Saturday, August 28, 2010

ပြည်တွင်းပျံသန်းနေသော အဲပုဂံ ATR 72 လေယာဉ်များတွင် အမျိုးသမီး လေယာဉ်မှူးများ စတင်မောင်းနှင် တော့မည်

အဲပုဂံလေကြောင်းလိုင်းက မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းခရီးစဉ်များတွင် အမျိုးသမီး လေယာဉ်မှူးများ စတင်အသုံးပြုတော့မည် ဖြစ်ကြောင်း သိရသည်။ “အဲပုဂံက အမျိုးသမီး လေယာဉ်မှူး လေးဦးကို Local Flight တွေဖြစ်တဲ့ ATR 72 တွေမှာ စပြီး အသုံးပြုပါမယ်။ အခုသူတို့က လေယာဉ်ခရီးစဉ်တွေမှာ အကူလေယာဉ်မှူးတွေအဖြစ် စတင် အသုံးပြုနေပါပြီ။ မကြာမီမှာ လေယာဉ် ကပ္ပတိန်တွေအဖြစ် စတင်အသုံးပြုသွားပါမယ်”ဟု အဲပုံဂံမှ မန်နေဂျင်းဒါရိုက်တာ ဦးထူးသက်ထွေးက ပြောသည်။ “အမျိုးသမီး လေယာဉ်မှူးတွေက မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာရှိတဲ့ လေယာဉ်မောင်းသင်တန်းမှာ စာတွေ့ကြီးပဲ နှစ်နှစ်လောက် သင်ရတာ။ ပြီးတော့ ATR 72 မောင်းမှာမို့လို့ ATR 72 လေယာဉ်မောင်း လက်မှတ်ရဖို့ ထပ်ပြီးသင်ရတယ်။ သင်တန်းပြီးတော့ ပျံသန်းချိန် နာရီအောင် ထပ်ပြီးလေ့ကျင့် ပျံသန်းရသေးပါတယ်။ ပြီးတော့မှ မြန်မာနိုင်ငံပြန်လာပြီး ဒုတိယပိုင်းလော့ FO အနေနဲ့ စတင်လိုက်ပါနေပါပြီ”ဟု အဲပုဂံမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။ “နိုင်ငံတကာကိုယှဉ်ပြီး မြန်မာအမျိုးသမီး လေယာဉ်မှူးတွေ မောင်းနိုင်တော့မှာမို့လို့ ကောင်းပါတယ်။ ဒါပေမဲ့ တကယ့်အရေးကြုံတဲ့ နေရာမှာ သူတို့ရဲ့ ဖြတ်ထိုးဥာဏ်က ဘယ်လို အသုံးဝင်မလဲပေါ့။ တစ်မျိုးတော့ ဖြစ်မိတာပေါ့လေ”ဟု လေယာဉ်ခရီးသည် တစ်ဦးက ပြောပြခဲ့ကြောင်း ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

source : Khit Lu Nge

Tuesday, August 24, 2010

မြန်မာပြည် ကန္တာရဆန်လာဟု ဦးအုန်းသတိပေး

ချင်းမိုင် (မဇ္ဈိမ) ။    ။ မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်း ၁ဝ ခုတွင် သစ်တောပြုန်းတီးမှုကြောင့် ကန္တာရ ဆန်လာကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးအုန်းက ပြောသည်။

သစ်ပင်ခုတ် ရောင်းခြင်း၊ ထင်းမီးလောင်စာအဖြစ် အသုံးပြုခြင်းများကြောင့် မြန်မာနိုင်ငံ အထက်ပိုင်း ရှမ်း၊ ကချင်၊ ချင်း အပါအဝင် အလယ်ပိုင်းဒေသများဖြစ်သည့် မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်းနှင့်   မွန်၊ ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ စသည့် ဒီရေတောပေါက်ရာ ပြည်နယ်နှင့်တိုင်းများ ဖြစ်သည်ဟု ဆိုသည်။

ထိုအထဲ  အလယ်ပိုင်း အပူပိုင်းဒေသများတွင် အဆိုးဆုံးဖြစ်ပြီး ကျန်ပြည်နယ်နှင့် တိုင်းများမှာ အနည်းငယ် ခံသာနေသေးသည်ဟု သိရသည်။
dryzone1 ပူပြင်းခြောက်သွေ့၍ ကန္တရဆန်လာပြီဖြစ်သော ပုဂံမြေ (photo: AFP)

“ ဒီတိုင်း ၃ ခုက အပူပိုင်း ဒေသလည်းဖြစ်တော့ အပူချိန်အရမ်းပြင်းတယ်။  အဲဒါကြောင့် တော်တော့ကို ဆိုးနေတယ်။ မြေကြီးရဲ့ အရည်အသွေး ကျဆင်း ပျက်စီးမှုက ပိုများပါတယ်။ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေ ကျတော့ သူတို့ထက်စာရင် မိုးပိုရွာတယ်။ အပူချိန်လဲ အဲလောက်မများဘူးဆိုတော့ ဖြစ်တော့ ဖြစ်တယ်။ သူတို့လောက်မများဘူးပေါ့” ဟု ဦးအုန်းက မဇ္ဈိမကို ပြောသည်။

“ကန္တာရဆန်တယ် ဆိုတာကတော့ဗျာ အဓိက က မိုးခေါင်ဒေသ ဖြစ်တယ်။ ဒုတိယကတော့ ဆင်းရဲတယ်။ ဆင်းရဲပေမယ့်လဲ ထင်း၊ မီးသွေးက မခုတ်လို့ မရဘူး။ မရတော့ အဲဒီမှာ ထင်းခုတ်က ခုတ်။ ရှိတဲ့ သစ်ပင် ၁ ပင်ခုတ်ရင် ၁ဝ ပင် ပြန်စိုက်ရမယ့်အစား ၁ဝ ပင်ခုတ်ပြီး ၁ ပင်မှ စိုက်ရဲ့လားလို့တောင် မေးစရာရှိတာပေါ့။ အဲဒီတော့ အခု လုပ်သလောက် လုပ်ပေမယ့်လဲ သမင်မွေးရင်း ကျားစားရင်း ဖြစ်နေတယ်” ဟု သူက ဆက်ပြောသည်။

မြန်မာနိုင်ငံ သစ်တောရေးရာ ဦးစီးဌာန၏ ယခုနှစ် ထုတ်ပြန်ချက်အရ ၁၉၇၅ မှ ၂ဝ၁ဝ ပြည့်နှစ် အထိ ၃၅ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုမှာ ၁၄ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပြီး ၄၁ ရာခိုင်နှုန်းသာ ကျန်တော့သည်ဟု ပါရှိသည်။

ကချင်ပြည်နယ် အပါအဝင် ပြည်နယ်နှင့်တိုင်း ၁ဝ ခုတွင် စည်းကမ်းမဲ့ သစ်ခုတ်မှုများကြောင့် သစ်တော၊ ဒီရေတောများ ပြုန်းတီးခဲ့ရသဖြင့် မိုးခေါင်ခြင်း၊ ရာသီဥတု မမှန်ကန်ခြင်းများ ကြုံတွေ့ရကြောင်း ဦးအုန်းက ပြောသည်။

မြန်မာနိုင်ငံ အလယ်ပိုင်း မကွေး၊ ရေနံချောင်း၊ ချောက် စသည့်နေရာများတွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးများ ပြုလုပ်နေသော်လည်း ငွေအား၊ လူအား အဘက်ဘက်မှ ဒေါင့်မစေ့နိုင်သလို နည်းပညာအားကလည်း ထင်သလောက် တိုးတက်မလာသေးဟု ဆိုသည်။

ယခင်လကလည်း မြန်မာပြည်အလယ်ပိုင်း မိုးခေါင်သဖြင့် မကွေးတိုင်းမှ ရေနံချောင်း၊ မကွေး၊ တောင်တွင်းကြီး၊ ပခုက္ကူနှင့်  နတ်မောက် မြို့နယ်များ၊ မန္တလေးတိုင်းမှ သာစည်၊ ပျော်ဘွယ်၊ ဝမ်းတွင်း၊ မိတ္ထီလာ၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးနှင့် ကျောက်ပန်းတောင်း ၁၃ မြို့နယ်တွင် အဓိကစိုက်ပျိုးသည့် သီးနှံတခုဖြစ်သည့် နှမ်းများ ပျက်စီးခဲ့သည်။

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် မြိုင်သာယာ ကျေးရွာအနီးရှိ တောင်နီတောင်မှ သစ်တောအုပ်ကိုလည်း တောင်အနီးတဝိုက်တွင် နေထိုင်ကြသည့် ဒေသခံများက ထင်းလောင်စာအဖြစ် ခုတ်၍ ကျောက်ပန်းတောင်း မြို့ပေါ်သို့ တင်ပို့ ရောင်းချနေသည်ဟု မြိုင်သာယာ ကျေးရွာမှ ရွာခံတဦးက ပြောသည်။

“လယ်ယာ ကိုင်းကျွန်းရှိတဲ့လူတွေကတော့ အဆင်ပြေတာပေါ့ဗျာ။ ကျနော်တို့ရွာ အပါအဝင် ဒီနားမှာရှိတဲ့ ညောင်တို၊ မန်ကျည်းတန်း၊ ကိုင်း အစရှိတဲ့ရွာတွေက အခြေခံလူတန်းစားတွေက ဒီတောင်ပေါ်က ထင်းခုတ်ပြီးမှ ရောင်းမစားရရင် ဘာဝင်ငွေမှ မရှိဘူးလေ။ ထမင်းငတ်သွားမှာပေါ့” ဟု မြိုင်သာယာရွာသား တဦးက မဇ္ဈိမကိုပြောသည်။

၂ဝဝ၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် စိုက်ပျိုးချိန် မိုးကာလတွင် ရာသီဥတု ဖေါက်ပြန်ပြီး သုံးနှစ်ကြာ မိုးခေါင်သဖြင့် အစာရေစာ ပြတ်လပ်မှုများ ဆိုးရွားလာနိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ခန့်မှန်းထားသည်။

မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်း ခြောက်သွေ့ဒေသများတွင် မိုးရွာသွန်းမှု နည်းပါးလာခြင်းကြောင့် အဆိုပါဒေသများရှိ တောင်သူလယ်သမားတို့သည် ငတ်မွတ်မှုဘေးနှင့် ပိုမိုကြုံတွေ့လာရသည်ဟု ဆိုသည်။

ဝမ်းရေးအရ ထင်းခုတ်၊ မီးသွေးဖုတ် ပြုလုပ်နေကြသည့် ဒေသခံ လူထုကို နိုင်ငံတော် အစိုးရအနေဖြင့် ထင်းအစားထိုး လောင်စာများ လုံလုံလောက်လောက်ကူညီမှုများ ပြုလုပ်ပေးနိုင်ပါက ၁၅ နှစ်အတွင်း စိမ်းလန်းလာမှာဖြစ် ကြောင်း ဦးအုန်းကပြောသည်။

နှစ်စဉ် တနှစ်လျှင် ထင်းခုတ်၊ မီးသွေးဖုတ်ပြုလုပ်ခြင်းများ ကုဗ တန်ပေါင်း ၁၈ သန်းမှ သန်း ၂ဝ အထိရှိပြီး ပြည်ပသို့ တင်ပို့သည့် သစ်တန်ချိန်မှာ တနှစ် ကုဗတန် ၁ဝ သန်းမှ ၁၂ သန်း ထိရှိကြောင်း ဦးအုန်းက ပြောသည်။
dryzone
ပူပြင်းသော ရာသီဥတုကြောင့် ကန္တရဆန်လာသော ပုဂံမြေ (photo: AFP)

“ဒီ ထင်းအစားထိုးတယ်ဆိုတာကို ထင်းတစ်ချောင်းမီးဖိုနဲ့ ထိုးမှာလား။ စပါးခွံနဲ့ ထိုးမှာလား။ ဂတ်စ်နဲ့ထိုးမှာလား။ ဒီအပေါ်မှာလည်း တည်တာပေါ့။ အဲဒီတော့ ဖြစ်ဖြစ်မြောက်မြောက် ဂတ်စ်မီးဖိုတွေ၊ ရေနံငွေ့တွေ၊ ဓာတ်ငွေ့တွေကို လုံလုံလောက်လောက်ပေးမယ် ပြုမယ်ဆိုရင် ဘယ်သူက ထင်းခုတ်ချင်ပါ့မလဲနော်။ အဲဒီလို ထောက်ပံ့မှုတွေအပေါ်မှာ တည်တာပေါ့။ အဲဒီလိုသာ ကူမယ်ဆိုရင်တော့ အလွန်ဆုံး ၅ နှစ်၊ ၁ဝ နှစ်။ အလွန့်အလွန် ၁၅ နှစ်ဆိုရင် စိမ်းလာမှာပါ”ဟု သူက ပြောသည်။

ကချင်ပြည်နယ်တွင် သဘာဝသစ်တောကြီးများမှ သစ်မာပင်များကို မြန်မာအစိုးရနှင့် တရုတ်နိုင်ငံတို့ ပူးပေါင်း ထုတ်ရောင်း နေမှုကြောင့် ၆ဝ ရာခိုင်နှုန်းကျော် လျော့နည်းသွားပြီဖြစ်ပြီး သစ်တော ပြုန်းတီးမှု၏ အဓိကတရားခံမှာ မြန်မာစစ်အစိုးရသာ ဖြစ်ကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG) ဥက္ကဋ္ဌ ကိုအောင်ဝါ က ပြောသည်။ 

“ကချင်ပြည်နယ်က သစ်တောတွေကတော့ အဓိက စစ်အစိုးရ ကိုယ်တိုင်က တရုတ်နဲ့ပူးပေါင်းပြီး သစ်တွေထုတ် ရောင်းနေတာဖြစ်တယ်။ နောက်တချက်ကတော့ ဒေသခံတွေက သစ်တောငယ်တွေကို ခုတ်ထွင် ရှင်းလင်းပြီး စပါးစိုက်တာတွေပါတယ်” ဟု ကိုအောင်ဝါက မဇ္ဈိမကိုပြောသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အရာရှိကြီးများက တရုတ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ ဒေသခံ ကချင်လက်နက်ကိုင် တပ်ဖွဲ့များကို အခွန်အခများပေးပြီး တရုတ်မြန်မာ နယ်စပ်မြို့များဖြစ်သည့် ထိန်ချုန်း၊ ယင်းကျန်း၊ ရွှေလီ စသည့်မြို့များမှ တဆင့် သယ်ဆောင်ကာ ဥရောပနိုင်ငံများထိ တင်ပို့နေသည်ဟု သူက ဆက်ပြောသည်။

မြန်မာနိုင်ငံ၌ သစ်တောပြုန်းတီးမှုကို ကာကွယ်သည့် အနေဖြင့် ယခု ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ်တွင် ပုဂ္ဂလိကပိုင်းမှ သစ်ထုတ်လုပ်မှုများ၊ ပြည်ပသို့သစ်အလုံးလိုက် တင်ပို့မှုများကို လျော့ချသွားမည် ဖြစ်ကြောင်း သစ်တောဦးစီးဌာန၏ ယခုနှစ် ထုတ်ပြန်ချက်အရ သိရသည်။
source : Mizzima Burmese

Friday, August 20, 2010

ရန်ကုန်- ကွာလာလမ်ပူ ပျံသန်းနေသော မလေးရှား လေကြောင်းလိုင်း နေ့စဉ် ပျံသန်းတော့မည်

ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်အား တစ်ပတ်လျှင် ငါးရက်တာ ပျံသန်းပေးနေသော မလေးရှားနိုင်ငံရှိ မလေးရှား လေကြောင်းလိုင်းသည် စက်တင်ဘာ ၂ ရက်မှစ၍ နေ့စဉ် ပျံသန်းပေးတော့မည် ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်း၏ အရောင်းကိုယ်စားလှယ် ရရှိထားသော ကုမ္ပဏီများက ပြောသည်။ “အရင်တုန်းက မပျံတဲ့ အင်္ဂါနဲ့ကြာသပတေးနေ့တွေကို စက်တင်ဘာ ၂ ရက်ကစပြီး ပျံတော့မယ်ဆိုတော့ နေ့စဉ် တစ်နေ့တစ်ကြိမ် ဖြစ်သွားပြီ”ဟု အဆိုပါ လေကြောင်းလိုင်း လက်မှတ်အရောင်း ကိုယ်စားလှယ် ရရှိထားသော Global Manpower Travel and Tour မှ တာဝန်ရှိသူက ပြောသည်။ မလေးရှား လေကြောင်းလိုင်းသည် ခရီးသည် ၁၆၀ ကျော် စီးနင်းနိုင်သော Air Bus လေယာဉ်ဖြင့် ယခုခရီးစဉ်အား တိုးချဲ့ပျံသန်းမည် ဖြစ်သည်။ ထို့အပြင် မလေးရှား လေကြောင်းလိုင်းသည် သြဂုတ်လ ၁၆ ရက်မှ သြဂုတ်လ ၂၉ ရက်အတွင်း ရန်ကုန် ကွာလာလမ်ပူ ခရီးစဉ်လက်မှတ် ဝယ်ယူသူများအား ပုံမှန်ဈေးထက် ဒေါ်လာ ၈၀ ခန့်လျှော့၍ ရောင်းပေးနေကြောင်း သိရသည်။ ဆိုက်ရောက် ပြည်ဝင်ခွင့်အား သက်ဆိုင်ရာက မေလမှစ၍ ခွင့်ပြုပေးခဲ့ပြီး အဲအေးရှား လေကြောင်းလိုင်း ပျံသန်းမှုနှင့်အတူ မလေးရှား ဧည့်သည်များသည် သြဂုတ်လဆန်းမှစ၍ အများအပြား လာရောက်လေ့ ရှိကြသည်။ ယခုအခါ ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်အား အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း၊ ဆန်ဘူမိ၊ အဲအေးရှားနှင့် မလေးရှားလေကြောင်းလိုင်းတို့ ပျံသန်းပေးလျက် ရှိကြောင်း ၂၀၁၀ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

source : Khit Lu Nge

Tuesday, August 17, 2010

လေကြောင်းလိုင်းတချို့ အရှုံးပေါ်၍ အခွန်မဆောင်နိုင်

ပြည်တွင်း ပြည်ပသို့ ပြေးဆွဲသည့် လေကြောင်း လိုင်းတချို့ အလွန်အမင်း အရှုံးပေါ်နေသဖြင့် ပြည်တွင်း အခွန်များ ဦးစီးဌာနသို့ အခွန် မပေးဆောင် နိုင်ကြကြောင်း သတင်းရရှိသည်။

အခွန်မဆောင် နိုင်သဖြင့် လေယာဉ်ပြုပြင်ရန် အပိုပစ္စည်း တင်သွင်းခွင့် အပိတ်ခံရသော အဲပုဂံ၊ ရန်ကုန် အဲယားဝေးနှင့် အဲ မန္တလေး လေကြောင်းလိုင်း ၃ ခုအနက် အဲပုဂံ တခုသာ အကြွေးကျန်များ သွားရောက် ပေးဆောင်နိုင်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဆောင်စရာရှိတာ အားလုံးဆောင်ပြီးပါပြီ။ အရင်တုန်းက လေကြောင်းလိုင်းတွေက ရှုံးတယ်ဆိုပြီး အခွန်မဆောင်ဘဲ နေကြတာ။ အခွန်ဦးစီးဌာနက ကုန်သွယ်လုပ်ငန်းခွန်ဆိုတာ ရှုံးရှုံးမြတ်မြတ် ပေးရမှာပဲဆိုပြီး တောင်းတာ။ အခုတော့ အားလုံးဆောင်ပြီးပြီ” ဟု အဲပုဂံလေကြောင်းလိုင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

လိုအပ်သည့် လေယာဉ်အပိုပစ္စည်း တင်သွင်းရန် ပြည်တွင်း အခွန်များ ဦးစီးဌာန၏ အခွန်ကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် လိုအပ်သည်ဟု သိရသည်။

တချို့လေကြောင်းလိုင်းများမှာ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွင် အကျုံးဝင်နေသဖြင့် အကြီးစားပြင်ဆင်မှုများအတွက် အပိုပစ္စည်း ဝယ်ယူရန် အခက်အခဲ ရှိကြောင်း လေကြောင်းလိုင်းတခုမှ မန်နေဂျာတဦးက ပြောသည်။

ရန်ကုန်အဲယားဝေးနှင့် အဲမန္တလေး လေကြောင်းလိုင်းတို့သည် ATR-42 နှင့် ATR-72 လေယာဉ်များဖြင့် ပြေးဆွဲနေသော လေကြောင်းလိုင်းများဖြစ်သည်။

အဲမန္တလေး လေကြောင်းလိုင်းသည် လေယာဉ်အစိတ်အပိုင်းတချို့ကို ပြင်ဆင်ရန် လိုအပ်သည့် အပိုပစ္စည်း တင်သွင်းခွင့် မရသည့်အတွက် ခရီးစဉ်များကို ရပ်နားပြီး လေယာဉ်ကို ဘန်ကောက်မြို့တွင် သွားရောက် ပြုပြင်လျက်ရှိသည်ဟု သိရသည်။

အဲမန္တလေး ပြည်တွင်းလေကြောင်း ခရီးစဉ်များကို ဇူလိုင်လကုန်မှ သြဂုတ်လ ၁၅ ရက်နေ့အထိ ရပ်နားထားပြီး လေယာဉ်ပြင်ဆင်မှု မပြီးပါက သတ်မှတ်ရက်ထက် ပိုကြာနိုင်သည်ဟု ခရီးသွားလုပ်ငန်း အေဂျင်စီများက ဆိုသည်။

ရန်ကုန်အဲယားဝေးမှ ၀န်ထမ်းတဦးကလည်း ၎င်းတို့လေကြောင်းလိုင်းသည် မကြာမီ ခရီးစဉ်များ ရပ်နားပြီး ပြည်ပနိုင်ငံတနိုင်ငံသို့ လေယာဉ်သွားရောက်ပြုပြင်ရန် အစီအစဉ်ရှိသည်ဟု ပြောသည်။

၎င်းတို့လေကြောင်းလိုင်းမှ အင်ဂျင်နီယာဌာနက ပြုပြင်ထိန်းသိမ်းမှုလုပ်ရန် လဲလှယ်ရမည့် ပစ္စည်းများစာရင်းကို မကြာခဏ တင်ပြသော်လည်း လတ်တလောတွင် လဲလှယ်ပေးနိုင်ခြင်းမရှိဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ပြေးဆွဲနေသော လေယာဉ်အများစုမှာ နှစ်ကာလ ကြာရှည်သော လေယာဉ်များဖြစ်ကြပြီး နေ့စဉ်လိုလိုပင် ပြုပြင်ထိန်းသိမ်းမှု လုပ်ဆောင်ရန် လိုအပ်သည်ဟု မြန်မာ့လေကြောင်း အင်ဂျင်နီယာဌာနမှ အရာရှိတစ်ဦးက ပြောသည်။

“လေယာဉ်ဆိုတာက ကားတို့၊ ရထားတို့လို မဟုတ်ဘူး။ စက်တခုခု ချွတ်ယွင်းပြီဆိုတာနဲ့ အပေါ်မှာ ပါလာတဲ့ ခရီးသည်တွေ အသက်ဆုံးရှုံးပြီမှတ်။ လိုတဲ့စက်ကိရိယာ တင်သွင်းလို့မရလို့ ပြုပြင်ထိန်းသိမ်းမှု မလုပ်နိုင်ဘူးဆိုရင်တော့ ခရီးသည်တွေအတွက်က အန္တရာယ်အရမ်းများတယ်” ဟု အဆိုပါအရာရှိက ဆက်လက်ပြောသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း လေယာဉ်ပြင်ဆင်ရေးဌာနမှ စက်ပြင်အင်ဂျင်နီယာ တစ်ဦးကလည်း “မြန်မာ့လေကြောင်းလိုင်းက လေယာဉ်တွေက လေယာဉ်ထွက်မယ်ဆို နောက်တစီးက အစိတ်အပိုင်းကို ထွက်မယ့်လေယာဉ်မှာ ပြောင်းတပ်၊ နောက်တစီးထွက်မယ်ဆိုရင် အဲဒီလေယာဉ်ကဟာကို ဒီဘက်ပြောင်းတပ်နဲ့ အဲဒီလို ထွက်နေရတာ” ဟု  ပြောသည်။

မြန်မာနိုင်ငံတွင် လတ်တလော ပြည်တွင်းပြေးဆွဲပေးနေသည့် လေကြောင်းလိုင်းများမှာ အဲမန္တလေး၊ ရန်ကုန်အဲယားဝေး၊ အဲပုဂံ၊ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်းတို့ ဖြစ်သည်။ 

source : Irrawaddy

Thursday, August 12, 2010

အင်းလေးကန် တိမ်ကောလာမှုအတွက် ထိန်းသိမ်းရေးအဖွဲ့ခေါ်ယူရန် စီစဉ်

ရေခန်းခြောက်နေသော အင်းလေးကန်

အင်းလေးကန် ရေခန်းခြောက်မှုအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ကို ခေါ်ယူ ပြသရတော့မည်ဖြစ်ကြောင်း FREDA အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအုန်းက ပြောကြားသည်။

အင်းလေးကန် ရေရှည်တည်တံ့စေရန်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ကို ခေါ်ယူပြသမှသာ အကြံကောင်းများ ရရှိတော့မည်ဖြစ်သည့်အတွက် ယင်းသို့ခေါ်ယူပြသရန် စီစဉ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“အဲဒီအဖွဲ့က ဂျပန်မှာရှိတဲ့အဖွဲ့ဖြစ်တယ်။ ဂျပန်မှာ ကမ္ဘာလုံးဆိုင်ရာ ကန်ထိန်းသိမ်းရေးတွေကို လုပ်နေတဲ့အဖွဲ့ဖြစ်တယ်။ သူတို့က အတွေ့အကြုံလည်းရှိတယ်။ အဲဒီအတွက် သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (FREDA) နဲ့ UNDP တို့က ဒီကိစ္စကို ဆုံးဖြတ်ခဲ့တာဖြစ်တယ်” ဟု ဦးအုန်းက ပြောသည်။

ယခုကဲ့သို့ အကူအညီတောင်းခံမည့်အဖွဲ့သည် ငွေကြေးကူညီသည့်အဖွဲ့မဟုတ်ကြောင်း၊ လောလောဆယ် အဖွဲ့၏အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မပြုနိုင်သေးကြောင်း၊ ထိုအဖွဲ့ကို ခေါ်ဆိုရန် ယခုလအတွင်း စီစဉ်ခြင်းဖြစ်ပြီး ရှေ့လအတွင်း လာရောက်နိုင်မည်ဟု ခန့်မှန်းကြောင်း ၎င်းက ပြောဆိုသည်။

“ဒါ့ကြောင့် သူတို့အဖွဲ့ကိုခေါ်ဖို့ဆိုရင် ငွေကြေးကုန်ကျမှုလည်းများမယ်လေ။ အင်းလေးကန်နဲ့ပတ်သက်ရင် နိုင်ငံတော်ဘက်ကလည်း ဒီကိစ္စကို အထူးအလေးပေး ဆောင်ရွက်စေလိုတယ်” ဟု ဦးအုန်းက ဆက်လက်ပြောကြားသည်။

အင်းလေးကန် ရေရှည်တည်တံ့ရေးအတွက် အင်းလေးကန်တွင် စီးပွားရေးလုပ်ငန်းများ မြှုပ်နှံလုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စိတ်ဝင်တစား ပါဝင်သင့်သည်ဟုလည်း ၎င်းက ဆိုသည်။

ယခုနှစ်နွေရာသီတွင် ရာသီဥတု ပိုမိုပူပြင်းကာ မိုးနောက်ကျခြင်းကြောင့် ထူးထူးခြားခြား အင်းလေးကန် ရေတိမ်ကော ခန်းခြောက်မှု ဖြစ်ပေါ်ခဲ့ကာ လှေဖြင့်သွားလာရသောနေရာများတွင် မော်တော်ဆိုင်ကယ်များဖြင့် သွားလာရသည်ထိ ဖြစ်သွားခဲ့သည်။

ယခု မိုးရာသီတွင် မိုးနည်းသည့်အတွက် အင်းလေးကန် ရေပြန်လည်ပြည့်မှု မရရှိနိုင်ကြောင်း၊ ယခုအခါ လက်ရှိအင်းလေးရေပြင်ထက် (၁) လက်မခန့်သာ ရေတိုးလာကြောင်း၊ ယခုကဲ့သို့ မိုးနည်းနေပါက လာမည့်နွေရာသီတွင် အင်းလေးကန် ပိုမိုဆိုးဝါးစွာ ပျက်စီးလာနိုင်ကြောင်း ဦးအုန်းက သုံးသပ်သည်။

“မကြုံစဖူးအောင် ပြီးခဲ့တဲ့နွေက အင်းလေးကန် ရေခန်းခြောက်မှုဟာ ဒီအတိုင်းဆို လာမယ့်နွေမှာ ပိုဆိုးသွားနိုင်တယ်။ အခုမပြင်ရင် နောက်သုံးနှစ်တောင် ခံမှာမဟုတ်ဘူး။ လုံးဝပျက်စီးသွားနိုင်တယ်” ဟု ၎င်းက စိတ်မကောင်းစွာ ပြောဆိုသည်။

အင်းလေကန် ပျက်စီးနေသည်ကို နအဖအစိုးရက လျစ်လျူရှုနေသည်ဟု သဘာဝပတ်ဝန်းကျင် လေ့လာထိန်းသိမ်းရေး စိတ်ဝင်စားသူများက ဝေဖန်ပြောဆိုနေမှုများလည်း ရှိနေကြောင်း သိရသည်။

အင်းလေးဒေသသို့ တနှစ်လျှင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဦးရေ (၁) သောင်းခွဲခန့်ထိ လာရောက်တတ်ရာ ယခုနှစ်တွင် မိုးရာသီဖြစ်သော်လည်း ခရီးသွားအရေအတွက် လျော့ကျမသွားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာန စာရင်းများအရ သိရသည်။

အင်းလေးကန်အား လာရောက်ကြည့်ရှုကြသည့်အတွက် ယင်းသို့ခရီးသွားအရေအတွက် လျော့ကျမှုမရှိခြင်းဖြစ်ကြောင်း ခရီးသွားဧည့်လမ်းညွှန်တဦးက ပြောသည်။

“အင်းလေးကန်ပျက်စီးမှုကြောင့် သဘာဝအရင်းအမြစ်တွေ ဆုံးရှုံးတာ တခုတည်းမဟုတ်ဘူး။ ဒါဟာ ယဉ်ကျေးမှုလည်း ပျောက်နိုင်တဲ့ပြယုဂ်တခုပါ။ ဒါကို အရေးတကြီးလုပ်ဖို့ကျတော့ အစိုးရအနေနဲ့ပဲ အဓိကကျတယ်လေ။ ကျနော်တို့လို ဧည့်လမ်းညွှန်တွေကို လာတဲ့ဧည့်သည်တွေက ဘာ့ကြောင့် မပြင်ကြတာလဲ၊ အစိုးရအနေနဲ့ ဘာ့ကြောင့် အခုလိုထားတာလဲလို့ မေးလာရင် ဖြေဖို့စကား မရှိဘူး” ဟု ၎င်းက ပြောသည်။

အင်းလေးကန်သည် မြစ်ကြီးနားခရိုင်ရှိ အင်းတော်ကြီးမှလွဲလျှင် မြန်မာနိုင်ငံ၏ ဒုတိယမြောက်အကြီးဆုံး တောင်ပေါ် အင်းအိုင်ကြီးတခုဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင်တည်ရှိသည်။ တောင်နှင့်မြောက်တန်းလျက်ရှိသော တောင်တန်းကြီး (၂) ခုကြားတွင် ခွက်ဝင်နေသော ညောင်ရွှေချိုင့်ဝှမ်းကြီး၏ အလယ် အနက်ရှိုင်းဆုံးအပိုင်း၌ တည်ရှိကာ အကျယ်အဝန်းအားဖြင့် ခန့်မှန်းခြေ (၄၄.၉) စတုရန်းမိုင်ခန့်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၂,၉၀၀) တွင် တည်ရှိသည်။
 source : Khitpyaing (Photo by Mizzima)