆိပ်ကို အမှတ် (၃) ရပ်ကွက်ဘက် ပြောင်းမယ်လို့ သိရတယ်။ စက်လှေတွေကို သဲသောင်စပ်မှာ ရပ်ရတော့ ခရီးသည်တွေက လမ်းလျှောက်ရတယ်။ မြစ်ရေထဲဆင်းရမှာ ကြောက်တဲ့ မြစ်ရေထဲဆင်းရင် အကြောတက်တတ်တဲ့သူတွေ အတွက် လှေသမားတွေက တစ်ယောက် ကျပ် ၁၀၀ နဲ့ လိုက်ပို့တယ်။ ဆိုင်ကယ်ဆို ကျပ် ၂၀၀ ပဲ''ဟု ညောင်ပင်ကြီး ဆိပ်ကမ်းမှ လှေသမားတစ်ဦးက ပြောပြသည်။

''ဆိုင်ကယ် တစ်စီးက ကျပ် ၅၀၀ အသွားအပြန်ကို ကျပ် ၁၄၀၀၊ အခုလို ရေစ၀င်ချိန် ကာလမှာ လှေဖိုး ကျပ် ၄၀၀ နဲ့ ပေါင်းရင် ကျပ် ၁၈၀၀ ကျတယ်။ လှေမစီးဘဲ ရေထဲဆင်းလျှောက်တဲ့ လူတချို့ဆိုရင် အတိမ်အနက် မသိတော့ လဲတဲ့သူတွေ တွေ့ရတယ်''ဟု ခရီးသွား တစ်ဦးက ပြောပြခဲ့သည်။
Source : News-Eleven

Monday, June 20, 2011

သံတွဲတွင်ရေကြီး၍ ကယ်ဆယ်ရေး စခန်းဖွင့်ခဲ့ရသည် အထိ အခြေအနေ ဆိုးရွားခဲ့

ရခိုင်ပြည်နယ် သံတွဲမြို့တွင် မိုးဆက်တိုက်ရွာပြီး ရေကြီးခဲ့သဖြင့် မြေနိမ့်ပိုင်းမှ လူများကို ကယ်ဆယ်ရေး စခန်းဖွင့်၍ ဘေးလွှတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည်ဟု သတင်း ရရှိသည်။

“မိုးက တပတ်ကျော်လောက် အဆက်မပြတ်ရွာနေတဲ့ အတွက် လွန်ခဲ့တဲ့ သောကြာနေ့က စပြီး ချောင်းရေ တက်လာပြီး မြေနိမ့်ပိုင်းမှာ တည်ရှိတဲ့ အိမ်တွေ အကုန်လုံးရေမြုပ်ကုန်ပါတယ်။ ဒါကြောင့် လူတွေကို စက်လှေတွေနဲ့ ကယ်ထုတ်ပြီး ကယ်ဆယ်ရေး စခန်းကို ပို့ခဲ့ရပါတယ်။ မနေ့ညနေပိုင်းကတော့ ရေပြန်ကျသွားခဲ့ပြီ ဖြစ်တဲ့ အတွက် တချို့လည်း အိမ်ပြန်သွားကြပြီး တစ်ချို့လည်း ကယ်ဆယ် စခန်းမှာ ရှိနေပါသေးတယ်” ဟု သံတွဲမြို့ခံ တစ်ဦးက ပြောသည်။

ဇွန်လ ၁၇ ရက်နေ့က ရေတက်လာပြီး ဇွန်လ ၁၈ ရက်နေ့က မြေနိမ့်ပိုင်း နေရာ အတော်များများကို ရေမြုပ်ခဲ့သည်။ ရေမြုပ်ခဲ့သော နေရာများမှာ သံတွဲချောင်းကမ်းနဘေးတွင် တည်ရှိသော နေရာများနှင့် အမှတ် (၄) ရပ်ကွက် ဖြစ်ကြောင်း သိရသည်။

“ အနည်းဆုံး လူပေါင်း ၅၀၀ ခန့်ကို ကယ်ဆယ်ရေး စခန်းလုပ်ထားတဲ့ ဆံတော်တောင် ခြေရင်းမှာ ရှိတဲ့ ဓမ္မာရုံကို ပို့ပေးခဲ့ရပါတယ်။ ချောင်းရေ ချက်ချင်း မြင့်တက်လာတော့ အခြေအနေ စိုးရိမ်ရတဲ့ အတွက် အရေးပေါ် ကယ်ဆယ်ခဲ့ရတာ ဖြစ်ပါတယ်။ သံတွဲအထက်တန်းကျောင်း အပါအ၀င် စက်မူလက်မူ ကျောင်းကိုလည်း ပိတ်ထားခဲ့ရပါတယ်။ ကျောင်းတွေ ဒီနေ့ ဖွင့်မလားတော့ မပြောတတ်သေးပါဘူး” ဟု သူက ဆက်ပြောသည်။

သံတွဲတွင် ယမန်နှစ်ကလည်း ရေကြီးခဲ့ပြီး ယခု ရေကြီးမူက ယခင်နှစ်ကလောက် ဆိုးဝါးခြင်း မရှိကြောင်း သူက ပြောသည်။ “ ရေကြီးတဲ့ အခြေအနေက ယခင်နှစ်လောက်တော့ မဆိုးရွားဘူး။ ဒါပေမယ့် အခက်အခဲကတော့ အရင် နှစ်ကထက် ပိုများတယ်။ လူတွေက ရေကြီးတော့ အလုပ်အကိုင် ဆင်းမလုပ်နိုင်ကြဘူး။ လွန်ခဲ့တဲ့ နှစ်တွေကတော့ လူတွေမှာ စုဆောင်းထားတဲ့ စားစရာ သောက်စရာ ရှိတယ်။ ဒီနှစ်မှာတော့ စုဆောင်းထားတာလည်း မရှိတော့ လက်လုပ် လက်စားတွေက အထူး ဒုက္ခရောက်နေကြပါတယ်။ သူတို့အတွက် အကူအညီတွေ လိုအပ်နေပါတယ်။ သူတို့အတွက်တော့ တစ်ချို့ ချမ်းသာတဲ့ ရွာတွေက ကူညီနေတာတွေတော့ တွေ့ရပါတယ်။”

သံတွဲတွင် ၂၀၀၄ ခုနှစ်က အဆိုးရွားဆုံးရေကြီးခဲ့ပြီး ယခုနှစ်တွင်လည်း မိုးရွာသည်နှင့် စတင်ရေကြီးလာသဖြင့် ၂၀၀၄ ခုနှစ်ကလို ရေကြီးမည်ကို မြို့သူ မြို့သားများက စိုးရိမ်နေကြသည်ဟု သူက ပြောသည်။

ယခုကဲ့သို့သံတွဲတွင် နှစ်စဉ်လိုလို ရေကြီးပြီး မြေနိမ့်ပိုင်း ဒေသများကို ရေမြုပ်နေခြင်းမှာ ချောင်းများတိမ်ကောလာပြီး သစ်တောများ ပြုန်းတီးခြင်းကြောင့် ဖြစ်သည်ဟု တစ်ခြား မြို့လူကြီး တစ်ဦးက ပြောသည်။

“ သံတွဲချောင်းက အခု တိမ်ကောလာပြီ။ တောင်ပေါ် ချောင်းဖျားက ရေကျများရင် သံတွဲချောင်းရေက တက်လာပြီး နစ်တော့တာပါဘဲ။ ပီးရင် သံတွေ အနီးအနားမှာ အခုဆိုရင် သစ်တောတွေ မရှိတော့ဘူး။ စီးပွားရေး သမားတွေ သစ်တွေကို မဆင်မခြင် ထုတ်တဲ့ အတွက် သစ်တောတွေ ပြုန်းတီးကုန်ပြီ။ ဒါကလည်း သံတွဲမှာ ရေကြီးရတဲ့ အကြောင်းအရင်း ဖြစ်ပါတယ်။

သံတွဲတွင် မိုးတွင်း ရေကြီးလျှင် အနည်းဆုံး တစ်ကြိမ်မှ သုံးကြိမ်ထိ ရေကြီးတတ်သဖြင့် ဆက်လက် မိုးရွာပြီး နောက်ထပ် ရေကြီးမည်ကို မြို့သူ မြို့သားများက စိုးရိမ်နေကြသည်ဟု သိရသည်။


Source : Narinjara

ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး နစ်မြုပ်ရာနေရာကို ရှာဖွေတွေ့ရှိထား

မြစ်အတွင်း နှစ်ပေါင်း ၃၀၀ ၀န်းကျင် နစ်မြုပ်နေသည့် ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး နစ်မြုပ်ရာ နေရာအား ရှာဖွေတွေ့ရှိထားသော်လည်း နည်းပညာ လိုအပ်ချက်ကြောင့် ဆယ်ယူမှု မပြုနိုင်သေး၍ နည်းပညာ အသုံးပြုဆယ်ယူပေးရန် အင်္ဂလန်နိုင်ငံမှ ကမ်းလှမ်းထားကြောင်း Global 9 Education Centre မှသတင်း ရရှိပါသည်။

ဓမ္မစေတီ ခေါင်းလောင်းတော် ရှာဖွေမှုကို လွန်ခဲ့သောနှစ်များကပင် ဘူမိဗေဒပညာရှင်များ ပူးပေါင်းရှာ ဖွေခဲ့ရာ နစ်မြုပ်ရာ နေရာအားရှာဖွေ တွေ့ရှိထားပြီးဖြစ်သည်။ ယင်း နောက်၂၀၁၀ ပြည့်နှစ်တွင် သြစတြေး လျမှ ပညာရှင်များ လာရောက်ကာ ဓမ္မစေတီခေါင်းလောင်းတော်ရှာဖွေ မှုအားလုပ်ဆောင်ခဲ့သည်။ ထိုသို့လုပ်ဆောင်ရာတွင် ဓမ္မစေတီခေါင်းလောင်းတော် ရှိရာနေရာကို အတည်ပြုနိုင်ခဲ့သည်။ သို့သော် ဓမ္မစေတီခေါင်း လောင်းတော်အား လုပ်ရိုးလုပ်စဉ် နည်းအတိုင်း ဆယ်ယူပါက ပျက်စီးကြေမွနိုင်သည်ဟု ပညာရှင်များက တွက်ဆနိုင်ခဲ့သည့်အတွက် ဆယ်ယူ မှုမပြုနိုင်ခဲ့ကြောင်း သိရသည်။

“သြစတြေးလျက လာရှာတော့ နှစ်နေရာဖြစ်နေပေမယ့် ကျွန်တော်တို့ ပူးပေါင်းပြီး ကျွန်တော်တွေ့ရှိ ထားတဲ့နေရာကို ထောက်ပြလိုက်တော့ တွေ့သွားပါတယ်။ ဒါပေမယ့် ဆယ်မဖို့အတွက် နည်းပညာလိုနေတယ်။ လုပ်ရိုးလုပ်စဉ်နည်းအတိုင်း ဆယ်လိုက်ရင် အပေါ်ရောက်တဲ့အခါ ကြေမွသွားမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ရေထဲမှာ နှစ် ၃၀၀ ကျော်မြုပ်နေတာဖြစ်တဲ့အတွက်ပါ။ လိုအပ်နေတဲ့ နည်းပညာက ပြင်သစ်မှာ ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဓမ္မစေတီခေါင်းလောင်းကို အင်္ဂလန် က လာဖော်ပေးမယ်လို့ ကမ်းလှမ်းထားတာ ရှိပါတယ်။ အင်္ဂလန်က ဒုတိယကမ္ဘာစစ် အတွင်းတုန်းက သူတို့ပစ္စည်းတွေ မြန်မာနိုင်ငံမှာ မြုပ်ထားတာ ရှိပါတယ်။ အဲဒါကို သူတို့ က လာဖော်ချင်တယ်။ မြန်မာနိုင်ငံ ကခွင့်ပြုပေးရမယ်။ ခွင့်ပြုပေးရင် သူတို့က ဓမ္မစေတီခေါင်းလောင်းကို အကောင်းအတိုင်း ဆယ်ယူပေးမယ်လို့ ကမ်းလှမ်းထားတာပါ။ သူတို့ ပစ္စည်းကိုဖော်ပြီးရင်ပစ္စည်းကို ဆယ်ပုံပုံပြီးနှစ်ပုံကို မြန်မာကိုပေးခဲ့မယ်၊ ကျန်ပစ္စည်းရှစ်ပုံကိုတော့ ပြတိုက်နဲ့ ဟိုတယ်တွေကို ရောင်းချပြီး ရန်ပုံငွေရှာမယ်လို့ ပြောပါတယ်” ဟု ဓမ္မစေတီ ခေါင်းလောင်းတော် နစ်မြုပ်နေသည့် နေရာအား ရှာဖွေတွေ့ရှိထားသူ ဘူမိ ဗေဒပညာရှင် ဦးစိုးသိမ်း(ပါမောက္ခငြိမ်း) က ရှင်းပြခဲ့ပါသည်။


ဓမ္မစေတီခေါင်းလောင်းတော် ကြီး၏ အ၀အကျယ်မှာ ၁၀ပေရှိပြီး အရှည်မှာ ၁၂ ပေရှိကြောင်း သိရ သည်။ အဆိုပါ ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးသည် ငဇင်ကာမင်း လက်ထက်က သန်လျင်ဘက်သို့သင်္ဘောဖြင့် သယ်ယူရာ၌ ပဲခူးမြစ်နှင့် ပုဇွန်တောင်မြစ်ဆုံရာ အကွေ့နေရာ တွင် သင်္ဘောနှစ်စီးတိုက်မိရာမှ ရန် ကုန်မြစ်ထဲသို့ ပြုတ်ကျနစ်မြုပ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

အငြိမ်းစားပါမောက္ခ ဦးစိုးသိန်း က “ဓမ္မစေတီခေါင်းလောင်း ရှာဖွေ တွေ့ရှိမှုမှာ ကျွန်တော်တို့တွေ့ရှိတုန်းက ဓမ္မစေတီခေါင်းလောင်း နစ်မြုပ်နေမှုမှာ အပေါ်ရေထုက ၆၀ နဲ့မြေထုက ၂၀ စမ်းသပ်ချက်တွေ့ရှိ ခဲ့တာပါ။ ဒါပေမယ့် သြစတြေးလျ ပညာရှင်တွေ စမ်းသပ်ချက်ကတော့ အပေါ်ရေထုက ၆၀နဲ့ မြေထုက ၁ မီတာ(၃ ပေ) ပဲ ကျန်တော့တယ်လို့ သိရပါတယ်။ အဲဒီတော့မြေကြီးက ဖုံးရုံပဲဖုံးနေတာပေါ့။ ဆယ်ဖို့ လွယ်ပေမယ့် နည်းပညာနဲ့ မဆယ်ရင် ခေါင်းလောင်းကို အကောင်းအတိုင်း ရရှိမှာ မဟုတ်ပါဘူး”ဟု ရှင်းပြခဲ့ပါသည်။

Thursday, June 16, 2011

မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၇ ရာခိုင်နှုန်းသာ ကျန်ရှိပြီး ၃၆ နှစ်အတွင်း ၁၄ ရာခိုင်နှုန်းအထိ လျော့ကျ

 ရန်ကုန်-ပြည်လမ်း တစ်နေရာတွင် မောင်းနှင်နေသော သစ်လုံးတင်ကားတစ်စီးကို တွေ့ရစဉ်

၁၉၇၅ ခုနှစ်ဝန်းကျင်မှ စတင်လျော့ကျလာသည့် မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ဧရိယာသည် ယခုနှစ်တွင် နိုင်ငံဧရိယာ၏ ၄၇ ရာ ခိုင်နှုန်းအထိ ကျဆင်းလာကြောင်း ဇွန်လပထမပတ်တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနား၌မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် ၁၉၇၅ ခုနှစ်တွင် နိုင်ငံ ဧရိယာ၏ ၆၁ ရာခိုင်နှုန်း၊ ၁၉၈၉ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၅၉ ရာခိုင် နှုန်း၊ ၁၉၉၈ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၅၂ ရာခိုင်နှုန်း၊ ၂၀၁၀ ပြည့်နှစ်တွင် ၄၇ ရာခိုင်နှုန်းအထိ ကျဆင်းလာကြောင်း ဒုတိယသမ္မတက ဆက်လက်ပြောကြားခဲ့သည်။
တိုးပွားလာသောလူဦးရေနှင့် အညီလိုအပ်သော စားနပ်ရိက္ခာ ဖြည့်ဆည်းပေးရသည့်အတွက် သစ်တောများ လျော့နည်းပြုန်းတီးပြီး သစ်တောမြေများလည်း လျော့နည်းလာခဲ့ကြောင်း၊ မြန်မာနိုင်ငံ၌ ၁၈၅၆ ခုနှစ်မှ စတင်ကာ မြန်မာ့ရွေးချယ် ခုတ်လှဲမှုစနစ်ဖြင့် နှစ် စဉ်ထွက်ရှိနိုင်သည့် သစ်ပမာဏထက် ပိုမိုထုတ်လုပ်ရန်ဆိုသည့် သတ်မှတ်ချက်ဖြင့် သစ်ထုတ်ယူခွင့်များကို ခွင့်ပြုပေးခဲ့ကြောင်း၊ ကျန်ရှိနေသေးသည့် သဘာဝတောကျန်များကို ထိန်းသိမ်းရန် လိုအပ်နေပြီဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
၁၉၇၅ ခုနှစ်မှ ၂၀၁၀ပြည့်နှစ် အထိ ၃၆ နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုမှာ ၁၄ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
တရားမ၀င် သစ်ထုတ်ယူမှုများကို စနစ်တကျ တားဆီးလျက်ရှိသော်လည်း စီမံခန့်ခွဲရန် မလွယ်ကူသော၊ သွားလာရခက်ခဲသော ဒေသများရှိ သစ်တောများမှ တရားမ၀င် သစ်ထုတ်ယူမှုများ ရှိနေဆဲပင်ဖြစ်ကြောင်း သစ်တောပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။
“အရင်တုန်းကတော့ တရားမ၀င် သစ်ထုတ်ယူမှုတွေကို ကာကွယ်ရာမှာ ဥပဒေအရဖမ်းဆီးတဲ့ သဘောကို အဓိက လုပ်တယ်။ တိုက်ရိုက်ကာကွယ်တာကတော့ ဥပဒေအရဖမ်းဆီးတာပဲ ဖြစ်ပါတယ်။ တိုက်ရိုက်ကာကွယ်မှု အပြင် ဒေသခံတွေ၊ စီးပွားရေးလုပ်ငန်းရှင် တွေကို စည်းရုံးသိမ်းသွင်းပြီး သွယ် ၀ိုက်ကာကွယ်တာတွေ ရှိပါတယ်။ ဒီလိုကာကွယ်မှုတွေ ပြုလုပ်ခဲ့သလို သစ်တောဝန်ကြီးဌာနအပြင် တခြား အာဏာပိုင်အဖွဲ့အစည်းတွေ ပူးပေါင်း ပြီး တရားမ၀င် သစ်ထုတ်ယူသူတွေ ကိုဖမ်းဆီးခဲ့တာတွေလည်း ရှိပါတယ်။ တရားမ၀င် သစ်ထုတ်ယူမှုတွေရဲ့ အဓိကအကြောင်းအရင်းကတော့ ဈေးကွက်ဝယ်လိုအားရှိလို့ဖြစ်ပါ တယ်။ နယ်စပ်ဖြတ်ကျော် တရားမ၀င်သစ်ထုတ်ယူမှုတွေကိုလည်း တခြားအိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းပြီးတရုတ်၊ ယိုးဒယားနယ်စပ် ဧရိယာတွေမှာ ကာကွယ်မှုပြုလုပ်တာ မျိုးတွေရှိခဲ့ပါတယ”  ဟု သစ်တော ရေးရာဝန်ကြီးဌာန သစ်တောဦးစီးဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူးချုပ် တစ်ဦးက ဆိုပါသည်။
ထို့ပြင် စစ်တမ်းတစ်ခုအရ ကမ္ဘာ့သစ်တော ပြုန်းတီးမှုပမာဏမှာ နှစ်စဉ်ဟက်တာ ၁၃ သန်းခန့်အထိ ရှိကြောင်း၊ သစ်တောပြုန်းတီးမှု အများဆုံးနိုင်ငံမှာ ဘရာဇီးနိုင်ငံဖြစ်ပြီး ဒုတိယအများဆုံးမှာ အင်ဒိုနီးရှား နိုင်ငံဖြစ်ကြောင်း သိရှိရသည်။
သစ်တောပညာရှင်များ၏ သုံးသပ်ချက်အရ  သဘာဝသစ်တောများမှ စီးပွားဖြစ် သစ်အလွန်အကျွံ ထုတ်ယူမှုများ၊ များပြားလာသော လူဦးရေအတွက် ထင်းထုတ်ယူ သုံးစွဲမှုများပြားလာခြင်း၊ စိုက်ပျိုးမြေ များ ပိုမိုချဲ့ထွင်လာခြင်းတို့ကြောင့် နှစ်စဉ်သစ်တောပြုန်းတီးမှုများ ဖြစ်ပေါ်လျက်ရှိနေရခြင်းဖြစ်ကြောင်း သိရှိရသည်။

Source : News Eleven