Wednesday, August 11, 2010

ဆိုက်ရောက် ဗီဇာစနစ် မလေးရှားဖျက်သိမ်း

မလေးရှားနိုင်ငံအစိုးရက မြန်မာနိုင်ငံ အပါအဝင် အာရှတိုက်ရှိ နိုင်ငံရှစ်နိုင်ငံအပေါ် ခွင့်ပြုပေးနေသည့် ဆိုက်ရောက် ဗီဇာစနစ်ကို နိုင်ငံအတွက် ပြဿနာများစွာ ကြုံတွေ့နိုင်သည်ဟု အကြောင်းပြု၍ သြဂုတ်လ ၃ ရက်နေ့က ဖျက်သိမ်းလိုက်ကြောင်း ရန်ကုန်မြို့တော်ရှိ ပြည်ပအလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဆိုက်ရောက် ဗီဇာစနစ် အမြဲတမ်း ရပ်စဲရခြင်း၏ အဓိကအကြာင်းအရင်းမှာ အိန္ဒိယနိုင်ငံမှ အလည်အပတ် လာရောက်သူ လေးသောင်းခန့်သည် ဆိုက်ရောက် ဗီဇာစနစ်ကို အသုံးချ၍ မလေးရှားနိုင်ငံတွင် တရားမဝင် နေထိုင်လျက် ရှိသည့်အတွက် ယခုကဲ့သို့ ရပ်စဲရခြင်း ဖြစ်သည်ဟု မလေးရှားနိုင်ငံထုတ် “Star” သတင်းစာတွင် ပါရှိကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။ 

“သြဂုတ်လ ၁၅ ရက်နေ့ လောက်ကစမယ် လို့တော့ ကြားတယ် ”ဟုလည်း ၄င်းက ဆက်လက်ရှင်းပြသည်။ ယင်းကဲ့သို့ မြန်မာနိုင်ငံသားများအပေါ် ဆိုက်ရောက် ဗီဇာစနစ် ဖျက်သိမ်းလိုက်သည့်အတွက် မြန်မာနိုင်ငံမှ ခေါ်စာ “Calling” ဖြင့် ဗီဇာမယူဘဲ သွားရောက် ကြသူများသည် မဖြစ်မနေဗီဇာ ယူရတော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများက ပြောကြားသည်။ ၂၀၀၆ ခုနှစ်မှ စတင်၍ မလေးရှားနိုင်ငံသို့ ဝင်ရောက်လာသူများကို ဆိုက်ရောက် ဗီဇာစနစ်ခွင့်ပြုပြီး ယခုဆိုက်ရောက် ဗီဇာစနစ် ဖျက်သိမ်းသော နိုင်ငံများမှာ မြန်မာနိုင်ငံ အပါအဝင် အိန္ဒိယ၊ တရုတ်၊ ဘူတန်၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်(တိုင်ပေ)၊ ကူမာရောကျွန်းစုနိုင်ငံတို့ ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။"

source : khitlunge

အမ်အေအိုင်ကို ပုဂ္ဂလိကပိုင်သို့ လွှဲပြောင်း

နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင် လွှဲပြောင်းရေးအစီအစဉ်အဖြစ် နအဖစစ်အစိုးရပိုင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (Myanmar Airways International) အမ်အေအိုင်လိုင်းကို ကမ္ဘောဇ စီးပွားရေးအင်အားစုသို့ လွှဲပြောင်းပေးလိုက်ပြီး “အဲကမ္ဘောဇ” လေကြောင်းလိုင်းအမည်ဖြင့် လုပ်ငန်းစတင်သွားမည်ဟု သိရသည်။

ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ကမ္ဘောဇဘဏ်ရုံးချုပ်မှ တာဝန်ရှိသူတဦးက “မြန်မာ့လေကြောင်း (အမ်အေအိုင်) ရဲ့ ပိုင်ဆိုင်မှုအနေနဲ့ ကမ္ဘောဇအုပ်စုက (၈၀) ရာခိုင်နှုန်း၊ အစိုးရရဲ့ မြန်မာအဲဝေးဘက်က (၂၀) ရာခိုင်နှုန်း အစုဝင်အနေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က လွှဲပြောင်းတာ ပြီးပါပြီ။ လာမယ့် အောက်တိုဘာလမှာ အဲကမ္ဘောဇအနေနဲ့စတင်သွားမှာပါ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

အဲကမ္ဘောဇ လေကြောင်းလိုင်းအတွက် ကနေဒါနိုင်ငံထုတ် ထိုင်ခုံ (၁၀၀) ပါသည့် MA-60 နှင့် ATR-72 (၅) စင်းတို့ဖြင့် ပြည်တွင်းခရီးစဉ်များကို စတင်သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံ Guangzhou ပြည်ပ ခရီးစဉ်အတွက် Airbus A-320 ဖြင့် တိုးချဲ့ပျံသန်းသွားရန် ရှိကြောင်း ကမ္ဘောဇ စီးပွားရေးအင်အားစုမှ သိရသည်။

လက်ရှိတွင် အမ်အေအိုင် လေကြောင်းလိုင်းသည် ပြည်တွင်းခရီးစဉ်များအပြင် ဘန်ကောက်၊ ကွာလာလမ်ပူ၊ စင်ကာပူနှင့် ဂါယာ စသည့် အာရှနိုင်ငံ ခရီးစဉ်များကို ပုံမှန်ပျံသန်းလျက်ရှိသည်။

ယခု လေကြောင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိခဲ့သော ကမ္ဘာဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းသည် နအဖစစ်အစိုးရ ဒုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ရင်းနှီးသူအဖြစ် လူသိများပြီး မြန်မာဘီလီယံအုပ်စု ကုမ္ပဏီ၊ နီလာရိုးမ ကုမ္ပဏီ၊ အရှေ့ရိုးမကုမ္ပဏီ အပါအဝင် မြန်မာ့လိဂ် ကမ္ဘောဇ ဘောလုံးအသင်းကို ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။

“ဒီအစိုးရက သူတို့နဲ့နီးစပ်တဲ့၊ သူတို့သြဇာခံတဲ့ စီးပွားရေးသမားတချို့ကိုပဲ ပုဂ္ဂလိကပိုင် လွှဲတဲ့လုပ်ငန်းတွေကို ပေးနေတာလေ။ အရင်က တေဇက အဲပုဂံကို လုပ်ခွင့်ရသွားတယ်။ အဲရန်ကုန်၊ အဲမန္တလေးတို့ကိုလည်း သူတို့နဲ့နီးစပ်တဲ့သူတွေကိုပဲ လုပ်ခွင့်ချပေးတာတယ်။ အမှန်က ဒီပုဂ္ဂလိလုပ်ငန်းတွေမှာ အစိုးရလူကြီးတွေ ကိုယ်တိုင်က ရှယ်ယာပါနေတာလေ။ အခု Myanmar Airways International ကို လုပ်ခွင့်ရတဲ့ ဦးအောင်ကိုဝင်း (အများခေါ် ဆရာကျောင်း) က နံပါတ်(၂) အကြီးအကဲ မောင်အေးရဲ့ လက်ဝေခံတယောက်လေ” ဟု ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။

အမ်အေအိုင် လေကြောင်းသည် အာရှနိုင်ငံ (၇) နိုင်ငံသို့ ပျံသန်းနေသည့် ဦးတေဇပိုင် အဲပုဂံ ပုဂ္ဂလိက လေကြောင်းနှင့် ပြိုင်ဘက်လေကြောင်းတခု ဖြစ်ကြောင်း ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တို့က ပြောသည်။

အဲပုဂံ၊ အဲမန္တလေး၊ အဲရန်ကုန်လေကြောင်းတို့အပြင် မြန်မာ့လေကြောင်းက လွှဲပြောင်းမည့် အဲကမ္ဘောဇသည် စတုတ္ထမြောက် ပုဂ္ဂလိက လေကြောင်းလိုင်းဖြစ်သည်။

နအဖစစ်အစိုးရက ပထမဆုံး ပုဂ္ဂလိက လေကြောင်းလိုင်းအဖြစ် အဲမန္တလေးလိုင်းကို ၁၉၉၄ ခုနှစ်က စတင်လွှဲပြောင်းခဲ့သည်။

ယခုအခါ အမ်အေအိုင်နှင့် အခြားနိုင်ငံခြား လေကြောင်းပို့ဆောင်ရေးကုမ္ပဏီ (၁၃) ခုတို့က ရန်ကုန်မြို့မှ အာရှနိုင်ငံ (၁၂) နိုင်ငံသို့ ပျံသန်းနေပြီး (၂၀၀၉-၁၀) ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စုစုပေါင်းဝင်ငွေ အမေရိကန် ဒေါ်လာ (၆.၅၄) မီလီယံ ရှိခဲ့ကြောင်း ဌာနဆိုင်ရာမှ ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။

Source : Khitpyaing (Photo by SeattlePi)

Sunday, August 08, 2010

လေကြောင်းလိုင်း ၂ ခု ပြည်တွင်း ပြည်ပ ခရီးစဉ်များ တိုးချဲ့မည်

အဲ ပုဂံသည် အာရှ ၄ နိုင်ငံ ခရီးစဉ်များကို တိုးချဲ့ ပြေးဆွဲမည် ဖြစ်သည် (ဓာတ်ပုံ - Flickr / Chih Ping)

အဲ ပုဂံ (Air Bagan) နှင့် အဲ မန္တလေး (Air Mandalay) လေကြောင်း လိုင်းများသည် လေယာဉ်သစ်များ ဝယ်ယူထားပြီး ပြည်တွင်း ပြည်ပ ခရီးစဉ်များ တိုးချဲ့ပြေးဆွဲသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

“ရန်ကုန်-ချင်းမိုင် ခရီးစဉ်အပြင် နိုင်ငံတကာခရီးစဉ်တွေကို ပွင့်လင်းရာသီ မတိုင်ခင်မှာ တိုးချဲ့ ပြေးဆွဲနိုင်ဖို့ လေယာဉ်တွေ ၀ယ်ထားပြီး ခရီးစဉ်တွေစဖို့ ပြင်ဆင်နေပြီ” ဟု အဲပုဂံ လေကြောင်းလိုင်းမှ တာဝန်ရှိသူက ဆိုသည်။

တိုးချဲ့ ပြေးဆွဲရန် စီစဉ်ထားသည့် ခရီးစဉ်များ ထဲတွင် စင်ကာပူ၊ ဘန်ကောက်၊ ဖူးခက်၊ ကွာလာလမ်ပူ၊ ဆိုင်ယမ် ရိ (ပ်) ခရီး စဉ်များလည်း ပါဝင်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။ 

အဲ ပုဂံ လေကြောင်း လိုင်းသည် ပြည်ပ ခရီးစဉ်များ အတွက် A-320 ခရီးသည်တင် လေယာဉ် ၂ စီး၊ ပြည်တွင်း ခရီးစဉ်များ အတွက် AIR 72-500 လေယာဉ် ၂ စီး ဝယ်ယူ ထားသည်ဟု သိရသည်။

အဲ မန္တလေး လေကြောင်းလိုင်းသည်လည်း ATR-72 လေယာဉ် ၂ စီး ထပ်မံ ဝယ်ယူပြီး ပြည်တွင်း ခရီးစဉ်များကို နိုဝင်ဘာလ မတိုင်မီ တိုးချဲ့သွားမည်ဟု သတင်းရရှိသည်။

ဦးတေဇ ပိုင်ဆိုင်သော အဲပုဂံလေကြောင်းလိုင်းနှင့် အပြိုင် အဲ အင်းလေး (Air Inlay) လေကြောင်းလိုင်းကို ပျံသန်း ပြေးဆွဲရန် ခွင့်ပြုခဲ့ပြီးနောက်တွင် ခရီးစဉ်များရေးဆွဲကာ ပွင့်လင်းရာသီအမီ အပြိုင် လုပ်ဆောင်သွားရန် ရှိကြောင်း အဲပုဂံ လေကြောင်း လိုင်းမှ  အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတဦးက ပြောသည်။

အဲ အင်းလေး လေကြောင်းလိုင်းကို စီးပွားရေး လုပ်ငန်းရှင် ဦးနေအောင်နှင့် ကမ္ဘောဇ ဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း တို့က ပူးတွဲ လုပ်ကိုင်ခြင်းဖြစ်သည်။

အဲ ပုဂံပိုင်ရှင် ဦးတေဇသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စီးပွားရေး လူယုံ ဖြစ်သည်။ ဦးနေအောင်မှာမူ အမှတ် (၁) စက်မှုဝန်ကြီး ဌာန ၀န်ကြီး ဦးအောင်သောင်း၏ သားဖြစ်ပြီး IGE ကုမ္ပဏီ၊ အောင်ရည်ဖြိုး ကုမ္ပဏီ စသည့် အမည်များဖြင့် စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ခွင့်ရရှိနေသူများဖြစ်သည်။

သက်တမ်း ၅ နှစ်ကျော်လာပြီ ဖြစ်သည့် အဲပုဂံမှာ ယခုအခါ မြန်မာပြည်တွင်း ၁၆ မြို့နှင့် ပြည်ပတွင် အာရှ ၇ နိုင်ငံသို့ ပြေးဆွဲနေသည်။

အဲပုဂံတွင် စုစုပေါင်း လေယာဉ် ၈ စီး ရှိပြီး လေယာဉ် အမျိုးအစား များမှာ A310 ၂ စီး၊ F-100 ၂ စီး၊ ATR-72 ၂ စီး၊ ATR-42 ၂ စီးတို့ ဖြစ်သည်ဟု အဲပုဂံ၏ ဖေဖေcာ်ဝါရီလထုတ် Lotus စာစောင်တွင် ဖော်ပြထားသည်။

ပစိဖိတ် အာရှ ခရီးသွားလုပ်ငန်း အသင်း၏ ထုတ်ပြန်ချက်အရ ယခုနှစ် ပထမ ၃ လအတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ကမ္ဘာလှည့်ခရီးသည် ရောက်ရှိမှုနှုန်း ၃၉ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု သိရသည်။

 Credit : Irrawaddy

Thursday, August 05, 2010

ဦးပိန်တံတားတည်ရှိရာ တောင်သမန်အင်းရေ စတင်မြင့်တက်လာ


နိုင်ငံခြားသား ခရီးသည်များ လာရောက် လေ့လာလေ့ရှိသော ဦးပိန်တံတားတည်ရှိရာ တောင်သမန်အင်းရေသည် ဇူလိုင်လ နောက်ဆုံးပတ်မှ စတင်၍ မြင့်တက်လာကြောင်း ဒေသခံများက ပြောကြားသည်။

''တောင်သမန်အင်းရေဟာ ၀ါဆိုလပြည့်နေ့ နောက်ပိုင်းမှ စတက်လာတယ်။ အခုဆိုရင် အင်းဘောင်အထိကို ရေကရောက်လာပြီ။ အင်းနဲ့ဆက်စပ်နေတဲ့ ဧရာဝတီမြစ်နဲ့ ဒုဋ္ဌ၀တီမြစ်ရဲ့ မြစ်ရေတွေကလည်း တိုးလာတော့ အင်းထဲမှာ အခုလို ရေတွေတိုး လာတာပေါ့''ဟု တောင်သမန်အင်းဘေးရှိ တောင်မင်းကြီးဘုရားအနီး ဈေးသည်တစ်ဦးက ပြောကြားခဲ့ပါသည်။

''အရင်တုန်းက အင်းရေဟာ နွေရာသီဆိုရင် ခန်းတယ်။ ရေက အ၀င်အထွက်ရှိနေတော့ မိုးတွင်းရောက်လာလည်း သိပ်ပြီးမပူပန်ရဘူး။ နောက်ပိုင်းမှာ ၁၂ ရာသီလုံးလုံး ရေသွင်းထားတော့ အခုလို ရေတက်ချိန်မှာ အင်းထဲမှာ ရေအခံရှိနေလို့ သာမန်ထက် ရေပိုတက်လာတယ်။ အင်းဘေးမှာနေထိုင်တဲ့ သူတွေအတွက် နည်းနည်းတော့ အခက်အခဲတော့ ဖြစ်တာပေါ့''ဟု အမရပူရမြို့ခံတစ်ဦးက ပြောသည်။

Credit:News-Eleven

Monday, August 02, 2010

ဧရာဝတီနှင့် မဲခေါင်




ဧရာဝတီသည် မြန်မာတိုင်း နှလုံးသားတစ်ခုဟုဆိုပါလျှင် မဲခေါင်သည်လည်း လာအိုတို့၏ နှလုံးသားပင် ဖြစ်ပါလိမ့်မည်။
သယံဇာတပေါများသော မြန်မာတို့အတွက် ဧရာဝတီသည် ဈေးနှုန်းအသက်သာဆုံး ကုန်သွယ်လမ်းကြောင်းတစ်ခုအဖြစ် ရာစုနှစ်ပေါင်းများစွာ တာဝန်ကျေခဲ့သလို မဲခေါင်ကြီးသည် လာအိုတို့ ဘ၀ရပ်တည်ရေးအတွက် နှစ်ပေါင်းကြာရှည်စွာ အကျိုးပြုခဲ့သည်။ ဧရာဝတီသည် မြန်မာကို ကမ္ဘာက သိစေသော ကျွန်းသစ်လုံးကြီးများ ဖောင်ဖွဲ့မျှောနိုင်ရန် မြောက်မှတောင်ဘက်သို့ အေးဆေးညင်သာစွာ စီးဆင်းနေသလို မဲခေါင်သည်လည်း မဖွံ့ဖြိုး မတိုးတက်သေးသော လာအိုတို့အတွက် တောင်နှင့်မြောက်ကို အဆင်ပြေပြေ သွားနိုင်ရန် သွယ်တန်းထားပေးခဲ့သည်မှာ ကြာခဲ့လေပြီ။
လာအိုကို မဖွံ့ဖြိုး မတိုးတက်သေးသောဟု သုံးစွဲရသည်မှာ ယခင့်ယခင် ကာလများကို ရည်စူး၍ ရေးသားရခြင်း ဖြစ်ပေမယ့် အခုအချိန်မှာတော့ လာအိုသည် ယခင်နှင့်လုံးဝ ခြားနားသွားခဲ့ပြီ ဖြစ်ပါသည်။
မဲခေါင်သည်လည်း ရေအားလျှပ်စစ်အတွက် နေရာများစွာ ဖဲ့ပေးထားရသည့်အတွက် မြစ်ကြောင်းခွန်အား ယခင်ကလို မကောင်းတော့ဟု ဆိုကြသည့်တိုင် ဧရာဝတီထက်တော့ ကျန်းမာနေဆဲ။ ဧရာဝတီ၏ နွေရာသီ ရေအနက်မှာ သာမန်ချောင်းလက် တက်တစ်ခုလို တိမ်ပါးလှသည့် နေရာတွေ များလှပေမယ့် မဲခေါင်ကတော့ ထိုလောက် အခြေအနေ မဆိုးလှသေး။ ထို့ကြောင့်လည်း လာအိုသာမက မြစ်အထက်က တရုတ်နှင့် မြစ်အောက်ဘက်က ထိုင်း၊ကမ္ဘောဒီးယား၊ဗီယက်နမ် စသည်တို့ပါ မဲခေါင်ကို အသုံးချနိုင်နေကြဆဲ၊ နေရာအချို့မှလွဲ၍ ရာသီမရွေး ခရီးနှင်နိုင်နေဆဲ ။

ဧရာဝတီကတော့ ကန့်လန့်ဖြတ် တည်ဆောက်ထားသော တံတားကြီးများအောက်မှာ အေးဆေးညင်သာစွာ စီးဆင်းနေဆဲ၊ မြစ်ဝကျွန်းပေါ်မှာ သဲသောင်တွေ ထပ်ထပ်ဆင့်လာသလို မြောက်ပိုင်းမှာလည်း သဲသောင်တွေ ပိုပိုကျယ်ပြန့်လာနေပေမယ့် ဧရာဝတီကတော့ မဲခေါင်ကို အလှချင်းပြိုင်ဖို့ စိန်ခေါ်နေဆဲ။ ထို့အတူ ရာဇ၀င်အဆက်ဆက်မှာ တစ်သားတည်းရှိနေခဲ့သော မြန်မာတို့အတွက် မညီးမညူ တာဝန်ယူနေဆဲ။


ဧရာဝတီသည် မြန်မာနိုင်ငံ၏ မြောက်ဘက် ရေခဲသော တောင်ထိပ်တောင်ဖျားမှ ကျဆင်းလာသော ရေများမှအစပြုကာ မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်မှတစ်ဆင့် ပင်လယ်ထဲသို့ စီးဝင်သွားသည်ဖြစ်ရာ အစမှအဆုံး မြန်မာနိုင်ငံအတွင်းမှာပဲ တည်ရှိပြီး မြန်မာတို့သာ ပိုင်ခဲ့သည်။ မဲခေါင်ကတော့ မြန်မာအပါအ၀င် အိမ်နီးချင်းနိုင်ငံများကပါ ပိုင်ဆိုင်သည့်အတွက် ၀ိုင်းဝန်းခွဲဝေသုံးစွဲသည်မှာ အဆိုးမဆိုသာ၊ ဧရာဝတီက မြန်မာ့သမိုင်းမှာ ထင်ထင်ရှားရှားပါခဲ့သည် ဖြစ်ပေမယ့် ယခုတော့ ပြောင်းလဲလာသော ကမ္ဘာကြီးနှင့် အတူ လိုက်ပါရတော့မည် ဖြစ်သည်။
မဲခေါင်နှင့်ခွဲခြားမရသော လာအိုတို့သည် နည်းပါးလှသော လူဦးရေကြောင့် အိမ်နီးချင်းတွေနှင့်စာလျှင် အရင်တုန်းက အနောက်ဘက် ရောက်ခဲ့ရသော်လည်း အေးဆေးသိမ်မွေ့သော သူတို့ဘ၀နှင့် လိုက်လျောညီထွေသော တိုးတက်မှုကို တဖြည်းဖြည်း ပိုင်ဆိုင်နိုင်လာကြသည်။ လာအိုဆိုတာ နိုင်ငံသေးသေးလေးက လူတွေ နှေးနှေးဟု အရင်တုန်းက ပြောခဲ့ကြသည့်သူတွေ အံ့သြစရာ ဖြစ်လာကြသည်။ လာအိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ၏ ဖွံ့ဖြိုးရေး စီမံချက်များစွာနှင့်အတူ သွားရောက်လုပ်ကိုင်ပေးခဲ့ဖူးသည့် မြန်မာပညာရှင်တွေကိုယ်တိုင်ပင် ယနေ့လာအိုကို ပါးစပ်အဟောင်းသားနှင့် ကြည့်နေကြရလေပြီ။ ဆိုရပါလျှင် ၂၀၀၉ ခုနှစ်က အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(SEA GAME)ကိုပင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခဲ့သည်။ သူတို့၏ တိုးတက်မှုကို ထိုအားကစားပြိုင်ပွဲက မှတ်ကျောက်တစ်ခုအဖြစ် ရှိနေမှာ ဖြစ်သည်။ ဒါတင်မကသေး ၂၀၁၀ ပြည့်နှစ် အကုန်လောက်မှာ စတော့ရှယ်ယာဈေးကွက်ပင် ဖွင့်လှစ်တော့မည် ဟူသော သတင်းများ မကြာခင်က ထပ်မံကြားပြန်ရာ လာအိုကို အားကျစရာတစ်ခု ထပ်တိုးပြန်တော့သည်။
လာအိုနိုင်ငံရှိ မဲခေါင်မြစ်တစ်နေရာ
မဲခေါင်မြစ်ကြီးတစ်ခုတည်းကိုသာ အားကိုးရသော သူတို့တွေ၏ဘ၀သည် ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ချင်းတွင်း စသည့် မြစ်မကြီးလေးသွယ်ကို ပိုင်ဆိုင်ထားသည့် မြန်မာတို့ထက် သမိုင်းအစဉ်အဆက်မှာ နောက်ကျခဲ့သည် မှန်သော်လည်း ယခုအခါမှာတော့ စနစ်ကျသော စီမံအုပ်ချုပ်မှုကြောင့် အံ့စရာကောင်းအောင် တိုးတက်လာခဲ့သည်။ သူတို့သည်လည်း စက်မှုအင်အားကြီးသော အိမ်နီးချင်းတို့လက်ထဲ သစ်တောသယံဇာတများ ပါသွားခဲ့သည်။ သစ်တောများ လျော့နည်းခြင်းနှင့်အတူ မဲခေါင် ရေအားလျှပ်စစ်စီမံကိန်းတို့သည် လာအိုတို့၏ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေခဲ့သည်မှာ မှန်သော်လည်း လူနေမှုအဆင့်အတန်းကို အတိုင်းအတာ တစ်ခုထိရောက်အောင် မြင့်မားစေခဲ့သည်။
၂၀၀၈ သင်္ကြန်ရက်တုန်းက လာအိုတို့၏ ရှေးဟောင်းမြို့တော် လွန်ပရာဘန်ကို အလည်ရောက်သွားခဲ့ရာ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို မပျောက်ပျက်အောင် စနစ်တကျ ထိန်းသိမ်းထားနိုင်သည့် လာအိုကို ချီးကျူးမိသည်။ ပုဂံလို ရှေးဟောင်း အမွေအနှစ်တွေ တစ်မျှော်တစ်ခေါ်ကြီး ရှိတာမဟုတ်ပေမယ့် ရှိသည့် ဘုရား ကျောင်းကန်များကို ရှေးမူမပျက် ထိန်းသိမ်းထားသည်မှာ အတုယူစရာ ကောင်းလှသည်။ ရှေးမြို့ဟောင်း၏ ရိုးရာမပျက်သည့် အလှတန်ဖိုးက တစ်ဖက်၊ မြို့သစ်၏ တိုးတက်မှုပြယုဂ်က တစ်ဖက် သီးခြားဖြစ်အောင် စီမံထားသည်မှာလည်း ငေးကြည့်စရာ ဖြစ်ခဲ့သည်။ ပြီးတော့ ဧရာဝတီမြစ်ဝှမ်းကလို မြေသြဇာကောင်းမွန်မှု မရှိပေမယ့် မဲခေါင်မြစ်ကြောင့် တံငါလုပ်ငန်းက ဒေသခံတို့ဘ၀ ဖူလုံစေသည်။ဧရာ ၀တီကတော့ သားငါးဖူလုံရုံသာမက မြစ်ဝှမ်းတစ်လျှောက် စိုက်ပျိုးရေးပါ ဖြစ်ထွန်းအောင်မြင်သည့်တိုင် လာအိုတို့၏ဘ၀ကို ဘာကြောင့် မမီတာပါလိမ့်ဟု ရင်ထဲက တွေးမိသည်။
ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်မှာ စိုက်ပျိုးဖို့ အင်မတန်ကောင်းမွန်သော နုန်းတင်မြေ များစွာရှိသည်။ မြစ်ကြီးက တဖြည်းဖြည်း တိမ်းပါးလာသည်နှင့်အတူ သောင်ခုံကျယ်ကျယ်ပြန့်ပြန့်ကြီးတွေမှာလည်း ရာသီသီးနှံများကို စိုက်ပျိုးနိုင်သေးသည်။ ပြီးတော့ မြစ်ကြီး၏ အစမြောက်ဘက်မှ တောင်ဘက်အဆုံးတိုင်အောင် ကူးသန်းရောင်းဝယ် နိုင်ခဲ့ကြသည့်တိုင်အောင် ဧရာဝတီကို အမှီပြုနေကြသူတွေထက် မဲခေါင်သားတွေက ပို၍အဆင်ပြေနေကြ ပါသနည်းဟု မဲခေါင်ကမ်းပါးမှာ ထိုင်ရင်း စကားစပ်မိသည်။ လွန်ပရာဘန်မှာ ဘယ်နေရာသွားသွား သန့်ရှင်းနေသည်ကို ထူးထူးခြားခြား သတိပြုမိသည်။ ဆင်းရဲသော ရပ်ကွက်အချို့မှာ အိမ်တွေသေးသေးကုပ်ကုပ် ဆိုပေမယ့် စုတ်စုတ်ချာချာတော့ မဟုတ်။ ပြီးတော့ သူတို့ဆီက လမ်းမကြီး အပါအ၀င် ဘယ်လမ်းကြိုလမ်းကြားမှ ကွမ်းတံတွေး၊ အမှိုက် စသည်တို့ကို မတွေ့ရ။ ထိုအချက်က ကျွန်တော်တို့ထက် အများကြီးသာသည့် အချက်တစ်ခုဖြစ်သည်။ ပြီးတော့ မနက် ၆း၀၀ နာရီခန့်တွင် မိမိတို့၏ အိမ်ရှေ့ကို သေသေချာချာ သန့်ရှင်းရေး လုပ်ထားကြသည်ကိုလည်း သတိပြုမိသည်။
ကိုယ်ပိုင်ခြံဝင်းမှာသာမက အများပိုင် နေရာများမှာလည်း စည်းကမ်းမဲ့ အမှိုက်ပစ်ထားတာမျိုး မရှိတာကြောင့် လာအိုတို့ စည်းကမ်း၏ တန်ဖိုးကို သိနေကြသည်ဟု မြင်မိသည်။ ကျွန်တော်တို့တည်းခိုသည့် ဟိုတယ်မှ စားပွဲထိုးလေးနှင့် ရက် အနည်းငယ်ကြာသော် ရင်းနှီးလာ၍ မေးကြည့်ရာ ၎င်းမှာ ဗီယက်နမ် နယ်စပ်နားက တောင်ပေါ်တိုင်းရင်းသားလေးဖြစ်ပြီး လွန်ပရာဘန် တက္ကသိုလ်မှာ ပညာသင်ကြားနေခြင်း ဖြစ်သည်။ ယခုအလုပ်မှာလည်း ၎င်းအတွက် တက္ကသိုလ်က စီမံရှာဖွေပေးသည့် အလုပ်ဖြစ်ပြီး ကျောင်းတက်ချိန်နှင့် အလုပ်ချိန် အဆင်ပြေအောင် စီစဉ်ထားပေးကြောင်း သိရ၍ အလွန်အံ့သြမိသည်။ ထိုစနစ်က ဂျပန်၊ အမေရိကန် တို့လို နိုင်ငံကြီးတွေမှာ ကျင့်သုံးနေကြတာ ကြားဖူးခဲ့ရာ ယခုတော့ လာအိုမှာ ကိုယ်တွေ့ဖြစ်လို့ နေတော့သည်။
ပြီးတော့ ထိုကျောင်းသားတွေအတွက် နေထိုင်ရာ အဆောင် စီစဉ်ပေးရုံသာမက သွားလာရေးအတွက် ဆိုင်ကယ်လည်း အရစ်ကျ အကြွေးစနစ်ဖြင့် ရောင်းပေးထားသည်။ လက်ကိုင်ဖုန်း ဆိုတာကတော့ လာအိုမှာ လမ်းဘေး ငါးကင်ရောင်းသူက အစ ကိုင်နေကြလေပြီ။ ကျွန်တော်တို့ဆီမှာ တက္ကသိုလ်တွေ လာအိုထက် အများကြီးများသည်။ ပညာတတ်တွေလည်း သူတို့ထက် များစွာပိုသည်။ ဒါပေမဲ့ သက်သောင့်သက်သာ ပညာသင်ကြားနိုင်ခွင့်ကို သူတို့လို မရနိုင်သေးတာတော့ ဘယ်သူမှ ငြင်းနိုင်မည် မဟုတ်ပါ။
မဲခေါင်မြစ်ရိုးတစ်လျှောက်က တံငါသည်တွေဘ၀က ဧရာဝတီမြစ်ဝကျွန်းပေါ်က တံငါသည်များထက် ပို၍သာယာလှသည်။ ၀င်ငွေမှာ ဧရာဝတီသားတွေ ပို၍သာလိမ့်မည်ဟု ထင်စရာရှိမိပေမယ့် ဧရာဝတီသားတွေထဲက ချမ်းသာသူတွေသာ သူတို့ ထက် သာလိမ့်မည်ဆိုတာ မေးနေစရာမလို။ တံငါသည်တွေထဲမှာ ဆင်းဆင်းရဲရဲနှင့်ဘ၀ကို ရုန်းကန်နေရသူတွေ ရှိနေပေမယ့် ရာခိုင်နှုန်းအားဖြင့် အနည်းငယ်သာ ရှိတော့သည်ဟု လွန်ပရာဘန်သား တံငါသည်က ပြောပြသည်။ သူသည် တံငါအလုပ်အပြင် တစ်ဖက်က ခရီးသွားများအတွက် စက်လှေမောင်းသည့် လုပ်ငန်းကိုလည်း လုပ်ကိုင်သူဖြစ်၍ ၀င်ငွေနှစ်မျိုးကြောင့် အဆင်ပြေနေလေသည်။ အလုပ်တစ်ခု မကောင်းလျှင် နောက်တစ်ခုက ကာမိစေသည်။
ဧရာဝတီမြစ်ဘေးရှိ မြစ်ကြီးနား နံနက်ခင်းဈေး
ဧရာဝတီသား ရေလုပ်ငန်းသမားတွေအတွက် နာဂစ်နှိပ်စက်ပြီး နောက်မှာ ကြွက်တွေကပါ သောင်းကျန်း၍ တော်တော်အလူးအလဲ ခံနေကြရသည်။ အင်မတန် စိတ်ဓာတ်ခိုင်မာသည့် ဧရာဝတီသားတွေဖြစ်၍သာ လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်နေနိုင် ကြခြင်း ဖြစ်ပါလိမ့်မည်။
ဧရာဝတီမြစ်တွင် တည်ဆောက်ပြီး တံတားကြီး ခုနစ်စင်း၊ တည်ဆောက်ဆဲ တံတားလေးစင်း ရှိနေသည်။ မြစ်ကိုဖြတ်သန်း တည်ဆောက်ထားသည့် တံတားများက မြစ်၏အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်းဒေသ များကို ဆက်သွယ်ပေးလျက်ရှိသည်။
ဧရာဝတီကတော့ ကန့်လန့်ဖြတ် တည်ဆောက်ထားသော တံတားကြီးများအောက်မှာ အေးဆေးညင်သာစွာ စီးဆင်းနေဆဲ၊ မြစ်ဝကျွန်းပေါ်မှာ သဲသောင်တွေ ထပ်ထပ်ဆင့်လာသလို မြောက်ပိုင်းမှာလည်း သဲသောင်တွေ ပိုပိုကျယ်ပြန့်လာနေပေမယ့် ဧရာဝတီကတော့ မဲခေါင်ကို အလှချင်းပြိုင်ဖို့ စိန်ခေါ်နေဆဲ။ ထို့အတူ ရာဇ၀င် အဆက်ဆက်မှာ တစ်သားတည်း ရှိနေခဲ့သော မြန်မာတို့အတွက် မညီးမညူ တာဝန်ယူနေဆဲ။ နောင်နှစ်ပေါင်း ဘယ်လောက်ကြာအောင် ရှင်သန်နေဦးမှာလဲ ဆိုသည့် အရေးအတွက် အဖြေက ခက်မှာ အမှန်။