Thursday, November 29, 2012

ကိုလိုနီခေတ်က အသုံးပြုခဲ့သော ဆာဘန်လေယာဉ်ကွင်း ပြန်လည် အသက်သွင်းမည်

ချင်းပြည်နယ်၊ မြောက်ပိုင်း၊ ဖလမ်းမြို့အနီး ဆာဘန်တောင်ပေါ်၌ ပို့ဆောင်ရေး ဝန်ကြီးဌာနမှ လေယာဉ်ကွင်းတည်ဆောက်ရန် ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ချင်းပြည်နယ်အစိုးရ အဖွဲ့မှ သိရသည်။
 အဆိုပါ လေယာဉ်ကွင်းတည် ဆောက်မည့် နေရာသည် ဖလမ်း မြို့၏ ၁ဝ မိုင်ခန့်အကွာတွင် တည် ရှိပြီး ယခင်ကိုလိုနီခေတ်က ဗြိတိသျှ လေယာဉ်များ အရေးပေါ်ဆင်း သက်ခဲ့ဖူးသော နေရာဖြစ်သည့် အပြင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်တွင်လည်း လေယာဉ် ကွင်း တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းခဲ့ဖူးကြောင်း ချင်းပြည် နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါက်တာ ငွန်ဆန်းအောင်က ပြောသည်။ယခုတည်ဆောက်မည့် လေ ယာဉ်ကွင်းသည် လေယာဉ်ပြေး လမ်း အရှည်ပေ ၈ဝဝဝ   နှင့် အနံ အကျယ်ပေ ၂ဝဝ ခန့် ကျယ်ဝန်း ကာ၊ ထိုလေယာဉ်ကွင်း တည် ဆောက်ရန်အတွက် အောက်တို ဘာလအတွင်းက လေကြောင်းပို့ဆောင်ရေးဦးစီးဌာနမှ
တာဝန်ရှိသူများ လာရောက်ကွင်းဆင်း တိုင်းတာမှုများ ပြုလုပ်ကြောင်း ၄င်းက ဆက်ပြောသည်။”ဒီနေရာကို ဟားခါး၊ ထန်တလန်အပြင် မြန်မာ-အိန္ဒိယနယ်စပ် တွေ ကနေ ကားနဲ့လာမယ်ဆိုရင် နှစ်နာရီခရီးပဲရှိတဲ့အပြင် လေယာဉ် ဆင်းတက်လုပ်ဖို့လည်း အကောင်း ဆုံးဖြစ်နေတဲ့အတွက် ဒီနေရာကို ရွေးချယ်ထားတာ။ လောလော ဆယ်တော့ကျွန်တော်ရယ်၊ ပြည် နယ်ဥပဒေချုပ်နဲ့ ဖလမ်းမြို့က လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ လေယာဉ်ကွင်းဖြစ်မြောက် ရေးကော်မတီကိုလည်း ဖွဲ့ထားတယ်။ အဆင်ပြေရင်တော့ နောက် နှစ်အတွင်းမှာပဲ လေယာဉ်ကွင်းကို စပြီးတည်ဆောက်သွားဖို့ရှိတယ်”ဟု ၄င်းက ဆိုသည်။လက်ရှိအခြေအနေအရ ချင်း ပြည်နယ်အ တွင်း လေယာဉ်ကွင်း မရှိသည့်အတွက် ပြည်မသို့ လေကြောင်းခရီးဖြင့် သွားရောက်လိုသူ များမှာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ ကလေးလေဆိပ်မှသာ တစ်ဆင့် သွားလာနေရကြောင်း ဆာဘန် လေယာဉ်ကွင်းတည် ဆောက်မှု ပြီးစီးသွားပါက ဒေသခံ များအနေဖြင့် သွားလာရေး ပိုမို လွယ်ကူလာစေနိုင်မည့်အပြင် ကမ္ဘာလှည့် ခရီးသည်များပါ လေ ကြောင်းခရီး အသုံးပြု၍ ချင်းပြည် နယ်အတွင်း လာရောက် လေ့လာ နိုင်မည်ဟု ၄င်းက ထပ်မံပြော သည်။

Source : Popular News

ပထမဆုံးသော Myanmar Travel & Trade Expo 2013 ကျင်းပမည်

Myanmar Tourism Federation (MTF) ၏ ဦးဆောင်မှုဖြင့် MTS Group မှ စုစည်းကျင်းပမည့် ပထမဆုံးသော Myanmar Travel & Trade Expo 2013 ကို ၁၁-၁-၂၀၁၃ ရက်မှ ၁၄-၁-၂၀၁၃ ရက်နေ့အထိ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ Myanmar Convention Centre (MCC) ခန်းမတွင် နံနက် ၉း၀၀ နာရီမှ ညနေ ၈း၀၀ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ ပြပွဲကြီးတွင် Travel Zone အနေဖြင့် ပြည်တွင်းပြည်ပသို့ ဝန်ဆောင်မှုပေးနေသော ခရီးသွားလုပ်ငန်းများ၊ ပြည်တွင်းပြည်ပ ဟိုတယ်များနှင့် Hotel Suppliers ကုမ္ပဏီများ၊ Bank ဝန်ဆောင်မှု လုပ်ငန်းများ၊ လေကြောင်းလိုင်းများ၊ စားသောက်ဆိုင်များ၊ သယ်ယူပို့ဆောင်ရေးကုမ္ပဏီများ၊ International School များ၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ Training Centre များ၊ Spa ဝန်ဆောင်မှု လုပ်ငန်းများ၊ Souvenir Shop များ၊ Gems & Jewellery Shop များနှင့် Trade Zone အနေဖြင့် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့် ရရှိသူများနှင့် ကားကုမ္ပဏီကြီးများ၊ ကားအပိုပစ္စည်းများနှင့် အခြားဆက်စပ် ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် အိမ်ရာအရောင်းပြခန်းများ၊ အိမ်ဆောက်ပစ္စည်းများနှင့် အိမ်တွင်းအလှဆင် ပစ္စည်းများ၊ မြန်မာပရိဘောဂပစ္စည်းများ၊ လုံခြုံရေးသုံးပစ္စည်းများ၊ အီလက်ထရွန်နစ်နှင့် လျှပ်စစ်ပစ္စည်းများ၊ စားသောက်ကုန်များ၊ အဝတ်အထည်များ၊ ဆေးဝါးများ၊ တိုင်းရင်းဆေးဝါးပစ္စည်းများ၊ စိုက်ပျိုးမွေးမြူရေး ပစ္စည်းများ၊ စာရေးကိရိယာများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ စက်မှုထုတ်ကုန်များနှင့် အခြားလူသုံးကုန် ပစ္စည်းများ စုံလင်စွာ ပါဝင်ပြသ ရောင်းချသွားမည်ဖြစ်သည်။ စိတ်ပါဝင်စားသည့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် Myanmar Tourism Services Co.,Ltd အခန်းအမှတ် (၁၀၁၀)၊ ၁၀လွှာ၊ ယုဇနတာဝါ၊ ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း -၀၁ ၅၅၂၇၆၂၊ ၅၅၂၆၄၂၊ ၀၉-၇၃၂၁၆၀၁၀၊ ၀၉-၅၁၆၈၀၅၇၊ ၀၉-၄၉၃၀၁၇၂၄ သို့ ကြိုတင်ဆက်သွယ်နိုင်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်

Source : Khit Lu Nge 

Saturday, November 24, 2012

ကိုလိုနီခေတ် မြန်မာ့မီးရထားရုံး အဆောက်အအုံကို ကြယ်ငါးပွင့် ဟိုတယ်အဖြစ် ပြောင်းမည်

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ မြန်မာ့မီးရထားရုံး အဆောက်အအုံဟောင်းကို မူလလက်ရာ မပျက်စေဘဲ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်အဖြစ် ပြုပြင်တည်ဆောက်သွားမည်ဖြစ်ကြောင်း အဆိုပါစီမံကိန်းကို လုပ်ဆောင်မည့် စင်ကာပူအခြေစိုက် Yoma Strategic Holdings ကုမ္ပဏီမှ ပြန်ကြားရေးတာဝန်ခံ ဒေါ်ခင်သူသူက နိုဝင်ဘာ ၂၀ ရက်နေ့က ပြောကြားခဲ့သည်။ ၁၈၇၇ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ရန်ကုန်မြို့လယ်ကောင်တွင် တည်ရှိကာ ကိုလိုနီခေတ် လက်ကျန်ရှေးဟောင်း အဆောက်အအုံဟောင်း ဖြစ်သည့် အဆိုပါ မြန်မာ့မီးရထားရုံးချုပ် အဆောက်အအုံဟောင်းကို စင်ကာပူရှိ Raffles ဟိုတယ်ပုံစံ ပြောင်းလဲပြင်ဆင်သွားမည်ဟု Yoma Strategic Holdings က နိုဝင်ဘာ ၂၀ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဗိုလ်ချုပ်လမ်းမပေါ်ရှိ FMI အဆောက်အအုံ၊ ဂရင်းမီးရထားဟိုတယ်နှင့် မြန်မာ့မီးရထား အဆောက်အအုံများ ပါဝင်သော မြေဧရိယာ ၁၀ ဧကခန့် (စတုရန်းပေ နှစ်သန်းခန့်)ပေါ်တွင် ကြယ်ငါးပွင့်အဆင့်ရှိ ကွန်ဒိုမီနီယံနှင့် ဟိုတယ်၊ ကြယ်လေးပွင့် အဆင့်ရှိ ဟိုတယ်နှင့် လက်လီစတိုးဆိုင်၊ အခြားအထပ်မြင့် ရုံးအဆောက်အအုံနှစ်ခုတို့ ပါဝင်သော အမေရိကန်ဒေါ်လာ သန်း ၃၃၀ ခန့် ကုန်ကျမည့် စီမံကိန်းကြီးကို အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြပါရှိသည်။ အဆိုပါ နေရာများကို ပိုင်ဆိုင်သော SPA- Serge Pun & Associates (Myanmar) ကုမ္ပဏီ၏ လက်အောက်ခံ မီးရထားနိုင်ငံတကာ ဟိုတယ်လီမိတက် (Meeyahta International Hotel Ltd.) ၏ ရှယ်ယာ ၈၀ ရာခိုင်နှုန်း (တန်ဖိုး အမေရိကန်ဒေါ်လာ ၈၁ သန်းခန့်) ကို ဝယ်ယူခဲ့ကြောင်း ဖော်ပြထားသည်။ “ဒီအဆောက်အအုံက ရန်ကုန်မှာ တော်တော်ရှားပါးတဲ့ ဂဝံအဆောက်အအုံဆိုတော့ သေသေချာချာ ထိန်းသိမ်းသင့်တယ်။ သူတို့ဘက်က သေချာပြင်မယ် ဆိုရင်တော့ ကောင်းတာပေါ့။ ဟိုတယ်လုပ်မယ်ဆိုတာနဲ့ ပတ်သက်ပြီေးတာ့ ဘာမှ မပြောလိုတော့ပါဘူး” ဟု သမိုင်းပညာရှင် ဒေါက်တာကျော်လတ်က ပြောကြားသည်။ နိုင်ငံရေးအရ ပွင့်လင်းမြင်သာမှု ရှိလာခြင်းနှင့် နိုင်ငံတကာမှ အရေးယူပိတ်ဆို့မှုများ လျှော့ချလိုက်ခြင်းတို့ကြောင့် နိုင်ငံတကာမှ ဧည့်သည်များ ပိုမိုဝင်ရောက်လာသော်လည်း ရန်ကုန်မြို့တွင် ဟိုတယ်အခန်းပေါင်း ၈၀၀၀ ခန့်သာရှိပြီး နိုင်ငံတကာအဆင့်မီ အခန်းအရေအတွက် ၁၅၀၀ နှင့် ၂၅၀၀ ကြားသာ ရှိသောကြောင့် အဆင့်မြင့်ဟိုတယ်များ တည်ဆောက်၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သင့်ကြောင်း ကမ္ဘာကျော် Jones Lang LaSalle Hotels မှ သုတေသနပြု ထုတ်ပြန်သော Hotel Intelligence Report-Market Insight Yangon စာတမ်းတွင် ဖော်ပြထားသည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Source : Khit Lu Nge

Friday, November 23, 2012

အင်းလေး တည်းခိုခ မြင့်တက်၊ နိုင်ငံခြားသားများ အခက်တွေ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသတွင် ဧည့်သည် ဝင်ရောက်မှု များပြားလာသည့် အလျောက် ဟိုတယ်တည်းခိုခများလည်း မျှော်မှန်းထားသည်ထက် မြင့်တက်ကုန် နိုင်ငံခြားသားများ အခက်တွေ့နေ ရကြောင်း သိရသည်။ “အင်းလေးဒေသမှာ ဧည့်သည်အဝင်များတာ လမ်းပေါ်မှာ နိုင်ငံခြားသားခရီးသည်တွေ ငုတ်တုပ်ထိုင်နေရတဲ့ အထိပါပဲ။ ဘာကြောင့်လဲဆိုရင် ဧည့်သည်က အခန်းခကို ၂၅ ဒေါ်လာလောက်ပဲ မှန်းထားတာ ဒီရောက်တော့
ဒေါ်လာ ၆ဝ-၇ဝ ပြောလာတဲ့ အနေအထားတွေ ကြုံကြရလို့လေ” ဟု ဒေသခံ ဦးမြမောင် က မဇ္ဈိမကို ပြောသည်။ ထိုအခက်အခဲများကို ဖြေရှင်းရန်အတွက် ကော်မတီတရပ်လည်း ဖွဲ့စည်းထားကြောင်း မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်းက ဆိုသည်။

“ဒီလိုအနေအထားဟာ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ခရီးသွား ဧည့်သည်
တွေ အမိုးအကာအောက် ရောက်ရှိရေးအတွက် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ဒေသခံ အာဏာပိုင်အဖွဲ့ရယ်၊ ရပ်မိ ရပ်ဖတွေ၊ ဆရာတော်ကြီးတွေရယ်၊ ဟိုတယ်လုပ်ငန်းရှင်တွေရယ် စုပေါင်းပြီး ကမ္ဘာလှည့် ခရီးသွားများအား နေရာ ချထားပေးရေး ကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်” ဟု တောင်ကြီးဟိုတယ်ဇုန်မှ အတွင်းရေးမှူး ဦးအောင်ကျော်မိုး က ပြောသည်။

တောင်ကြီး၊ တန်ဆောင်တိုင်ပွဲတော်နှင့် အတူ ညောင်ရွှေ၊ အင်းလေးဒေသတွင် နိုင်ငံခြားသား ခရီးသည် ဝင်ရောက်မှုမှာ ပိုမိုများပြားလျက်ရှိသည်။ ထိုသို့ ဧည့်အဝင် များပြားလှ၍ ဟိုတယ်များလည်း တိုးချဲ့တည်ဆောက်လာနေကြသည်။ “ဟိုတယ်တွေ တိုးချဲ့တယ်ဆိုတဲ့ နေရာမှာ လက်ရှိဟိုတယ် လုပ်ငန်းရှင်တွေက ရှိပြီးသား ဟိုတယ်တွေကို အခန်း တိုးချဲ့တာမျိုးနဲ့ ဟိုတယ်အသစ်တွေ ထပ်ပြီး တည်ဆောက်လာတာရယ် နှစ်ပိုင်းရှိပါတယ်” ဟု MAY GUEST HOUSE မှ လုပ်ငန်းရှင် ဦးညီညီတင် က မဇ္ဈိမကို ပြောသည်။


အင်းလေးဒေသတွင် အသစ်ဆောက်သည့် ဟိုတယ်ကြီး သုံးလုံးမှာ ပြီးစီးတော့မည်ဖြစ်ပြီး နောက်ထပ် ဟိုတယ် အသစ်များလည်း တည်ဆောက်ရန် ပြင်ဆင်နေကြောင်း သိရသည်


Source : Mizzima 

Monday, November 19, 2012

ကျားထိန်းသိန်းရေး အမေရိကန် ထောက်ပံ့ရေး ပြန်စဉ်းစားပေးရန် တောင်းဆို

ဟူးကောင်းဒေသရှိ ကျားထိန်းသိမ်းရေး စီမံကိန်းကို ခေတ္တရပ်ဆိုင်းပေးရန် အတွက် ကချင်ပြည်နယ် တိုင်းရင်းသား ဖွံ့ဖြိုးရေးအဖွဲ့ ( Kachin Ethnic Development Organization ) နှင့် ဟူးကောင်းဒေသ လယ်သမားများ လူမှုရေးကော်မတီ ( Hugawng Farmers Social Comitte ) တို့ ပူးပေါင်း၍ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီး ရောက်ရှိနေသော အမေရိကန် သမ္မတ အိုဘားမားထံ အိတ်ဖွင့်ပေးစာ ပေးပို့ထားကြောင်း သတင်းရရှိသည်။
အိတ်ဖွင့်ပေးစာတွင် အမေရိကန် အစိုးရ၏ ဟူးကောင်းဒေသအတွက် ထောက်ပံ့မှုများ အားလုံးကို ထုတ်ဖော်ရန်၊ သားရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့ ( wild life conversation ) အဖွဲ့ နှင့် မြန်မာအစိုးရတို့၏ ဟူးကောင်း တောင်ကြားဒေသ အတွက် ထောက်ပံ့မှုများကို ပြန်လည်သုံးသပ်ရန် စသည်တို့ အပါအ၀င် အချက် ၇ ချက် ပါဝင်ကြောင်း တွေ့ရသည်။
“ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေး နယ်မြေဆိုပြီး လုပ်ထားတယ်။ အဲဒီဧရိယာထဲက ပဲ ယုဇနကို စိုက်ပျိုးရေး စီမံကိန်းတွေ လုပ်ခွင့်ပေးထားတယ်။
ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ တကယ်လုပ်မယ်ဆိုရင် သုတေသန ကောင်းကောင်းလုပ်ပြီးမှ စနစ်တကျ လုပ်ဖို့ အဆိုပြုထားတဲ့ သဘောပါ” ဟု ကချင်ပြည်နယ် ဖွံ့ဖြိုးရေးအဖွဲ့မှ ဦးရှဂေါန်တန်ဂွန်းက ပြောသည်။
ဟူးကောင်း ကျားထိန်းသိမ်းရေး ဒေသသည် ကချင်ပြည်နယ်တွင် တည်ရှိပြီး ၂၁၈၀၀ ကီလိုမီတာ ကျယ်ဝန်းကာ ၂၀၀၁ ခုနှစ်မှ စတင်ပြီး ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေးနယ်မြေအဖြစ် မြန်မာအစိုးရနှင့် သားရိုင်း တိရိစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့ ( WCS ) တို့ကသတ်မှတ် ထိန်းသိမ်းခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ကျားထိန်းသိမ်းရေး ဒေသအတွင်းရှိ မြေဧက ၂ သိန်းကျော်ကို အကြီးစားစိုက်ပျိုးရေးစီမံကိန်းများပြုလုပ်ရန် ယုဇနကုမဏီအား လုပ်ပိုင်ခွင့်ပေးခဲ့ကြောင်း သိရသည်။
“ကျားထိန်းသိမ်းရေး နယ်မြေက မူ အရအရမ်းကောင်းတယ်။ လက်လည်း လက်ခံပါတယ်။ ဒါကို မကြိုက်တာ မဟုတ်ပါဘူး။ ကမ္ဘာ့ကြီးဆုံး ကြိုးဝိုင်းဆိုပြီးတော့ လုပ်ထားပြီးတော့ အဲလို ကုမဏီကြီးတွေကို ရွှေတွေထုတ်၊ ကျွန်းတွေ ထုတ်ခိုင်းတာ၊ စိုက်ပျိုးရေးစီမံကိန်း အကြီးစားတွေ အကောင်အထည်ဖော်နေတာတွေဟာ ဒေသခံတွေကို အကြီးအကျယ် နစ်နာစေတယ်။ ဒါကို ပြန်သုံးသပ်ပါ။ ဒေသခံများကို လျစ်လျူမရှုပါနဲ့” ဟု ဟူးကောင်းဒေသ လယ်သမားများ လူမှုရေးကော်မတီက ဦးလဂေါန် တန်ဂွန်းက ဧရာဝတီကို ပြောသည်။
ယုဇန ကုမဏီသည်ဒေသခံများ၏ လယ်မြေများ သိမ်းယူခြင်း၊ သစ်ထုတ်ခြင်း၊ ရွှေတူးဖော်ခြင်း အစရှိသည်တို့ကို ဆက်တိုက်ပြုလုပ်ခဲ့ပြီး စိမံကိန်း အကောင်အထည်ပေါ်ရေးအတွက် စက်ကရိယာအကြီးစားများ အသုံးပြုနေသဖြင့် သဘာဝပတ်ဝန်းကျင်ကိုပါ အကြီးအကျယ် ထိခိုက်စေကြောင်း ပေးစာတွင် ဖော်ပြထားသည်။
၁၉၉၄ နောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်မတော် ( ကေအိုင်အေ ) နှင့်  အစိုးရ အပစ်အခတ်ရပ်ဆဲပြီးနောက် စနစ်မကျ သည့် ဖွံ့ဖြိုးရေးစီမံကိန်းကြီးများကြောင့် ဒေသခံများနစ်နာနေရကြောင်း ဦးလဂါန်တန်ဂွန်းက ဆိုသည်။
ဟူးကောင်း ကျားထိန်းသိမ်းရေး ဒေသ အိုဘားမားထံ အိတ်ဖွင့်ပေးစာနှင့် ပတ်သတ်ပြီး သားရိုင်း တိရိစ္ဆာန် ထိန်းသိမ်းအဖွဲ့ ( WCS ) သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဖြေဆိုခြင်း မရှိပေ

Source :Irrawaddy