Tuesday, August 09, 2011

မြစ်ဆုံ ဝေဖန်ချက်ကို တုန့်ပြန်ပြီ

 မြစ်ဆုံ ရေလှောင်တမံ စီမံကိန်း မြင်ကွင်းတခု (ဓာတ်ပုံ - ဧရာဝတီ)

မြန်မာနိုင်ငံ၏ အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းကြီးဖြစ်သည့် ဧရာဝတီမြစ်ဆုံ စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးပြီး နိုင်ငံအတွက် ဆိုးကျိုးများဖြစ်လာမည် ဟူသော ဝေဖန်ချက်များမှာ လုပ်ကြံပြောဆိုချက်များ ဖြစ်ကြောင်း၊ နိုင်ငံအတွက် စိုးရိမ်စရာ မရှိသည့် စီမံကိန်းဖြစ်ကြောင်း အင်္ဂါနေ့ထုတ် အစိုးရ သတင်းစာများက တုံ့ပြန် ရေးသားလိုက်သည်။
“ဧရာဝတီမြစ်ကို အမှီပြု၍ ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ လူမှုရေးလုပ်ငန်းများအပေါ်၌ ထိခိုက်မှု လုံးဝ မရှိနိုင်ပေ” ဟု သတင်းစားဆောင်းပါးရှည်တွင် ရေးသားထားသည်။

စီမံကိန်းများနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် ပြည်တွင်းရှိ ပြည်သူလူထု အထင်မှား အမြင်မှားဖြစ်စေရေး မဟုတ်မမှန် ဖန်တီးလုပ်ကြံ၍ ရေးသား လုပ်ဆောင်မှုများ ရှိနေသည်ဟု ဆိုသည်။

ဧရာဝတီမြစ်၏ ကချင်ပြည်နယ် မေခ၊ မလိခ မြစ်ဆုံဒေသတွင် မြန်မာအစိုးရ၏ အမှတ် ၁ လျှပ်စစ်ဝန်ကြီးဌာနနှင့် တရုတ်ကုမ္ပဏီတခု ဖြစ်သော CPI တို့က လျှပ်စစ်ဓာတ်အား မီဂါဝဒ် ၆၀၀၀ ထုတ်လုပ်နိုင်မည်ဟု ဆိုသည်။ စီမံကိန်းအတွက် ဧရာဝတီမြစ်ရေ၏ ၇.၆ ရာခိုင်နှုန်းမျှသာ သုံးစွဲမည်ဟု ဆိုသည်။

မြစ်ဆုံဆည် စီမံကိန်းဒေသသည် စင်္ကာပူနိုင်ငံခန့် အရွယ်အစား ရှိပြီး ဒေါ်လာ ၃.၆ ဘီလျံ အကုန်ကျခံကာ ၂၀၀၉ ခုနှစ်မှ စတင်ဆောက်လုပ်နေသည်။ ၁၀ နှစ်ကြာမည့် ထိုစီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှု အမွေအနှစ်၊ စီးပွားရေး၊ လူမှုရေးတို့ ထိခိုက် ပျက်စီးမည်ဟု ပြောဆို ကန့်ကွက်နေသည့် ကြားက ထိုစီမံကိန်း ဆက်လက် လည်ပတ်နေခြင်း ဖြစ်သည်။

စီမံကိန်းနှင့်ပတ်သက်၍ ၂၀၀၉ ခုနှစ်တွင် တရုတ်-မြန်မာ ကျွမ်းကျင်ပညာရှင်ပေါင်း ၁၀၀ ကျော် ပါဝင်သည့် စူးစမ်းလေ့လာရေးအဖွဲ့က ၆ လကြာ သုတေသနလုပ်ခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း တွေ့ရှိချက်များကို ထုတ်ပြန်ကြေညာခြင်းမရှိဟု သိရသည်။

လေ့လာ သုတေသနပြုချက်များတွင် စီမံကိန်းကြောင့် နောက်ဆက်တွဲဆိုးကျိုး အလွန် များပြားနိုင်ကြောင်း ထောက်ပြထားကြသည်ဟု ဆိုသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)က ကချင်ပြည်နယ် မြစ်ဆုံစီမံကိန်းကို လုံးဝဆန့်ကျင်ကြောင်း၊ တခြား ဆည်စီမံကိန်းများနှင့် ပတ်သက်၍လည်း အစိုးရနှင့် ညှိနှိုင်းဆွေးနွေးရန် အသင့်ရှိကြောင်း KIO ပြောခွင့်ရ ဗိုလ်မှူးကြီး ဂွမ်မော်က ပြောသည်။

“ကျနော်တို့က မတိုက်ပါဘူး။ ဒါပေမယ့် တိုက်ပွဲတွေဖြစ်လို့ တရုတ် တာပိန်ဆည်တွေမှာ ဖြစ်သလို ဒီမြစ်ဆုံဆည် စီမံကိန်းဟာ အဲဒီလိုပဲ ဖြစ်သွားလိမ့်မယ်” ဟု ဗိုလ်မှူးကြီး ဂွမ်မော်က ပြောသည်။

ဇွန်လက ကချင်ပြည်နယ်ရှိ  တာပိန်ဆည်များ အနီး တိုက်ပွဲများ ဖြစ်ပွားနေ၍ လုပ်ငန်းများ ရပ်တန့်နေခြင်းကို သူက ရည်ရွယ် ပြောဆိုခြင်း ဖြစ်သည်။

မြစ်ဆုံစီမံကိန်းကြောင့် ဆိုးကျိုးဖြစ်လာမည်ကို မြန်မာနိုင်ငံသားတို့ ကျယ်ကျယ်ပြန့်ပြန့် မသိရှိကြသေးကြောင်း၊ တမျိုးသားလုံးအတွက် အလွန်အရေးကြီးသည့် ကိစ္စဖြစ်ကြောင်း  လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း အများအပြားက ထောက်ပြနေကြသည်။

ရန်ကုန်မြို့တွင် ပရဟိတလုပ်ငန်းများ လုပ်ဆောင်နေသည့် ဒေါ်မြင့်မြင့်ခင်ဖေက ယခုစီမံကိန်းကြီးကြောင့် ဆုံးရှုံးနစ်နာမှု လွန်စွာများပြားမည် ဖြစ်ကြောင်း၊ ဧရာဝတီမြစ်နှင့် အသက်မွေးနေရသည့် လယ်သမား၊ ယာသမားများ၊ ဒေသခံ တိုင်းရင်းသားများနှင့် အတူ နိုင်ငံသားအားလုံးအတွက် ထိခိုက်မည်ကို စိုးရိမ်ရကြောင်း ဧရာဝတီကို ပြောသည်။

“ဒီစီမံကိန်းကြီးဟာ ကျမတို့နိုင်ငံရဲ့ သဘာဝ ပတ်ဝန်းကျင်ကိစ္စပါ မကပါဘူး၊ အမျိုးသားရေးသမိုင်းပါ ဆုံးရှုံးသွားနိုင်တယ်လို့ မြင်ပါတယ်။ နိုင်ငံအတွက် အရမ်းအန္တရာယ်ကြီးတဲ့ ဒီစီမံကိန်း သဘောမတူခင်ကတည်းက ကျမတို့ နိုင်ငံသားတွေ ကျယ်ကျယ် ပြန့်ပြန့်သိအောင် လုပ်ဖို့လိုတယ်။ အစိုးရအနေနဲ့လည်း အနာဂတ် မျိုးဆက်တွေအတွက်ပါ ကြည့်ပြီး စီမံကိန်းကို ရပ်တန့်ပါ။ အားလုံးနဲ့ လက်တွဲ လုပ်ဆောင်သွားစေချင်တယ်” ဟု ဒေါ်မြင့်မြင့်ခင်ဖေက ပြောသည်။
Source : Irrawaddy

Sunday, August 07, 2011

လာမည့် ပွင့်လင်းရာသီတွင် ပြည်တွင်းလေကြောင်း ခရီးစဉ်များ၌ နိုင်ငံခြားသား ခရီးသည်များ၏ လက်မှတ်နှုန်းထားများ တိုးမြှင့်မည်

လာမည့် ပွင့်လင်းရာသီတွင် ပြည်တွင်းလေကြောင်း ခရီးစဉ်များ၌ နိုင်ငံခြားသား ခရီးသည်များ၏ လေယာဉ်လက်မှတ် နှုန်းထားများ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပြည်တွင်းလေကြောင်းလိုင်း တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းခရီးစဉ်များ ပြေးဆွဲနေသော ပုဂ္ဂလိက လေကြောင်းလိုင်းလေးခုရှိပြီး Air Bagan ၊ Air Mandalay၊ Asian Wings နှင့် Air KBZ  တို့ဖြစ်သည်။ နိုင်ငံခြားသား ခရီးသည်များအတွက် လက်မှတ်နှုန်းထားတိုးမြှင့်ပါက ယင်းလေကြောင်း လိုင်းများအားလုံး တစ်ပြေးညီတိုးမြှင့်မည် ဖြစ်ကြောင်း သိရှိရပါသည်။
ပွင့်လင်းရာသီတွင် တိုးမြှင့်မည့် နိုင်ငံခြားသားခရီးသည်များ၏ ပြည်တွင်းလေကြောင်း ခရီးစဉ် လက်မှတ်နှုန်းထားများကို လေကြောင်းလိုင်း အချင်းချင်း ညှိနှိုင်းဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။
“လာမယ့်ရာသီမှာ နိုင်ငံခြားသား ခရီးသည်တွေအတွက် လေယာဉ် လက်မှတ်ခတွေ ဈေးတက်မှာပါ။ နှုန်း ထားတွေကိုတော့ ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်” ဟု ပြည်တွင်းလေကြောင်းလိုင်း တစ်ခုတာဝန်ရှိသူတစ်ဦးက ဆိုသည်။
Asian Wings  လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးကလည်း “စီနီယာလေကြောင်းလိုင်းတွေက လက်မှတ်ခတွေ တိုးမယ်ဆိုရင် Asian Wings လေကြောင်းလိုင်းလည်း ပါဝင်မှာပါ။ လက်မှတ်ခတက်ရင် အကုန်အတူတူ တစ်ပြေးညီတက်မှာပါ”ဟု ထပ်မံပြောပြခဲ့သည်။
နိုင်ငံခြားသား ခရီးသည်များ၏ လက်မှတ်နှုန်းထားများ တိုးမြှင့်ရန် စီစဉ်နေသော်လည်း ပြည်တွင်းခရီး သည်များ၏ လက်မှတ်နှုန်းထားများ တိုးမြှင့်ရန်ကိုမူ လတ်တလောအားဖြင့် စီစဉ်မှု မရှိသေးကြောင်း သိရှိရသည်။
 
Source : News-Eleven

Tuesday, August 02, 2011

နိုင်ငံခြားသားခရီးသွားဧည့်သည်များ စတင်ဝင်ရောက်လာပြီ ဖြစ်၍ ယဉ်ကျေးမှုပစ္စည်းအရောင်းဆိုင်များ ခင်းကျင်းရောင်းချမှု စတင်


ဇူလိုင်အတွင်း နိုင်ငံခြားသားခရီး သွားဧည့်သည်များ ပုဂံရှေးဟောင်းယဉ် ကျေးမှုဒေသသို့ စတင် ၀င်ရောက်လာရာ ယခုရက်ပိုင်း ဧည့်သည်ဝင်ရောက်မှုများပြားသည့် ဘုရားကြီးများတွင် ပုဂံဒေသခံ ယဉ်ကျေးမှုဆိုင်ရာ မြန်မာမှုပစ္စည်း အရောင်းဆိုင်များခင်းကျင်းရောင်းချမှုများ ပြားလာပြီဖြစ်ကြောင်း တွေ့ရှိရသည်။
ပုဂံဒေသရှိ ထီးလိုမင်းလို၊ ဓမ္မရံကြီး၊ ကန်တော့ပလ္လင်၊ နန်းဦးဘုရား၊ ပြဿဒါး ကြီး၊ အပယ်ရတနာစသော ဘုရားများမှာ ပျံကျဈေးသည်များ ခင်းကျင်းရောင်းချရန်ကောင်းသည့် နေရာများဖြစ်သည့်အပြင် ပြည်တွင်းပြည်ပ ဘုရားဖူးလာရောက်သူ များပြားမှုရှိသဖြင့် အဆိုပါဘုရားများ၌ မြန်မာမှုပန်းပုရုပ်၊ ကျောက်စိမ်း ပုတီး၊ လက်ကောက်၊ ယွန်းထည်၊ ကြွေထည် မျိုးစုံရောင်းချသူများမှာ နံနက် နေပွင့်ချိန် မှစတင်၍ နေ၀င် သည်အထိ ခင်းကျင်း ရောင်းချသည်။
“ပန်းချီကား ရောင်းချသူအများစုက ဒီမှာပုံသေခင်းရောင်းလေ့မရှိဘူး။ နိုင်ငံခြားသားဧည့် အ၀င်များတဲ့ ဘုရားများမှာ ဆိုင်ကယ်နဲ့သွားရောင်းတယ်။ နိုင်ငံခြားဧည့်သည် အလာကျဲသွားရင် များတဲ့ဘုရားကိုကူး ရောင်းတယ်။ ပန်းချီကားချပ်ကိုလိပ်ပြီး ဆိုင်ကယ်ပေါ် တင်ယူသွားကြတာ ဟိုရာက်မှ ခင်းကျင်း ရောင်းချတာဆိုတော့ သူတို့အလုပ်က ပိုပြီးတွက်ခြေကိုက်တယ်” ဟု ထီးလိုမင်းလိုဘုရားကြီး ဈေးသည် တစ်ဦးက ပြောသည်။
ယခုနှစ်တွင် နိုင်ငံခြား  ဧည့်သည် အ၀င်စောရာ ယခုရက်ပိုင်း စပိန်၊ ဂျပန်၊ ကိုရီးယားလူမျိုးများ အ၀င်များ ကြောင်း၊ လာမည့်နှစ်မေလဆန်းအထိ နိုင်ငံခြားသားခရီးသွား များနိုင်ကြောင်း ပုဂံဈေးတန်းမှ အတွေ့အကြုံ ရင့်ကျက်သူ ဒေသခံတို့က သုံးသပ်ကြသည်။

Monday, August 01, 2011

ပြည်တွင်းရေကြောင်း လက်မှတ်ခနှင့် ကုန်တင်တန်ဆာခနှုန်းထားများကို နှစ်ဆတိုးမြှင့်လိုက်ပြီ

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ တာဝန်ယူ ပြေးဆွဲပေးလျက်ရှိသော ရေယာဉ်များ၏ လက်မှတ်ခနှင့် ကုန်တင်တန်ဆာခနှုန်းထားများကို နှစ်ဆတိုးမြှင့်ကာ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တိုးမြှင့်ကောက်ခံမှုကို ပြည်တွင်းရေကြောင်းပို့ဆောင်ရေးရှိ ဌာနများက သြဂုတ်လ ၁ ရက်တွင် စတင်၍ ကောက်ခံသွားမည်ဖြစ်သည်။ ကျွန်တော်တို့ မြစ်ဝကျွန်းပေါ်ဌာနခွဲ တစ်ခုတည်း မဟုတ်ပါဘူး။ ကျန်တဲ့ ဌာနအားလုံး တိုးသွားတာပါ။ ဒါကလဲ မဖြစ်မနေမို့လို့ တိုးသွားတာပါ။ ဘယ်လောက်တိုးလဲဆိုတော့ ဥပမာ-ရန်ကုန်-မော်ကျွန်းက အရင်က ၅၀၀ ဆိုပါတော့ ခု ၁၀၀၀ ဖြစ်သွားပြီး။ နှစ်ဆတက်တယ် ပြောရမှာပေါ့ ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲမှ လက်ထောက်မန်နေဂျာ ကိုသူရိန်ဝင်းက ပြောသည်။ ပထမတန်း၊ ဒုတိယတန်းနှင့် တတိယတန်းများကိုမူ မိုင်နှုန်းနှင့်တွက်၍ ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ကုန်ပစ္စည်းတင်ခများကိုလည်း တစ်တန်တစ်မိုင်နှုန်းနှင့် တွက်ချက်၍ ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ရန်ကုန်(ပန်းဆိုးတန်း)-ဒလ ကူးတိုးသင်္ဘောများလည်း သြဂုတ် ၁ရက်မှ စတင်၍ ကျပ် ၅၀ ကောက်ခံသွားမည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် သြဂုတ်လ ၂ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သဘာ၀၀န်းကျင်ဆိုင်ရာ လေ့လာမှုပြူလုပ်ရန် စီစဉ်နေ

ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းနိုင်ရေးအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှုများ ပြုလုပ်သွားရန် စီစဉ်နေကြောင်း ဘူမိဗေဒပညာရှင်များထံမှ သိရှိရသည်။

ဒီအစီအစဉ် ဖြစ်လာတာက GMS နိုင်ငံတွေပေါင်းပြီး မဲခေါင်မြစ်ဝှမ်းတစ်လျှောက် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ လေ့လာမှုတွေ ပြုလုပ်ဖို့ဆိုပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ တရုတ်နိုင်ငံမှာ အစည်းအဝေး လုပ်တယ်လေ။ အဲဒီကတည်းက ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်တို့ကိုလည်း လေ့လာဖို့ တင်ပြခဲ့တာပါ။ ခုတော့ ဧရာဝတီမြစ်မှာ စတင်မှာပါ။ ဘယ်တော့လောက် စနိုင်မယ်ဆိုတာကတော့ လာမယ့်နိုဝင်ဘာလမှာ ကျင်းပမယ့် အစည်းအဝေးကနေ အတည်ပြုနိုင်မှာပါ။ ဘာပဲဖြစ်ဖြစ် ဧရာဝတီမြစ်နဲ့ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနေတာတွေကိုတော့ အမြန်ဆုံးလေ့လာနိုင်အောင် စီစဉ်သွားမှာဖြစ်ပါတယ်ဟု မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။


ဧရာဝတီမြစ်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေက တစ်နှစ်ထက် တစ်နှစ် မြင်သာတယ်လေ။ ပညာရှင်ဘက်က မဟုတ်ဘဲ သာမန်မျက်စိနဲ့ ကြည့်ရင်တောင် မြင်နိုင်နေတာ။ ဒီတော့ ဒီအတိုင်းသာဆက်ထားရင် ဧရာဝတီဟာ နောက်နှစ်တွေမှာ ဘာတွေဖြစ်လာမယ်ဆိုတာ မခန့်မှန်းနိုင်ဘူး  .  .  .


ဧရာဝတီမြစ်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေက တစ်နှစ်ထက်တစ်နှစ် မြင်သာတယ်လေ။ ပညာရှင်ဘက်ကမဟုတ်ဘဲ သာမန်မျက်စိနဲ့ကြည့်ရင်တောင် မြင်နိုင်နေတာ။ ဒီတော့ ဒီအတိုင်းသာ ဆက်ထားရင် ဧရာဝတီဟာ နောက်နှစ်တွေမှာ ဘာတွေဖြစ်လာမယ်ဆိုတာ မခန့်မှန်းနိုင်ဘူး။ နောက်ပြီး ဧရာဝတီရဲ့ လက်ရှိအနေအထားက ထိန်းသိမ်းဖို့လိုအပ်နေတဲ့ အနေအထားပါ။ ဒီတော့ ဘူမိဗေဒပညာရှင်တွေအနေနဲ့ ဒါကို ဇောင်းပေးပြီး လုပ်သင့်တာကို လုပ်သွားဖို့ ရှိပါတယ်။ အစီအစဉ်တွေ စတင်နိုင်ဖို့ကိုတော့ ဆွေးနွေးပွဲပြီးရင် သိနိုင်မှာပါဟုလည်း ဘူမိဗေဒပညာ ရှင်တစ်ဦးက ပြောပြခဲ့သည်။
ယင်းကဲ့သို့လေ့လာနိုင်ရန်အတွက် ဇွန်လအတွင်းက တရုတ်နိုင်ငံမှ ပါမောက္ခခုနစ်ဦးနှင့် မြန်မာနိုင်ငံမှ တာဝန်ရှိသူများ ပါဝင်သောအဖွဲ့သည် ဧရာဝတီမြစ်ရိုးတစ်လျှောက်၊ ရန်ကုန်မြို့မှ မန္တလေးမြို့ထိအပိုင်းကို လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရပါသည်။

မဲခေါင်မြစ်မှာ သဘာဝပတ်ဝန်းကျင်အပြင် တခြားစွမ်းအင်ဆိုင်ရာတွေနဲ့ သဘာဝအရင်းအမြစ်တွေကို ထိန်းသိမ်းနိုင်ဖို့ GMS နိုင်ငံတွေနဲ့ပေါင်းပြီး လုပ်နေသလို နောက်ထပ်လည်း ဧရာဝတီမြစ်တို့၊ ချင်းတွင်းမြစ် တို့မှာပါ ဆက်လေ့လာသွားဖို့ရှိပါတယ်။ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ကျရင်တော့ ကိုယ့်ပြည်တွင်းက ပညာရှင်တွေချည်းလည်း လေ့လာသွားဖို့ရှိပါတယ်ဟု အဆိုပါစီမံချက်တွင် ပါဝင်သူတစ်ဦးက ပြောပြခဲ့သည်။

Source : News-Eleven