Thursday, November 24, 2011

CBT ခရီးသွားလုပ်ငန်း စတင်ပါက ပုဂံ၊ ကလော ဒေသသည် အကောင်းဆုံးဖြစ်

မြန်မာနိုင်ငံတွင် လူထုစီးပွားရေး အခြေခံ ခရီးသွားလာရေးလုပ်ငန်း (CBT)စတင်ပါက ပုဂံနှင့် ကလောဒေသသည် အကောင်းဆုံးဖြစ်ကြောင်း ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူတစ်ဦးက ပြောသည်။ "CBTဆိုတာက ဒေသခံတွေနဲ့နေတယ်။ သူတို့လုပ်ငန်းကို လေ့လာတယ်။ ညအိပ်တယ်။ သဘာဝ အတိုင်းနေတာမျိုးပါ။ ဒီမှာမရှိသေးဘူး။ ကြိုးစားနေတဲ့အဆင့်ပဲ ရှိတယ်။ သူများနိုင်ငံတွေမှာ အောင်မြင်နေပြီ" ဟု ယင်းပုဂ္ဂိုလ်ကဆိုသည်။ CBT လုပ်ငန်း ဆောင်ရွက်ပါက နိုင်ငံခြား ဧည့်သည်များအတွက် လုံခြုံရေး၊ အစားအသောက်၊ ရေချိုးခန်း၊ သန့်စင်ခန်း သပ်ရပ်မှုရှိရန် လိုအပ်မည်ဖြစ်သည်။

"ပုဂံနဲ့ ကလောဘက်မှာတော့ CBTက သေချာပေါက် လုပ်လို့ရတယ်။ ကမ်းခြေဒေသတွေမှာတော့ ညအိပ်လို့ အဆင်မပြေတဲ့အတွက် မဖြစ်နိုင်သေးဘူး" ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောသည်။ မြန်မာနိုင်ငံတွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း Ecotourism စတင်နေပြီဖြစ်ပြီး ယင်းစနစ်တွင် CBT လုပ်ငန်းအား ထည့်သွင်းနိုင်ကြောင်းလည်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံတွင် CBT လုပ်ငန်း စတင်ရန်အတွက် အဘက်ဘက်မှပြည့်စုံရန် လိုအပ်နေကြောင်းလည်း ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။

Source : Venus News Journal

Wednesday, November 23, 2011

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရင်းနှီးမြှုပ်နှံမှု ထပ်တိုးဖို့လိုအပ်နေ

ယခုအချိန်တွင် ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ ၀င်လာနိုင်သည့် အခြေအနေဖြစ်နေပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရင်းနှီးမြှုပ်နှံမှု ထပ်မံတိုးချဲ့ရန် အခြေအနေကောင်းတစ်ရပ် ဖြစ်နေကြောင်း လေကြောင်းညွှန်ကြားမှုဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ် ရေ၀င်မှုကြောင့် ရပ်နားထားရသော ထိုင်းလေယာဉ်များ မြန်မာ့လေယာဉ်ကွင်းသို့ ပြောင်းရွှေ့ရပ်နားရန် ကမ်းလှမ်းကြောင်း ၄င်းက ပြောကြားသည်။ “အဲဒီလေဆိပ်မှာ ရပ်နားနေတဲ့ လေယာဉ်တွေကို မြန်မာပိုင် လေယာဉ်ကွင်းမှာ ရပ်နားခွင့်တောင်းပေမယ့် ဘယ်ကွင်းမှာမှ ဧရိယာအကျယ်အ၀န်း မလုံလောက်လို့ ငြင်းလိုက်ရတယ်။ တကယ်ဆို ဒီအခွင့်အရေးဟာ ကိုယ်တွေအတွက် အချိန်နဲ့အမျှ ငွေရနေမှာကို လက်လွှတ်လိုက်ရတာ”ဟု ၄င်းက ဆက်လက်ပြောကြားသည်။ ဆက်လက်၍ ၄င်းက “ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရင်းနှီးမြှုပ်နှံမှု ထပ်တိုးဖို့လိုအပ်နေပြီ။ ရှေ့အလားအလာတွေအတွက် အမှန်ဆို ရန်ကုန်ကခရီးသည် ငါးသိန်းလောက်နဲ့ကို ကျဉ်းကြပ်နေပြီ၊ နောက်ထပ်တိုးလာမယ့် ခရီးသည်တွေအတွက် လိုကို လိုအပ်နေပြီ” ဟု ပြောသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ထပ်မံတိုးချဲ့ရန် မြေဧရိယာ အလုံအလောက် မရှိတော့ပါက ဟံသာဝတီလေဆိပ်(ပဲခူး)ကြီးအား ပြန်လည်အသုံးပြုနိုင်ရန်အတွက် အမြန်ဆုံး အကောင်အထည်ဖော်သင့်သည့် အချိန်ကျရောက်နေပြီဖြစ်ကြောင်း လေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ၄င်း၏အမြင်ကို ပြောသည်။ မြန်မာနိုင်ငံတွင် လေယာဉ်ကွင်းပေါင်း ၆၂ ကွင်းရှိပြီး ဆင်းသက်ပျံသန်းမှု ပြုလုပ်နိုင်သည့် လေယာဉ်ကွင်း ၂၆ ကွင်းရှိကာ အဆိုပါ လေယာဉ်ကွင်းများတွင် အပြည်ပြည်ဆိုင်ရာ လေယာဉ်ဆင်းသက်နိုင်သည့် လေယာဉ်ကွင်းအဖြစ် သတ်မှတ်ထားသော ကွင်းများ၌ လေဆိပ်သိုလှောင်ရုံများ တည်ဆောက်ရန် လိုအပ်နေပြီး လေယာဉ်ကွင်းများအားလုံးကို အဆင့်မြှင့်တင်သင့်ပြီဖြစ်ကြောင်း Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

ဥရောပမီးပုံးပျံအဖွဲ့ မြန်မာ၌ ၁၅ ရက်ကြာ ပျံသန်းမည်

ဆွစ်ဇာလန်နိုင်ငံမှ မီးပုံးပျံချန်ပီယံခေါင်းဆောင်သောအဖွဲ့သည် မြန်မာနိုင်ငံအတွင်း ၁၄ ကြိမ်မြောက်အဖြစ် ၁၅ ရက်ကြာ လာရောက်ပျံသန်းမည် ဖြစ်ကြောင်း Golden Express ခရီးသွားလုပ်ငန်းမှ သိရသည်။ “၂ဝ၁၂ ဇန်နဝါရီလကုန်မှာ လာပျံမယ်။ အဖွဲ့ဝင် ၃၃ ဦးပါမယ်။ ဒီနှစ်က အရင်နှစ်တွေကမပျံဖူးတဲ့ ပခုက္ကူမြို့ပေါ်ကိုပါ ဖြတ်ပျံဖို့ရှိတယ်” ဟု အထက်ပါ ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ မီးပုံးပျံအဖွဲ့သည် မီးပုံးပျံ ၇ လုံးဖြင့် ပျံသန်းကြမည်ဖြစ်ပြီး အင်းလေး၊ ညောင်ရွှေ၊ မန္တ လေး၊ စစ်ကိုင်း၊ ပခုက္ကူ၊ ပုဂံ တို့သို့ ၁၅ ရက်ကြာ ပျံသန်းကြမည်ဖြစ်ကြောင်း သိရသည်။ မီးပုံးပျံအဖွဲ့ခေါင်းဆောင် Mr. Peter Blaser နှင့်အတူ ပြင်သစ်၊ အီတလီ၊ ဂျပန်၊ ဆွစ်ဇာလန်နိုင်ငံတို့မှ အဖွဲ့ဝင်များပါဝင်မည်ဖြစ်ကြောင်း သိရသည်။

”မီးပုံးပျံအဖွဲ့ထဲမှာ လေထီးခုန်မယ့်သူနှစ်ဦးကလည်း လေထီး အလှခုန်ပြဖို့ရှိတယ်”ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။ 
အဆိုပါ မီးပုံးပျံအဖွဲ့သည် ၁၉၉၉ ခုနှစ်မှစ၍ နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံသို့ လာရောက်ပျံသန်းခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ရေမြေတော တောင်သဘာဝလှပမှု၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အဖွဲ့များ၏ ကူညီမှုနှင့်လုံခြုံရေး စိတ်ချရမှုတို့ကြောင့် နှစ်စဉ် လာရောက်ပျံသန်းခြင်းဖြစ်ကြောင်း၊ ပျံသန်းခဲ့သမျှနိုင်ငံထဲတွင် မြန်မာနိုင်ငံသို့ လာရောက်ပျံသန်းမှု အကြိမ်အများဆုံးဖြစ်ကြောင်း သိရသည်။ အဆိုပါအဖွဲ့သည် ပထမဆုံး အကြိမ်အဖြစ် လှိုင်သာယာတွင် စတင်ပျံသန်းခဲ့ခြင်းဖြစ်ပြီး ရန်ကုန်၊ ပဲခူး၊ တောင်ကြီး၊ လွိုင်ကော်၊ အင်း လေး၊ မန္တလေး၊ စစ်ကိုင်းစသည့် မြို့ များတွင် ပျံသန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးနိုင်ငံတကာ မီးပုံးပျံပျံသန်းခြင်းကို ပြင်သစ်အခြေစိုက် Yangon Productionမှ Ushuaia Nature ဟု အမည်ပေးထားသော သတင်းကား ရိုက်ကူးရန်အတွက် ပြင်သစ်ရုပ်ရှင်မင်းသား Nicolas ကိုယ်တိုင် ပုဂံနှင့် အင်းလေးတွင် မီးပုံးပျံစီး၍ အကြိမ်ကြိမ်  ရိုက်ကူးခဲ့ဖူးကြောင်း၊ ယင်းသတင်းကားကို ပြင်သစ် ရုပ်မြင်သံကြားတွင် ပြသခဲ့သဖြင့် မြန်မာ့အလှကို ပြင်သစ်လူမျိုးတို့ ပိုမိုသိရှိသွားကာ ၁၉၉၅ နောက်ပိုင်းတွင် ပြင်သစ်ဧည့်သည် အမြောက်အမြား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ကြောင်း ၄င်းကပြောကြားခဲ့သည်။

Source : Popular News

Tuesday, November 22, 2011

ခရီးသွားလုပ်ငန်းပညာသင်တန်း ဖွင့်မည်

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်း အမျိုးသားစီမံခန့်ခွဲမှု ပညာကောလိပ်တွင် ခရီးသွားလုပ်ငန်းပညာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဒီပလိုမာသင်တန်း (Diploma in Tourism Studies and Management DTSM) ကို ဖွင့်လှစ်မည်ဖြစ်သည်။ သင်တန်းချိန်သည် ကိုးလဖြစ်၍ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရှိပြီးသူမျာသာ လျှောက်ထားနိုင်ပြီး အသက်အကန့်အသတ်မရှိဟု သိရှိရသည်။ ရုံးပိတ်ရက်များမှအပ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၇ နာရီမှ ၉ နာရီအထိ ဖြစ်သည်။ အဆိုပါသင်တန်းသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး နိုဝင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီတွင် သင်တန်းဝင်ခွင့်နှင့် အရည်အချင်းစစ်စာမေးပွဲကို ဖြေဆိုရမည်ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက အမျိုးသားစီမံခန့်ခွဲမှု ပညာကောလိပ်၊ ကုန်သည်လမ်း ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြို့ ဖုန်း- ၀၁-၂၉၂၅၆၆ (ကျောင်းသားရေးရာဌာန) ဖုန်း- ၂၉၁၉၁၀ (ငွေစာရင်းဌာန)၊ ဖုန်း- ၂၀၀၆၃၉ (ကျောင်းအုပ်ကြီးရုံးခန်း)တို့သို့ ဆက်သယ်စုံစမ်းနိုင်ကြောင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့ထုတ် မြ၀တီ သတင်းစာတွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge 

Monday, November 21, 2011

မြန်မာ့လေကြောင်း ကိုယ်ပိုင်ဘတ်ဂျက်ဖြင့် ရပ်တည်ရတော့မည်

လာမည့် ဘဏ္ဍာရေးစနစ်သစ်အရ မြန်မာ့လေကြောင်းအနေဖြင့် မိမိလေကြောင်းလိုင်းမှ ရရှိသောဘတ်ဂျက်ဖြင့် ကိုယ်တိုင်ရပ်တည်ရတော့မည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ပြောကြားခဲ့ကြောင်း သိရသည်။ အရင်းအနှီးကြီးမားသော စီးပွားရေးလုပ်ငန်းများတွင် မြန်မာ့လေကြောင်းသည်လည်း အပါအဝင်ဖြစ်ပြီး လေယာဉ်ပြင်ဆင်စရိတ်နှင့် အာမခံလုပ်ငန်းများကို နိုင်ငံတော်က စိုက်ထုတ်သုံးစွဲပေးနေရကြောင်း၊ လာမည့်နှစ်မှစ၍ ဘဏ္ဍာရေး စနစ်သစ်အရ မြန်မာ့လေကြောင်းအနေဖြင့် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ကြရတော့မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။ ယင်းသို့ ဝင်ငွေကို ကိုယ်တိုင်အသုံးပြုရတော့မည်ဆိုလျှင် လေကြောင်းစီးပွားရေးဆိုင်ရာ ဥပဒေကို ဦးစွာဖော်ဆောင်နိုင်ရန် လိုအပ်ကြောင်း မြန်မာ့လေကြောင်းမှ အဆင့်မြင့်အရာရှိကြီး တစ်ဦးဖြစ်သူ ဦးထွန်းတင့်အေးက ပြောသည်။ အဆိုပါဥပဒေအရ နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သော မြန်မာ့လေကြောင်းအနေဖြင့် အမျိုးသားအလံတင် လေကြောင်းဖြစ်ခွင့်အပြင် လေယာဉ်စီးပွားရေးလုပ်ငန်းနှင့် ဆက်စပ်လျက်ရှိသော လေယာဉ်လက်မှတ် အရောင်းအေးဂျင့်များ လုပ်ကိုင်ခွင့်၊ လေဆိပ်အတွင်း မြေပြင်ဝန်ဆောင်မှု လုပ်ငန်းများ အပါအဝင် လေကြောင်းနှင့် ဆက်စပ်လုပ်ငန်းများအားလုံးကို လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ “မြန်မာ့လေကြောင်းမှာက ဝန်ထမ်းပေါင်း ၁၀၀၀ ကျော်ရှိတယ်။ နောက်ပြီး ပင်စင်သမားတွေလဲ ရှိသေးတယ်။ အခုတောင် တခြားလေကြောင်းလိုင်းတွေက မပျံတဲ့ဒေသတွေကို အရှုံးခံပြီး ပျံသန်းပေးနေရတာဆိုတော့ ပြောခဲ့တဲ့အတိုင်း လေကြောင်းလုပ်ငန်းအပြင် လေကြောင်းနဲ့ အခြားဆက်စပ်လုပ်ငန်းတွေကိုပါ နိုင်ငံပိုင်လေကြောင်းလိုင်းက လုပ်ကိုင်ခွင့်ရမှသာ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်” ဟု ယင်းက ထပ်မံပြောကြားခဲ့ကြောင်း Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge