မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းနှင့် နယ်နမိတ်ချင်း ထိစပ်နေသော မြန်မာ-အိန္ဒိယနယ်စပ် ပြည်နယ်လေးခုမှ အိန္ဒိယနိုင်ငံသားများကို နိုင်ငံကူးလက်မှတ်နှင့် ဗီဇာမလိုဘဲ မြန်မာနိုင်ငံအတွင်း ၁၆ ကီလိုမီတာ အကွာအဝေးကို မြန်မာနိုင်ငံအစိုးရက သွားလာခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် သီတင်းပတ်က ချင်းပြည်နယ် ဖလမ်းမြို့တွင် နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ အိန္ဒိယသမ္မတနိုင်ငံမှလည်း ယခုနှစ်အစောပိုင်းက မီဇိုရမ်၊ မဏိပူရ်၊ နာဂဒေသနှင့် အာရမ်နာချယ်ပရာဒက်ရှ် တို့တွင် ၁၆ ကီလိုမီတာ အကွာအဝေးအတွင်း နိုင်ငံကူးလက်မှတ်မလိုဘဲ မြန်မာနိုင်ငံသားများကိုလည်း သွားလာခွင့်ပြုခဲ့ပြီးဖြစ်သည်ဟု သိရသည်။ အဆိုပါ နယ်စပ်ဒေသများသို့ သွားလာသည့် မြန်မာ၊ အိန္ဒိယ နှစ်နိုင်ငံသားများသည် နိုင်ငံကူးလက်မှတ် သို့မဟုတ် ဗီဇာမလိုဘဲ သတ်မှတ်အကွာအဝေးအတွင်း အများဆုံး တစ်ပတ်ကြာ နေထိုင်ခွင့်ရှိသည်ဟု ဆိုသည်။ အဆိုပါ နယ်စပ်ပြည်နယ်များမှတစ်ဆင့် ရှားပါးသစ်ခွမျိုးစိပ်များ၊ တိရစ္ဆာန်ကိုယ်အင်္ဂါ အစိတ်အပိုင်းများနှင့် သားရေများ၊ မူးယစ်ဆေးဝါးများနှင့် စန္ဒကူးနံ့သာများ တရားမဝင် သယ်ယူပို့ဆောင်မှုများကို နှစ်နိုင်ငံ ပူးပေါင်းကာ ကာကွယ်ထိန်းချုပ်နိုင်ရေး ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။ နာဂဒေသ၊ မဏိပူရ်၊ မီဇိုရမ်နှင့် အာရမ်နာချယ်ပရာဒက်ရှ်နယ်စပ် ပြည်နယ်များသည် မြန်မာနိုင်ငံနှင့် ၁၆၄၀ ကီလိုမီတာ နယ်နမိတ်ချင်း ထိစပ်လျက်ရှိကြောင်း 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Source : Khit Lu Nge
No comments:
Post a Comment
Thank you for your comment on my blog, Anythig you can suggesting and discuss to me.