Monday, January 24, 2022

ဂျိုလိမ်ရွာလေးသို့ စက်ဘီးခရီးလမ်း

 

တောင်ကုန်းပေါ်မှရှုမျှော်ခင်း

ယခုတစ်ပါတ် Sunday မှာ ဂွမြို့နယ်တွင်းက ရခိုင်ရိုးမအနီးရှိ ရွာတစ်ရွာဘက်ကို အသွားအပြန် 43km လောက်စီးဖြစ်ခဲ့တယ်။ ပုံမှန်ဆို ကိုရန်ကျော်မိုးနဲ့နှစ်ပါတ်တစ်ခါလောက်ဆုံပြီး အတူစီးဖြစ်ပေမယ့် ယခုတစ်ပါတ်မှာ ကိုရန်ကျော်မိုး မအားတာကြောင့် တစ်ယောက်တည်းပဲ စီးဖြစ်ခဲ့တယ်။ နံနက်ရောင်နီမလာမှီ ချမ်းချမ်းစီးစီးအိမ်ကစထွက်လာပြီး လမ်းခုလတ်က Tea Shop မှာ လဖ္ဘည့်ရည် ကျစိမ့်လေး တစ်ခွက်သောက်ပြီး နေစထွက်လာတာနဲ့ ဆက်စီးခဲ့ပါတယ်။

ချောင်းနံဘေးရှုခင်း

ယခုသွားရောက်ဖြစ်ခဲ့တဲ့ဒီရွာလေးက ရိုးမအတွင်းဘက်ကို အနည်းငယ်ပိုဝင်ရပြီး ချောင်းဖျားနဲ့နီးပါတယ်။ လမ်းမကြီးပေါ်ကနေ ရွာအထိကို တိုက်ရိုက်လမ်းပေါက်ပေမယ့် မြေသားကျောက်ခင်းလမ်းဖြစ်လို့ အနည်းငယ်လမ်းကြမ်းပါတယ်။ ရွာထဲကိုရောက်တဲ့အခါမှာချောင်းတစ်ခုတွေ့ရပြီး ကမ်းနား တစ်လျှောက်မှာ အိမ်ခြေအနည်းငယ်ကို တွေ့မြင်ကပါတယ်။ ရွာအဆုံးက တောင်ကုန်းပေါ်မှာ ဆောက်လက်စ ဘုန်းတော်ကြီးကျောင်းနှင့် ခပ်လှမ်းလှမ်းမှာ စေတီတစ်ဆူကိုတည်ထားတာ တွေ့မြင်ခဲ့ရပါတယ်။

စိုကခင်းများကြားမှလမ်းကလေး

ချောင်းတစ်ဘက်ကမ်းမှာ စိုက်ခင်းအတော်များများစိုက်ပျိုးထားပြီး စိုက်ခင်းတွေဘက်ကို ချောင်းကူးပြီး သွားရောက်လေ့လာဖြစ်ခဲ့ပါတယ်။ ဆောင်းရာသီ ချောင်းရေနည်းချိန်ဖြစ်လို့‌ ရေတိမ်ပိုင်း ဒူးလောက်သာသာကနေ ဖြတ်ခဲ့ရပြီး ရိုးမပေါ်ကနေစီးလာတဲ့ချောင်းရေဖြစ်လို့ ကျောက်တုံးကျောက်ခဲများနှင့် ကြည်လင်အေးမြလှပါတယ်။ ချောင်းတစ်ဘက်ကမ်း‌ရောက်တဲ့အခါမှာ လိုက်ပို့ပေးတဲ့ ကိုလတ်ရဲ့အသိမိတ်ဆွေတဲတစ်ခုမှာ ခဏဝင်နားဖြစ်ပါတယ်။ ရွာခံအတော်များများက စိုက်ပျိုးရေးလုပ်ကြပြီး တခါတရံ သစ်၊ ဝါးခုတ်ပြီး အသက်မွေးဝမ်းကြောင်းပြုကြပါတယ်။ အဓိကကွမ်းခြံစိုက်ကြပြီး ပြောင်းခင်းများ၊ မြေပဲခင်းများ၊ တောင်ယာငရုပ်ခင်းများကိုလည်း စိုက်ပျိုးထားတာကို တွေ့မြင်ခဲ့ပါတယ်။ ချောင်းနံဘေးဖြစ်လို့ စိုက်ပျိုးလုပ်ကိုင်ဖို့ အဆင်ပြေကြပါတယ်။ တောတောင်နဲ့နီးတဲ့နေရာဖြစ်လို့ တောတွင်းပိုင်းမှာ ဆင်မုဆိုးတွေရောက်တဲ့အချိန်ဆိုရင် ဆင်တွေဆင်းလာတတ်လို့ စိုက်ပျိုးထားတာတွေ တချို့တလေပျက်တတ်ကြောင်းပြောပြပါတယ်။ ‌ချောင်းဖျားအထက်ပိုင်းမှာ ရွှေတောင်လို့ခေါ်ဆိုတဲ့ တောင်တစ်တောင်ရှိပြီး တရုတ်ဓတ်သတ္တု ပညာရှင်တချို့ လာရောက်လေ့လာပြီး ကျောက်တိုင်တစ်တိုင် စိုက်ထူထားခဲ့ဖူးကြောင်းလဲ ပြောပြပါတယ်။

ပဲစိုက်ခင်းများ

ဒီလိုနဲ့ စကားပြောဆိုကြပြီး ခဏအကြာမှာ အပြန်နေမြင့်နေမှာစိုးတာနဲ့ ချောင်းကိုပြန်ဖြတ်ကာ ရွာဘက်ကိုပြန်လာပြီး လာလမ်းအတိုင်းပဲ ပြန်ခဲ့ရင်း ယခုတစ်ပါတ် စက်ဘီးစီးခရီးစဉ်ကို အဆုံးသတ်လိုက်ပါတယ်။

လင်းမောင်မောင်






No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.