Sunday, September 20, 2020

တောတောင်အလှနှင့်ဆင်ကူးရွာစက်ဘီးခရီး

ကိုဗစ်ကာလမှာ စက်ဘီးမစီးဘဲလည်း မနေနိုင် လမ်းပေါ်လဲသိပ်မသွားချင် Off-road မစီးရတာလဲကြာပြီဆိုတော့ ယခုတခေါက်မှာ MTB လေးနဲ့ ရိုးမအနီးကနေသွားရတဲ့ ဆားချက် - ဆင်ကူး လမ်းကို Solo စီးဖြစ်သွားတယ်။ ဒီလမ်းကြောင်းကို ယခုမှစစီးတာဆိုတော့ Google Map ကြည့်တော့ လမ်းကြောင်းလည်းမထင်ရှား၊ မြေပြင်အနေအထားလည်းမသိပဲသွားရတာမို့ ကိုယ့်အတွက်တော့ အသစ်အဆန်းဖြစ်ပါတယ်။




အိမ်ကစထွက်ချိန်ရာသီဥတုအခြေအနေက တစ်ညလုံးမိုးဆွေထားပေမယ့် နံနက်ခင်းမှာတော့ သာသာယာယာရှိနေပါတယ်။ ဟိုင်းဝေးလမ်းကစဝင်တဲ့ လမ်းအစမှာ ကျောက်ချောခင်းထားလို့ ကုန်းအတက်အဆင်းလေးတွေနဲ့ စီးလို့ကောင်းတဲ့လမ်းဖြစ်ပြီး မိုးတွင်းကာလဖြစ်လို့ စိမ်းစိုနေတဲ့သစ်ပင်ပန်းမံတွေနဲ့ မြူခိုးတွေဝေနေတဲ့တောင်တွေရဲ့အလှကိုခံစားမိပါတယ်။ ကျောက်ချောလမ်းဆုံးတော့ ချောင်းငယ်တစ်ခုကို ကြိုးတံတားလေးကနေဖြတ််ခဲ့ရပြီး ချောင်းတစ်ဘက််ကမ်းကစလို့ မြေသားလမ်းကြမ်းနဲ့ တောလမ်းကျဉ်းကျဉ်းတွေဖြတ်ခဲ့ရပါတယ်။ မိုးကလည်း တညလုံးရွာထားတော့ တချို့နေရာတွေမှာ ဗွက်ထဲကနင်းရသလို တချို့နေရာတွေမှာ စက်ဘီးကိုထမ်းပြီးသွားခဲ့ရပါတယ်။ ရွာချင်းဆက်လမ်းတွေဖြစ်လို့ လမ်းမှာတွေ့တဲ့ရွာသားအချို့ကို လမ်းကြောင်းမေးရင်း လိုရာခရီးရောက်အောင်ဆက်စီးခဲ့ပါတယ်။





ဆင်ကူးရောက်တဲ့အခါ ဘုန်းတော်ကြီးကျောင်းမှာခဏနားပြီး အပြန်ကိုတောလမ်းအတိုင်းမပြန်ပဲ ချောင်းကို ကူးတို့လှေနဲ့ဖြတ်ကူးလို့ ဟိုင်းဝေးလမ်းမကြီးပေါ်ရောက်တဲ့ရွာလမ်းအတိုင်းပြန်တက်ပြီး လမ်းမကြီးပေါ်ကနေပဲ ပြန်စီးလာခဲ့ပါတယ်။ ဒီတစ်ခါက်သွားတဲ့လမ်းက မိုးရာသီမို့ လမ်းအနေအထားအရ သွားလာရခက်ပေမယ့် တောတောင််အနီးအနားဖြစ်တာမို့ မိုးရာသီ သဘာဝရှုခင်းအလှကို ခံစားနိုင်ပြီး ဆောင်းရာသီရောက်တဲ့အခါ နောက်ထပ်အလှတစ်မျိုးခံစားနိုင်မှာအသေအချာဖြစ်လို့ မိုးတွင်းကာလ ရှုခင်းဓါတ်ပုံတချို့ကို ပြန်လည်မျှဝေလိုက်ပါတယ်။






Linn Maung Maung

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.