Sunday, November 22, 2020

သဘာဝနှင့်လှနေသောကမ်းခြေ(သို့)ဇီးခုံ

ဇီးခုံကမ်းခြေနံနက်ခင်းအလှ

ယခုတစ်ပါတ် Sunday မှာ သဘာဝကမ်းခြေတစ်ခုဖြစ်တဲ့ ဇီးခုံကမ်းခြေကို မနက်စောစော စက်ဘီးစီးထွက်ဖြစ်ခဲ့ပါတယ်။ ဇီးခုံကမ်းခြေဟာ သဘာဝအတိုင်းလှပနေဆဲဖြစ်သလို တချို့နိုင်ငံခြားသားတွေ ငပလီကနေတကူးတက လာရောက်လည်ပတ်လေ့ရှိတဲ့ ကမ်းခြေတစ်ခုအဖြစ် နာမည်ကျော်ပါတယ်။ မနက်ပိုင်းစောစော စီးရတာဖြစ်လို့ ဆောင်းတွင်းရဲ့ အေးမြတဲ့ရာသီဥတုကိုခံစားရပေမယ့် စက်ဘီးစီးနေရတာကြောင့် အအေးဒဏ်ကိုသိပ်မခံစားရပါဘူး။
ကမ်းခြေတွင် အမှတ်တရ Group Photo 

အဝေးပြေးလမ်းကနေ ဇီးခုံကိုသွားတဲ့လမ်းကတော့ ကွန်ကရစ်လမ်းဖြစ်ပေမယ့် အတန်ငယ်ကျဉ်းမြောင်းပါတယ်။ ဇီးခုံရောက်တဲ့အခါမှာ ပထမဆုံးခရီးစဉ်ဖြစ်တာကြောင့် ပင်လယ်ကမ်းခြေကို ဆင်းတဲ့လမ်းမှားပြီး ချောင်းထဲကိုဆင်းတဲ့လမ်းကို မှားဆင်းမိပါသေးတယ်။ နောက်ကြောင်းပြန်လှည့်ပြီး လမ်းမှန်ရောက်တဲ့အခါမှ ဇီးခုံကမ်းခြေကိုဆင်းတဲ့လမ်းမှန်ရှာတွေ့ပါတယ်။ ကမ်းခြေရောက်တဲ့အခါမှာ ပင်လယ်ပြင်ကြီးရဲ့ မနက်စောစောအလှကိုခံစားနိုင်ပြီး ကမ်းခြေမှာ လမ်းလျှောက်ထွက်သူတချို့ကိုလည်း တွေ့မြင်ရပါတယ်။ ကမ်းခြေမှာ အမှတ်တရ Group photo လေးရိုက်ပြီးမှ လာလမ်းအတိုင်းပြန်စီးခဲ့ကြပါတယ်။ အပြန်လမ်းတစ်ဝက်မှာ မနက်စာအဖြစ် ဒေသအစားအစာဖြစ်တဲ့ ရခိုင်မုန့်တီပူပူလေးစားပြီး လဖ္ဘက်ရည်ကျစိမ့်လေးသောက်လို့ စကားကောင်းခဲ့ကြပါသေးတယ်။ ယနေ့မှစစီးဖြစ်တဲ့ Group လေးဖြစ်ပေမယ့် စကားဝိုင်းကတော့ ဖော်ရွေမှုအပြည့်နှင့်ပါ။
 
ဇီးခုံကမ်းခြေရှုခင်းတခု

ယနေ့သွားရောက်ခဲ့တဲ့ခရီးကတော့ ကမ်းခြေတစ်ခုဖြစ်လို့ ကမ်းခြေရှေ့မှာနေတဲ့ ကိုယ့်အတွက်သိပ်မထူးခြားပေမယ့် တခြားအရပ်ဒေသတစ်ခုက ကမ်းခြေကို စက်ဘီးစီးခရီးဖြင့် ရောက်ဖူးခဲ့တာဖြစ်လို့ အမှတ်တရဖြစ်စေခဲ့ပါတယ်။
ဇီးခုံကမ်းခြေအမှတ်တရ


လင်းမောင်မောင်

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.